Search This Blog

Monday, May 25, 2009

ကြုံခဲ့ဖူးသမျှ ဗီဇာအကြောင်း

ကမ္ဘာပေါ်မှာ အမြင်ကတ်စရာ အကောင်းဆုံး အင်မီဂရေးရှင်းကို ရွေးပြပါ ဆိုရင် မလေးရှားကို ရွေးပြမိ ပါလိမ့်မယ်။ အလွန် အင်မတန် ရစ်ပါတယ်။ ပုံမှန်အားဖြင့် ကျွန်တော်တို့ အလုပ်ကိစ္စနဲ့ မလေးရှားကို သွားရင် အလည်အပတ် ဗီဇာနဲ့ပဲ သွားလေ့ရှိပါတယ်။ Business ဗီဇာက လျှောက်ရတာ နည်းနည်း အလုပ်ရှုပ်လို့ပါ။ အဲဒါကို မတော်တဆများ White Card ထဲမှာ Business နဲ့ လာတယ်လို့ ယောင်ယမ်းပြီး ခြစ်လိုက်မိရင် ပြသနာ ရှာလို့ မပြီးတော့ပါဘူး။ အဲဒါတွင် မကသေးဘူး။ နေထိုင်မယ့် လိပ်စာ ကို အပြည့်အစုံ ရေးမထား ရင်လည်း ရစ်တတ်ပါတယ်။ တခါတလေ စက်အတွက် အပိုပစ္စည်းတွေ လက်က ကိုင်သွားမိရင်လည်း ပြသနာရှာတတ် ပါသေးတယ်။ ဂျဟိုးဘာရူး ဘက်ကနေ မလေးရှားကို ကားနဲ့ဝင်ရင် သိပ်ပြသနာ မရှိပေမယ့် ကွာလာလမ်ပူနဲ့ ပီနန် လေဆိပ်က အင်မီဂရေးရှင်း အရာရှိများကတော့ အလွန်ကို ဆိုးရွားပါတယ်။ မလေးရှား အင်မီဂရေးရှင်းက မြန်မာပတ်စ်ပို့စ် တွေ့တာနဲ့ ပြသနာရှာဖို့ပဲ စဉ်းစားနေကြသလားတော့ မသိပါ။

ဥရောပ ကိုသွားရင်တော့ ရှန်ဂန်ဗီဇာနဲ့ပဲ သွားဖြစ်ပါတယ်။ ရှန်ဂန်ဗီဇာ ကိုင်ထားရင် ရှန်ဂန် သဘောတူညီချက်မှာ လက်မှတ် ထိုးထားတဲ့ နိုင်ငံတွေ အားလုံးကို ဗီဇာတစ်ခုတည်းနဲ့ ဝင်လို့ ရပါတယ်။ နယ်သာလန်၊ဂျာမနီ၊ ပြင်သစ်၊ စပိန်၊ ဘယ်လ်ဂျီယမ်၊ ဒိန်းမတ် အစရှိတဲ့ နိုင်ငံတွေမှာ နယ်စပ်ဂိတ်မရှိပါဘူး။ အဲဒီနိုင်ငံတွေရဲ့ နယ်နိမိတ်အတွင်းမှာ လွတ်လွတ်လပ်လပ် ကူးသန်းသွားလာလို့ ရပါတယ်။ လေဆိပ်တွေမှာ ဆိုရင်လည်း ရှန်ဂန်နိုင်ငံ အချင်းချင်း ကူးရင် လူဝင်မှုကြီးကြပ်ရေးဂိတ်ကို ဖြတ်စရာမလိုပါဘူး။ ရှန်ဂန် ဗီဇာကို ရှန်ဂန် နယ်နိမိတ်ထဲမှာ ပါတဲ့ နိုင်ငံ တစ်ခုခုရဲ့ သံရုံးမှာ လျှောက်လို့ ရပါတယ်။ ရှန်ဂန် နယ်နိမိတ်အကြောင်း အသေးစိတ် သိချင်ရင်တော့ ဒီမှာ ကြည့်နိုင် ပါတယ်။

