Search This Blog

Tuesday, June 30, 2009

ဘောင်ဘင်ခတ်တဲ့ အိုးများ

“မပြည့်တဲ့အိုးက ဘောင်ဘင်ခတ်တယ်” လို့ မြန်မာ ဆိုရိုးစကား ရှိပါတယ်။ ပညာ မပြည့်စုံတဲ့သူတွေက ကိုယ့်မှာ ရှိတဲ့ မဖြစ်စလောက် ပညာလေးတွေနဲ့ပဲ လူအထင်ကြီး ခံရအောင် အသံကျယ်ကျယ် လောင်လောင်နဲ့ ဝါကြွားတတ်ကြတာမျိုးပါ။ တကယ့် ပညာရှင်များ ကြတော့လည်း ကိုယ့်ကိုယ်ကို နှိမ့်ချ မပြောတတ်ပေမယ့် ရှိတာထက် ပိုပြီး မပြောတတ်ကြ ပါဘူး။

ကျွန်တော် ဆယ်တန်း အောင်ပြီးခါစက ဟောပြောပွဲ တစ်ခုမှာ သမိုင်း ပါမောက္ခ ဒေါက်တာသန်းထွန်းနဲ့ ဆုံခွင့် ရလိုက်ပါတယ်။ ကျွန်တော်တို့ အင်္ဂလိပ် စကားပြော သင်တန်းမှာ လုပ်တဲ့ “ဗမာပညာရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပွဲ မှာပါ။ ဟောပြောပွဲ မစခင်မှာပဲ စိတ်အနှောင့်အယှက် ဖြစ်စရာ ကိစ္စတစ်ခု ကြုံရပါတယ်။ နာမည်နောက်မှာ ဘောဂဗေဒ ဆိုတဲ့ ဘွဲ့ထူး ထည့်ပြီး ရေးတတ်တဲ့ စာရေးဆရာ တစ်ယောက်က ဒေါက်တာသန်းထွန်းရဲ့ ကိုယ်ရေးရာဇဝင်ကို ဖတ်ပြီးတဲ့ နောက်မှာ ရိုက်ပေါက် ဖြစ်မယ့် စကားတစ်ခွန်း ပြောသွား ပါတယ်။ “ဆရာကြီးက ဟောပြောပွဲ ပြီးရင် မင်းတို့ကို မေးချင်ရာ မေးဖို့ ခွင့်ပေးထားတယ်။ ငါတော့ စဉ်းစားလို့ မရဘူး။ မင်းတို့လို ပညာအဆင့်အတန်းနဲ့ ဆရာကြီးလို ပညာရှင် တစ်ယောက်ကို ဘာမေးခွန်း မေးမှာလဲ။ မင်းတို့ ပညာနဲ့ ဆရာကြီးရဲ့ ပညာဆိုတာ မတန်တဆကို ကွာလွန်းတယ်။ မင်းတို့ မေးခွန်းမေးဖို့ မတန်ဘူး။” လို့ ပြောသွားတာပါ။

ဘုရားလို သဗ္ဗညုတ ဉာဏ်တော် ရထားတဲ့သူကိုတောင် တပည့်သာဝကတွေက မရှင်းမလင်းတာ ရှိရင် မေးခွင့် ရှိသေးတာ။ ဒေါက်တာသန်းထွန်းကလည်း ဘုရားမဟုတ် ကျွန်တော်တို့ကလည်း လမ်းဘေးက ကလေကချေ မဟုတ် ဆိုတာတွေးမိလို့ စိတ်ထဲမှာ အတော် ခံပြင်း သွားပါတယ်။ အဲဒီ ဘောဂဗေဒ ဘွဲ့ထူးခံတဲ့ စာရေးဆရာကို နှစ်တစ်နဲ့ ထပြီး ရိုက်ချင်စိတ် ပေါက်သွားပါတယ်။ အဲဒီ စာရေးဆရာကို ချဉ်သွားလိုက်တာလည်း အခုထက်ထိ သူရေးတဲ့ စာအုပ်တွေ ဆောင်းပါးတွေ ဘယ်လောက်နာမည်ကြီးကြီး ရှောင်ဖတ်တဲ့ အထိပါပဲ။ ဖတ်စရာ မရှိတဲ့ အဆုံးမှပဲ ဖတ်ဖြစ်ပါတော့တယ်။

