Search This Blog

Tuesday, April 14, 2009

စစ်တုရင် ကစားသမားနှင့် စိတ်ကူး အပိုင်းအစများ

ကမ္ဘာ့စစ်တုရင် ချန်ပီယံဟောင်း ဘောရစ်စ် စပါစကီးဟာ ချန်ပီယံမဖြစ်ခင် အချိန်တုန်းက ကစားပွဲ တစ်ခုမှာ အရုပ်တစ်ရုပ်ကို အမှတ်မထင် ကိုင်လိုက်မိပါတယ်။ စစ်တုရင် ပြိုင်ပွဲတွေမှာ ကိုင်ကောင်ရွှေ့ ဒါမှမဟုတ် ကစားရုပ် တစ်ရုပ်ကို ကိုင်မိရင် အဲဒီ အရုပ်ကိုပဲ ရွှေ့ရမယ် ဆိုတဲ့ စည်းမျဉ်း စည်းကမ်း ရှိပါတယ်။ စပါစကီးဟာ အဲဒီ အရုပ်ကို ကိုင်ပြီးတဲ့ အချိန်မှာ ဘယ်အကွက်ကို ရွှေ့ရမလဲ ဆိုတာကို ကြည့်ပါတယ်။ အဲဒီ အရုပ်ကို ရှေ့ကို ရွှေ့ရင် အစားခံရမယ်။ နောက်ကို ပြန်ရွှေ့ရင်လည်း သူ့ရဲ့ ကစားကွက်တွေ ပိတ်ကုန်မယ်။ သူဟာ အဲဒီအရုပ်ကို လေထဲမှာ ကိုင်မြှောက်ရင်း စဉ်းစားပါတယ်။ နောက်ဆုံး ဘယ်လိုမှ စဉ်းစားလို့ မရတော့တဲ့ အဆုံးမှာ အဲဒီ အရုပ်ကို ကိုင်လျှက်နဲ့ပဲ စစ်တုရင် ခုံက ထထွက် သွားခဲ့ ပါတယ်။ နောက်တော့ သူဟာ လက်ထဲက အဲဒီအရုပ်ကို လွှတ်ပစ်လိုက် ပါတယ်။ စပါစကီးဟာ အဲဒီကစားပွဲကို အရှုံးပေးခဲ့ သလို အဲဒီ ပြိုင်ပွဲကနေလည်း နှုတ်ထွက် သွားခဲ့ပါတယ်။ နောင်တစ်ချိန် စစ်တုရင် ကစားခုံကို ပြန်ရောက်လာတဲ့ အချိန်မှာတော့ စပါစကီးဟာ အဲဒီလို နမော်နမဲ့ ကစားကွက်တွေကို ရှောင်ကြဉ်ခဲ့ပြီး ကမ္ဘာ့စစ်တုရင် ချန်ပီယံ သရဖူကို ဆောင်းနိုင်တဲ့ အထိ အောင်မြင်ခဲ့ ပါတယ်။

အချို့သော စစ်တုရင် ချန်ပီယံများကတော့ နည်းနည်း ကြောင်တောင်တောင် နိုင်ပါတယ်။ အလီခိုင် (အရင်ခေတ်က မြန်မာ စာအုပ်တွေ မှာတော့ အေလျာဟင် လို့ ရေးပါတယ်။ အင်္ဂလိပ် စာလုံးပေါင်းက Alekhine ပါ။) ဆိုတဲ့ စစ်တုရင် ချန်ပီယံဟောင်းဟာ ကစားပွဲ တစ်ခုမှာ သူ့ရဲ့ ပြိုင်ဖက်ကို မင်းဆီက နယ်ရုပ်တစ်ရုပ် ဖြုတ်ပေးရင် ငါ့လက်သန်းကို ဖြတ်ပေးမယ် ဆိုပြီး ကမ်းလှမ်း ဖူးပါတယ်။ အလီခိုင်ရဲ့ နယ်ရုပ် လေးရုပ်တိတိ ဘုရင်မ လဲခဲ့တဲ့ ကစားပွဲ တစ်ပွဲဟာလည်း စစ်တုရင် လောကမှာ သမိုင်းတွင် ကျန်ခဲ့ဖူး ပါတယ်။ အလီခိုင်ဟာ ထပ်ဆင့် ကမ္ဘာ့စစ်တုရင် ချန်ပီယံဟောင်း တစ်ဦး အဖြစ် ကျော်ကြားခဲ့ရုံသာ မကပဲ အလီခိုင်ခံစစ်လို့ အမည်ရတဲ့ သမရိုးကျ ခံစစ် တွေကနေ ဖောက်ထွက်သွားတဲ့ ခံစစ် တစ်မျိုးကို တီထွင်ခဲ့တာ ကြောင့်လည်း သူ့ရဲ့ နာမည် တွင်ကျန်ရစ် ခဲ့ပါတယ်။

