Search This Blog

Friday, March 26, 2010

အပျင်းပြေ ခေါင်းစားဖို့

အခုတလော ဟိုစဉ်းစား ဒီစဉ်းစားနဲ့ အတွေးထဲကို ရောက်လာတဲ့ ဖတ်ဖူးမှတ်ဖူးခဲ့တဲ့ ပဟေဠိကလေးတွေ ပြန်လည် ဝေမျှချင် ပါတယ်။ ဖြေနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မဖြေနိုင်ဘူး ဆိုရင် နောက် (၇) ရက် အကြာမှာ ကွန်မန့်ကနေ အဖြေထည့်ပေးပါ့မယ်။ Open Book ဖြစ်တဲ့အတွက် ဒီ ၇ ရက်အတွင်း ကိုယ်မဖြေနိုင်လို့ တခြားသူတွေကို ပြန်မေးချင်ရင်လည်း ရပါတယ်။ Mr. Google ကို အကူအညီ တောင်းချင်ရင်လည်း ရပါတယ်။ :D

ပထမဆုံး ပဟေဠိက ဝက်ဝံ ပဟေဠိပါ။ အဲဒီပဟေဠိကို မမေးခင် ဒီပဟေဠိ ဖြေတဲ့အခါမှာ သုံးရမယ့် အရပ်မျက်နှာ ရှာဖွေနည်းကို ပြောပါမယ်။ နေထွက်ရာ အရပ်ကို မျက်နှာမူပြီး လက်နှစ်ဖက်ကို ဆန့်တန်းပါ။ နေထွက်တဲ့ အရပ်က အရှေ့အရပ်။ ကျောဖက်က အနောက် အရပ်၊ လက်ယာဘက်က တောင်အရပ်၊ လက်ဝဲဘက်က မြောက်အရပ်လို့ မှတ်ယူပါ။ စပြီး မေးပါတော့မယ်။ တစ်ခါတုန်းက လူတစ်ယောက်ဟာ အပြင်ထွက်လာရင်း တောင်ဘက် အရပ်က ဝက်ဝံကြီး တစ်ကောင် လာနေတာကို တွေ့ရပါတယ်။ အဲဒါနဲ့ သူက မြောက်ဖက် အရပ်ကို လှည့်ပြီး သေနတ်နဲ့ ပစ်ထည့်လိုက်ပါတယ်။ အဲဒီမှာ အရှေ့ဖက် အရပ်က ဝက်ဝံက သေသွားပါတယ်။ လာနေတဲ့ ဝက်ဝံ၊ ပစ်လိုက်တဲ့ ဝက်ဝံနဲ့ သေသွားတဲ့ ဝက်ဝံဟာ တစ်ကောင်တည်းပါပဲ။ မေးခွန်းကတော့ အဲဒီ ဝက်ဝံရဲ့ အရောင်က ဘာအရောင်ပါလဲ။ အဲဒီအရောင်လို့ ပြောလို့ရတဲ့ အကြောင်းပြချက်က ဘာကြောင့်ပါလဲ။