ဒေါက်တာသန်းထွန်း ဟောပြောပွဲ စပြီးတော့မှ စိတ်ထဲမှာ မကျေမနပ် ဖြစ်တာတွေ နည်းနည်းလျော့သွားပါတယ်။ ဒေါက်တာသန်းထွန်းကတော့ စကားပြောတဲ့နေရာမှာ ပညာရှင် ပီသပါတယ်။ စကားကို အပိုအလိုမရှိ တိုတို ပြတ်ပြတ် ပြောတတ်ပါတယ်။ အရင် ဒေါက်တာသန်းထွန်းရဲ့ စာအုပ်တွေ ဖတ်ဖူးတုန်းက သူ့ကို မာနကြီးတယ်လို့ ထင်ခဲ့ ဖူးပါတယ်။ သူစကား ပြောတာကို နားထောင်ပြီးတော့မှ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး မပြောတတ်တဲ့ အကျင့်၊ အရှိကို အရှိအတိုင်း တည့်တိုး ပြောတတ်တဲ့ အကျင့် စတာတွေကြောင့် သူ့ကို မာနကြီးတယ်လို့ ထင်ရတယ် ဆိုတာကို သဘောပေါက်သွားပါတယ်။ ဒါပေမယ့် ခုနက စာရေးဆရာလိုတော့ ရိုက်ပေါက်ဖြစ်မယ့် တစ်ဖက်သားကို နှိမ့်ချတဲ့ စကားမျိုးတွေ မပြောပါဘူး။

ဒီလိုနဲ့ ဟောပြောပွဲ ပြီးလို့ နောက်ဆုံးမှာ အမေးအဖြေ လုပ်တဲ့ အချိန် ရောက်လာပါတယ်။ အဲဒီမှာ သူမေးခွန်းတွေ ဖြေတဲ့ပုံစံကို ပိုပြီး သဘောကျသွားပါတယ်။ ဋီကာချဲ့ပြီး တောင်ပြောမြောက်ပြော လျှောက်ပြော မနေပါဘူး။ လိုရင်းကိုပဲ တိုတိုနဲ့ ထိထိမိမိ ဖြေပါတယ်။ ကျောင်းသားတစ်ယောက်က “ပညာရေး စနစ်တစ်ခု ထိရောက်မှု ရှိတယ် မရှိဘူး ဆိုတာကို ဘာပေတံနဲ့ တိုင်းမလဲ” လို့ ဆရာလိုလို သဘာလိုလို လုပ်ပြီး ထမေးပါတယ်။ ဒေါက်တာ သန်းထွန်း က “မင်းအခု မမြင်ဘူးလား။” ဆိုပြီးတော့ တစ်ခွန်းတည်း ပြန်ဖြေလိုက်လို့ ကျွန်တော်တို့ အားလုံး ဝေါကနဲ ပွဲကျသွားပါတယ်။ အဲဒီ ဟောပြောပွဲ အပြီးမှာတော့ ဒေါက်တာ သန်းထွန်းကို တကယ့် ပညာရှင်တစ်ယောက် အနေနဲ့ ပိုပြီး လေးစား သွားမိပါတယ်။

ဒီလိုနဲ့ နောက်ထပ် ၆ လလောက် ကြာပြီးတော့ ကျွန်တော် ဂျီစီအီးဖြေဖို့ ကျူရှင် စတက်ဖြစ်ပါတယ်။ အဲဒီမှာ နောက်ဆရာသမား တစ်ယောက်နဲ့ ကြုံခွင့် ရခဲ့ပါတယ်။ ကျွန်တော်တို့ကို ရူပဗေဒ သင်တဲ့ ဆရာပါ။ အမေရိကန် က နျူးကလီးယား ရူပဗေဒနဲ့ ဘွဲ့လွန်ရလာတဲ့သူ၊ မြန်မာနိုင်ငံ အဏုမြူစွမ်းအင် သုတေသနဌာနမှာ အကြံပေးပုဂ္ဂိုလ် ၊ ဒေါက်တာဘွဲ့ ရထားတဲ့သူ စတဲ့ အရှိန်အဝါတွေကြောင့် ကျူရှင် စပြီး မတက်ခင်က နည်းနည်း ဖြုံနေမိပါတယ်။ ဒါပေမယ့် စာသင်ခန်းထဲ ရောက်တော့ အထင်နဲ့ အမြင် အတော်လေး ကွာနေပါတယ်။