တခါတလေတော့လည်း ရှန်ဂန် မဟုတ်တဲ့ နိုင်ငံတစ်နိုင်ငံကို သွားတဲ့အချိန် ရှန်ဂန် နယ်နိမိတ်ထဲမှာ Transit ဝင်မိရင် အတော် ဇယားရှုပ်ပါတယ်။ ကျွန်တော် ပိုလန်ကို သွားတဲ့ အချိန်တုန်းက ပိုလန်က ရှန်ဂန် နယ်နိမိတ်ထဲမှာ မပါသေး ပါဘူး။ ကုမ္ပဏီက စီစဉ်ပေးလိုက်တဲ့ လေယာဉ်လက်မှတ်က စင်ကာပူ ကနေ ပိုလန်မြောက်ပိုင်း ဂဒိုင့်စ်မြို့ လေဆိပ် ကို တိုက်ရိုက် မသွားပါဘူး။ ဟော်လန်က အမ်စတာဒမ် နဲ့ ဒိန်းမတ်က ကိုပင်ဟေဂင် လေဆိပ် ၂ခု ကို Transit ခံထားပါတယ်။ အဲဒီတော့ အမ်စတာဒမ် လေဆိပ်ကို ရောက်တာနဲ့ ကိုပင်ဟေဂင် လေဆိပ်ကို လေယာဉ်ပျံ ပြောင်းမစီးခင် ရှန်ဂန် နယ်နိမိတ်ထဲ ဝင်တဲ့ အတွက် အင်မီဂရေးရှင်းကို ဖြတ်ရပါတယ်။ ကိုပင်ဟေဂင် ကနေ ဂဒိုင့်စ်ကို လေယာဉ်ပျံ ပြောင်းစီးတော့လည်း ရှန်ဂန် နယ်နိမိတ်ထဲကနေ ပြန်ထွက်တဲ့အတွက် အင်မီဂရေးရှင်းကို နောက်တစ်ခေါက် ထပ်ပြီး ဖြတ်ရပါတယ်။ ပိုလန်ရောက်မှ ဂဒိုင့်စ်မှာ အင်မီဂရေးရှင်း နောက်တစ်ခေါက် ပြန်ဝင်ရပါတယ်။ ပြန်လာတော့လည်း အဲဒီ အတိုင်းပါပဲ။

