Search This Blog

Wednesday, July 1, 2009

ပုံသေကားကျ

ငါးကြင်းက ပါးဟက်နဲ့ အသက်ရှူတယ်။ ငါးခူကလည်း ပါးဟက်နဲ့ အသက်ရှူတယ်။ အဲဒါကြောင့် ငါးအားလုံးဟာ ပါးဟက်နဲ့ အသက်ရှူတယ် လို့ ယူဆရင် မှန်ပါ့မလား။ အဲဒီလို ကောက်ချက်ချရင် မှားပါတယ်။ ငါးတိုင်း ပါးဟက်နဲ့ အသက်မရှူပါဘူး။ ဥပမာ ဝေလငါး ဆိုရင် ရေပေါ်မှာ တက်ပြီး အသက်ရှူပါတယ်။ ယုတ္တိဗေဒမှာ အဲဒီလို အမှားမျိုးကို ခြုံငုံသုံးသပ်မှုကြောင့် ဖြစ်တဲ့ အမှားလို့ ခေါ်ကြောင်း ဖတ်ဖူး မှတ်ဖူးပါတယ်။

ကျွန်တော်တို့လည်း နိုင်ငံခြားသား အင်ဂျင်နီယာများကို တွေ့ရင် သူတို့ နိုင်ငံကို အစွဲပြုပြီး အမှတ်မထင် ပုံသေကားကျ တွက်တတ် ကြပါတယ်။ Stereotype လုပ်တတ် ကြပါတယ်။ အိန္ဒိယက လာတဲ့သူတွေ့ရင် ဒီကောင် မတတ်ရင်လည်း တတ်ချင်ယောင်ဆောင်မဲ့ ကောင်ပဲ၊ ဂျပန်က လာတဲ့သူ တွေ့ရင် ဒီကောင် ဆရာကျမယ့် ကောင်ပဲ။ တရုတ်က လာတဲ့သူ တွေ့ရင် ဒီကောင် ဖြစ်ကတတ်ဆန်း လုပ်မယ့်ကောင်ပဲ စတာမျိုးတွေ တွေးတတ်ကြ ပါတယ်။ ဒါပေမယ့် အဲဒီလို စတီရီယိုတိုက်ပ် တွေက အမြဲတော့ မမှန်တတ် ပါဘူး။

လွန်ခဲ့တဲ့ ၆ နှစ်ဝန်းကျင်လောက်က ကြုံခဲ့ဖူးတဲ့ အဖြစ်အပျက် တချို့ကို သတိရမိပါတယ်။ အဲဒီအချိန်က ကျွန်တော် အလုပ်ထွက်ပြီး နောက်အလုပ်အသစ်တစ်ခု ရှာနေတဲ့ အချိန်ပါ။ အလုပ်ထွက် ထားပေမယ့် အရင် အလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီဟောင်းမှာ အချိန်ပိုင်းနဲ့ Technical Support လုပ်နေတုန်း ပါပဲ။ တစ်နေ့တော့ ကုမ္ပဏီဟောင်းရဲ့ ဘော့စ်က ကျွန်တော့်ကို ဖိလစ်ပိုင်နိုင်ငံမနီလာမြို့က စက်ပြပွဲကို Technical Support အနေနဲ့ သွားပေးမလား။ ရက်တွက်နဲ့ ရှင်းပေး ပါ့မယ် လို့ ကမ်းလှမ်း ပါတယ်။ အလုပ်မရှိတဲ့ အချိန်ကလည်းဖြစ် မနီလာကိုလည်း တစ်ခါမှ မရောက်ဖူးသေးတော့ သွားမယ်ဆိုပြီး လက်ခံလိုက်ပါတယ်။