ဆရာကြီး စာသင်တဲ့ ပုံစံက နိုင်ငံတကာက တက္ကသိုလ်တွေမှာ သင်တဲ့ ပုံစံမျိုးလို့ သိရပါတယ်။ စင်ကာပူမှာတောင် ဒါမျိုး မကြုံဖူးပါဘူး။ သြစတေးလျက ဆရာ တစ်ချို့တော့ အဲဒီနည်းနဲ့ သင်တာ တွေ့ဖူးပါတယ်။ သင်စရာ ရှိတာကို ထိထိမိမိ သင်တယ်။ ပြီးရင် ကျောင်းသားတွေကို အပြန်အလှန် မေးခွန်းထုတ် ခိုင်းတယ်။ ဆွေးနွေးခိုင်းတယ်။ ဆရာကြီးက ကျွန်တော်တို့ကို “မင်းတို့တွေ ငါသင်သမျှ ငြိမ်နားထောင်နေရင် နားလည်လို့ မမေးတာလို့ ငါမယူဆဘူး။ ရောချနေတာ လို့ပဲ ယူဆတယ်” လို့ ပြောပါတယ်။ စိတ်ထဲမှာ သံသယ ရှိရင် ပွင့်ပွင့်လင်းလင်းမေးပါလို့ တိုက်တွန်းပါတယ်။ အဲဒီမှာ ကျူရှင်တက်ပြီးမှ ဆရာကို အပြန်အလှန် မေးခွန်းထုတ်ရဲတဲ့ အကျင့်၊ လက်ချာမတက်ခင် စာကြိုဖတ်တတ်တဲ့ အကျင့် တွေရလာပါတယ်။ ဆရာကြီး ပြောခဲ့တဲ့ စကားတွေထဲမှာ အတော်ကို မှတ်သားလောက်စရာ ကောင်းတဲ့ စကားတစ်ခွန်း ရှိပါတယ်။။ “လူတစ်ယောက်က အားလုံးကို သူတတ်တယ်လို့ လာပြောရင် အဲဒီလူ ပုံမှန်မဟုတ်ဘူး။ ရူးနေတယ် ဆိုတာ မင်းတို့ သဘောပေါက်လိုက်။ ဘာသာရပ် တစ်ခုမှာ အားလုံး တတ်တဲ့သူ ဆိုတာ မရှိဘူး။ ငါတို့ ပါရဂူဘွဲ့ ရထားတဲ့ သူတွေတောင် ဘာသာရပ်ရဲ့ နယ်ပယ် တစ်ခုကိုပဲ ကျွမ်းကျင်တယ်။ ဥပမာ Nuclear Physics နဲ့ ပါရဂူ ဘွဲ့ရတဲ့သူက တခြား physics နယ်ပယ် မှာ အကျွမ်းကျင်ဆုံးသူ မဖြစ်နိုင်ဘူး။ ဘာသာရပ်တစ်ခုထဲမှာပဲ တခြားနယ်ပယ်တွေမှာ ကိုယ့်ထက် ကျွမ်းကျင်တဲ့ သူတွေ အများကြီး။” ဆိုတဲ့ စကားပါ။ မနှစ်ကတော့ ဧရာဝတီ မဂ္ဂဇင်းထဲမှာ ဆရာကြီးကို နျူးကလီးယား ဂန်းစတား လူဆိုးကြီး တစ်ယောက်လို ပုံစံပေါက်အောင် ရေးထား ဖွထားတာ တွေ့တော့ စိတ်မကောင်း ဖြစ်မိပါတယ်။