တခြားဗီဇာတွေနဲ့ မတူတဲ့ ရှန်ဂန်ဗီဇာရဲ့ ထူးခြားချက်က လျှောက်ရင် လျှောက်သလောက်ပဲ ပေးလေ့ရှိတာပါ။ ဥပမာ အမေရိကန်တို့ သြစတေးလျ တို့ကို ဝင်ရင် တခါတည်း ၃လ နေထိုင်ခွင့် ဗီဇာ တိုက်ရိုက်ထုပေးလေ့ ရှိပါတယ်။ ဒါပေမယ့် ရှန်ဂန် ဗီဇာကတော့ စလျှောက်ကတည်းက ၁၂ ရက်ကြာမယ်လို့ ဖောင်မှာ ဖြည့်ရင် ဗီဇာကို ၁၂ ရက်ပဲ ပေးပါတယ်။ အဲဒီလိုမျိုး ဆိုတော့ အလုပ်ရှုပ်လို့ ကျွန်တော်က တစ်ခါလျှောက်ရင် ၄၅ ရက် လျှောက်ပါတယ်။ ပြသနာက အဲဒီမှာ စတော့တာပါပဲ။ တတိယအကြိမ်မြောက် ရှန်ဂန် ဗီဇာတင်တဲ့ အချိန်မှာ ကျွန်တော့်ကို ၆ လအတွင်းမှာ ဗီဇာ ရက် ၉၀ ယူထားလို့ ထပ်ပေးလို့ မရတော့ဘူးလို့ ပြောပါတယ်။ အမှန်တကယ်တော့ ကျွန်တော် ရှန်ဂန်နယ်နိမိတ်ထဲမှာ နေတာ ရက် ၉၀ မရှိပါဘူး။ ကျွန်တော့် ကုမ္ပဏီရုံးက ဟော်လန် အခြေစိုက်တော့ ရှန်ဂန် နယ်နိမိတ်ကို ဝင်လိုက် ထွက်လိုက် လုပ်နေရတာ များတာနဲ့ ဗီဇာ မကုန်အောင် ကြာကြာ လျှောက်ထား တာပါ။ အဲဒီအကြောင်းကို ဟော်လန်သံရုံးကို ရှင်းပြတော့ ကျွန်တော့်ကို သွားခဲ့တဲ့ ခရီးစဉ်တွေကို စာနဲ့ ရေးပြီး အီးမေးလ်ပို့ပေးပါ လို့ ပြန်ပြောပါတယ်။ ဘာလုပ်ဖို့လဲ မေးတော့ မင်းကို ခဏခဏ ဗီဇာထုတ်ပေးနေရတာ အလုပ်ရှုပ်တယ်။ တစ်ခါတည်း အကြာကြီး ထုတ်ပေးထားမယ် လို့ ပြန်ပြော ပါတယ်။ နောက်တော့ ၆လ ရှန်ဂန်နယ်နိမိတ်ကို အကြိမ်ကြိမ် ဝင်ထွက်ခွင့် ဗီဇာ ထုတ်ပေးပါတယ်။ အနောက်နိုင်ငံများနဲ့ အလုပ်လုပ်ရတာ အဲဒါ တစ်ခုတော့ ကောင်းပါတယ်။ အကျိုးသင့် အကြောင်းသင့် ပြောပြရင် လက်ခံပြီး အဆင်ပြေအောင် လုပ်ပေးတတ် ပါတယ်။ အာရှက ရစ်တတ်တဲ့ အင်မီဂရေးရှင်းတွေ သံရုံးတွေနဲ့တော့ တခြားစီပါ။