ဒီလိုနဲ့ မနီလာရွှေမြို့တော် ကြီးကို ပထမဆုံး အကြိမ် ရောက်သွားပါတော့တယ်။ စက်ပြပွဲအတွက် အစအဆုံး စီစဉ်ပေးတာ ကတော့ ဖိလစ်ပိုင်က ကျွန်တော်တို့ရဲ့ အေးဂျင့် ကုမ္ပဏီ တစ်ခုပါ။ ကျွန်တော်တို့ ကုမ္ပဏီနဲ့ အတူ OMRON နဲ့ နောက်ထပ် ကမ္ဘာကျော် ဂျပန် ကုမ္ပဏီကြီး တစ်ခုလည်း ပြပွဲ ခန်းမဆောင်ထဲက အဲဒီ အေးဂျင့်ရဲ့ ပြခန်းထဲမှာ အတူတူ ပြကြဖို့ စီစဉ်ထားပါတယ်။ ကျွန်တော် ရောက်တဲ့ နေ့မှာပဲ ဂျပန် ကုမ္ပဏီကြီးက အင်ဂျင်နီယာ တစ်ယောက် ရောက်လာပါတယ်။ ဂျပန်လည်းဖြစ် ကမ္ဘာကျော် ကုမ္ပဏီကြီး တစ်ခုမှာ အလုပ်လုပ် နေတဲ့သူလည်း ဖြစ်တော့ အဲဒီ အင်ဂျင်နီယာကို အတော် ဆရာကျမယ့် လူပဲလို့ စိတ်ထဲမှာ ထင်မိပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့် လုပ်သက်ကလည်း ၁ နှစ်ကျော်ပဲ ရှိသေးတဲ့ တွက် အဲဒီလို အင်ဂျင်နီယာမျိုးတွေနဲ့ ပုခုံးချင်းယှဉ် အလုပ်လုပ်ရမယ် ဆိုတော့ နည်းနည်းတော့ ဖြုံတာ အမှန်ပါပဲ။

ကျွန်တော်တို့ ရောက်ပြီး နောက်တစ်နေ့မှာတော့ ပြပွဲမှာ ပြဖို့အတွက် စက်တွေကို အသင့်ပြင် ကြပါတယ်။ တစ်ချိန်လုံး ကျွန်တော့်ကို ဒုက္ခပေးခဲ့တဲ့ စက်က ဒီတစ်ကြိမ်တော့ အတော်လေး သဘောကောင်းနေပါတယ်။ ရောက်ရောက်ချင်း စက်ထဲက ပါဝါကြိုး တစ်ချောင်း ပြုတ်နေလို့ စက်ဖွင့်လို့ မရတာပဲ ရှိပါတယ်။ အဲဒီ ဝိုင်ယာကြိုးကို ပြန်တပ်ပြီးတော့ အားလုံး အဆင်ပြေသွားပါတယ်။ ဒါနဲ့ပဲ ကျွန်တော်လည်း စက်ကို ရေချိန်ညှိတာ၊ အစမ်း လည်ပတ် ကြည့်တာတွေနဲ့ တစ်ညနေလုံး လုံးပန်းရင်း နောက်နေ့ ပြပွဲအတွက် ပြင်ဆင် နေပါတယ်။ ညနေ နည်းနည်းလေး စောင်းလာတဲ့ အချိန်မှာတော့ နာမည်ကြီး ဂျပန်ကုမ္ပဏီက အသစ်စက်စက် ရိုဘော့လက်တံ ၄ ခုပါတဲ့ စက်ဟာ ဖုန်း ကနဲ အသံနဲ့ အတူ မီးခိုးတွေ ထွက်လာပြီး ရပ်သွားပါတယ်။