နောက်ဆရာ တစ်ယောက်ကတော့ “မင်းတို့ စာသင်တဲ့ အချိန် တစ်ခုခု နားမလည်တာရှိတိုင်း ဆရာကို မေးမယ်ဆိုတဲ့ အကျင့်ကို ဖျောက်။ ကိုယ့်ဘာသာကို ကိုးကား(Reference) စာအုပ်ကိုင်ပြီး အဖြေတွေ့အောင်ရှာ။ ဒီတစ်အုပ်ထဲမှာ အဖြေမရှိရင် နောက်တစ်အုပ်ထဲမှာ အဖြေရှိလိမ့်မယ်။ နောက်ဆုံး မရတဲ့ အဆုံးမှ ဆရာ့ကိုမေး။ အဲဒါဆိုရင် စာအုပ်တွေ ရှာဖတ်ထားတဲ့အတွက် မင်းခေါင်းထဲမှာ ဆွေးနွေးစရာတွေ အများကြီး ရှိနေလိမ့်မယ်။ ဆရာနဲ့ အပြန်အလှန် ဆွေးနွေးရင် မင်းတို့ ပိုတတ်မယ်။ ဆရာတစ်ယောက်တည်း ဆီကနေ မင်းတို့မေးသမျှ မေးခွန်းအတွက် အဖြေအကုန် ရှိနေမယ်လို့ တွေးရင် မင်းတို့ အဲဒီဆရာ တတ်သလောက်ပဲ တတ်မယ်။ ဆရာထက် ပိုတော်တဲ့သူ ဘယ်တော့မှ ဖြစ်လာမှ မဟုတ်ဘူး။” လို့ ဆုံးမဖူးပါတယ်။ အဲဒီ ဆုံးမစကားကို ကြားမှ ဆယ်တန်း ကျူရှင်သင်တဲ့ တစ်ချို့ ဆရာတွေက ကျောင်းသားတွေကို “ကျောင်းကဆရာ ရဲ့ အာဘော်တွေကို နားမယောင်နဲ့။ ငါ့အာဘော်ကိုပဲ နားထောင်။ မဟုတ်ရင် ရှုပ်ကုန်လိမ့်မယ်။” ဆိုပြီး မဟုတ်တရုတ် ဆုံးမတာတွေ သတိရလို့ ပြုံးမိပါသေးတယ်။ အဲဒီဆရာတွေ ပညာတကယ် မပြည့်ဝလို့ ကျောင်းသားဆီကနေ မေးလာမယ့် အပြန်အလှန်မေးခွန်းတွေကို မဖြေနိုင်လို့ သူတို့ကိုယ် သူတို့ ကြိုတင်ကာကွယ် ထားတယ် ဆိုတာကို သဘောပေါက်မိပါတယ်။ ကျွန်တော့် ဆရာတွေ ထဲမှာ အဲဒီလို ဆရာမျိုးနဲ့ မတွေ့ခဲ့ရတာပဲ ကံကောင်းတယ်လို့ ပြောရပါမယ်။

အွန်လိုင်းပေါ်မှာ အတော်အသင့်လောက် သိရုံတတ်ရုံနဲ့ ဆရာကြီး လုပ်နေတဲ့ ဘောင်ဘင်ခတ်နေတဲ့ အိုးလို လူစားမျိုးကို တွေ့ရရင် တကယ်ကို စိတ်ပျက်မိတာ အမှန်ပါပဲ။ “အော်။ တကယ့် ပညာရှင်ကြီးများ အခုလို လေကျယ်မနေဘူး။ ပြောစရာ ရှိတာပဲ ပြောတယ်။ ပညာက ပြည့်ဝပြီးသား ဆိုတော့ လူအထင်ကြီး ခံရအောင် တကူးတက လုပ်ယူနေစရာ မလိုဘူး။ တကယ် ပညာမပြည့်ဝတဲ့ သူများကတော့ လူအထင်ကြီးခံရအောင် တမင်တကာ လုပ်ယူရတယ်။” လို့ ကျွန်တော်နဲ့ ကြုံခဲ့ဖူးတဲ့ ပညာရှင်ကြီးတွေနဲ့ နှိုင်းယှဉ်ပြီး စဉ်းစားမိပါတယ်။ တစ်ခါတစ်လေတော့လည်း ကိုယ်ကိုယ်တိုင်ပဲ ဘောင်ဘင်ခတ်တတ်တဲ့ အိုးတစ်လုံး ဖြစ်နေပြီလားလို့ ကိုယ့်ဘာသာကိုယ် မလုံမလဲ ပြန်တွေးမိပါတယ်။

25 comments:

kaungkinpyar said...

