Search This Blog

Saturday, May 30, 2009

Immigrant ကြောင်

တခါတလေ တိုက်အောက်မှာ လမ်းလျှောက်ရင်း ညောင်နာနာ ကြောင်တစ်ကောင် တလေ ကို တွေ့ရင် ကျွန်တော့်ဆရာသမား နဲ့ သူ့ရဲ့ ကြောင်အကြောင်းကို သတိရလို့ ပြုံးမိပါတယ်။ အမှန်တကယ်တော့ အဲဒီဇာတ်လမ်းက ကျွန်တော်တို့ ကျောင်းပြီးစ အချိန်လောက်ကဆိုတော့ အခုဆိုရင် ၇ နှစ်လောက် ကြာခဲ့ပါပြီ။ ဒါပေမယ့် ထူးထူးခြားခြား ဇာတ်လမ်းမို့ အခုထက်ထိ သတိရ နေပါတယ်။

ကျွန်တော့် ဆရာသမားဆိုတာက ကျွန်တော်တို့ ကျောင်းက အိုင်တီဌာနမှာ ကထိက ရာထူးနဲ့ အလုပ်လုပ် သွားခဲ့တဲ့ မြန်မာဆရာ ပါ။ ဆရာက ကျောင်းမှာရှိတဲ့ အခြား မြန်မာဆရာတွေလို တသီးတသန့် မနေတတ်ပဲ ကျွန်တော်တို့ မြန်မာကျောင်းသားတွေနဲ့ ရင်းရင်းနှီးနှီး နေတတ်ပါတယ်။ နေ့လည်ဖက် ထမင်းစားချိန် ဆိုရင် ကျွန်တော်တို့ မြန်မာကျောင်းသားတွေ စုတတ်တဲ့ အီလက်ထရွန်းနစ် ဌာနနဲ့ မက္ကင်နီကယ် ဌာန နားက စားသောက်တန်းကို ရောက်လာတတ် ပါတယ်။ အဲဒီစားသောက်တန်း ရဲ့ အပြင်ဖက် စားပွဲဝိုင်း ၄-၅ ဝိုင်းက ကျွန်တော်တို့ မြန်မာ ကျောင်းသားတွေ စတည်းချတတ်တဲ့ နေရာပါ။ အဲဒီနားမှာ မြန်မာကျောင်းသားတွေ သာမကပဲ ကြောင်တွေလည်း ပေါပါတယ်။ ဆရာလာရင် အဲဒီအနားမှာ ရှိတဲ့ ကြောင်တွေကို အစာ ချကွေျးလေ့ ရှိပါတယ်။ နောက်တော့မှ ဆရာ ကြောင်ချစ်တတ်မှန်း သိရပါတယ်။

တစ်နေ့တော့ ကျောင်းနားက ဝန်ထမ်းအိမ်ရာမှာ ရှိတဲ့ ဆရာ့ တိုက်ခန်းကို ကိစ္စတစ်ခုနဲ့ ရောက်သွားပါတယ်။ အဲဒီမှာ ကြောင်တစ်ကောင်ကို သတိထားမိပါတယ်။ ဝဝဖီးဖီး အသွေးအမွေး တောက်တောက်ပြောင်ပြောင် မဟုတ်တဲ့ သာမန်ကြောင် တစ်ကောင်ပါပဲ။ ဆရာ့ ကတော့ သူ့အိမ်အောက်မှာ လျှောက်သွား နေတာ တွေ့တာနဲ့ သနားလို့ အစာခေါ် ကွေျးထားရင်း အိမ်ပေါ် ရောက်လာတာ လို့ ဆိုပါတယ်။

စင်ကာပူမှာ ခွေးလေခွေးလွင့် မရှိပေမယ့် ကြောင်လေကြောင်လွင့်ကတော့ အလွန်ပေါပါတယ်။ အဲဒီ ကြောင်လေ ကြောင်လွင့်တွေဟာ သူတို့ကို သနားတတ်တဲ့သူတွေက လာကွေျးတဲ့ အစာကို စားရင်း အိမ်မရှိ ယာမရှိ ဒီအတိုင်းပဲ နေကြပါတယ်။ ကျွန်တော် သတိထားမိ သလောက်ကတော့ စလုံးက ကြောင်များ အလွန် အပျင်းထူ ပါတယ်။ ကြွက်မခုတ် ပါဘူး။ သူတို့ အလုပ်က အိပ်မယ်။ အစာလာကွေျးတဲ့သူ ရှိရင် စားမယ်။ အနားလာပြီး ပွတ်သပ်ပေးမယ့် သူရှိရင် ဇိမ်ခံမယ်။ ဒါအကုန် ပါပဲ။