အမေရိကန် နိုင်ငံရဲ့ တစ်ဦးတည်းသော ကမ္ဘာ့စစ်တုရင် ချန်ပီယံ ဖြစ်ခဲ့တဲ့ ဘော်ဘီဖစ်ရှာ ကတော့ ပေါင်းသင်း ဆက်ဆံရေး လူမှုရေးတွေမှာ အလွန် ညံ့ဖျင်းပါတယ်။ ဖစ်ရှာ ဟာလည်း ကြောင်တောင်တောင် စစ်တုရင် သမား တစ်ယောက်ပါပဲ။ ဒါပေမယ့် အလီခိုင်တို့ ဖစ်ရှာတို့ရဲ့ စစ်တုရင် ရွှေ့ကွက်တွေမှာ ကြည့်နေတဲ့ သူအားလုံး ရင်သပ်ရှုမော ဖြစ်သွားလောက်စေတဲ့ ဆန်းပြားလှပတဲ့ ရွှေ့ကွက်တွေ ပါဝင်တတ် ပါတယ်။

စစ်တုရင် အားကစားသမား တစ်ယောက် ဖြစ်ဖို့အတွက် ထင်သလောက် မလွယ်ပါဘူး။ ထိုင်ခုံတစ်ခုံမှာ မထဘဲ ၄ နာရီ လုံးလုံး ထိုင်နေပြီး ကိုယ့်ရှေ့က ကစားခုံမှာ အာရုံစူးစိုက် ထားရတာ ထင်တာထက် ပိုပြီး ပင်ပန်းပါတယ်။ ပြိုင်ပွဲပြီးလို့ ထိုင်ခုံက ထလာတဲ့ အချိန်မှာ ရှုံးသည် ဖြစ်စေ နိုင်သည်ဖြစ်စေ ရှိသမျှ အားအင်တွေ အကုန်လုံး ကုန်ခမ်း သွားသလို ခံစားရ တတ်ပါတယ်။ ဒူးခိုင်အောင် ရပ်နိုင်ဖို့တောင် မလွယ်ပါဘူး။ ကမ္ဘာ့စစ်တုရင် ချန်ပီယံတွေကတော့ ထိုင်ခုံမှာ အချိန်ကြာကြာ ထိုင်ပြီး အာရုံစူးစိုက် နိုင်ဖို့ အတွက် လုံလောက်တဲ့ ကျန်းမာ သန်စွမ်းမှုမျိုး ရရှိအောင် ကျန်းမာရေး လိုက်စားလေ့ ရှိကြပါတယ်။ ကမ္ဘာ့ ချန်ပီယံဟောင်း ဂယ်ရီ ကက်စပါးရော့ ဟာ မနက်တိုင်း ၂ နာရီ ကြာအောင် ရေကူးတယ် လို့ ဆိုပါတယ်။ ကက်စပါးရော့နဲ့ ကက်စပါးရော့ရဲ့ အရင် ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ အနာတိုလီ ကားပေါ့ တို့ဟာ Red Meat လို့ ခေါ်တဲ့ ခြေလေးချောင်းသား ရှောင်ကြဉ်ခြင်း၊ အားကစား လိုက်စားခြင်း၊ ဆေးလိပ် အရက် လုံးဝ မသောက်ခြင်း အစရှိတဲ့ ကျန်းမာရေး လိုက်စားမှုတွေကို ပြုခဲ့ကြပါတယ်။

