Search This Blog

Saturday, May 23, 2009

ခေါက်ဆွဲစားတဲ့ကား

သောကြာနေ့ညဆိုရင် မနက်ဖြန် ရုံးမတက်ရဘူး ဆိုတဲ့ အသိနဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေ သွားချင်ရာသွား၊ အိမ်ကို ပြန်ချင်တဲ့ အချိန်မှပြန် လုပ်လို့ရတဲ့ နေ့မျိုးပါ။ ဒီနေ့လည်း ရုံးကနေ အိမ်ကို ပြန်ရောက်တာ နောက်ကျပေမယ့် သူငယ်ချင်းတွေ အစ်ကိုတွေနဲ့ အတူ စင်ကာပူ မြို့လယ်ခေါင်က Orchard လမ်းမကြီး မှာ အပျင်းပြေ လမ်းသွားလျှောက်မယ် ဂိမ်းသွားဆော့မယ် ဆိုပြီး ထွက်ခဲ့ကြပါတယ်။ ဒါပေမယ့် ဘတ်စ်ကားဂိတ် ရောက်တော့ ကားထိုင်စောင့်ရင်း ကားမလာတာနဲ့ စိတ်ပြောင်းသွား ကြပါတယ်။ နောက်ဆုံးတော့ အနီးအနားမှာပဲ ညစာ သွားစားမယ် လို့ သဘောတူကြပြီး အေရာရာဂျာ အမြန်လမ်းမကြီး (Ayer Rajah Expressway) နဲ့ မလှမ်းမကမ်း West Coast လမ်းမ နံဘေးမှာ ရှိတဲ့ အေရာရာဂျာ စားသောက်တန်း ကို ရောက်သွားကြပါတယ်။

အေရာရာဂျာ စားသောက်တန်းမှာ မလေးအစားအစာ ကောင်းကောင်း ရပါတယ်။ ခေါက်ဆွဲကြော် (Mee Goreng)၊ ထမင်းကြော်နဲ့ ကြက်သား (Nasi Goreng Ayam)၊ ကြာဇံကြော် (Bee Hong Goreng)၊ ကီးမားပလာတာ (Mutabak) စတဲ့ အစားအစာတွေ စားလို့ အလွန်ကောင်းပါတယ်။ အဲဒီလို အစားအသောက် ကောင်းလွန်းလို့ လူတင်မကပဲ ကားပါလာစားတာကို ဒီနေ့ ကြုံလိုက်ရပါတယ်။

ကျွန်တော်တို့ စားသောက်တန်းရဲ့ ဒေါင့်စွန်းခုံကလေးမှာ ထိုင်ရင်း ရယ်စရာ တွေ ပြောနေကြတုန်းမှာ လူတစ်ယောက် “အား” လို့ အော်လိုက်တဲ့ အသံနဲ့ အတူ ကားတစ်စီး အရှိန်နဲ့ မောင်းလာတဲ့ အသံကို ကြားလိုက်ရပါတယ်။ ကျွန်တော် ထိုင်နေတဲ့ နေရာရဲ့ နောက်ကျောဖက်က အသံထွက်လာတာမို့ လှည့်ကြည့်မိပါတယ်။ ပလက်ဖောင်းပေါ်ကနေ ကားတစ်စီး စားသောက်တန်း ဖက်ကို ဦးတည်ပြီး အရှိန်ပြင်းပြင်းနဲ့ မောင်းလာတာကို တွေ့လိုက်ရလို့ အတော်လေး အံ့အားသင့် သွားပါတယ်။



အပေါ်က ပုံကတော့ ကားဖြတ်မောင်းလာတဲ့ ပလက်ဖောင်းပါ။ မျက်စိတမှိတ်အတွင်းမှာပဲ ကားက စားသောက်ဆိုင်တန်းထဲကို ဝင်လာပါတယ်။ စားသောက်ဆိုင်တန်းထဲမှာ စတီးလ်နဲ့ လုပ်ထားတဲ့ စားပွဲ ကုလားထိုင်တွေ ရှိပါတယ်။ အဲဒါတွေ အကုန်လုံးကို ကားက ဝင်တိုက်ပြီး နောက်ဆုံးမှာတော့ ငါးဆုပ်လုံးခေါက်ဆွဲ (Fish Ball Noodle) ရောင်းတဲ့ ဆိုင်ကို ဝင်တိုက်ပြီး ကားက ရပ်သွားပါတယ်။