နောက် လအနည်းငယ်လောက် ကြာပြီးတော့ ကျွန်တော့်ဆရာ ကျောင်းကနေ ထွက်ပြီး အနောက်နိုင်ငံ တစ်နိုင်ငံကို အပြီးတိုင် ပြောင်းရွှေ့ဖို့ အကြောင်း ပေါ်လာပါတယ်။ အဲဒီလို အကြောင်းပေါ်လာတော့ ဆရာက သူ့ကြောင်အတွက် စဉ်းစားပါတယ်။ ကြောင်ကို စင်ကာပူမှာ ပေးခဲ့ဖို့ကလည်း ဘယ်သူမှ မွေးမယ့်သူက မရှိ၊ ဒီအတိုင်း ထားခဲ့ရင်လည်း အစာ ကွေျးမယ့်သူ ရှိချင်မှ ရှိမယ် ဆိုပြီး တွေးမိပါတယ်။ အဲဒါနဲ့ စိတ်ချရအောင် မြန်မာနိုင်ငံက သူ့အိမ်ကို ပြန်ပို့ထားခဲ့မယ် ဆိုပြီး စီစဉ်ပါတယ်။

ဆရာ ပြန်ပြောပြချက် အရတော့ ကြောင်တစ်ကောင်ကို စင်ကာပူကနေ ထုတ်ဖို့ အတော် မလွယ်ပါဘူး။ လုပ်ရတဲ့ အလုပ်က အများကြီး ပါပဲ။ ပထမဆုံး ကြောင်ကို မှတ်ပုံတင်ပြီး တိရိစ္ဆာန် ဆရာဝန်ဆီမှာ ဆေးစစ် ရပါတယ်။ ကာကွယ်ဆေးလည်း ထိုးရပါတယ်။ အဲဒါတွေ အားလုံးပြီးမှ ဆေးစစ်ထားကြောင်းနဲ့ ဆေးထိုးထားကြောင်း အထောက်အထားတွေနဲ့ အတူ အင်မီဂရေးရှင်းမှာ ကင်းလွတ်ခွင့် သွားယူ ရပါတယ်။ စလုံး အင်မီဂရေးရှင်းကတော့ စာရွက်ထုတ်ပေးပြီး စင်ကာပူ ဘက်က ကိစ္စ အားလုံး ပြီးပြီ။ ပြသနာ မရှိဘူး။ သယ်သွားလို့ ရပြီ။ မင်းနိုင်ငံဘက်ကိုသာ အဆင်ပြေအောင် လုပ်ပါလို့ ပြောလိုက်ပါတယ်။ အဲဒါနဲ့ ဆရာလည်း ကြောင်ကို သယ်သွားဖို့ မြန်မာသံရုံးမှာ သွားမေးပါတယ်။ မြန်မာသံရုံး ကတော့ “ဒါမျိုးကိစ္စက လုပ်ရိုးလုပ်စဉ် မရှိဘူး။ ဘာစာရွက်စာတမ်းမှလည်း မရှိဘူး။ အဲဒီတော့ မင်းကြောင်ကို ခေါ်သာသွား။ ရန်ကုန်လေဆိပ် ရောက်မှ အဝင်မခံဘူး ဆိုရင်လည်း လေဆိပ်မှာပဲ လွှတ်ထားခဲ့ပေါ့ကွာ။ ဘယ်တတ်နိုင်မလဲ။ သတ္တဝါတစ်ခု ကံတစ်ခုပေါ့။” လို့ အားပေးစကား ပြောလိုက် ပါတယ်။

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းက တိရိစ္ဆာန် အတင်မခံပါဘူး။ အဲဒါကြောင့် ကြောင်မင်းကြီးသား စီးဖို့ Silk Air နဲ့ ပြန်ရပါတယ်။ ကြောင်ကို လှောင်အိမ်ထဲထည့် လက်ကဆွဲလို့ ကျွန်တော့်ဆရာ ပြည်တော်ပြန် သွားပါတယ်။ အားလုံးပေါင်း အပြီးအစီး စင်ကာပူ ဒေါ်လာ ၇၀၀ လောက် မြောက်သွားတယ် လို့ သိရပါတယ်။