စစ်တုရင် ကစားသမား တစ်ယောက် ဖြစ်ဖို့ လေ့လာ သင်ယူမှုတွေလည်း အများကြီး လိုအပ် ပါတယ်။ အဖွင့်ပိုင်း (Opening) ကစားကွက်တွေ နဲ့ သီအိုရီတွေ၊ အလယ်ပိုင်း (Middle Game) သီအိုရီတွေ၊ ပွဲသိမ်းပိုင်း (End Game) သီအိုရီတွေကို လေ့လာ ရပါတယ်။ အဲဒီ သီအိုရီတွေကို ကိုယ်ပိုင်ဉာဏ်နဲ့ ပေါင်းစပ်ပြီးမှ စိတ်ကူးဉာဏ် ကွန့်မြူးပြီး ဗျူဟာဆင် ကစားရပါတယ်။ ရှေ့ကို ၂ ကွက် ၃ ကွက် ကြိုပြီး တွေးတတ်ရုံနဲ့ စစ်တုရင် ကစားသမား ကောင်း တစ်ယောက် ဖြစ်မလာ နိုင်ပါဘူး။ ကက်စပါးရော့ ဆိုရင် နောက်လာမယ့် အကွက် ၄၀ အထိ ကြိုတွေးလေ့ ရှိတယ် လို့ ဆိုပါတယ်။

တစ်ခါတုန်းက တစက္ကန့်ကို ရွှေ့ကွက်ပေါင်း သန်း ၁၀၀ တွက်ချက် နိုင်တဲ့ ဒိသော့ပ် (Deep Thought) လို့ အမည်ရှိတဲ့ အိုင်ဘီအမ်က ထုတ်လုပ်တဲ့ စူပါ ကွန်ပြူတာနဲ့ အဲဒီအချိန်က ကမ္ဘာ့စစ်တုရင် ချန်ပီယံ ကက်စပါးရော့တို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ကက်စပါးရော့က အနိုင်ရခဲ့ပါတယ်။ အဲဒါကြောင့် အိုင်ဘီအမ်က ဒိသော့ပ်ကို အဆင့်မြှင့်ပြီး တစက္ကန့်ကို ရွှေ့ကွက်ပေါင်း သန်း၂၀၀ တွက်ချက်နိုင်တဲ့ ဒိဘလူး (Deep Blue) လို့ အမည်ရတဲ့ စူပါကွန်ပြူတာကို ထုတ်လုပ်ခဲ့ပါတယ်။ ဒိဘလူးဟာ ကက်စပါးရော့ကို ပွဲတိုင်း နိုင်အောင် မထိုးနိုင်ပေမယ့် အမှတ် အသာနဲ့ အနိုင်ရခဲ့ပါတယ်။ ကက်စပါးရော့က အိုင်ဘီအမ်ကို နောက်တစ်ပွဲ ပြန်ထိုးဖို့ ကမ်းလှမ်းပေမယ့် အိုင်ဘီအမ်က လက်မခံဘဲ အနိုင်နဲ့ ပိုင်းခဲ့ပါတယ်။ အများစုကတော့ အိုင်ဘီအမ်ကို သူတို့ရဲ့ စတော့ရှယ်ယာတွေ ဈေးတက်ရုံ သက်သက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြိုင်ပွဲကို လုပ်ခဲ့တာလို့ စွပ်စွဲခဲ့ပါတယ်။

