Search This Blog

Monday, May 17, 2010

ငွေရေးကြေးရေး အတွေးစများ

စင်ကာပူက အော့ချက်လမ်းမပေါ် လမ်းလျှောက်ြဖစ်ရင် ကိုယ့်ဘာသာကိုယ် အားမလို အားမရ ခံစားရတတ် ပါတယ်။ မျက်စိရှေ့မှာ ဒေါ်လာတစ်သန်းကျော်တန်တဲ့ လမ်ဘော်ဂျီနီ (Lamborghini) ပြိုင်ကားတွေ နောက်ပြီးတော့ ဖယ်ရာရီတွေ ပေါ်ရှေးတွေ မီနီကူးပါးတွေ ဟိုဟိုဒီဒီ သွားနေတာ မြင်တိုင်း ငါသူတို့လောက် ဘာလို့ ပိုက်ဆံမရှိရတာလဲ ဆိုတဲ့ အတွေးမျိုး ဝင်မိပါတယ်။ Louis Vuitton ဆိုင်ရှေ့ အိုမီဂါနာရီ ရောင်းတဲ့ ဆိုင်ရှေ့ ဖြတ်လျှောက် မိပြန်ရင်လည်း လူတွေ ဘာလို့ ပိုက်ဆံတွေ ဒီလောက် ပေါနေကြသလဲ ဆိုတာမျိုး တွေးမိ ပြန်ပါတယ်။ ဒါတွေက ဂုဏ်တွေ ပကာသနတွေ အဆောင်အယောင်တွေပါလို့ မြင်ချင်ရင်လည်း မြင်လို့ရပါတယ်။ ဒါပေမယ့်လည်း ပိုက်ဆံပေါတာက ပိုက်ဆံမရှိတာထက် စာရင်ကောင်းတယ် ဆိုတာကိုတော့ ဘယ်သူမှ ငြင်းလို့ မရပါဘူး။

ကျွန်တော်တို့က ဆိုရှယ်လစ်ခေတ်ကို အဖျားခတ်မီလိုက်တော့ ပိုက်ဆံရှိတာကိုရော ပိုက်ဆံရှာတာကိုပါ တခါတလေ သိသိသာသာ တခါတလေတော့ မသိမသာ အဆိုးမြင် နေတတ် ကြပါတယ်။ ဒါ့အပြင် မြန်မာ စာရေးဆရာများကလည်း ဝတ္တုတွေထဲမှာ ပိုက်ဆံမရှိတာ မွဲတာကို ဂုဏ်တစ်ခုလို လုပ်ပြီး ရေးနေကြတော့ ကျွန်တော်တို့ သူတို့စာတွေ ဖတ်ပြီး မှိုင်းမိနေကြသလား မပြောတတ် ပါဘူး။ သမ္မာအာဇီဝ အလုပ်နဲ့ ကောင်းရောင်းကောင်းဝယ် လုပ်စားပြီး ပိုက်ဆံရှာတာ ရှက်စရာမကောင်းတဲ့ အပြင် လုပ်သင့်လုပ်ထိုက်တဲ့ အလုပ် ဆိုတာတော့ သေချာပါတယ်။

ပိုက်ဆံမရှာချင်တဲ့ သူတစ်ချို့ကတော့ သေရင် ကိုယ့်နောက်မပါဘူး ပြောပြီး ကိုယ့်ဘာသာကိုယ် ဖြေတွေး နေတတ်ပါတယ်။ သေချာတာကတော့ လူတိုင်း မနက်ဖြန် သေမှာ မဟုတ်ပါဘူး။ ထမင်းကြမ်း ယပ်ခတ်စားပြီး အေးအေးလူလူ နေရရင် ပြီးတာပဲ လို့ ပြောတဲ့သူလည်း ရှိပါတယ်။ လူတိုင်းတော့ အေးအေးဆေးဆေး နေချင်တဲ့သူ ချည်းပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း အခန်းထဲမှာ ဝတ္ထုစာအုပ် တစ်အုပ်နဲ့ အေးအေးဆေးဆေး နှပ်နေရတာ၊ ကွန်ပြူတာရှေ့ထိုင်ပြီး ဂိမ်းကစားနေရတာ၊ ဘလော့ခ်လည်လိုက် ဘလော့ခ်ရေးလိုက် လုပ်နေရတာ သဘောကျပါတယ်။ ဒါပေမယ့် ပြန်စဥ်းစားကြည့်တော့ ကျွန်တော့် အတွက်တော့ အေးအေးလူလူ နားနားနေနေ နေဖို့ဆိုတဲ့ အခြေအနေမျိုး မရောက်သေးဘူးလို့ တွေးမိပါတယ်။