ဆရာကောင်းတွေ တွေ့ခဲ့တယ်ဆိုတော့ ကံကောင်းတာပေါ့၊ zt ဆီမှာတော့ ရေတွေ အပြည့်တွေ့လိုက်ပါတယ်၊ ဘာရေတွေလဲတော့ မသိဘူး၊

ကိုလူထွေး said...

သူငယ်ချင်း အချင်းချင်းတွေပဲ...
အဲလိုကြီး ပြောတာတော့ မကောင်းဘူးပေါ့ ကိုယ့်လူရာ...
အမှန်အတိုင်း.. ထည့်ထိုးကြီး...


မကြိုက်ရင် ကိုလူထွေးနောက်ဆို ဆင်ဆင်ခြင်ခြင် ရေးပါ့မယ်...

းဝ)

အခုတလော ဆက်တိုက်ပါပဲလား...

khin oo may said...

တို့လဲဘောင်ဘင်ခတ်မိပါတယ။် သေချာပါတယ်။

khin oo may said...

ဆရာကြီး အထုပတ္တိိကိုကြည့်ပြီးအားမရလိုက်တာ.တစ်ကယ်ကိုပါးပါးလေး. သူများတွေလို သုံးလေးတွဲရေးလို့ရတာကိုခြုံပစ်လိုက်တာများနျမျောမိတယ်။ အများကြိးရေးမယ်ဆိုရေးစရာ။

မင်းညို said...

ခေါင်းစဉ်ကြည့်ပြီး ကိုယ့်များပြောနေသလား မလုံမလဲ နဲ့ ဟိုကြည့်သည်ကြည့်..။ ကိုယ့်ဘလော့ဂ်ကို ပြန်check ကြည့်မိတော့ ရေတစက်မျှ မရှိ...။ ဟီး..ဒီနေရာကျ ရေမပါတာတွေ ရေးမိတာ နေသာထိုင်သာ ရှိတာပေါ့ အဟဲ...။

မဟာဆန် said...

တို့ကတော့ ကိုယ့်ကိုယ်ကို လိပ်ပြာလုံပါတယ်ကွယ်။ No ဘောင်ဘင်ပါ။ ရေပြည့်လို့တော့ ဟုတ်ဘူး။ ရေ တစ်စက်မှ မရှိလို့။ ဟီး

khin oo may said...

လျောစောင်ကလေးယူခဲ့တယ့်ကွယ်။ နောက်တစ်ခေါက်လာဖတ်တယ။်

Moe Cho Thinn said...

ဆရာကြီး ဒေါက်တာသန်းထွန်းအကြောင်း ဖတ်ရတာ ကောင်းလိုက်တာ။ ZT ပြောတာ အမှန်ပါပဲ၊ သူက ဘယ်တော့မှ ကိုယ့်ကိုယ်ကို နှိမ်ချတဲ့လူလဲ မဟုတ်သလို မောက်မာတဲ့လူလဲ မဟုတ်ဘူး။
သမိုင်း တခုလိုပဲ မှန်ကန် ဖြောင့်မတ်ပါတယ်။
ZT ဆရာကောင်းတွေနဲ့ ဆုံတာ မုဒိတာ ပွားသွားတယ်။

MrDBA said...

ကောင်းထှာ။ ဆရာကောင်းတွေနဲ့ ဆုံခဲ့တာကို မုဒိတာ ပွားမိပါတယ်။

ပုံရိပ် said...

ရူပဗေဒဆရာကြီး ပြောတဲ့ စကားကို သဘောကျမိပါတယ်။ ဒေါက်တာသန်းထွန်းကိုတော့ အစကတည်းက လေးစားမိတယ် ဆိုတော့ အထူးပြောစရာ မလိုတော့ပါ။

မေလေး said...

သေချာတာတော့ ဘောင်ခတ်မိပြီ။ဘီလို်လုပ်မလဲ။

ရေတမာ said...

အခုလိုဆင်ခြင်နိုင်အောင် ပြောပြပေးတဲ့အတွက် ကျေးဇူးပါအကို။

နွေးနေခြည် said...