အမေရိကန် ဗီဇာကတော့ ခန့်မှန်းရ ခက်ပါတယ်။ တစ်ခါတစ်လေ စာရွက်စာတမ်း အားလုံး ပြည့်စုံရဲ့သား နဲ့လည်း မရတတ်ပါဘူး။ ကျွန်တော်လည်း ပထမဆုံး အကြိမ် ဗီဇာ လျှောက်တုန်းက Reject ထုခံရ ပါတယ်။ အဲဒီတုန်းက ဒုတိယမြောက် ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ အချိန်ပါ။ ကျွန်တော်တို့ဆီက စက်ကိရိယာ အစိတ်အပိုင်းတွေ ဝယ်တဲ့ ပင်ဆယ်ဗေးနီးယား ပြည်နယ်က ကုမ္ပဏီတစ်ခုကို Technical Support အနေနဲ့ ကျွန်တော့် ကုမ္ပဏီက လွှတ်ပါတယ်။ ဗီဇာကိုတော့ ခရီးသွား အေးဂျင့်က တင်ပေးပါတယ်။ အမေရိကန် သံရုံးက အင်တာဗျူး ခေါ်တဲ့နေ့ သွားတော့ “မင်း စင်ကာပူမှာ နေတာ ဘယ်လောက်ရှိပြီလဲ။” “ အခု လခ ဘယ်လောက် ရသလဲ။” “မင်းအခု စင်ကာပူမှာ ဘယ်သူနဲ့ နေသလဲ။” “ဘာသွားလုပ်မှာလဲ။” “ဘယ်သူနဲ့ သွားမှာလဲ။” စတဲ့ မေးခွန်း ၄-၅ ခွန်း မေးပါတယ်။ ပြီးတော့ “ဝမ်းနည်းပါတယ်။ မင်းကို ဗီဇာထုတ်မပေးနိုင်ဘူး။” လို့ပြောပြီး ပတ်စ်ပို့ ရဲ့ နောက်ကျောမှာ ဒုံးဆို တံဆိပ်တစ်ခု ထုလိုက်ပြီး စာရွက်တစ်ရွက်နဲ့ အတူ ကျွန်တော့် ပတ်စ်ပို့ကို ပြန်ပေးလိုက် ပါတယ်။ အဲဒီစာရွက်မှာ ကတော့ 214(B) လို့ခေါ်တဲ့ အခုလက်ရှိ နေထိုင်တဲ့ နေရာမှာ အမေရိကန်က ပြန်လာလောက်အောင် တွယ်တာစရာ ဘာမှ မရှိတဲ့ အတွက် ဗီဇာ မပေးနိုင်ဘူး လို့ ရေးထားပါတယ်။ ကျွန်တော်နဲ့ အတူ သွားလျှောက်တဲ့ တရုတ်အင်ဂျင်နီယာက ၆ လ အကြိမ်ကြိမ် ဝင်ထွက်ခွင့် ဗီဇာ ရပြီး ဖိလစ်ပိုင် အင်ဂျင်နီယာကတော့ ၁၀ နှစ် အကြိမ်ကြိမ် ဝင်ထွက်ခွင့် ဗီဇာ ရပါတယ်။ ကျွန်တော် ဗီဇာလျှောက်ပြီး သိပ်မကြာခင်မှာပဲ ကျွန်တော်နဲ့ တစ်ကျောင်းတည်း အတူတူဆင်းတဲ့ မြန်မာသူငယ်ချင်း တစ်ယောက် ဗီဇာသွားလျှောက်ပါတယ်။ မျက်စိ မမြင်တဲ့ သံရုံးအရာရှိနဲ့ အင်တာဗျူး ဖြေရပြီး ဗီဇာရသွား ပါတယ်။ အမေရိကန် ဗီဇာ ဆိုတာလည်း တခါတလေတော့ ကံနဲ့ ဆိုင်တယ် လို့ သိသွားပါတယ်။

နောက်ထပ် ကုမ္ပဏီ တစ်ခု ပြောင်းတော့ ကျွန်တော့်ကို အမေရိကားကို ထပ်လွှတ် ပြန်ပါတယ်။ ဒီတစ်ခါတော့ စက်ပြင်ဖို့ လွှတ်တာပါ။ ကျွန်တော်က အရင်ဗီဇာ လျှောက်ဖူးတယ်။ မရဘူး လို့ ပြောပေမယ့် မန်နေဂျာက မရမချင်း လျှောက်ကွာလို့ ပြောတာနဲ့ နောက်တစ်ခေါက် ထပ်ပြီး တင်လိုက်ပါတယ်။ ကျွန်တော်လည်း လူလည်ကျပြီး ပိုင်ဆိုင်မှု အထောက်အထား အနေနဲ့ CPF Statement ကို ယူသွားပါတယ်။ CPF ဆိုတာ စင်ကာပူမှာ အမြဲတမ်းနေထိုင်သူတွေ နိုင်ငံသားတွေ လစဉ် လခရဲ့ ရာခိုင်နှုန်း ၂၀ ကို ထည့်ဝင်ရတဲ့ စာရင်းပါ။ အိမ်ဝယ်လို့ ရပါတယ်။ ဆေးကု လို့ရပါတယ်။ အငြိမ်းစားယူတဲ့ အခါ ပြန်ထုတ်လို့ ရပါတယ်။ ဒီတစ်ခါလည်း အရင်လို မေးခွန်းတွေ ထပ်ပြီး မေးပါတယ်။ ဒါပေမယ့် အဲဒီတစ်ခါတော့ ဗီဇာ ပေးလိုက်ပါတယ်။ Business B1 ဗီဇာပါ။

