Search This Blog

Tuesday, March 16, 2010

နိယာမတွေ မှားပြီလား

အခုတလော သူငယ်ချင်းတွေ ပို့ပေးတဲ့ အီးမေးလ်တွေထဲမှာ လောင်စာမဲ့ လျှပ်စစ်နည်းပညာ ဆိုတဲ့ မြန်မာတိုင်းမ်က သတင်း တစ်ပုဒ်ကို ဖတ်လိုက် ရပါတယ်။ အဲဒီ သတင်းကို ကျွန်တော် အစအဆုံး အခေါက်ခေါက် အခါခါ ဖတ်ပြီး ညာဏ်မီသလောက် အမျိုးမျိုးလှည့်ပတ် စဥ်းစားကြည့်မိပါတယ်။ ကျွန်တော် ကိုယ်တိုင်ကပဲ ပိန်းလွန်းသလား နည်းပညာကပဲ လိုက်မမီအောင် မြင့်နေသလားတော့ မသိပါဘူး။ အဲဒီနည်းပညာကို ကျွန်တော် ဘယ်လိုမှ သဘောမပေါက်နိုင်ပါဘူး။

ကျွန်တော်တို့ ရူပဗေဒကို စသင်တဲ့ အချိန်တုန်းက စွမ်းအင်တည်မြဲမှုနိယာမ (Law of Conservation of Energy) ဆိုတာ သင်ခဲ့ဖူးပါတယ်။ အဲဒီနိယာမမှာ စွမ်းအင် ဆိုတာ ဖန်တီးလို့မရ၊ ဖျက်ဆီးလို့မရ၊ စွမ်းအင် အသွင်တစ်မျိုးမှ အခြားတစ်မျိုးသို့ ကူးပြောင်း၍သာ ရသည်လို့ ဆိုထားပါတယ်။

အဲဒီလို စွမ်းအင် ပြောင်းလဲမှုတွေကို လေ့လာဖို့အတွက် ကားတစ်စီးရဲ့ ရွေ့လျားမှု ကို ဥပမာ အနေနဲ့ ကြည့်နိုင်ပါတယ်။ ကားတစ်စီးကို ရွေ့လျားဖို့အတွက် နည်းလမ်း အမျိုးမျိုး စဉ်းစားကြည့်လို့ ရနိုင်ပါတယ်။ ပထမနည်းလမ်းက ကားထဲကို လောင်စာဆီ ထည့်ပြီး မောင်းဖို့ပါ။ မော်တော်ကား အင်ဂျင် လည်ပတ်ဖို့အတွက် လောင်စာဆီကို အင်ဂျင်ထဲမှာ လောင်ကျွမ်း ပေါက်ကွဲ စေရပါတယ်။ အဲဒီလို လောင်စာဆီ လောင်ကျွမ်းတဲ့ အခါမှာ လောင်စာဆီထဲမှာ ပါတဲ့ဓာတု စွမ်းအင် (Chemical Energy) ကနေ အပူစွမ်းအင်(Heat Energy) အဖြစ် ပြောင်းလဲပြီး အင်ဂျင်ကို လည်ပတ်စေတဲ့ အရွေ့စွမ်းအင် (Kinetic Energy) ကို ဖြစ်စေပါတယ်။ နောက်တစ်နည်းကတော့ ကားကို လောင်စာဆီမထည့်ပဲ လူအားနဲ့ တွန်းလွှတ်ဖို့ပါ။ အဲဒီလို မော်တော်ကားကို လူအားနဲ့ တွန်းမယ်ဆိုရင် လူရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဓာတုစွမ်းအင်ကနေ မော်တော်ကားကို ရွေ့လျားစေဖို့ အတွက် အရွေ့စွမ်းအင် အဖြစ် ပြောင်းလဲပေးတယ်လို့ မြင်နိုင်ပါတယ်။ တတိယမြောက်နည်းကတော့ မော်တော်ကားကို အမြင့်ကနေ လှိမ့်ချဖို့ပါ။ ဘယ်အရာဝတ္ထု ပဲဖြစ်ြဖစ် အမြင့်တစ်ခုမှာ ရှိနေတယ်ဆိုရင် ကမ္ဘာမြေရဲ့ ဆွဲအားကို ဆန့်ကျင် ထားရတဲ့အတွက် သူ့မှာ အတည်စွမ်းအင် (Potential Energy) ရှိနေပါတယ်။ အဲဒီတော့ အမြင့်ကနေ အနိမ့်ကို ဆင်းရင် အတည်စွမ်းအင် လျော့သွားပါတယ်။ တစ်နည်းအားဖြင့် ပြောရရင်တော့ မော်တော်ကားကို အမြင့်ကနေ့ အနိမ့်ကို လှိမ့်ချမယ်ဆိုရင် ကားမှာ ရှိပြီးသား အတည်စွမ်းအင်တွေက အရွေ့စွမ်းအင် အဖြစ် ပြောင်းလဲသွားတယ်လို့ မြင်နိုင်ပါတယ်။

