Search This Blog

Monday, June 29, 2009

နယူတန်ရဲ့ နိယာမ

အိုင်ဆက် နယူတန် ပန်းသီးပင်အောက်မှာ ထိုင်နေတုန်း သူ့ရဲ့ ခေါင်းပေါ်ကို ပန်းသီး ပြုတ်ကျလို့ ကမ္ဘာ မြေကြီးရဲ့ ဆွဲငင်အား (Gravitational Force) အကြောင်းကို စဉ်းစားမိ သွားတယ် လို့ ဆိုပါတယ်။ နယူတန် ခေါင်းပေါ် ပန်းသီး ပြုတ်မကျပဲ ဒူးရင်းသီးသာ ပြုတ်ကျခဲ့ရင် ကမ္ဘာမြေပြင် ဆွဲငင်အား အကြောင်း စဉ်းစားဖို့တောင် အချိန်ရလိုက်မှာ မဟုတ်ဘူး ဆိုပြီးတော့ ငယ်ငယ်တုန်းက ဟာသ တစ်ခုထဲမှာ ဖတ်ဖူးပါတယ်။

ကမ္ဘာမြေကြီးမှာ ဆွဲငင်အား ရှိတယ် လို့ နယူတန်က ပြောသွားပါတယ်။ မာရဇ္ဇကတော့ “ဆွဲအား” ဆိုတဲ့ သီချင်းထဲမှာ “ကမ္ဘာမြေပြင်ထက် သူလေ ဆွဲအားကြီး” လို့ မိန်းကလေး တစ်ယောက်ကို တင်စားပြီး ဆိုပါတယ်။ သီချင်းကို သီချင်းလို မခံစားပဲ သိပ္ပံနည်းကျ တွေးကြည့်ရင်တော့ ရယ်စရာ ကြီးပါ။ ရူပဗေဒ သဘောတရား အရတော့ ဒြပ်ထု (Mass) ရှိရင် ဆွဲအား ရှိပြီး ဒြပ်ထု ကြီးရင် ဆွဲအားပိုကြီးတယ် လို့ ဆိုပါတယ်။ အဲဒီတော့ အဲဒီ မိန်းကလေးကသာ ကမ္ဘာမြေပြင်ထက် ဆွဲအားကြီးရင်တော့ ကမ္ဘာမြေပြင်ထက် ဒြပ်ထု ကြီးမှပဲ ဖြစ်မှာပါ။ အဲဒီလောက် အဆမတန် ခန္ဓာကိုယ်ကြီးတဲ့ မိန်းကလေးကိုတော့ ဘယ်သူမှ ကြိုက်လိမ့်မယ် မထင်ပါ။

အာခိမိဒိ စီးတဲ့မြင်းကို အာခိမိဒိ စည်းမျဉ်းလို့ ခေါ်တယ်လို့ လူရွှင်တော်တွေ ပျက်လုံး ထုတ်ဖူးပါတယ်။ နယူတန် စီးတဲ့မြင်းတော့ ဘာမြင်းလဲ မသိပါ။ နယူတန်ကတော့ ရွေ့လျားမှုဆိုင်ရာ နိယာမ(၃) ခုကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

နယူတန်ရဲ့ ရွေ့လျားမှု ဆိုင်ရာ ပထမ နိယာမမှာ “ပြင်ပက အားသက်ရောက်မှု မရှိရင် ရပ်နေသော အရာဝတ္ထုတွေက ရပ်မြဲ ရပ်နေပြီး ရွေ့လျားနေတဲ့ အရာဝတ္ထုတွေက ရွေ့လျားမြဲ ရွေ့လျား နေမယ်” လို့ ဆိုထားပါတယ်။ စဉ်းစားကြည့်ရင် လက်မခံနိုင်စရာ ကိစ္စပါ။ ဒါဆိုရင် ကားတွေ ဘာလို့ ဓာတ်ဆီ အကုန်ခံ မောင်းနေကြ သလဲ။ တွန်းလွှတ်လိုက်ရင် သူ့ အရှိန်နဲ့ သူ လိမ့်သွားမှာပေါ့။ လေယာဉ်ပျံတွေ ဘာလို့ ဆီအကုန်ခံပြီး ပျံနေကြသလဲ။ လေထဲရောက်ရင် ကိုယ်သွားချင်တဲ့ နေရာ ဦးတည်ပြီး ဖရီးရိုက်လိုက်ရင် ရောက်သွားမှာပေါ့။