ကိုဇက်တီက ဆရာကောင်းတွေနဲ့တွေ့ခဲ့လို့ မုဒိတာပွားမိတယ်။ သူတို့ဆီကရခဲ့တာလေးတွေကို ပြန်လည်မျှဝေပေးလို့ ပိုပြီးကျေးဇူးတင်ပါတယ်...

ကိုယ်တိုင်တော့ ခတ်စရာဘာမှမရှိလို့ ဝမ်းနည်းသွားပြီ.. အဟင့်...

P.Ti said...

မပြည့်တဲ့အိုးကသာ ဘောင်ခတ်တာပါ။ ရေမရှိတဲ့အိုးကျတော့လည်း မခတ်တော့ဘူးပေါ့။ :D
ဖြစ်တတ်တဲ့ လူ့သဘောတွေပါပဲ။

ဒါနဲ့ စကားမစပ် ကိုzt ရဲ့ ရူပဗေဒဆရာကြီးက ဒေါက်တာထွန်းခင် များလား...

ZT said...

မဟုတ်ပါဘူး။ ပါမောက္ခ ဒေါက်တာသိန်းဦးဖိုးစော ပါ။

ဟန်လင်းထွန်း said...

ခင်ဗျားစာတွေကိုအမြဲတမ်းလာဖတ်ဖြစ်ပါတယ်။ လင့်ထားတာလည်းကြာပြီ။ ခင်ဗျားရေးတဲ့အရေးအသားပုံစံကိုလည်း သဘောကျမိပါတယ်။ ဒီပို့စ်ကိုဖတ်နေရင်း တချို့သော ဘလောဂ်ဂါတွေ နဲ့ ဖိုရမ်တွေထဲမှာ ဆွေးနွေးနေတဲ့ လူတချို့ကို ပြေးမြင်ယောင်မိတယ်ဗျာ။

Heartmuseum said...

ကိုZTရေ..... ဆရာကြီး ဒေါက်တာ သိန်းဦးဖိုးစော နှင့် ဆရာကြီး ဒေါက်တာ တင်လှိုင်တို့ဟာ ပညာရှင် စစ်စစ်တွေ ဆိုတာ မြင်ဘူး တွေ့ဘူး သင်ဘူး သြဝါဒ နာခံဘူးလို့ ကိုZT ရဲ့ စကားကို အကြွင်းမဲ့ ထောက်ခံပါတယ်။ ဆရာကြီးတို့ ၂ယောက်က မြန်မာပြည်ကို တတ်ထားသိထားတဲ့ ပညာနဲ့ အလုပ်အကွေျး ပြုဖို့ အမေရိကန် အစိုးရက အခွင့်အရေးတွေ ပုံပေးနေတဲ့ကြားက မြန်မာပြည်ကို ပြန်ခဲ့ကြတာဗျ။ ဒါပေမယ့် အဲဒီ ရိုးသားတဲ့ မိမိကိုယ်ကို နှိမ့်ချနေတတ်ပြီး သဘောကောင်း လှတဲ့ ဆရာကြီး နှစ်ယောက်ကို ခုတုံးလုပ်ပြီး စစ်အစိုးရက အသုံးချဖို့ ကြီုးစားနေတာ တကယ်ဗျို့......။ ဆရာကြီးတို့ ကိုယ်တိုင်ကလဲ နီးရာဓား ကြောက်နေရတာ စိတ်ညစ်နေရတာ စိတ်မပါတာ လုပ်နေရတာကို ခိုင်လုံတဲ့ တနေရာက သိထားသူမို့ ဧရာဝတီ မဂ္ဂဇင်း တစိတ်တပိုင်း မှန်တယ်ဗျ။ ဆရာကြီး ဒေါက်တာ သန်းထွန်းနဲ့က လူထုဒေါ်အမာဆီ ဆရာကြီးလာတိုင်း တကူးတက သွားကန်တော့နေကြဗျ။ စကားကို ဒုတ်ထိုးအိုးပေါက် ပြောတတ်တဲ့ ဆရာဟာ တကယ့် သုတေသနသမား စစ်စစ်ပါဗျာ။ ဆရာကတော် ကလဲ ပါရမီဖြည့်ဖက် စစ်စစ်ကြီးဗျ။ ဆရာ့ရဲ့ သုတေသန စာတမ်းတွေ အားလုံးကို အပင်ပန်းခံပြီး type ရိုက်ပေးတာ ဆရာကတော်ပေ့ာဗျာ။ နှစ်ယောက်စလုံးက ရိုးသားနှိမ့်ချ နေတတ်ပြီး ဆရာကြီးက လူတမ်းစားမရွေး အစားအသောက်မရွေးပဲ ဖြစ်သလို စားပြီး သုတေသနလုပ်နေရရင် ထမင်းမေ့ ဟင်းမေ့ဗျ။
သူကိုယ်တိုင်လဲ အချိန်ဇယားနဲ့ အလုပ်ကို တကယ်လုပ်သလို တပည့်တွေ အသိလူငယ်တွေကိုလဲ အလုပ်ကြိုးစားမှ တကယ်အလုပ်လုပ်မှ ကြိုက်တာဗျို့။