ဒီလောက် အကွက်တွေ အများကြီး တွက်ချက်နိုင်တဲ့ ကွန်ပြူတာဟာ ကက်စပါးရော့လို ချန်ပီယံကို ဘာဖြစ်လို့ ပွဲတိုင်း နိုင်အောင် မထိုးနိုင်တာလဲ ဆိုတာ စဉ်းစားစရာ ပါပဲ။ စစ်တုရင်သမား တစ်ယောက်ရဲ့ အမြင်နဲ့ရော ကွန်ပြူတာ ပရိုဂမ်မာ တစ်ယောက်ရဲ့ အမြင်နဲ့ပါ ကြည့်မယ် ဆိုရင် ကွန်ပြူတာကို သင်ပေးလို့ မရတဲ့ ကစားဟန်တွေ ရှိနေတယ် ဆိုတာကို တွေ့ရပါတယ်။ ပထမ တစ်မျိုးကတော့ အကောင်ကွေျး ကစားခြင်း (Sacrifice) ဖြစ်ပါတယ်။ ကွန်ပြူတာဟာ စစ်တုရင် ချန်ပီယံ တွေလို အကွက်သာဖို့ အကောင်ချကွေျးလေ့ မရှိပါဘူး။ ကက်စပါးရော့နဲ့ ကစားခဲ့တဲ့ ပွဲမှာ ကွန်ပြူတာဟာ အကွက်အသာ ရနေတဲ့ အချိန်မှာတောင် ပွဲပြီးဖို့ အားသွန် မကစားပဲ လွတ်နေတဲ့ နယ်ရုပ်ကို ပြေးစားတာ တွေ့လို့ ပရိသတ်တွေ ပွဲကျခဲ့ ရပါတယ်။ နောက်တစ်မျိုးကတော့ Maneuver လို့ ခေါ်တဲ့ ကွက်လှည့်ကွက်ပြောင်းပါ။ ကားပေါ့ ဟာ သူ့ရဲ့ ကစားပွဲ တစ်ခုမှာ ဘုရင်ရဲ့ လုံခြုံရေးအတွက် ဘုရင်ကို ကစားခုံရဲ့ ညာဖက်စွန်းကနေ ဘယ်ဖက်အစွန်ဆုံး၊ နောက်တစ်ခါ ဘယ်ဖက်အစွန်ဆုံးကနေ ညာဖက် အစွန်ဆုံး စသည်ဖြင့် ရွှေ့ပြီး အကွက်မနိမ့်အောင် ကစားပြ သွားတာကို တွေ့ဖူးပါတယ်။ ကွန်ပြူတာမှာ အဲဒီလို ကွက်လှည့်ကွက်ပြောင်း ကစားနိုင်စွမ်း မရှိသေး ပါဘူး။ အဲဒီလိုမျိုးတွေ ကစားနိုင်ဖို့ အတွက် ကွန်ပြူတာမှာ ဉာဏ်တု (Artificial Intelligence) နဲ့ သက်ဆိုင်တဲ့ စွမ်းဆောင်နိုင်ရည် ပိုင်းမှာ အားနည်း နေပါသေးတယ်။ အဲဒါကြောင့် စစ်တုရင်ဟာ သိပ္ပံပညာ သက်သက် မဟုတ်ဘဲ အနုပညာပါ ပါဝင်နေတယ်လို့ အချို့က ဆိုကြပါတယ်။

ကက်စပါးရော့ကတော့ ဒိဘလူး ကွန်ပြူတာနဲ့ ယှဉ်ပြိုင်ကစားတဲ့ ပွဲတစ်ပွဲမှာ ကွန်ပြူတာက နယ်ရုပ်တစ်ရုပ် ချကွေျးတာ တွေ့လို့ အံ့အားသင့်သွား ခဲ့တယ်လို့ ထုတ်ဖော် ပြောခဲ့ပါတယ်။ ကွန်ပြူတာဟာ တကယ်ပဲ လူလို တွေးတတ်လာပြီလား လို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ကက်စပါးရော့ဟာ ဒိဘလူး ကွန်ပြူတာကို အမှတ်နဲ့ ရှုံးနိမ့်သွားပြီးတဲ့ အခါမှာတော့ လူသား တန်ဖိုးကျမှုနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ထွက်ပေါ်လာ ပါတယ်။ လူဟာ ကွန်ပြူတာလောက် စွမ်းဆောင်ရည် မရှိတော့ဘူးလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ကျယ်ကျယ် လောင်လောင် ငြင်းခုံ လာကြပါတယ်။ စက်ရုပ်နဲ့လူ အကပြိုင်တဲ့ တာရာမင်းဝေရဲ့ ဝတ္ထု “အရှေ့မြို့ရိုးမှ မိုးရေစက်များ” ဟာ အဲဒီဂယက်ရဲ့ နောက်ဆက်တွဲ တစ်ခုလို့ ထင်မြင်မိ ပါတယ်။ ကျွန်တော့် အမြင်အရ ပြောရမယ် ဆိုရင်တော့ လူသားတွေရဲ့ ဖန်တီးမှုထက် ပိုကောင်းတဲ့ အနုပညာကို ဖန်တီး နိုင်တဲ့ ကွန်ပြူတာဆိုတာ မပေါ်ပေါက် သေးသရွေ့ လူသားရဲ့ တန်ဖိုးဟာ ကျသွားမှာ မဟုတ်သလို ကွန်ပြူတာဟာ လူသားထက် သာလွန်အောင် တွေးခေါ် နိုင်ဦးမှာ မဟုတ်သေး ပါဘူး။

13 comments:

သီဟသစ် said...