ကျွန်တော် ထိုင်နေတဲ့ နေရာနဲ့ ကားဝင်တိုက်သွားတဲ့ နေရာက သိပ်မဝေးပါဘူး။ လှမ်းမြင်နေရပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ထင်လိုက်တာကတော့ တစ်ယောက်ယောက်က စားသောက်ဆိုင်ထဲမှာ ထိုင်နေတဲ့ သူကို မကျေနပ်လို့ ကားနဲ့ တိုက်တယ်လို့ ထင်လိုက်တာပါ။ တကယ်တော့ မဟုတ်ပါဘူး။ ကားမောင်းတဲ့သူ အရက်အမူးလွန်ပြီး လမ်းမှား ဝင်လာတာပါ။ ကံကောင်းထောက်မစွာနဲ့ ဆိုင်ရဲ့ အဲဒီဘက်အခြမ်းမှာ စားသောက်နေတဲ့သူ တစ်ယောက်မှ မရှိတော့ ဘယ်သူ့ကိုမှ မထိခိုက်မိပါဘူး။ ကားမောင်းတဲ့သူ တစ်ယောက်ပဲ ဒဏ်ရာ ရပါတယ်။



ချက်ချင်းပဲ ကားနားကို လူတွေ ဝိုင်းအုံလာကြပါတယ်။ ကားက မီးတွေ ပွင့်နေတုန်းပါပဲ။ ကျွန်တော်တို့ အနားနားကို ကပ်သွားတော့ ကားမောင်းတဲ့လူ သတိရနေပါသေးတယ်။ သူက ကားကို စက်နှိုးပြီး နောက်ပြန်ဆုတ် ထွက်ဖို့ ကြိုးစား နေပါတယ်။ ဒါပေမယ့်လည်း သူ့ကားက စတီးလ်ခုံတွေကို တိုက်ထားတာ ဆိုတော့ စတီးလ်ချောင်းတွေ က ကားအောက်က ပင့်ထားသလို ဖြစ်နေတော့ ပြန်ဆုတ်လို့ မရပါဘူး။ ဘေးနားကလူတွေက ကားကို နောက်ပြန်မဆုတ်ဖို့ ဝိုင်းအော်ကြပါတယ်။ နောက်ဆုံးတော့ ကားမောင်းတဲ့သူ ကားထဲက ထွက်လာပါတယ်။



ကျွန်တော့်ဘေးနားက တစ်ယောက်က ဖုန်းဆက်ပြီး အရေးပေါ် လှမ်းခေါ်ပြီးပါပြီ။ အရေးပေါ်က တော်တော်နဲ့ ရောက်မလာသေးပါဘူး။ ကားထဲက ဆင်းလာတဲ့ သူကတော့ မျက်နှာမှာ သွေးစွန်းနေပေမယ့် လမ်းလျှောက်နိုင်ပါသေးတယ်။ စကားလည်း ပြောနိုင်ပါသေးတယ်။ အဲဒီ နံဘေးနားက ဆိုင်ရှင် တရုတ်ကြီးနဲ့ စကားတွေ များနေကြပါတယ်။

ကျွန်တော်တို့လည်း အနားကပ် ဓာတ်ပုံရိုက်ပြီးတော့ ကားဝင်လာခဲ့တဲ့ လမ်းကြောင်းကို ကွင်းဆင်း လေ့လာရေး လုပ်ပါတယ်။ အဲဒီမှာ ကားက ဆိုင်ထဲကို ဝင်မလာခင် ပလက်ဖောင်းပေါ် တက်တက်လာချင်းမှာ ပလက်ဖောင်းဘေးမှာ ရပ်ထားတဲ့ ကားတစ်စီးကို နောက်မြီးကနေ အရင်ဆုံး ဝင်တိုက်လိုက်တယ် ဆိုတာကို တွေ့လိုက် ရပါတယ်။ အဲဒါကြောင့် လူတစ်ယောက် လန့်ပြီး အော်လိုက်တဲ့ အော်သံ ထွက်လာတာပါ။