အဲဒီတော့ ကျွန်တော်တို့ ခြုံငုံသုံးသပ်လို့ ရတာက စွမ်းအင်တစ်ခု ဖြစ်ဖို့အတွက် အခြားစွမ်းအင်တစ်ခု လိုအပ်ပါတယ်။ အဲဒီလို စွမ်းအင် အသွင်ပြောင်းတဲ့နေရာမှာမှ အကျိုးသက်ရောက်မှု (Efficiency) ဘယ်လောက် ရှိသလဲဆိုတာကိုလည်း ထည့်ပြီး စဥ်းစားရပါတယ်။ အကျိုးသက်ရောက်မှု ဆိုတာက ဝင်လာတဲ့ စွမ်းအင်နဲ့ ပြန်ထွက်သွားတဲ့ စွမ်းအင် ရဲ့ အချိုးအစားပါ။ သူ့ရဲ့ ညီမျှခြင်းက

Efficiency = Energy Output /Energy Input

လို့ ရေးလို့ ရပါတယ်။

ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်စက်ကိရိယာ အမျိုးအစားမှ အကျိုးသက်ရောက်မှု ကို ရာနှုန်းပြည့်ဖြစ်အောင် မစွမ်းဆောင်နိုင် ပါဘူး။ ဘာဖြစ်လိုလဲ ဆိုတော့ စွမ်းအင်တစ်မျိုးကနေ အခြားတစ်မျိုးကို ပြောင်းတဲ့ နေရာမှာ မလိုလားအပ်တဲ့ အခြားစွမ်းအင်တွေ အနေနဲ့ လေလွင့်ဆုံးရှုံးမှု (Loss)တွေ အမြဲ ရှိတတ် ပါတယ်။ ဥပမာ အားဖြင့် မော်တော်ကား သွားတဲ့နေရာမှာ မလိုလားအပ်တဲ့ အပူစွမ်းအင်(Heat Energy)တွေ၊ အသံစွမ်းအင်(Sound Energy)တွေ ၊ တုန်ခါမှုကနေ လှိုင်းစွမ်းအင် (Wave Energy) တွေ ထွက်လာတတ်တဲ့အတွက် လောင်စာဆီက ထုတ်လိုက်တဲ့ ဓာတုစွမ်းအင်က အရွေ့စွမ်းအင် အဖြစ် ရာနှုန်းပြည့် ပြောင်းလဲ မသွားပါဘူး။ ရာခိုင်နှုန်း တချို့တဝက်သာ အရွေ့စွမ်းအင် အဖြစ် ပြောင်းလဲသွားပြီး ကျန်တဲ့ စွမ်းအင်တွေက မလိုလားအပ်တဲ့ အပူ၊ အသံ၊ လှိုင်းစွမ်းအင် တွေ အဖြစ် လေလွင့် ဆုံးရှုံးမှု ဖြစ်သွားပါတယ်။ အဲဒါကို ညီမျှခြင်း အနေနဲ့