နောက်ထပ် ၆ လလောက် ကြာတော့ အမေရိကန် ဗီဇာကို နောက်တစ်ခေါက် ထပ်ဝင်ဖြစ်ပါတယ်။ အဲဒီအခါမှာ မေးခွန်းတွေ လျှောက်မေးပြီး နောက်ဆုံးကြတော့ စာအုပ်ထဲမှာ ပထမတစ်ခေါက်သွားထားတဲ့ ဗီဇာကို တွေ့တာနဲ့ ဘာမှ ဆက်မမေးတော့ဘဲ ဗီဇာထုတ်ပေးလိုက်ပါတယ်။ ပြန်လာပြီး နောက်ထပ် ၆ လလောက် ကြာတော့ တတိယတစ်ကြိမ် ထပ်လျှောက်ဖြစ်ပါတယ်။ ဒီတစ်ခါတော့ စာအုပ်ထဲမှာ အရင် အမေရိကန် ဗီဇာ ၂ ခုရှိပြီးသားမို့ မင်း Multiple-Entry ဗီဇာ ယူမလား မေးပြီး Multiple-Entry ၁နှစ် နှိပ်ပေးလိုက် ပါတယ်။ Business B1 ဗီဇာပါပဲ။ အဲဒီ ဗီဇာမှာ အလုပ်ကိစ္စနဲ့ သွားရင် အချိန်မရွေးသွားလို့ ရပေမယ့် အလည် မသွားရဘူး လို့တော့ ကန့်သတ်ထားပါတယ်။

မြန်မာနိုင်ငံကူး လက်မှတ်နဲ့ ဗီဇာမလွယ်ဘူး ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် မရဘူး ဆိုတာတော့ မဟုတ်ပါဘူး။ ကိုယ့်ဘက်က မှန်နေရင် ဘယ်နိုင်ငံပဲ ဖြစ်ဖြစ် ရဖို့ အခွင့်အလမ်း များတယ် ဆိုတာကိုတော့ အတွေ့အကြုံ အရ သိခဲ့ရပါတယ်။

16 comments:

Ko Thagyee said...

ကောင်းတယ် ကိုဇက်တီရေ ၊ အဲလိုလေးတွေ ဖတ်ရတာ အရမ်း ဗဟုသုတ ရပါတယ် ။
အထူးသဖြင့် မြန်မာ ပတ်စပို ့ကိုင်ထားရင်ပေါ့ ။ ကျွန်တော်လဲ ယိုးဒယား ဖူးခက်က
အပြန်မှာ ရစ်ခံရဖူးတယ် ။ ပြန်ရစ်နိုင်မှ တော်ကာကျတယ် ထင်ပါတယ်ဗျာ ။
အစစ အရာရာ အဆင်ပြေပါစေ ။ ကျွန်တော်ကတော့ ဦးစမှာ အားစုရဦးမှာပါဗျာ ။

ခင်မင်လျက်
သူကြီး

နေညိုရင့် said...

ဗဟုသုတ ရတယ်..ကို ZT ရေ။ ကျေးဇူးဗျို ့

JuneOne said...

ဒီလထဲမှာပဲ အိမ်ကလူ USဗီဇာ သွားလျှောက်တာ multi journy
၁နှစ်ရခဲ့တယ်။တော်တော်လေးမေးတယ်ပြောတယ်။

Taungoo said...

ကျေးဇူး ကိုဇက်တီ

သီဟသစ် said...

ကိုztရေ..

သိသင့်တာတွေ သိသွားပြီဗျို့...
Thanks..

Nyo Lay said...

Really thanks for sharing


Regards,
yy

khin oo may said...

အားငယ်စွာဖတ်သွားသည်။

ZT said...