ဂျပန် အင်ဂျင်နီယာက စက်ဘေးမှာ ခေါင်းကုပ်ပြီး ရပ်နေပါတယ်။ သူဘာဆက် လုပ်ရမယ် ဆိုတာကိုလည်း သိဟန် မတူပါဘူး။ သူ ဟိုကြည့်ဒီကြည့် လုပ်နေလို့ နောက်ဆုံး မနေနိုင်တာနဲ့ အေးဂျင့် ကုမ္ပဏီက ဖိလစ်ပိုင် အင်ဂျင်နီယာတွေက သူတို့ ကြည့်ပေးရမလား ကမ်းလှမ်းပါတယ်။ ဂျပန်ကလည်း ဝမ်းသာအားရ သဘောတူ ပါတယ်။ အဲဒီလိုနဲ့ ဖိလစ်ပိုင် အင်ဂျင်နီယာတွေ အခုမှ သူတို့ မြင်ဖူးတဲ့စက်ကို ကြိုးစားပမ်းစားနဲ့ အမှား ရှာကြပါတယ်။ နောက်ဆုံးမှာတော့ ဆားကစ်ပြားတွေ အများကြီးထဲက လောင်သွားတဲ့ ဆားကစ်ပြားကို သူတို့ ရှာတွေ့သွား ပါတယ်။ ဂျပန်အင်ဂျင်နီယာလည်း အဲဒီတော့မှ ဆားကစ်ပြားရဲ့ မော်ဒယ်လ်နံပါတ်ကို မှတ်ပြီး ဂျပန်ကို လှမ်းမှာပါတယ်။ ကျွန်တော်လည်း ဖိလစ်ပိုင် အင်ဂျင်နီယာတွေ ကို ဘာဖြစ်တာလဲ။ ဘာပစ္စည်း လဲရမှာလဲလို့ စပ်စု ကြည့်မိပါတယ်။ ဖိလစ်ပိုင် အင်ဂျင်နီယာတစ်ယောက်ကတော့ “အခု အချိန်မှာ အလဲသင့်ဆုံး ကတော့ ဂျပန် အင်ဂျင်နီယာပဲ။ ဘာမှလည်း မသိဘူး။” ဆိုပြီး အရွှန်းထဖောက်လို့ ကျွန်တော်တို့ အားလုံး ဝိုင်းရယ် ကြပါတယ်။ ဂျပန် အင်ဂျင်နီယာ ဆိုရင် တော်တယ်ဆိုပြီး ပုံသေကားကျ တွေးထားတဲ့ အတွေးဟာ အဲဒီ အင်ဂျင်နီယာနဲ့ တွေ့တော့ ပျက်သွားပါတယ်။

နောက်တစ်နေ့မှာတော ပြပွဲ စပါတယ်။ ပြပွဲစတဲ့ နေ့မှာပဲ ဂျပန်က နောက်ထပ် အင်ဂျင်နီယာ တစ်ယောက် စက်အပို ပစ္စည်းနဲ့ အတူ ရောက်လာပြီး ပြင်လိုက်တာ သူတို့ စက် ပြန်ကောင်းသွားပါတယ်။

အဲဒီ ပြပွဲထဲမှာ ကျွန်တော်တို့ အေးဂျင့် ကုမ္ပဏီက ထိုင်းနိုင်ငံ ရဲ့ ဌာနေ ကိုယ်စားလှယ် အရောင်းမန်နေဂျာ တစ်ယောက်ကို ထူးထူးခြားခြား သတိထားမိပါတယ်။ အင်္ဂလိပ်စကားကို တမင် လုပ်ပြောတာ မဟုတ်ပဲ လေယူလေသိမ်း အသံထွက်က အစ အနောက်တိုင်းသား တစ်ယောက်နဲ့ မခြား ပြောနိုင်ပါတယ်။ အင်္ဂလိပ်စကားကို အဲဒီလောက် ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်တာကြောင့် ကျွန်တော်သူ့ကို စင်ကာပူ ဟောင်ကောင်လို အင်္ဂလိပ်စကား ပြောတဲ့ နိုင်ငံ တစ်နိုင်ငံကလို့ ထင်လိုက် မိပါတယ်။ ကျွန်တော့် ဘော့စ်ရောက်လာပြီးတော့ ကျွန်တော့်ကို အဲဒီ ပုဂ္ဂိုလ်နဲ့ မိတ်ဆက်ပေး ပါတယ်။ နာမည် ကြားလိုက်တော့မှ အတော်လေး အံ့အားသင့်သွားပါတယ်။ အဲဒီပုဂ္ဂိုလ်က ဂျပန်လူမျိုးပါ။ ဂျပန်ထဲမှာ အင်္ဂလိပ်စကား ဒီလောက်ကောင်းအောင် ပြောတတ်တဲ့သူ တစ်ခါမှ မတွေ့ဖူးတော့ သူ့ကို ဂျပန်လို့ မထင်မိတာ အမှန်ပါပဲ။ ဂျပန်ဆို အင်္ဂလိပ် စကားပြော ညံ့တယ်လို့ တွေးထားတဲ့ နောက်ထပ် ပုံသေကားကျ အတွေး တစ်ခု ထပ်ပြီး ပျက်သွားပါတယ်။ နောက်မှ သူပြောပြလို့ ယူအက်စ်က အင်ဂျင်နီယာဘွဲ့ ရလာတဲ့သူ ဆိုတာ သိလိုက်ရပါတယ်။