Energy Input = Energy Output + Energy Loss
လို့ ရေးလို့ ရပါတယ်။

ကမ္ဘာပေါ်မှာ လိုအပ်နေတဲ့ စွမ်းအင်တွေ ရဖို့အတွက် စွမ်းအင် အသွင်တမျိုးကနေ အခြားတမျိုးကို ကူးပြောင်းခြင်း နည်းနဲ့ပဲ ရနိုင်ပါတယ်။ လျှပ်စစ်စွမ်းအင် (Electrical Energy) ရဖို့ အသုံးပြုတဲ့ နည်းတွေကို လေ့လာကြည့်ပါ။ ရေနွေးငွေ့သုံး ဘွိုင်လာမှာ ဆိုရင် အပူစွမ်းအင်(Heat Energy) ကနေ လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းပေးပါတယ်။ လောင်စာဆီသုံး မီးစက်တွေမှာ ဆိုရင် လောင်စာဆီကရတဲ့ ဓာတုစွမ်းအင်ကနေ လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးပါတယ်။ လေရဟတ်တို့ ရေရဟတ်တို့မှာ ဆိုရင် ရေစီးကြောင်း လေစီးကြောင်းတွေရဲ့ ရွေ့လျားမှုကလာတဲ့ အရွေ့စွမ်းအင် (Kinetic Energy) ကနေ လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးပါတယ်။ နျူကလီးယား ဓာတ်ပေါင်းဖိုမှာဆိုရင် နျူကလီယား စွမ်းအင် (Nuclear Energy) ကနေ လျှပ်စစ် စွမ်းအင်အဖြစ် ပြောင်းလဲပေးပါတယ်။ နေရောင်ြခည်သုံး လျှပ်စစ်ဓာတ်အားပေးစက်မှာ ဆိုရင်လည်း နေစွမ်းအင် (Solar Energy) ကနေ လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးပါတယ်။

စွမ်းအင်ဆိုတာ ဥုံဖွ ဆိုပြီး မန်းမှုတ်လိုက်လို့ လေထဲက နေ ရောက်လာတာမျိုး မဟုတ်ပါဘူး။ အခြားစွမ်းအင် တမျိုးကပဲ အသွင်ကူးပြောင်း လာတာပါ။ ယုတ်စွအဆုံး ဟိုတလောဆီက မြန်မာပြည်မှာ မဟာရွှေညာဏ်တော် စူးရောက်ပြီး နွားကနေ လျှပ်စစ်ထုတ်တယ်ဆိုတဲ့ ကုမ္ပဏီတောင်မှ နွားရဲ့ ရွေ့လျားမှုစွမ်းအင်တွေ ကနေ လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးတယ် ဆိုတာ မြင်နိုင်ပါတယ်။ ဒါပေမယ့် လေ့လွင့် ဆုံးရှုံးမှု မရှိတဲ့ စက်ကိရိယာ ဆိုတာ မရှိပါဘူး။ ကြာကြာမောင်းလို့ အပူချိန် တက်မလာတဲ့စက်၊ အသံမထွက်တဲ့စက်၊ တုန်ခါမှု လုံးဝမရှိတဲ့စက် ဆိုတာ ကမ္ဘာပေါ်မှာ မရှိသေးပါဘူး။ အဲဒီအတွက် စက်တိုင်းမှာ အပူစွမ်းအင်၊ အသံစွမ်းအင်၊ လှိုင်းစွမ်းအင်တွေက အလေအလွင့် အနေနဲ့ ထွက်လာတယ် ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။

ဒါဆိုရင် လောင်စာမဲ့ လျှပ်စစ်နည်းပညာ ဆိုတာနဲ့ ပတ်သက်ပြီး နည်းနည်းပါးပါး ဆန်းစစ်ကြည့်ရအောင်။ လောင်စာမဲ့ လျှပ်စစ်နည်းပညာမှာ သွင်းလိုက်တဲ့ စွမ်းအင်တွေကို အဆပွားနိုင်တယ် ဆိုရင် အဲဒီ ဆပွား သွားတဲ့ စွမ်းအင်တွေက ဘယ်က ရောက်လာတာလဲ။ စွမ်းအင်ဆိုတာ ဖန်တီးလို့ မရဘူးလို့ စွမ်းအင်တည်မြဲမှု နိယာမမှာ ဆိုထားပါတယ်။ အဲဒီအချက်သာ မှန်တယ်ဆိုရင် ကျွန်တော်တို့ နှစ်ပေါင်းရာနဲ့ချီပြီး ယုံကြည်လာခဲ့တဲ့ စွမ်းအင် တည်မြဲမှု နိယာမကြီး မှားနေပြီလို့ ပြောလို့ ရပါတယ်။ နောက်တစ်ချက်က ကမ္ဘာပေါ်မှာ ဘယ်စက်ကိရိယာမှ ရာနှုန်းပြည့် အကျိုးသက်ရောက်မှု (100% Efficiency) ဖြစ်အောင် မလုပ်နိုင်သေးတဲ့ အချိန်မှာ ရာနှုန်းပြည့်ထက် ၁၀ ဆလောက် ကျော်လွန်အောင် ဘယ်လိုများလုပ်ကြမလဲလို့ တွေးမရပါဘူး။ ကျွန်တော့် ညာဏ်လေး တထွာတမိုက်နဲ့ ညာဏ်မီအောင် စဥ်းစားကြည့်လို့ မရနိုင်ပါဘူး။