အားငယ်စရာ မရှိပါ။ ZT မကွန်ကဲ့သို့ ဥရောပကို အလည်မသွားဖူးပါ။ အလုပ်ကိစ္စဖြင့်သာ သွားဖူးပါသည်။ :D

မီးမီးချစ် said...

သွားနိုင်တဲ့ လူတွေ သွားကြပါ...တို့တွေ တော့ ရန်ကုန်တောင် မပြန်ဖြစ်ဘူး

Anonymous said...

How about the Myanmar official passport to US? I am a government staff and i have a chance to study in Califonia. Is it possible for visa? I am holding green passport.

mabaydar said...

မဗေဒါကတော့ တရုတ်ပြည် immigration ကိုအမုန်းဆုံးပဲ.. ဟိုတစ်လောကမှ လတ်လတ်ဆတ်ဆတ်သွားထားတာ.. ဘလော့ပေါ်ရေးသင့်မရေးသင့် စဉ်းစားနေတာ..

JuneOne said...

တရုတ် အင်မီဂရေးရှင်းက မြန်မာပတ်စပို့ တင်လိုက်တာနဲ့ကို ရစ်တာဗျား။

ZT said...

Anonymous -> ကျွန်တော်လည်း မသေချာဘူး။ ကျွန်တော့်ကို အင်တာဗျူးမှာ မေးတာတော့ စစ်တပ်ထဲမှာ အမျိုးရှိလား ဆိုတာရယ်၊ ကျွန်တော့် အဖေက အစိုးရဝန်ထမ်းဆိုတော့ ဘာရာထူးလဲ ဆိုတာရယ် အဲဒီ နှစ်ခွန်းတော့ မေးတယ်။

သဥ္ဇာ - Thinzar said...

အရစ်ဆုံးက ဘယ်နိုင်ငံများလည်းလို့.. မလေးရှားကိုး.. မလေးရှား အင်မီးဂရေးရှင်းရစ် ခံနိုင်ရင် တစ်ခြားနိုင်ငံတွေဆို အပျော့ပေါ့နော်။ :D မလေးရှားကတော့ ပြောမနေနဲ့တော့.. သူတို့ ထုတ်ထားပေးတဲ့ Employment Pass ကိုတောင် သူတို့စက်က scan ဖတ်မရ ဖြစ်နေတတ်တယ်။

Great Mekong said...

မလေးရှားကြတော့ ရစ်သလေးပါလေးနဲ့

ရေမီးရှား ဗီဇာကြာတော့ ကော်

စုချစ် said...

မလေးရှားဗီဇာကို ဟိုးအရင်က မသိလို့ Bussiness နဲ့ လျှောက်မိတာ တခါလျှောက် ၁လပဲပေးတော့ စာမျက်နှာ ၅ခုလောက်ပုပ်သွားတယ်။

မစုချစ်လည်း ပထမဆုံး အခေါက်မှာ အဲဒီမျက်မမြင်ဦးလေးကြီးနဲ့ ကြုံဘူးတယ်။ သိပ်မမေးဘူးတော့ ..ပေးလိုက်တာပဲ။ အမေးအမြန်းထူပြီး အပေါက်ဆိုးတာက တရုတ်မတစ်ယောက်ရှိတယ်။ ခုနောက်ပိုင်းတော့ ဖိလစ်ပင်းလိုလို ဘာလိုလိုနဲ့ ဦးလေးကြီးက သဘောကောင်းတယ်။ Multiple Visa တောင်းတာတော့ ပေးဘူးတော့။ မြန်မာတွေကို ပေးလို့မရဘူးတဲ့... ကိုယ့်တုန်းကတော့ အဲသလို ပြောလွှတ်လိုက်တယ်တော့။ ကိုဇက်တီတော့ ရတယ်နော်....။ ဖောင်အပိုကတော့ စစ်တပ်နဲ့ န၀တတို့နဲ့ ပါတ်သက်မှုရှိလားဆိုပြီးတော့.... မြန်မာတွေအတွက် ဖြည့်ရသေးတာ...