ဒီလိုနဲ့ ပြပွဲပြီးတဲ့နေ့မှာ ညစာစားရင်း အိုမရွန် ကုမ္ပဏီရဲ့ စင်ကာပူ ရုံးခွဲ က မန်နေဂျာ တစ်ယောက်နဲ့ စကားပြော ဖြစ်ပါတယ်။ ကျွန်တော့်ကို ဘယ်နိုင်ငံကလည်း မေးတော့ မြန်မာနိုင်ငံကလို့ ပြန်ဖြေလိုက်ပါတယ်။ သူက ကျွန်တော့်ကို “အရင်တုန်းက မြန်မာဆိုရင် ဆောက်လုပ်ရေး အလုပ်သမား၊ တရားမဝင်နေတဲ့သူ ဒီလိုပဲ သိထားတာ။ ” လို့ ပြောပါတယ်။ ဒါလည်း မဆန်းပါဘူး။ အဲဒီအချိန်က စလုံးမှာ ပညာတတ် မြန်မာ ဦးရေ ဒီလောက် မများသေးပါဘူး။ အဲဒီတော့ စလုံးတွေကလည်း မြန်မာတွေကို အဲဒီလိုပဲ စတီရီယိုတိုက်ပ် လုပ်တတ် ကြပါတယ်။

နောက်တော့ သူက ဆက်ပြောပါတယ်။ “မင်းတို့ မြန်မာထဲမှာ အရမ်း ထက်တဲ့သူတွေ ရှိတယ် ဆိုတာ ငါအရင်က လုံးဝ ထင်မထားဘူး။ ငါတို့ ကုမ္ပဏီက System တွေ ဝိုင်အိုင်တီမှာ သွားပြီး ဆင်တုန်းကမှ သိလိုက်ရတယ်။ အီလက်ထရွန်းနစ် ဌာနက ဒေါက်တာ စန်းတင့်တို့ မစ္စတာ ဝင်းခိုင်မိုး တို့ ဆိုတာ တကယ့်ကို တော်တဲ့ သူတွေပဲ။ စင်ကာပူမှာ တော်ရုံတန်ရုံ အင်ဂျင်နီယာတွေ အလွယ်တကူ နားမလည်တဲ့ System တွေ သူတို့ကို ပြလိုက်တာ ချက်ချင်းပဲ သဘောပေါက်တယ်။ ချက်ချင်းပဲ ပြန်ပြီး အသုံးချတတ်တယ်။ အဲဒါကြောင့် သူတို့ နှစ်ယောက် နာမည်ကို ငါအခုထိ ကောင်းကောင်း မှတ်မိနေတယ်။” လို့ သူက ပြောပါတယ်။ တကယ့် ဂုရုတွေနဲ့မှ သွားတွေ့တာကိုး။ ဒီလောက်တော့ ရှိမှာပေါ့လို့ စိတ်ထဲကပဲ ပြောလိုက်မိ ပါတယ်။