နိယာမဆိုတာ အမြဲတမ်း မှန်တယ်လို့တော့ မပြောလိုပါဘူး။ နယူတန် ရဲ့ ရွေ့လျားမှု ဆိုင်ရာ နိယာမတောင်မှ အလွန် သေးငယ်တဲ့ အရာ ဝတ္ထုတွေနဲ့ အလွန် ကြီးမားတဲ့ အရာဝတ္ထုတွေ အတွက် မှန်ကန်ခြင်း မရှိပါဘူး။ ဘယ်လိုပဲ ဖြစ်စေ စွမ်းအင်တည်မြဲမှု နိယာမကို ဆန့်ကျင်ပြီး စွမ်းအင်ကို ဖန်တီးယူလို့ ရနိုင်တယ် ဒါမှမဟုတ် အကျိုးသက်ရောက်မှု ကို ၁၀၀ ရာခိုင်နှုန်းထက်တောင် ကျော်လွန်အောင် လုပ်နိုင်တဲ့ စက်မျိုး တီထွင်နိုင်တယ် ဆိုရင်တော့ တီထွင်တဲ့သူ နိုဘယ်လ်ဆို တစ်ဆုထဲတင် မကဘူး အဲဒီနှစ်ချက်အတွက် နိုဘယ်လ်ဆု ၂ ဆုလောက် ရသင့်တယ်လို့ ကျွန်တော် မြင်ပါတယ်။

ကိုးကား။
http://www.myanmar.mmtimes.com/2010/upper/454/upper01.html

9 comments:

ရွှန်းမီ said...

ဉာဏ်မမီဘူး ဆိုတာ ဝန်ခံပါတယ်း)

ဧရာ said...

တကယ်သာ စွမ်းအင်တွေကို ပွားယူနိုင်ရင်တော့ “နှစ်ဆတိုးတာဟာလေ ကျနော်တို့ ဗမာ့တန်ခိုးပါဗျ” လို့ ထကြုံးဝါးလို့ရပြီ။ မြန်မာပြည် လျှပ်စစ်မီး အလျှံပယ် သုံးနိုင်ပြီ။

Vigor said...

wowww...wha ha ha ha ha ...ha ha :) :D.

Anonymous said...

ko ZT.
i m ur junior from your high school.
i think you might heard about the sayar puu zaw pwae on 28 March 2010.
i heard that they need more funds for teachers.

Ko Paw said...

ကိုဇက်တီရေ.....

အဲသည်လိုမျိုးစက် အောင်မြင်စွာတီထွင်နိုင်ပြီဆိုတဲ့သတင်းတွေ နိုင်ငံခြားမှာလည်း မကြာမကြာပေါ်လာတတ်တယ်။ နည်းပညာကတော့ အမျိုးမျိုးပဲ။ ဒါပေမယ့် သူတို့အားလုံးမှာ တူတာ တချက်တော့ ရှိသဗျ။ ဘာလဲဆိုရင်...

“တကယ်အလုပ်လုပ်တဲ့အထိဖြစ်ဖို့ဆိုတာ ငွေကြေး မ တည်မဲ့လူလိုနေတယ်။ ငွေကြေးအရင်းအနှီးလိုနေတယ်” ဆိုတာမျိုးချည်းပဲ။

ဘယ့်နှယ့်ဗျာ။ ဒီလောက်ကောင်းတဲ့စက်ကြီး တီထွင်ထားတယ် ဆိုပြီး.... တကယ်အလုပ်လုပ်လုပ်တယ် ဆိုတဲ့နောက် သူများတွေကို ဘာလို့ အစုရှယ်ယာတွေ ခေါ်နေတော့မလဲ။ သက်ဆိုင်ရာမှာ မှတ်ပုံတင်ပြီး ကိုယ်တိုင်လုပ်ရောင်းတော့မှာပေါ့။ ဖြစ်ရပ်တိုင်းမှာ သေသေချာချာ စဉ်းစားကြည့်ရင် တကယ် အလုပ်မလုပ်သေးတဲ့စက်တွေ ဖြစ်နေတာကို တွေ့ရမယ်။

ကျနော်ကတော့ ဒီကိစ္စကို “ဘော်ချက်”တယ် (အကြံအဖန်လုပ်တယ်)လို့ပဲ ယူဆပါတယ်။ ဒီထက်နာအောင်ပြောရရင် နားမလည်တဲ့လူတွေကို လိမ်စားချင်တာလို့ ပြောချင်ပါတယ်။

khin oo may said...