အဲဒီကားကို တိုက်ပြီးတဲ့ နောက်မှာတော့ ဓာတ်တိုင်တွေနဲ့ အိမ်တွေကြား ပလက်ဖောင်း ပေါ်မှာ အရှိန်နဲ့ မောင်းလာပြီး နောက်ဆုံးမှာတော့ အမှိုက်ထည့်တဲ့ အုတ်ကန်နဲ့ ထောင်ထားတဲ့ အမှိုက်ပုံးကြားက ကပ်သီးကပ်သတ် ဝင်သွားပြီးမှ စားသောက်ကို ဝင်တိုက်တာပါ။ အဲဒီကား ကပ်သီးကပ်သတ် မောင်းဝင်သွားတဲ့ နေရာကို အောက်မှာ ကြည့်ပါ။



ကျွန်တော်တို့ လေ့လာရေး လုပ်နေတုန်းမှာပဲ တော်တီးတော်တီးနဲ့ သူနာပြုကား ရောက်လာပါတယ်။ ကားမောင်း လာတဲ့သူကတော့ မျက်နှာမှာ သွေးထွက်နေတာက လွဲလို့ အကောင်းအတိုင်း ရှိပါသေးတယ်။ တယ်လီဖုန်းတောင် ပြောနေပါသေးတယ်။



သူနာပြုတွေ ဆင်းလာပြီး ယာဉ်မောင်းကို ဘီးတပ်ကုလားထိုင်ပေါ် တင်ပြီး ခေါ်သွားကြပါတယ်။ အဲဒီတော့မှပဲ ကျွန်တော်လည်း ကားအနီးအနားကို ကပ်ပြီး ဓာတ်ပုံတွေ ရိုက်ခဲ့ပါတယ်။





စင်ကာပူက လူတွေကတော့ ထုံးစံအတိုင်း 4D (လေးလုံးထီ) ထိုးဖို့ ကားနံပါတ်ကို ဝိုင်းမှတ်ကြပါတယ်။ စိတ်ဝင်စားတဲ့သူများ မနက်ဖြန် ကံစမ်းနိုင်ပါတယ်။ အဲဒီကားနံပါတ်က ၉၅၅၃ ပါ။

ဘယ်လို ခံစားလိုက်ရသလဲ ဆိုတော့ နည်းနည်းတော့ သွေးပျက်သွားပါတယ်။ ငါထိုင်နေတဲ့ နေရာသာ အဲဒီကား မောင်းဝင်လာရင် ထပြေးဖို့ အချိန်မီမှာ မဟုတ်ဘူး ဆိုတာ တွေးမိလို့ပါ။ ကား မောင်းပြီး ဝင်လာတဲ့ အရှိန်က အရမ်းမြန်လွန်းပါတယ်။ အင်း ထိုင်နေရင်းလည်း အခန့်မသင့်ရင် မာလကီးယား သွားနိုင်တယ် တွေးမိတော့ စိတ်ထဲတော့ အတော်တုန်လှုပ်သွားပါတယ်။ မျက်စိရှေ့မှာတင် ဖြစ်သွားတဲ့ အက်ဆီးဒင့်ပါ။ ခေါက်ဆွဲစားတဲ့ ကားကို လေ့လာနိုင်ဖို့ တယ်လီဖုန်းနဲ့ ရိုက်လာတဲ့ ဓာတ်ပုံလေးတွေ တင်ပေးလိုက်ပါတယ်။ သတိဆိုတာ ပိုတယ် မရှိပါဘူး။ မျက်စိရှင်ရှင်နဲ့ ကိုယ့်အန္တရာယ်ကိုယ် ကြည့်ရှောင်ပါ။ အခန့်မသင့်လို့ကတော့ သတိတချက်လွတ်တာနဲ့ လျှပ်တပြက်အတွင်း ဂန့်သွားနိုင်ပါတယ် လို့တော့ အသိကလေး တစ်ခုတော့ ဒီနေ့ ရလိုက်ပါတယ်။ :D

15 comments:

khin oo may said...