ကျွန်တော့် အမြင်မှာတော့ လူတစ်ယောက် တော်တယ် ညံ့တယ် ဆိုတဲ့ ကိစ္စကို လူမျိုးကို လိုက်ပြီး Stereotype လုပ်လို့ ရတယ်လို့ မထင်ပါဘူး။ လူတစ်ယောက်ချင်းစီ ရဲ့ အရည်အချင်း ကြိုးစားမှုနဲ့ ပိုပြီး ပတ်သက်တယ် လို့ ထင်ပါတယ်။ တစ်ချို့ကျတော့လည်း “တို့မြန်မာတွေ သိပ်တော်တယ်ကွ။” ပြောပြီး တကယ် ထူးချွန်တဲ့ မြန်မာတွေ ရှိတာနဲ့ ကိုယ်ကပါ မဆီမဆိုင် အလိုလိုနေရင်း တော်နေသယောင် မသိမသာ ရောကြိတ်တတ် ကြပါတယ်။ တို့မြန်မာတွေ အားလုံး သိပ်တော်ကြတယ် ဆိုပြီး ပုံသေကားကျ ပြောတာနဲ့ ယှဉ်ရင်တော့ တို့မြန်မာထဲမှာ တကယ် တော်တဲ့သူတွေ ရှိတယ်လို့ ပြောတာက ပိုပြီး သဘာဝကျလိမ့်မယ်လို့ ထင်ပါတယ်။

22 comments:

Anonymous said...

Good post,
I like ur writing style and idea.

sin dan lar said...

ဟုတ်ပါတယ်....
အဲလို တသမတ်တည်းထင်ထားတတ်လေ့ရှိတာကို ဂရုစိုက်ပြီး ပြင်ရမယ်...။

ရွက်လွင့်ခြင်း said...

တန်ဖိုး ရှိတဲ့ ပိုစ့် တခုပါ၊ လူတိုင်းအမှုမဲ့တဲ့ အရာတခုကို ဖော်ထုတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

နွေးနေခြည် said...

တို့မြန်မာထဲမှာ တကယ် တော်တဲ့သူတွေ ရှိတယ်

အဲဒါကို အကြိမ်ပေါင်းများစွာပြောချင်နေတယ်။

နွေးနေခြည် said...

ကုလားတွေက အိုင်တီမှာတော်တယ်လို့ မှတ်ထားဖူးတယ်။ ပြင်ဦးမှ း)

Ko Boyz said...

အခုတစ်လော ဖူးနုသစ်က ပို့စ်တွေက ကိုယ့်ကို စောင်းရေးသလား ထင်ရတယ်။ (ဒါလဲ မြန်မာအကျင့်ပေပဲလား ကိုယ့်တစ်ယောက်တည်းရဲ့ အကျင့်လား မသိ။)

myatnoe said...

ကိုဖူးနုသစ် ဘလော့ကို အမြဲဖတ်ဖြစ်ပါတယ် အခုမှ ကော်မန့်တာပါ။ အရေးအသား အရမ်းကောင်းသလို ဗဟုသုတလည်းရပါတယ်။

အတွေးအခေါ်တွေကလည်း လန်းပါတယ်။
ကျနော် reader ထဲမှာ ထည့်သိမ်းထားရတဲ့ အဆင့်ပါပဲ။

အားပေးနေပါတယ်။
ကျနော့်ကို လင့်ခွင့်ပေးပါ။

မီးမီးချစ် said...

မှန်လိုက်တာ..မီးချစ် ကတော့ အရင် ဘယ်လိုပဲ ပေါ့ပေါ့ နေခဲ့ နေခဲ ့..
ခုချိန်မှာ ကိုယ့်ကြောင့် တကယ်တော်တဲ့ မြန်မာတွေ အထင်သေး မခံ ရအောင်တော့ အတက်နိုင်ဆုံး ကြိုးစားနေတယ်..

Anonymous said...

တို့မြန်မာတွေထဲမှာ တကယ်တော်တဲ့သူတွေရှိတယ်..အဟိ..
ရှက်လိုက်တာ။ အဲလိုပေါ်တင်ကြီးမချီးကျူးနဲ့လေဟာ။
း)ဟိဟိ

subuueain said...

တကယ်ကို အဖိုးတန်တဲ့ Post လေးပါ။ အမြဲလာဖတ်ဖြစ်ပေမဲ့ ခုမှဘဲ comment ရေးဖြစ်ပါတယ်

သီဟသစ် said...

ကိုZTရေ

ပုံသေမှတ်တတ်တဲ့ အကျင့်ကစွဲနေပြီဗျ
ပြင်ရအုံးမယ်

ခင်မင်စွာဖြင့်
သီဟသစ်

Heartmuseum said...