နိယာမက ဒီအတိုင်း မလာပါဘူး။ ကန့်သတ်ချက် ပါပါတယ်။ ဒါပေမယ့် အဲဒီ နိယာမထဲမှာ ပြင်ပက အားသက်ရောက်မှု မရှိလျှင် ဆိုတဲ့ ကန့်သတ်ချက်တစ်ခု ပါပါတယ်။ မော်တော်ကားတွေ လမ်းမပေါ် မောင်းနေတဲ့ အချိန်မှာ ကားဘီးနဲ့ လမ်း ပွတ်တိုက်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ပွတ်တိုက်အား (Friction) တွေ ရှိပါတယ်။ လေထုကို ဖြတ်သန်းပြီး မောင်းနှင်ရတဲ့အတွက် လေထုနဲ့ ကားရဲ့ ကိုယ်ထည် ထိတွေ့တဲ့ ပွတ်တိုက်အားတွေ ရှိပါတယ်။ အဲဒီပွတ်တိုက်အားတွေကို ကျော်လွန်ဖို့ အတွက် အားသုံး ရပါတယ်။ ကတ္တရာ လမ်းမပေါ် ချောဆီလေးများ ဖြန်းထားပေးရင်တော့ ပွတ်တိုက်အား နည်းသွားတဲ့ အတွက် ဆီကုန် သက်သာပါလိမ့်မယ်။ ဒါပေမယ့် ဘရိတ်တော့ အုပ်လို့ ရမယ် မထင်ပါဘူး။ ဒီလိုပဲ လေယာဉ်ပျံ လေပေါ်ပျံတက်တဲ့ အချိန်မှာ ကမ္ဘာမြေပြင်ရဲ့ ဆွဲငင်အားကို ဆန့်ကျင်ပြီး သွားရတဲ့ အတွက် အားသုံး ရပါတယ်။

ပွတ်တိုက်အား တွေ ဆွဲငင်အားတွေ မရှိတဲ့ နေရာမှာ ဆိုရင်တော့ ယာဉ်ကို အားသုံးပြီး မောင်းနှင်ဖို့ မလိုပါဘူး။ ဥပမာ ဆိုရရင် အာကာသထဲမှာ လေထုလည်း မရှိ ဆွဲငင်အားတွေကလည်း ကင်းလွတ်နေတဲ့ အတွက် အာကာသယာဉ်ကို အားသုံးပြီး မောင်းနှင်ဖို့ မလိုပါဘူး။ ငယ်ငယ်တုန်းကတော့ လကို သွားတဲ့ အာကာသယာဉ် ဆီအတော် ကုန်မှာပဲလို့ တွေးဖူး ပါတယ်။ လက်တွေ့မှာတော့ လ ကို သွားတဲ့ အာကာသယာဉ်မှာ မိုင်ပေါင်း ၂သိန်း ၄သောင်းကျော်ကို ခရီးသွားဖို့ လောင်စာ သယ်သွားစရာ မလိုပါဘူး။ ကမ္ဘာမြေပြင်ရဲ့ ဆွဲအားကနေ လွတ်ကင်းအောင် အာကာသယာဉ်နဲ့ တွဲဆက်ထားတဲ့ ရော့ကက်တွေကနေ အကူအညီပေးပြီး တွန်းလွှတ် ပေးပါတယ်။ ကမ္ဘာ့ဆွဲငင်အားကနေ လွတ်ထွက်သွားတာနဲ့ လမ်းကြောင်းပြောင်းချင်တဲ့ အချိန်က လွဲပြီးတော့ မောင်းနှင်ဖို့ လောင်စာ မလိုတော့ပါဘူး။ အာကာသထဲ ရောက်သွားတာနဲ့ အာကာသယာဉ်ဟာ နယူတန်ရဲ့ ပထမနိယာမအတိုင်း သူ့နဂို ရှိပြီး သား အရှိန်နဲ့ ဆက်ပြီး သွားနေမှာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လေထုသာ မရှိရင် တစ်နေရာကနေ တစ်နေရာ လေယာဉ်ပျံနဲ့ သွားဖို့ ဆီကုန်မှာ မဟုတ်ဘူး လို့တော့ အတွေး မခေါင် ပါနဲ့။ အသက်ရှူဖို့တော့ လေထုက လိုပါသေးတယ်။