တီု့သာဆိုရင်တော့ ဘလော့ထဲကလူတွေ အကြာငး်စဉ်းစားနေတာနဲ့ပြုံးြ့့ပုံးကြီးအသက်ထွက်သွားမှာဘဲ။ သတိလွတ်နေလို့။

Han Thu said...

West Coast, Hong Leong Garden Condo နားကဆိုင်လားအစ်ကို...
အဲဒါဆိုရင်တော့ ကျွန်တော့်ခြေရာတွေရှိတယ်ဗျ...
သန့်ရှင်းအေးချမ်းတဲ့ West Coast Drive မှာနေဘူးပါတယ်...

MrDBA said...

အသက်အာမခံရှိတယ် မဟုတ်လား။ စိတ်အေးအေးထားပါလေ။

moekhar said...

ဖြစ်ပြန်ပြီနော် .. ကံကောင်းပေလို့ပေါ့ ..

JuneOne said...

တော်သေးတာပေါ့။ဘယ်မှမလည်ပဲ ဘလော့ထိုင်ရေးတာဘေးကင်းဆုံးပဲ။

Phyo Maw said...

ကိုzt ပါသွားရင် ကျနော်တို့ ဝိုင်းပြီး ဘလော့မှာ သတင်းတင်ပေးပါမယ့် မယ် :)

ကောင်းကင်ပြာ said...

ဘယ်သွားသွား ဘယ်လာလာ သတိ မလွတ်စေနဲ့ zt ရေ၊

နွေးနေခြည် said...

တော်သေးတာပေါ့ ဒီပိုစ့်ဖတ်ရလို့ ... မဟုတ်ရင် ဝမ်းနည်းကြောင်းတွေ ဖတ်နေရမှာ

wai said...

Ko ZT,
ကံကောင်းလို့ပေါ့
Take care, bro

မီးမီးချစ် said...

ပထမ အစီအစဉ် အတိုင် Orchard မှာ သွားကမယ် သောက်မယ်ဆို ဒီလိုကြုံ ရမှာ မဟုတ်ဘူးနော် း)

မလိခ said...

ဘောလုံးပွဲက ဒိုင်တွေကို ခေါက်ဆွဲစားတယ်လို့ပြောတာကြားဖူးတော့ ခေါက်ဆွဲစားတဲ့ကား ဆိုလို့.... စဉ်းစားရကျပ်သွားသေးတယ်... တော်သေးတာပေါ့ ကိုဇီတက်ရယ်.. ကံကြီးပေလို့သာပေါ့...။ ဘယ်သူမှ ကြီးကြီးမားမား မထိခိုက်လို့တော်သေးတာပေါ့..။

T T Sweet said...

ကိုယ်တွေ့ သတင်းမှတ်တမ်းပေါ့လေ ... သတင်းထောက်ကြီး ကို ZT ပေါ့။ အဲဒီဆိုင်ကို နေ့ခင်းတွေမှာ ရုံးကနေ lunch သွားစားဘူးတယ်။ ကြောက်စရာကြီးနော်။ ကိုZT တို့ သူငယ်ချင်းတွေ အဲဒီခုံတွေမှာ မထိုင်မိလိုက်တာ တော်တော်ကံကောင်းတာပဲ။

ကိုလူထွေး said...

ကံသီပေလို ့သာပေါ့ဗျာ..
ဖတ်ရတာ ဂျက်ကီချမ်းကား ကြည့်နေရသလိုပဲ

ကြည်ဖြူပိုင် said...

အားပါးပါး.....သည်းထိတ်ရင်ဖိုဇာတ်လမ်းပါလားဗျိုး

ရွှန်းမီ said...

မသေကောင်းမပျောက်ကောင်း ..