အဓိပ္ပါယ် မရှိဘူး မထင်ပါနဲ့။ အဓိပ္ပာယ် မရှိတဲ့ အရာကို အဓိပ္ပာယ် ရှိအောင် စဉ်းစားနိုင်ရင် အဖြေရပါလိမ့်မယ်။ ဝက်ဝံနဲ့ ပတ်သက်တဲ့ ဗဟုသုတ နည်းနည်းတော့ လိုပါတယ်။ ဒီပဟေဠိကို တက္ကသိုလ် ဘုန်းနိုင်ရဲ့ ဝတ္ထုတို ပေါင်းချုပ် စာအုပ်ထဲမှာ တွေ့ဖူးတာပါ။ အင်တာနက်ပေါ်က နေရာတစ်ခု မှာလည်း တွေ့ဖူးပါတယ်။ အဲဒီအတွက် ကိုယ့်ဘာသာကိုယ်ပဲ ဖြေဖြေ အဖြေသိလို့ပဲ ဖြေဖြေ ဖြေနိုင်တဲ့သူ ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဒုတိယ ပဟေဠိကတော့ တံခါးပေါက် နှစ်ပေါက် ပဟေဠိပါ။ လူတစ်ယောက်ဟာ ကျောက်ဂူတစ်ခုထဲမှာ ရောက်နေ ပါတယ်။ အဲဒီ ကျောက်ဂူထဲမှာ လူလိမ်နဲ့ လူဖြောင့် လူနှစ်ယောက် ရှိပါတယ်။ လူလိမ်က သူပြောသမျှ စကားတိုင်းကို လိမ်ပြောတတ်ပါတယ်။ လူဖြောင့်ကတော့ သူပြောသမျှ စကားတိုင်းကို အမှန်အတိုင်းပဲ ပြောတတ်ပါတယ်။ အဲဒီကျောက်ဂူထဲကနေ အပြင်ကိုထွက်ဖို့ တံခါးပေါက် နှစ်ပေါက် ရှိပါတယ်။ တစ်ပေါက်ကထွက်ရင် မုချ သေမယ့် မရဏ တံခါးဖြစ်ပြီး နောက်တစ်ပေါက်ကတော့ တကယ့်ထွက်ပေါက် အမှန် ဖြစ်ပါတယ်။ လူလိမ်ရော လူဖြောင့်ရော ၂ယောက်စလုံးက ဘယ်တံခါးက မရဏတံခါး ဘယ်တံခါးက ထွက်ပေါက်ဆိုတာကို သိကြပါတယ်။ ပြသနာ ကတော့ အဲဒီ အပြင်ထွက်ချင်တဲ့ လူဟာ လူဖြောင့်က အမြဲတမ်း အမှန်ပြောတတ်တယ် လူလိမ်က အမြဲတမ်း လိမ်ပြောတတ်တယ် ဆိုတာကို သိထားပေမယ့် ဘယ်သူက လူလိမ်လဲ ဘယ်သူက လူဖြောင့်လဲ ဆိုတာကို မသိပါဘူး။ သူ့အနေနဲ့ ကျောက်ဂူထဲမှာ လူလိမ်ကို မေးမေး၊ လူဖြောင့်ကို မေးမေး၊ နှစ်ယောက်စလုံးပေါင်းမှ မေးခွန်း ၁ ခွန်းပဲ မေးခွင့်ရှိပါတယ်။ ပဟေဠိကတော့ သင်သာ အဲဒီလူနေရာမှာ ဆိုရင် မေးခွန်း ၁ ခွန်းထဲနဲ့ ထွက်ပေါက်အမှန်ကို သိအောင် ဘာမေးခွန်းကို မေးမှာပါလဲ။ မေးခွန်းကတော့ မင်းကြီးဒေါ်ကြီး နေကောင်းလား လို့ပဲမေးမေး၊ ထမင်းစားပြီးပြီလားပဲမေးမေး ကြိုက်တဲ့ မေးခွန်း မေးခွင့် ရှိပါတယ်။ ၁ ခွန်းထက်တော့ ပိုလို့ မရပါဘူး။

အဲဒီ ပဟေဠိကိုတော့ ဆေးတက္ကသိုလ်(၂) နှစ်လည်မဂ္ဂဇင်း တစ်အုပ်ထဲမှာ တွေ့ခဲ့ဖူးတာပါ။ ဒီမေးခွန်းကလည်း လွယ်မလိုနဲ့ အတော်စားပါတယ်။