နယူတန်ရဲ့ ဒုတိယ နိယာမကတော့ F= ma ဆိုတဲ့ ညီမျှခြင်း ပါ။ အဲဒီ ညီမျှခြင်းအရ ဒြပ်ထုတစ်ခုကို အရှိန်မြှင့် (Accelerate) ဖို့ အတွက် အားလိုတယ် ဆိုတဲ့ သဘောမျိုး အဓိပ္ပါယ် ရပါတယ်။ ဒါပေမယ့် တခြား တစ်ဖက်ကနေ လှည့်ပြီး တွေးကြည့်လို့ ရပါသေးတယ်။ စတန့်သမား တွေ ကြိုးတန်း လမ်းလျှောက်ပြတဲ့ အချိန်မှာ အောက်ကနေ ပိုက်ကွန်လို မွေ့ရာလို အရာမျိုးတွေ ခံထားတာကို တွေ့ဖူးမှာပါ။ အပေါ်က ပြုတ်ကျတဲ့သူဟာ ဒီအတိုင်း ပြုတ်ကျရင် အရိုးတွေ ကျိုးကြေသွားမှာ ဖြစ်ပေမယ့် ပိုက်ကွန်ခံထားရင် ဘာလို့ အရိုးမကျိုးသလဲ ဆိုတာကို နယူတန်ရဲ့ ဒုတိယ နိယာမနဲ့ ရှင်းပြ နိုင်ပါတယ်။

အရှိန်ပြောင်းနှုန်း [Acceleration (a)] ဆိုတာ လက်ရှိအရှိန် [Current Velocity(v)] ကို မူလ အရှိန် [Initial Velocity (u)] က နေ ရောက်ဖို့ ကြာတဲ့ နှုန်းပါ။ ညီမျှခြင်း အနေနဲ့ a=(v-u)/t လို့ ရေးလို့ ရပါတယ်။ မူလအရှိန်ကို British က u သင်္ကေတ သုံးပြီး အမေရိကန်ကတော့ Vo (V sub zero) သင်္ကေတ သုံးပါတယ်။

ဥပမာ တစ်နာရီကို ၁၀ ကီလိုမီတာနှုန်း သွားနေတဲ့ ကားတစ်စီးဟာ တစ်နာရီ ၂၀ ကီလိုမီတာ နှုန်းကို ၁ စက္ကန့်အတွင်း အရှိန်ပြောင်းမယ် ဆိုရင် သူရဲ့ အရှိန်ပြောင်းတဲ့ နှုန်းက [(၂၀-၁၀)ကီလိုမီတာ/၁စက္ကန့်] ဖြစ်တဲ့အတွက် ၁စက္ကန့်ကို ၁၀ကီလိုမီတာ နှုန်း ရှိပါတယ်။ ဒါပေမယ့် အဲဒီလို အရှိန်မြှင့်ဖို့ အတွက် ၁၀ စက္ကန့် ကြာမယ် ဆိုရင်တော့ [(၂၀-၁၀) ကီလိုမီတာ/၁၀စက္ကန့်] ဖြစ်တဲ့အတွက် အရှိန်ပြောင်းတဲ့ နှုန်းက ၁ စက္ကန့်ကို ၁ ကီလိုမီတာနှုန်းပဲ ရှိပါတယ်။ အဲဒီတော့ အရှိန်ပြောင်းဖို့ ကြာတဲ့ အချိန် ပိုကြာသွားမယ် ဆိုရင် အရှိန်ပြောင်းနှုန်း (Acceleration) လျော့ကျသွားမှာ ဖြစ်ပါတယ်။