ဒီလိုနဲ့ပဲ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးကို ရောက်သွားပါတယ်။ အကောက်ခွန် ဌာနရောက်တော့ အကောက်ခွန် အရာရှိက ဘာပါသလဲ လို့ မေးပါတယ်။ ဆရာက ကြောင်ပါတယ် လို့ ပြောတော့ သူတို့တစ်တွေ အတော်ကို စိတ်ဝင်စား သွားကြပါတယ်။ နိုင်ငံခြားက သယ်လာတဲ့ကြောင်ဆိုလို့ ရုပ်ရှင်ထဲက ကြောင်တွေလို ဝဝဖီးဖီး အမွှေးဖွားဖွားကြီးတွေ လို့ သူတို့ ထင်မှာပါ။ ဒါပေမယ့် လှောင်အိမ်ထဲက ညောင်နာနာနဲ့ အမွှေးမဖွားတဲ့ ကြောင်ကို တွေ့တော့ ကပ်စတန် အရာရှိတွေ အတော် စိတ်ညစ်သွား ကြပါတယ်။ ဆရာက ကြောင်သယ်တာ ပြသနာရှိသလား မေးတော့ ပြသနာမရှိဘူး ရတယ် လို့ ပြောပါတယ်။ ထုံးစံအတိုင်း ဘာပါသေးလဲ ထပ်မေးကြ ပါတယ်။ ဆရာကတော့ လောကွတ်ချော်ပြီး သူ့လက်ထဲက ဆွဲလာတဲ့ ပဲနို့ (Soya Bean) တွေနဲ့ ကပ်စတန်ကို ဧည့်ခံပါတယ်။ ပဲနို့မြင်တော့ ကပ်စတန်များ ဒုတိယမ္ပိ နှာခေါင်းရှုံ့ကြပါတယ်။ ကပ်စတန် အရာရှိက “ပဲနို့တော့ မသောက်ချင်ပါဘူး။ မင်းကြောင်ပဲ တိုက်လိုက်ပါတော့။” ဆိုပြီး လက်လျှော့သွားပါတယ်။

ဒီလိုနဲ့ ကျွန်တော်တို့တစ်တွေ မြန်မာပြည်ကနေ စင်ကာပူမှာ အပင်ပန်းခံ လာအလုပ်လုပ် PR ယူနေကြတဲ့ အချိန်မှာ စင်ကာပူက ကြောင်တစ်ကောင်တော့ ကျွန်တော့်ဆရာ ကောင်းမှုနဲ့ မြန်မာပြည်မှာ PR ဖြစ်သွား ပါတယ်။

19 comments:

khin oo may said...

ပညာရှိက ရေးတာဆိုတော့ဆိုလိုရင်းကဒါဘဲလား။ထပ်ရှိသေးလားလို့ခေါငး်စားသွားတယ်။

khin oo may said...

ဖတ်ပြီးပြုံးသွားတယ။်

ZT said...

ခေါင်းကြိန်းနေပြီ။ မိုးကြိုးတော့ အပစ်ခံရတော့မယ် ထင်တယ်။ :D

ကိုလူထွေး said...

မြန်မာပြည်က ဆင်တွေ ဥရောပက တိရိစ္ဆာန်ရုံမှာ ပြစားဖို ့ လေယာဉ်နဲ့သယ်တာ... တော်ရုံလေယာဉ်နဲ့ မဆန့်လို့ အထူဂျက်ငှားရတယ်။

ဆင်ထိန်းအဖွဲ့တစ်ဖွဲ့လုံးကိုလဲ ပထမလတွေမှာ သင်တန်းပေးဖို့ အဖွဲ့လိုက် ငှားခဲ့ရတယ်။

ဆင်တွေ လမ်းမှာစားဖို့သောက်ဖို့လဲ စီမံရတယ်...