နောက်တစ်ခုကတော့ ကားစင် ပဟေဠိပါ။ တစ်ခါက လူတစ်ယောက်ကို သတ်ဖို့အတွက် လူသတ်ကုန်းကို ခေါ်လာပါတယ်။ အဲဒီ လူသတ်ကုန်းမှာ ကားစင် အဖြူတစ်ခုနဲ့ ကားစင် အမည်းတစ်ခု ရှိပါတယ်။ လူသတ်သမားက သူသတ်မယ့်သူကို "ငါတို့မှာ စည်းကမ်းချက် တစ်ခုရှိတယ်။ အဲဒါက မင်းသေစေချင်တဲ့ နည်းအတိုင်း ငါသတ်ပေးနိုင်မယ် ဆိုရင် ကားစင်အဖြူမှာ သတ်ရမယ်။ မင်းသေစေချင်တဲ့ နည်းအတိုင်း သတ်ပေးလို့ မရဘူးဆိုရင် ကားစင် အမည်းမှာ ငါကြိုက်တဲ့နည်းနဲ့ သတ်ရမယ်။ မင်းဘယ်လိုနည်းနဲ့ သေချင်သလဲ ဆိုတာကိုပြော။ " လို့မေးပါတယ်။ အဲဒီမှာ အသတ်ခံရမယ့်သူက လေးလေးနက်နက် စဉ်းစားပြီး သူဘယ်လိုနည်းနဲ့ သေချင်တယ်ဆိုတာကို ပြောလိုက်ပါတယ်။ အဲဒီစကားကို ကြားတော့ လူသတ်သမားလည်း အတော်ကြာ စဥ်းစားပြီး "ငါတို့ စည်းကမ်းချက် အတိုင်း ဆိုရင် မင်းကို အဖြူမှာရော အမည်းမှာရော သတ်လို့ မရဘူး။" လို့ ပြောပြီး သတ်ခံရမယ့်သူကို လွှတ်ပေးလိုက်ပါတယ်။ သူဘယ်နည်းနဲ့ သေချင်တယ်လို့ ပြောသလဲ။ သူသေစေချင်တဲ့ နည်းက ဘာဖြစ်လို့ လက်ဝါးကပ်တိုင် အဖြူမှာရော အမည်းမှာရော သတ်လို့မရတာလဲ။ ဆိုတာက ဖြေရမယ့် အဖြေပါပဲ။

နောက်ဆုံး ပဟေဠိကိုတော့ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က သူငယ်ချင်း တစ်ယောက် မေးခဲ့ဖူးတာပါ။ ပျော်စရာကောင်းတဲ့ စနေတနင်္ဂနွေ ရုံးပိတ်ရက် ကျောင်းပိတ်ရက်များ ဖြစ်နိုင်ပါစေ။ ပျင်းနေရင် ခေါင်းစားဖို့ ပဟေဠိ တစ်ခုမဟုတ် ၃ ခုကြီးများတောင် ဖွက်လိုက်ပါတယ်။ :P

12 comments:

ShwunMi- said...

ဟိုလူက ကားစင်အမည်းကို ရွေးလို့ထင်တယ်။
ကျန်တာတွေ မသိပါဘူး ကိုဇီတီ =)

ကိုပေါ said...

ပထမပဟေဠိအတွက် ဝက်ဝံအရောင်က အဖြူရောင်။ မြောက်ဝန်ရိုးစွန်းက ပိုလာ ဝက်ဝံတွေက အဖြူရောင်လေ။ လူတယောက်ဟာ မြောက်ဝန်ရိုးစွန်းတည့်တည့်ပေါ်မှာ ရပ်နေပြီဆိုရင် ဘယ်ဖက်ကို မျက်နှာမူမူ၊ မျက်နှာမူရာအရပ်သည် တောင်အရပ်လို့ ဆိုချင်ရင် ဆိုလို့ရတယ်မို့လား။ (ထင်တာပြောကြည့်တာပါ။)

Rita said...

အလယ်တခုကို သိတယ်။
-ive -ve နှစ်ခါထပ်ရင် ကျေသွားတဲ့နည်း သုံးပြီး မေးရမယ် ဆိုတာ သိတယ်။
ဘယ်လို မေးရတယ် ဆိုတာ ဖတ်ဖူးပေမယ့် မေ့နေတယ်။ ခဏ စဉ်းစားလိုက်ဦးမယ်။

Rita said...