အမြင့်ပေါ်ကနေ ပြုတ်ကျလာတဲ့သူတစ်ယောက်ရဲ့ အရှိန်ပြောင်းနှုန်း ကတော့ ကမ္ဘာမြေမျက်နှာပြင်ရဲ့ ဆွဲငင်အား ဖြစ်တဲ့ တစ်စက္ကန့်ကို ၉.၈ မီတာနှုန်း (9.8 meter per second square) ဖြစ်ပါတယ်။ ဒုတိယ နိယာမကို ပြန်ကြည့်ရင် F= ma လို့ ဆိုထားတဲ့အတွက် အပေါ်ကနေ အရှိန်နဲ့ ကျလာတဲ့ လူတစ်ယောက် အတွက် မျက်နှာပြင်တစ်ခု နဲ့ ထိခိုက်မိတဲ့ အချိန်မှာ သက်ရောက်တဲ့အား (Force of Impact) ကို လျှော့ချချင်ရင် ဒြပ်ထုကို ပြောင်းလို့ မရတဲ့ အတွက် အရှိန်ပြောင်းနှုန်းကို လျော့ချပေးမှပဲ ဖြစ်နိုင်မှာပါ။ ညီမျှခြင်းအရ a က နည်း သွားရင် F က လိုက်နည်းသွားမှာ ဖြစ်ပါတယ်။ အဲဒီလို လျော့ချဖို့ အတွက် ဖြစ်နိုင်ခြေ အရှိဆုံး နည်းလမ်းကတော့ ရပ်တန့်တဲ့ အချိန်ကို ဆွဲဆန့် ပေးဖို့ ပဲ ဖြစ်ပါတယ်။ အမြင့်ကနေ ပြုတ်ကျလာတဲ့ သူတစ်ယောက်ဟာ ပိုက်ကွန်ပေါ်ကို ကျရင် ပိုက်ကွန်ကနေ တစ်ဆင့် ပြန်ခုန်ထွက် ပိုက်ကွန်ပေါ်ကို ပြန်ကျ အဲဒီလို အခြေအနေမျိုး ၂ခါ ၃ခါလောက် ဖြစ်တဲ့အတွက် သူ့ရဲ့ ရပ်တန့်ဖို့ ကြာတဲ့အချိန်ဟာ ပိုပြီး ကြာသွားပါတယ်။ အဲဒီအတွက်ကြောင့် အရှိန်ပြောင်းနှုန်း နည်းသွားပြီး ထိခိုက်တဲ့အားလည်း လျော့ကျ သွားရတာ ဖြစ်ပါတယ်။

အခု ခေတ်ပေါ် မော်တော်ကားတွေရဲ့ ကားခေါင်းတွေ လုံးနေရတာ အလှသက်သက် မဟုတ်ပါဘူး။ မော်တော်ကားကို တစ်ခုခုနဲ့ ထိခိုက်မိရင် ခေါင်းကို လိပ်ဝင်သွားအောင် ဒီဇိုင်း လုပ်ထားတာပါ။ အဲဒါမှလည်း ရပ်တန့်ဖို့ အချိန်ပိုကြာတဲ့ အတွက် တစ်ခုခုနဲ့ တိုက်မိရင် ကားထဲမှာ စီးလာတဲ့သူတွေ ထိခိုက်မှု နည်းမှာ ဖြစ်ပါတယ်။ မော်တော်ကားထဲမှာ ပါတဲ့ လေအိတ် (Air Bag) ဟာလည်း အဲဒီ သဘောတရားပါပဲ။ နယူတန်ရဲ့ ဒုတိယနိယာမကို သုံးပြီး လူကို အထိအခိုက်နည်းအောင် လုပ်ထားတာပါ။

တတိယ နိယာမကတော့ ရှင်းပါတယ်။ အရာဝတ္ထုတစ်ခုကို အားသက်ရောက်ရင် အဲဒီအရာဝတ္ထုက တူညီပြီး ဆန့်ကျင်ဖက် အရပ်ကို သက်ရောက်တဲ့ အားပြန်ထုတ်ပေးတယ် လို့ ဆိုထားပါတယ်။ ဖိုရမ်ထဲမှာ တစ်ယောက်က မေးခွန်းထုတ် ဖူးပါတယ်။ လူဝကြီး တစ်ယောက်က လူဖလံကလေး တစ်ယောက်ကို လက်သီးနဲ့ ထိုးရင် လူဖလံကလေးက နာပြီး လူဝကြီးက ဘာလို့ မနာရတာလဲ ဆိုပြီးတော့ပါ။ အဲဒါကတော့ အရာဝတ္ထုတွေရဲ့ ဒြပ်ထု (mass) နဲ့ သိပ်သည်းမှု (Density) မတူတဲ့အတွက် ထိတွေ့မှု (Interaction) ဖြစ်တဲ့နေရာမှာ လူဖလံကလေး ဖက်ကနေ F=ma အရ ဖြစ်လာတဲ့ ထိခိုက်မှုအားကို မခံနိုင်လို့ နာရခြင်း ဖြစ်ပါတယ်။ လူဖလံကလေးကသာ သံပြားနဲ့ ကာထားရင်တော့ လူဝကြီးပဲ နာမှာပါ။