ကိုZT ရေ
ကက်စပါးရော့နဲ့ Deep Blue စစ်တုရင်ထိုးတာကို ကြားဖူးပေမယ့် သမန်ကာ လျှံကာပါပဲ..

ခုမှ သေချာဖတ် သွားပါတယ်..

အရှေ့မြို့ရိုးမှ မိုးရေစက်များ ကိုလည်း တကယ်ကို သတိရသွားပါတယ်.

Andy Myint said...

Nice one... Thanks.

MrDBA said...

သေချာဖတ်သွားတယ်ဗျာ။ ဗဟုသုတရပါတယ်။

မိုးခါး said...

စိတ်ဝင်စားဖို့ကောင်းတယ်နော် ..
အရှေ့မြို့ရိုးမှ မိုးရေစက်များကိုလည်း ကြိုက်တယ် ..

PAUK said...

စစ်တုရင်ကို ဘယ်တုန်းကမှစိတ်မဝင်စားဖူးပါဘူး..
ztရေးလိုက်မှပဲ...
တော်တော်ဖတ်လို့ကောင်းတယ်..

Ko Paw said...

စိတ်ဝင်စားစဖွယ် ရေးသားနိုင်ပါပေတယ်။

Thant said...

စစ်တုရင်ကစားရတာကိုကြိုက်တယ်။ “အရှေ့မြို့ရိုးမှ မိုးရေစက်များ”ကိုလည်း ကြိုက်တယ် ။ ဒီ post ကိုလည်း ကြိုက်ပါတယ် ။

တောရိုင်းနှင်းဆီ said...

ဘလော့ဂါတွေအနေနဲ့ စစ်တုရင်ကစားသမားတစ်ယောက် ဖြစ်ဖို့တော့လွယ်မယ်ထင်တယ် ...(ကြာကြာထိုင်နိုင်ကြလို့) .....း

ဗဟုသုတတွေ ကောင်းကောင်းရသွားတဲ့ပို့စ်တခုပါ ...
ကျေးဇူး .... ကိုZT

နွေးနေခြည် said...

Ohh.. Nice Post!

Phyo Maw said...

စက်ရုပ် စက်ရုပ်...

စစ်တုရင်ပွဲအကြောင်းတော့ ဖတ်ခဲ့ဖူးတယ်။ လူက နိုင်တဲ့အထိပဲ ဖတ်ခဲ့ဖူးတယ်။ အမှတ်နဲ့ ရှုံးသွားတဲ့ ဒုတိယ အကြောင်းကတော့ ခုမှ ဖတ်ဖူးတော့တယ်။

EgaleEye ကြည့်တုန်းကတောင် တွေးမိသေးတယ် စက်ရုပ်ထဲ အသိညာဏ်ထည့်တဲ့လူက အပြင်မှာကော ဘယ်လိုများ ဖြစ်မလဲဆိုပြီး (တကယ်သာရှိခဲ့ရင် ဆိုတဲ့ အတွေးနဲ့ပါ) စက်ရုပ်ကို လူအပေါ် မမှီခိုအောင် လုပ်ရင်းကနေ လူတွေရဲ့စိတ်တွေများ (e.g. မိမိသာ ထီးထီးဖြစ်လိုတဲ့စိတ်) တအားထင်ဟပ်ကုန်သလားလို့ :D

မီယာ said...

ZT ရေ ထုံးစံအတိုင်း ဗဟုသုတ အများကြီးရသွားတယ်.. ဒုတိယအကြိမ် ပြန်လာဖတ်တာ... နဲနဲ နှေးတယ် :P

Tun Zarni Kyaw said...

ဒါဖတ်ပြီးမှ ကျွန်တော်လည်း စစ်တုရင် အကြောင်းတွေရေးဖို့ သတိရသွားတယ် :)

ဘတ်တိုး said...

Rich knowledgeable. Thanks a lot.