လူလိမ်ပဲ ဖြစ်ဖြစ် လူဖြောင့်ကိုပဲ ဖြစ်ဖြစ်... တယောက်ယောက်ကို
ထွက်ပေါက်မှန်ကိုပဲ ဖြစ်ဖြစ်၊ ထွက်ပေါက်မှားကိုပဲ ဖြစ်ဖြစ်... တခုခု ပြပြီး မေးရမယ်။

ဒီထွက်ပေါက်က မရဏ ထွက်ပေါက်လား လို့ ရှေ့ကလူ မေးတုန်းက မင်း ဘယ်လိုဖြေခဲ့သလဲ။

အဲဒီအပေါက်က တကယ် မရဏပေါက် ဖြစ်တယ် ဆိုပါစို့။ လူလိမ်ကို မေးမိရင်... အရင်လူ မေးတုန်းက သူက "မရဏပေါက် မဟုတ်ဘူး။ ထွက်ပေါက် အမှန်ပါ" လို့ သူ လိမ်ပြီး ဖြေခဲ့မှာ... ဒါပေမဲ့ သူက ပြောသမျှ လိမ်ပြောတာ ဆိုတော့... ခုမေးတဲ့လူကိုတော့ အရင်လူမေးတုန်းက သူ "ဟုတ်ပါတယ် မရဏထွက်ပေါက်ပါ" လို့ ဖြေခဲ့တယ်လို့ ပြန်လိမ်ပြောလိမ့်မယ်။

အဲဒီ အပေါက်ကိုပဲ အဲဒီ မေးခွန်အတိုင်း လူဖြောင့်ကို မေးရင်လဲ လူဖြောင့်က အမြဲ အမှန်ကိုပဲ ပြောတော့ "ဟုတ်ပါတယ် မရဏထွက်ပေါက်ပါ" လို့ပဲ ပြောလိမ့်မယ်။

ပြမေးမိတဲ့ အပေါက်က ထွက်ပေါက်မှန် ဖြစ်ခဲ့ရင်လည်း အလားတူပဲ။ လူလိမ်ကိုပဲ မေးမေး လူဖြောင့်ကိုပဲ မေးမေး... ဘယ်ထွက်ပေါက်ကိုပဲ ပြပြီးမေးမေး... အဖြေက တစ်ခုတည်းပဲ အမှန်ပဲ ထွက်လာမယ်။

:)

(တော်တော်ပြန်စဉ်းစားယူရတယ်။ ဒါတောင် ဖတ်ဖူးပြီးသား။ ဖေမြင့်ရေးတာလား။ ကိုတာရေးတဲ့ ဖြန့်ထွက်တွေးခြင်းမှာလား မသိတော့ဘူး။)

Anonymous said...

ကားစင်အမည်းမှာသေချင်တယ်
ဒါပဲသိတယ်

ကိုပေါ said...

ဒုတိယ ပုစ္ဆာအတွက် အဖြေကတော့ တံခါးတပေါက်ကို လက်ညှိုးထိုးပြပြီး.....

“ဒီတံခါးဟာ ဘာတံခါးလဲလို့ တခြားတယောက်ကို မေးကြည့်ရင် သူဘယ်လိုဖြေမလဲလို့ မင်းထင်သလဲ။”

လို့ မေးရပါမယ်။ နှစ်ယောက်စလုံးဖြေတဲ့ အဖြေရဲ့ ဆန့်ကျင်ဖက်ကို ယူရပါမယ်။

(မှတ်ချက်။..........။ ကိုယ်ပိုင်ဉာဏ်ဖြင့် ဖြေဆိုခြင်းမဟုတ်ပါ။ အင်တာနက်က ရှာပြီးဖြေခြင်းသာ ဖြစ်ပါတယ်.... အဟီး)

သက်ဝေ said...

နောက်ဆုံးမှာတော့ ကိုဇက်တီရဲ့စာတွေကို Firefox နဲ့ ဖတ်လို့ရသွားပါပြီ...
မမ KOM ထက် အများကြီးနှေးတယ်ဆိုတာ ဝန်ခံပါတယ်...။
ပထမဆုံး ဖတ်လို့ရတဲ့နေ့မှာ တွေ့ရတဲ့ပိုစ့်က ခေါင်းစားစရာမို့ အဖြေကို မစဉ်းစားနိုင်သေးလို့ မဖြေသွားတော့ဘူး... (စဉ်းစားလိုက်ရင် ဖြေတတ်တော့မယ့်အတိုင်းပဲ... ဟီဟိ)

ZT said...