မလွယ်ပါဘူး... ဆင်တစ်ကောင်သယ်တာ ယူရိုသန်းနဲ့ချီကုန်တယ်လို့ပြောပါတယ်

မြန်မာဆင်တွေကို ဥရောပသားတွေက ဗမာလိုကွန်မင်ဒိုပေးပြီး ခိုင်းကြတယ်လို့ ကြားဖူးပါတယ်...

(ဆိုင်မဆိုင်တော့မသိ..ကိုယ်သိတာလေးချရေးသွားသည်)

Anonymous said...

so funny huh.Good Writing.

Phyo Maw said...

ပြောင်းရွှေ့ခ ၇၀၀ တန်တဲ့ တကယ့် ကြောင်ပါလား :D

khaingzm said...

ကြောင်ချစ်သူအချင်းချင်း ဆရာ့ကို လေးစားသွားတယ်..

Anonymous said...

အိုးးး
နိုင်ငံသား တောင်ခံယူလိုက်ပီ

Taungoo said...

ကြောင်ဋီကာ ကြောင်ပီအာ ပဲ။
ဒီလိုကိစ္စမျိုး တကယ်ရှိခဲ့တယ်။
ဒါလဲ သံယောဇဉ်တစ်မျိုးပေါ့လေ။

MrDBA said...

ဟမ် ..ကြောင်ပီအာတဲ့လား။ ထူးလဲ ထူးတဲ့ ကိုဇက်တီ။ (အဟီး ဘာမှလဲဆိုင်ဘူး)

sin dan lar said...

အဲဒီဆရာနဲ့ မမိုးချိုသင်းကို မိတ်ဆက်ပေးထားပါလား...
ကြောင်ချစ်သူများအသင်းဖွဲ့ရအောင်...။

မီယာ said...

တကယ့်ကို ကြောင်ချစ်တာပါပဲလား။ ZT ရေ နောက်မှ လွတ်သွားတာတွေ ပြန်လာဖတ်ဦးမယ်။

PAUK said...

မချိုသင်းနဲ့ ကိုစတိဖ် တို့ကို ဖတ်စေချင်တယ်..ဒီပို့စ်ကို..
ကျနော်ကတော့ ထိုင်ရီနေတယ်..

ခေးကို said...

ကျမလည်း ဒီက ပြောင်းရင် အခုမွေးထားတဲ့ ကြောင်လေးတွေ (အစကတော့ တစ်ကောင်၊ အခုတော့ ၅ ကောင်မို့ ) ဘယ်လိုသယ်ရင် ကောင်းမလဲစဉ်းစားနေတာ ဒေါ်လာ ၅၀၀ ကျော်ဆိုတော့ ..အင်း စိတ်ညစ်သွားပီး ဆရာ့ကိုတော့ လေးစားသွားပါတယ်။

မီးမီးချစ် said...

ကြောင်က ဟိုရောက်တော့ ဗမာလို ပြောတော့ နားရော လည်ပါ့မလားဟင်..
ဒီကကြောင်တွေက သွားဆို မသွားဘူး။
ဂိုးဆို သွားတယ်...ကြောင်ဘက်က တွေးပူမိလို့ပါ.. း)

Moe Cho Thinn said...

အဲဒီဆရာကို လေးစားမိတယ်။ ကြောင်ညောင်နာကလေးကို
ဆရာ ကြင်နာတတ်လေတယ်။

မမ နဲ့ ပေါက်တို့နဲ့များ တကယ့် တခြားစီ။

ကြည်ဖြူပိုင် said...

ဟားဟား ....ကြောင် ပီအာ ဆိုပါလား။ တယ်လည်းမိုက်တဲ့စာသား။ ရေလည်ဂွတ်တယ်။ ဆရာကိုလဲ ချီးကျူးပါတယ်။ သိပ်ကြင်နာတတ်သူ တစ်ယောက်အဖြစ်

Rita said...

အော် ရီရတဲ့ post ပါလား။

ကိုယ့်တောင် ကြောင်ပြန်ခေါ်ချင်လာပြီ

နွေးနေခြည် said...

ကြောင်ဝင်မှု ကြီးကြပ်ရေးမရှိလို့ ဒီကြောင် မြန်မာပီအာဖြစ်သွားတာ...
မဟုတ်ရင် တို့နိုင်ငံ တော်ရုံနဲ့ ဝင်လို့ရမယ်များမှတ်နေလား..ဟင်းဟင်း း)