အခုတော့ဘာသံမှ ဆက်မကြားဘူး။

ရွှေရတုမှတ်တမ်း said...

မီးတွေထိန်ထိန်လင်းတော့မှာမို့..သာဓုခေါ်မယ်ကြံကာရှိ သေး...ကိုကိုZT ကပြောတော့ အားငယ်သွားတာပဲ..

Ko Paw said...

ဖြစ်နိုင်တာတခုက....

ဒီလူဟာ ၁၂ ကီလိုဝပ် အားရှိတဲ့ မီးစက်ကို နာရီဝက်(သို့မဟုတ်) တနာရီ လောက်ကြာအောင် မောင်းပြီး ဘွိုင်လာထဲမှာ ရေနွေးငွေ့ဖိအားများလာအောင် နီခရုမ်းနန်းကြိုးခွေတွေကို အပူပေးမယ်။ ဘွိုင်လာထဲမှာ သတ်မှတ်ထားတဲ့ ရေနွေးငွေ့ဖိအားရလာရင် တာဘိုင်ဒလက်တွေကို မောင်းပြီး လျှပ်စစ်ဓါတ်အားထုတ်ယူမယ်။ အဲဒီအချိန်မှာ ဘွိုင်လာထဲရှိ ရေနွေးငွေ့ဖိအားရယ်၊ တာဘိုင်နဲ့တွဲထားတဲ့ ဂျင်နရေတာရဲ့ ဝပ်အားအပေါ်မှာရယ်မူတည်ပြီး အထွက်ဖက်မှာ လျှပ်စစ်ကို ၁၂၀ ကီလိုဝပ်အား ထုတ်ယူဖို့ ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သတိပြုရမှာက သူဟာ ၁၂ ကီလိုဝပ် ပါဝါကို တစ်နာရီကြာ စွမ်းအင်တွေ ထည့်သွင်း မောင်းနှင်ခဲ့ပေမယ့် အထွက်ဖက်မှာ ၁၂၀ ကီလိုဝပ် ထုတ်ယူတဲ့အခါမှာတော့ ၁ မိနစ်ခန့်မျှသာ ထုတ်နိုင်တာမျိုးဆိုရင် ဒါဟာ စွမ်းအင်ရှုထောင့်ကကြည့်တဲ့အခါ အချည်းနှီးပဲ။ အဝင်နဲ့အထွက် တဒင်္ဂအတွင်းမှာ တိုင်းတာလို့ရတဲ့ စွမ်းအားအချိုးအစားနဲ့ ကြည့်တဲ့အခါ စွမ်းအားတွေကို ဆပွားပြီး ထွက်လာတယ်လို့ ထင်စရာရှိပါတယ်။ အမှန်တကယ်မှာတော့ အဲဒီလိုမဟုတ်ဘူး။ ဘာမှ အကျိုးရလဒ်မရှိဘူး။ kWh ကီလိုဝပ်အာဝါ နဲ့ တွက်ကြည့်ရင် သူ့စက်ကြီးဟာ လုံးလုံး အဓိပ္ပါယ်မရှိတော့ဘူး။

ဘာပဲဖြစ်ဖြစ် ဒီပုဂ္ဂိုလ်ကြီးကို အခုခေတ်မှာ ထုတ်ယူနိုင်ဖို့ ကြိုးစားနေကြဆဲဖြစ်တဲ့ Fusion Power အကြောင်း ပြောပြပြီး အဲဒီနယ်ပယ်မှာ ပညာတော်သင်အနေနဲ့ စေလွှတ်ရရင် ကောင်းမယ်ထင်တယ်။

zonicbaby said...

ဒီနည်းပညာနဲ့ ကမ္ဘာ့မူ ပိုင်ခွင့်ကို လှမ်းမယ်ဆိုပါလား..
hak hak ကိုယ့်အဆင့်ကိုယ်သိပေါ့ဗျာ......
ဒီကောင်တွေတော်တော်အရှက်မရှိတာပဲဗျာ