ကြုံလို့ ပြောအုံးမယ်ဗျ..... ဒီမှာ ကျွန်တော် မြန်မာပြည်က လာတာပါ ပြောရင် လူတွေက ဘာမေးလဲသိလား.... မင်း ဘယ်မှာ ဆူရှီ လိပ်လဲ တန်းမေးကြတယ်။ စင်္ကာပူက သူငယ်ချင်း Blogger ကောင်မလေး နဲ့ gtalk မှာ စပြီး မိတ်ဆက်ကြတော့ သူကလဲ အဲဒီလို မေးတယ်ဗျ။ ဟေးးး ဟေးးးး

SM said...

ကုလားဆိုရင် ကိုယ့်ကိုကို အထင်ကြီး လေကြီးမိုးကြီး ပြောတာများလို့ ကုလားမြင်ရင် အဲလိုပဲနေမှာပဲလို့ stereotype လိုက်တာများတယ်။ အလုပ်တခုမှာမ တော်တော် စိတ်ကောင်းတဲ့ လေးငါးရောက်နဲ့ခင်မှ prejudge လုပ်တာ ဖြောက်လိုက်တော့တယ်။

မီယာ said...

ပုံသေကားချပ် မှတ်တတ်တဲ့ အကျင့်ကို ကြိုးစားပြီးဖျောက်နေတယ်။ လူမှုဆက်ဆံရေးမှာလည်း ထိခိုက်နိုင်တယ်လေ။

PAUK said...

ကိုရီးယားတရုတ်၂ယောက်မနေ့ကပဲပြောနေကြတာ..
ထိုင်ဝမ်တရုတ်တွေ ပေါင်းရ သင်းရခက်ကြောင်း..
မြန်မာတရုတ်ကတော့ ဘေးကနေ ထိုင်နားထောင်ရုံပါပဲ..

စန္ဒကူးမေ said...

အကိုရေ.. မြန်မာတွေဘယ်နေရာရောက်ရောက်.. ခြုံပီးပြောရရင်.. တော်ကြတဲ့သူတွေများပါတယ်။ ဘယ်ဘက်ကကြည့်ကြည့်...သူများတွေနဲ့ယှဉ်ရင်အများကြီကွာပါတယ်။

Rita said...

ကောင်းလိုက်တဲ့ post

kaungkinpyar said...

အင်းမှန်တယ်၊ တို့လဲ ထင်ထားတာတွေ ပြန်ပြင်ဦးမှပဲ

Rocker said...

ဘလော့ဂ် သိပ်မဖတ်တဲ့ ကျွန်တော့်အတွက် ဖတ်ချင်စရာ ဘလောဂ်တခုကို အမှတ်မထင် တွေ့လိုက်ရတာပါပဲ။ တော်တော်များများ ဖတ်ကြည့်မိတယ်။ သဘောကျစရာ ခပ်များများ (ပို့စ်အားလုံးဖတ်မပြီးသေးလို့) တွေ့ရပါတယ်။ ပထမဆုံး ဖတ်မိတာက "မောင်ပေါက်ကျိုင်းပါ"။ အဲဒီကတည်းက လာဖတ်သွားကြောင်း Comment ရေးဖို့ပဲ။ မရေးဖြစ်လိုက်ဘူး။ အခုဖတ်မိသမျှ ပို့စ်အားလုံးအတွက် တပေါင်းတည်း ရေးလိုက်ပါတယ်ဗျာ။ နည်းနည်း ရှည်သွားရင် ခွင့်လွှတ်ပါဗျာ။