မေဇင် said...

အီး...ရီရတယ်..ရီရတယ်ဆိုလို့ တလွဲမတွေးပါနဲ့ ... ဖူးနုသစ် က ဘောင်ဘင်ခတ်တဲ့ အိုးများ အသစ်တွေ့လို့ လာပြေးဖတ်ပါတယ်..ကောင်းလိုက်တာ ရေးတဲ့သူ ဘယ်သူလဲ မသိဘူးလို့ ထင်နေတာ..။ comments တွေဖတ်ကြည့်တော့မှ ကိုzt မှန်းသိတယ်..။ စာတွေ လာလာဖတ် ပြီး မန့်တွေတော့ ပေးပေးသွားတယ်..ဖူးနုသစ် ဆိုတာနဲ့ ကိုZT ဆိုတာတွဲမသိဘူး.။ ဖူးနုသစ် ဆိုလို့ မိန်းခလေး ဘလော့ဂါ မှတ်နေတာ။ း))... sorry နော်..။

မီးမီးချစ် said...

မီးချစ်သည် ဘောင်ဘင် ခတ်ရုံတင် မက ဘဝင်မြင့် ဘဝမေ့ ရောဂါ.. ပါစွဲ ကပ်နေပါသည်.. ကုရာနတ္တိ ဆေးမရှိ.. း))
အပိုပြောတာပါ.. အဲ့ဒီ့လောက်တော့ မဆိုးဘူး.. ဟီး....ဟိုဆရာ ကို ချမယ်ဆို နှစ်တစ် ကသေးတာပေါ့..

weik.zar said...

အေးဗျ၊ချဉ်ပြီဆိုုယင်၊ဘာရေးရေး မဖတ်တော့ဘူး။ဥပမာ ဦးချမ်းအေးဆိုုပါတော့။

JuneOne said...

တို့ဆီမှာလဲရေမရှိ။း)

rose of sharon said...

အင်း....ဖြစ်တတ်ပါတယ်...

Phyo Maw said...

ဘောင်ဘင်လဲ ခတ်တယ်
ပလုံပလုံလဲမြည်တယ်

မင်းမမြင်ဘူးလား မေးရင်
ဟင် မြင်တယ် မသိတာ လို့ပဲပြန်ပြောမယ့်လူ များမယ် ထင်တယ်။ =]

သီဟသစ် said...

ကိုZTက ဆရာကောင်းတွေနဲ့ကြုံခဲ့လို့ ခုလို ရှေ့မီနောက်မီ ဖြစ်နေတာကိုး။ ကောင်းလိုက်တာဗျာ။ မုဒိတာပွားပါတယ်။

ဘောင်ဘင်ခတ်တယ် မထင်ပေါင်ဗျာ။ ခုလိုစာကောင်းတွေ အများကြီးရေးနိုင်ပါစေ

ဖူးနုသစ်သက်ထားလေးနဲ့လည်း မြန်မြန်နီးပါစေ :P


ခင်မင်စွာဖြင့်
သီဟသစ်

Anonymous said...

မေလေးပြောတဲ့အတိုင်းဘဲ
သေချာတာကတော့ ဘောင်ဘင်ခတ်မိပြီ ။
ခွင့်လွှတ်ပါ ။