ဇော်ဝင်းထွဋ်ရဲ့ ရော့ခ်တစ္ဆေ သီချင်းခွေထဲက “နယူတန်ရဲ့ တတိယ နိယာမ” ဆိုတဲ့ သီချင်းထဲ မှာ “အဆိုးများ လုပ်တော့ တန်ပြန် အဆိုးများ သက်ရောက် ရရှိရမှာ မလွဲဘူး။” လို့ ဆိုထားပါတယ်။ ကျွန်တော်တော့ မယုံပါဘူး။ မဟုတ်တရုတ်လုပ်ပြီး ကြီးပွားနေတဲ့သူတွေ တွေ့တိုင်း ရှေးဘဝက ကုသိုလ်ကံကောင်းလို့ ဆိုပြီး ဆင်ခြေ ပေးနေတာတွေ ကြားရတာ များတော့ စိတ်ပျက် လှပါပြီ။

သိပ္ပံပညာမှာ အမြဲတမ်း မှန်တဲ့ အရာကို နိယာမ (Law) လို့ ခေါ်ပြီး အမြဲတမ်း မှန်ကန်ကြောင်း မပြနိုင်တဲ့ အရာကို သီအိုရီ လို့ ခေါ်တယ် ဆိုပါတယ်။ နယူတန်ရဲ့ နိယာမဟာ အမြဲတမ်းတော့ မမှန်ပါဘူး။ အဆမတန် သေးငယ်တဲ့ ဒြပ်ထု နဲ့ အဆမတန် ကြီးမားတဲ့ ဒြပ်ထုတွေရဲ့ ရွေ့လျားမှုဟာ နယူတန်ရဲ့ နိယာမကို မလိုက်နာပါဘူး။ အဲဒါတွေနဲ့ ပတ်သက်ပြီး ရူပဗေဒမှာ စူပါကြိုးမျှင်လေး သီအိုရီ (Super String Theory) နဲ့ ရှင်းပြ နိုင်ပါတယ်။ အဲဒါအပြင် အိုင်းစတိုင်း ရဲ့ အယူအဆ အချို့ဟာလည်း နယူတန်ရဲ့ ယူဆချက်တွေကနေ ကွဲလွဲသွားတယ် လို့ ကြားဖူးပါတယ်။

မြန်မာအင်ဂျင်နီယာဖိုရမ် ထဲ သွားပြန်မွှေရင်း ရေးခဲ့ဖူးတဲ့ ပို့စ်တွေ တွေ့မိပါတယ်။ အင်ဂျင်နီယာ မဟုတ်တဲ့ သူတွေပါ စိတ်ဝင်စားနိုင်တယ် ထင်လို့ ဘလော့ခ်ပို့စ်တစ်ခု ဖြစ်အောင် အသွင်ပြောင်းပေးလိုက်ပါတယ်။

24 comments:

Ko Boyz said...

Phusics ကို ဘယ်လိုအောင်လာတာတောင် မမှတ်မိတော့ဘူး...။

khin oo may said...

စာလုံးပေါငး်တောင် မမှန်ဘူး ဘယ်လိုအောင်လာပါလိမ့်။

khin oo may said...

အချက်အလက်တွေ သိတ်များတယ်။ တယ်လီဖုံးဘုတ်အုတ်လိုဘဲ။

khin oo may said...

ဖတ်သွားပါသည်။

ကိုလူထွေး said...

ဒီတခါ မြင့်လွန်းတယ်...
ပြန်ပြုတ်ကျဖို့ ၉.၈ m/s လိုလိမ့်မယ်...

မီယာ said...

ကိုဘနဲ့ မမ မန့်တာဖတ်ပြီ ရီလိုက်ရတာ။ ZT ပို့စ်တွေက မှတ်သားစရာ တခုမက အများကြီးပဲ။

kaungkinpyar said...

စိတ်ဝင်စားပါတယ်၊ စိတ်ဝင်စားပါတယ် ၊ တကယ်ပါ

မဟာဆန် said...

၉ တန်း ၁၀ တန်းတုန်းက ဒီဆရာနဲ့ တွေ့ချင်လိုက်တာ...။ ကျူရှင်ဆရာ လုပ်ဖူးတယ်မဟုတ်လား...။

Heartmuseum said...