ပုံသေကားကျ တဲ့ ... ဟုတ်တယ် ကို ZT ရေ ... ကျွန်တော်တို့အားလုံးရဲ့ ပင်ကိုယ်လူသားစရိုက်ကိုက လူတယောက်ကို စတွေ့ပြီဆိုရင် ကိုယ်ပိုင် အမြင်နဲ့ သုံးသပ် ဆုံးဖြတ်လေ့ ရှိကြတာကိုး။ ဒီလူက ဘယ်လိုလူလဲ။ ဘယ်လိုစရိုက် ရှိလဲ။ ဘာကြိုက်သလဲ။ ဘာတွေတော်ပြီး ဘာတွေ ချော်သလဲ .. စသည်ဖြင့်ပေါ့ ... အဲဒီမှာ အဲဒီလူနဲ့ ပတ်သက်တဲ့ အချက်လေးတွေကို မသိမသာသော်လည်းကောင်း သိသိသာသာသော်လည်ကောင်း မှတ်ထားမိလိုက်ကြတယ်။ အဲဒီလူနဲ့ ဆင်တူတဲ့ စရိုက် ဒါမှမဟုတ် အဖြစ်အပျက်လေးတွေကို နောက်ထပ် လူတယောက်မှာ သွားတွေ့ရင် ကောက်ချက်ဆွဲဖို့ စတော့တာပဲ။
:D

အဲလို အတွေ့အကြုံက နှစ်ကြိမ်ထက် ပိုသွားပြီဆိုရင်တော့ ကိုယ့်ရဲ့ ကောက်ချက်ချမှုကို ယုံကြည်မှုကတော်တော် ရှိသွားကြတယ်။ အခြားလူတွေနဲ့လည်း ကိုယ့်အမြင်သူ့အမြင် ဖလှယ်တာတွေမှာ ပြောပြီ။ ကိုယ်နဲ့သူနဲ့ ကောက်ချက်ချတာတွေ တူသွားပြီဆိုရင်တော့ ယုံကြည်မှုက ခိုင်မာတဲ့ အဆင့်ကို တက်သွားတယ်။ ကို ZT ပြောတဲ့ ပုံသေကားကျ ဖြစ်တော့တာပဲ။ :D

ကျွန်တော်တို့ ယဉ်ပါးနေတဲ့ ကောက်ချက်လေးတွေကတော့ ....

"RIT ကျောင်းသားတွေက ..xxxxxxxxxxxx.." .... "အီကို ကျောင်းသူတွေက ..xxxxxxxxxxxx.."....
"ရန်ကုန်သားတွေ စတိုင်က ..xxxxxxxxxxxx..".... "မန္တလေးသူတွေ အကျင့်က ..xxxxxxxxxxxx.."....
"မြန်မာလူတွေ စရိုက်က ..xxxxxxxxxxxx..".... "စ လုံး တရုတ်တွေ စိတ်ဓာတ်က ..xxxxxxxxxxxx.." ... စသည်ဖြင့် ဖြစ်ကုန်ရောဗျို့ ....

အဲဒီ ကောက်ချက်လေးတွေကို သေချာပြန်ကြည့်ရင် ယေဘူယျတော့ မှန်တယ်ထင်တာပဲ။ ဒါပေမယ့် မှန်နေတဲ့ အချိန်ကာလ တခုတော့ ရှိမှာပေါ့။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက် ကောက်ချက်ချခဲ့တာက အခုအချိန်မှာ မှန်နေဖို့ ရာနှုန်းနည်းပါလိမ့်မယ်။ နောက်တခုက ယျေဘူယျဆိုတော့ ချွင်းချက်တွေကလည်း ရှိနေဦးမှာပဲ။

ကောက်ချက်ချခြင်းနဲ့ တသက်လုံး ယဉ်ပါးလာပြီး နောင်လည်း ဆက်လုပ်နေဦးမှာဖြစ်တဲ့ ကျွန်တော်တို့တစ်တွေ ကောက်ချက်ချတော့မယ်ဆိုရင် ပုံသေကားကျ မဖြစ်စေဖို့ အဲဒါလေးတွေ သတိချပ်ဖို့ လိုမယ်လို့ ထင်မြင်မိပါကြောင်း ခင်ဗျာ။




ခင်မင်စွာဖြင့်

ဖူးနုသစ် ပရိတ်သတ်တစ်ဦး

kelvin said...

nice post :)

Anonymous said...

hey we r not animals, we r also homo sapiens just like others.. ofcoz we still have a few outstanding ones.. but i believe its shameful as a fully developed homosapiens human to have to reassure ourselves that we still have a few outstanding ones..

thats shameful.. it shows that we now have really low morale.

Anonymous said...

But it is international truth that Indians are very talkative.