ပထမတစ်ခု ကိုပေါဖြေတာ မှန်ပါတယ်။

ဒုတိယ တစ်ခုက Double Negative နဲ့ ဖြေတာပါ။ မရီတာ ဖြေတာလည်း မှန်ပါတယ်။
ကျွန်တော် သိထားတာကတော့ ကိုပေါရဲ့ အဖြေအတိုင်းပါပဲ။

တတိယ တစ်ခုလည်း ကားစင်အမည်းမှာ သတ်ဆိုရင် အဖြေမှန်ပါတယ်။

Doughnut IO said...

၂ မျိုးစဉ်းစားမိပါတယ်။

၁။ မြန်မာဘာသာစကားတစ်ခုတည်းအတွက် အဖြေ။ တောင်အရပ် = တောင်ရှိသောအရပ်။ အရှေ့အရပ် = နေရှိသောအရပ်။ ဒါကို ကြည့်ခြင်းဖြင့် ၀က်ဝံသည် အမှန်တကယ် မြောက်အရပ်မှ (တောင်ပေါ်ကဆင်းကာ) လာနေပြီး မြောက်ကမ္ဘာခြမ်း နွေရာသီ (ဇွန်၊ ဇူလိုင်) ဖြစ်သောကြောင့် အီကွေတာပေါ်မှာ ရှိသော သူ့အတွက် နေရှိသောအရပ် (အရှေ့အရပ်) သည် မြောက်ဘက်ဖြစ်နေပါမည်။ သို့ဖြစ်သဖြင့် အပူပိုင်းဒေသ မိုးသစ်တော (ပထ၀ီဝင် ဗဟုသုတအရ မလေးရှားတောင်ပိုင်း၊ အင်ဒိုနီးရှား မြောက်ပိုင်း တနေရာရာ ဖြစ်နိုင်သဖြင့် လည်ပင်းတွင် ဗွီပုံစံ အဖြူကွက်ရှိသော ၀က်ဝံနက်ဟု အဖြေထုတ်ပါမည်။

၂။ ဘာသာစကား အားလုံးအတွက် အဖြေ။ မြောက်ဝင်ရိုးစွန်းနှင့် အလွန်နီးသော နေရာကို ကြံဆကြည့်ပါ။ ၀က်ဝံသည် အရှေ့လောင်ဂျီတွဒ် ၉၀ ဒီဂရီ ကို နင်း၍ ၄င်းမျဉ်းတလျှောက်လာနေပါသည်။ လူသည် အနောက်လောင်ဂျီတွဒ် ၉၀ ဒီဂရီ ကို နင်း၍ ရပ်နေပါသည်။ ၀က်ဝံလာသောအရပ်သည် မြောက်ဝင်ရိုးစွန်းအတွက် တောင်အရပ် ဖြစ်ပါသည်။ သေနတ်ပြောင်းဦးတည်ရာအရပ်သည် လူအတွက် မြောက်အရပ် (မြောက်ဝင်ရိုးစွန်းကို ဦးတည်သဖြင့်) ဖြစ်ပါသည်။ အရှေ့လောင်ဂျီတွဒ် ၉၀ ဒီဂရီတွင် ရှိသော ၀က်ဝံသည် (မြန်မာပြည်နှင့် တတန်းတည်းရှိသဖြင့်) တကမ္ဘာလုံး အနေနှင့် အရှေ့အရပ်ဟု ခေါ်ဆိုပါသည်။ ပြဿနာအားလုံး ပြေလည်သဖြင့် ၀က်ဝံသည် ၀င်ရိုးစွန်း ၀က်ဝံဖြူဖြစ်ပါသည်။

ရွှေရတုမှတ်တမ်း said...

မောင်လေးတို့မှန်တဲ့အတွက် မမ က မမတို့မြန်မာ့အသံနောက်မှာ မြေတကွက်ပေးချင်ပေမဲ့
ခုတော့ ကားပွဲစားတန်းဖြစ်သွားလို့ စိတ်မကောင်းပါဘူးကွယ်

kaungkinpyar said...

အဖြေမှန် တွေပါ ဖတ်လိုက်ရလို့ တော်သေး..အပေါ်က အမေးတွေမှာတင် ဖတ်ရင်း ရွာလည်....:P

Anonymous said...

Maybe I`ll be Captain Obvious, but... it's only few days to New Year last, so let's be happy!
Hoho3ho!)