အတွေးကော အရေးပါကောင်းလို့ ကြိုက်၏။

MrDBA said...

ဒီလူ ကျူရှင်လိုက်သင်နေပါပြီ သေချာပါတယ်။

မေလေး said...

တော်လိုက်တာနော်။ မေလေးတော့ IQ အဲလောက်မမြင့်တော့ ၃ခါလောက်ပြန်ဖတ်လို်က်ရတယ်

နွေးနေခြည် said...

ကိုယ့်လူမျိုးထဲမှာ ဒီလိုလူမျိုးရှိတဲ့အတွက် ဂုဏ်ယူပါတယ်

မီးမီးချစ် said...

မီးချစ် နား ပန်းသီး ပြုတ်ကျ လာရင်တော့ ကောက်စားလိုက်မှာပဲ.. း)
ရှည်ရှည် ဝေးဝေး စဉ်းစားမနေတော့ဘူ။ ဒါကြောင့် လဲ မိန်းမ ဖြစ်တာ ထင်ပါရဲ ့...

မိုးခါး said...

တကယ်သဘောကျပါတယ် ..
ဒီလိုဒီလိုတွေပါလား တွေးသွားပါတယ်
း))

Thandar said...

ကျွန်တော်တော့ မယုံပါဘူး။ မဟုတ်တရုတ်လုပ်ပြီး ကြီးပွားနေတဲ့သူတွေ တွေ့တိုင်း ရှေးဘဝက ကုသိုလ်ကံကောင်းလို့ ဆိုပြီး ဆင်ခြေ ပေးနေတာတွေ ကြားရတာ များတော့ စိတ်ပျက် လှပါပြီ။


the best words in this post.

sin dan lar said...

အပေါ်ဆုံးကောမန့် ၂ ခုကိုဖတ်ပြီး ရယ်ရတာ အူနာနေသည်။

စာကြွင်း။ ။
ပို့စ်ထဲက ဂျီကေတွေလည်း မှတ်သွားသည်။

မေဇင် said...

ဟုတ်ပါတယ်....အင်ဂျင်နီယာမဟုတ်တဲ့...နောင့်လဲ စိတ်ဝင်တစားဖတ်သွားပါတယ်...တစ်ချို့တွေကို သိပ်နားမလည် တာကလွဲရင်ပေါ့....း))

သက်ဝေ said...

ပိုစ့်မဖတ်ခင် ပထမဆုံး Comment နှစ်ခုကို ဖတ်မိပြီး အူတက်အောင်ရယ်နေမိသည်...။
အင်ဂျင်နီယာ တယောက်ဖြစ်ပေမယ့် စာတွေ ကျောင်းပြန်ကုန်လို့ တော်တော်များများ မသိတော့ဘူး။ (အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်တဲ့ သဘောတွေပါ ပါတယ်)
စာတော်တဲ့ မှတ်သားတတ်တဲ့ ZT ကို လေးစားပါတယ်။

JuneOne said...

တို့ကတော့ အတိတ်ကို အတိတ်မှာပဲထားခဲ့ပြီ။
ပြန်လည်မှတ်သားသွားပါတယ်။

သီဟသစ် said...

တတိယနိယာမရဲ့ Exceptions မျာအကြောင်းကတော့ ပြောချင်တော့ပါဘူး Ko ZT ရေ

ခင်မင်စွာဖြင့်
သီဟသစ်

Moe Cho Thinn said...

ZT အတော် ခေါင်းကြီးတဲ့သူပဲ။
ဒီလောက် တွေးတာ ခေါင်းမစားဘူးလား။
စတုတ္ထနိယာမ မရှိတာ ကံကောင်းတယ်။

Ko Boyz said...

ခေါင်းကြီးတယ် မခေါ်ရဘူး အစ်မ မိုးချိုသင်းရ။
အုံးကြီးတယ် လို့ ခေါ်တယ်။
ဦးနှောက်ကြီးတာကို ပြောတာ။

မှတ်ချက် ။ ။ (ပြောင်းပြန်မဖတ်ရ)

Anonymous said...

ကိုZT က မြန်မာအင်ဂျင်နီယာဖိုရမ်ထဲက မောင်လူအေး များလားဗျာ ..

ZT said...

ကျွန်တော် မောင်လူအေး မဟုတ်ပါဘူး။ mario ပါ။