ကျွန်တော်တို့ ပရိုဂရမ်မာ စကားနဲ့ ပြောရရင်တော့ နေသာတဲ့ အခြေအနေ ရှိသလို မိုးရွာတဲ့ အခြေအနေ ရှိပါတယ်။ ဘဝဆိုတာ ဘယ်တော့မှ တသမတ်တည်း သွားမနေပါဘူး။ အလှည့်အပြောင်းဆိုတာက တကွေ့မဟုတ် တကွေ့ကြုံရတတ်တာပါပဲ။ ကိုယ့်ဘာသာကိုယ် ဖူလုံနေတာကတော့ ဟုတ်ပါတယ်။ တကယ်လို့ ကိုယ့်မိသားစုထဲက တစ်ယောက်ယောက် ငွေကုန်ကြေးကျ များမယ့် ရောဂါတစ်ခုနဲ့ နာမကျန်း ဖြစ်ရင် ဘယ်လိုလုပ်မလဲ ဆိုတာမျိုးက ကြိုပြီး စဥ်းစားထားဖို့ လိုအပ်ပါလိမ့်မယ်။ ထမင်းကြမ်း ယပ်ခတ်စားတဲ့ အခြေအနေနဲ့တော့ အဲဒီလိုမျိုး ကြုံရရင် ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူး။ ကိုယ်ချစ်တဲ့ ခင်တဲ့သူတစ်ယောက် နာမကျန်း ဖြစ်နေတဲ့အချိန် ပိုက်ဆံမရှိလို့ ဘာမှ လုပ်မပေးနိုင်ဘူး ဆိုတာမျိုးက အတော်ကို ရင်နာစရာ ကောင်းပါတယ်။ ဒါမျိုးက သူများတွေ ကံဆိုးလို့ ဖြစ်တာ ငါ့အတွက်တော့ မဖြစ်နိုင်ပါဘူး ဆိုရင်တော့ ကိုယ့်ဘာသာကိုယ် ကိုယ်လွတ်ရုန်းချင်တဲ့ စိတ်နဲ့ တွေးတာပဲ ဖြစ်ပါလိမ့်မယ်။

ဒါဆိုရင် ချမ်းသာအောင် ဘယ်လိုလုပ်မလဲ ဆိုတာက နောက်ထပ် မေးရမယ့် မေးခွန်း တစ်ခုပါ။ သူများတွေ ကော်ဖီ လက်ဖက်ရည် သောက်တဲ့အချိန်တောင် ဘာမှ မသောက်ဘဲ ပိုက်ဆံစုတဲ့သူမျိုး ကြုံဖူးပါတယ်။ ဒါပေမယ့် ပိုက်ဆံကို အဲဒီလိုစုလို့လဲ ချမ်းသာလာမှာ မဟုတ်ပါဘူး။ သေသေချာချာ စဥ်းစားကြည့်ပါ။ ကျွန်တော်တို့ တစ်လကို ဒေါ်လာတစ်ထောင် အသားတင် စုနိုင်ရင်တောင်မှ ၁၀နှစ်ကို ဒေါ်လာတစ်သိန်းကျော်ပဲ စုနိုင်ပါလိမ့်မယ်။ ငွေကြေးဖောင်းပွမှုက ဘဏ်ကပေးတဲ့ အတိုးနှုန်းထက် များတာကြောင့် အဲဒီအချိန်ကိုယ့်လက်ထဲမှာ ရှိတဲ့ ဒေါ်လာတစ်သိန်းရဲ့ တန်ဖိုးဟာ အခုအချိန် ဒေါ်လာတစ်သိန်းရဲ့ တန်ဖိုးထက် အများကြီး နည်းနေပါလိမ့်မယ်။

တစ်ချို့ က ပိုက်ဆံများများရဖို့ ပညာများများ တတ်ဖို့လိုတယ်လို့ တွေးကြပါတယ်။ ပညာတတ်တိုင်းလည်း ပိုက်ဆံ မချမ်းသာပါဘူး။ အထူးသဖြင့် လက်မှတ်တစ်ခုရှိရုံနဲ့ ဘဝလုံခြုံမှု ရှိတယ်လို့ တွေးရင် မှားပါလိမ့်မယ်။ စတန်းဖို့ဒ်က ဒေါက်တာဘွဲ့ရလာတဲ့သူ စင်ကာပူမှာ တက်ကစီ မောင်းနေတာ ရှိပါတယ်။ ကျွန်တော် အရင်လုပ်ခဲ့တဲ့ ကုမ္ပဏီမှာ နိုင်ငံတကာ အသိအမှတ်ပြုတဲ့ ဒီဂရီတစ်ခုနဲ့ မာစတာ နှစ်ခုအပြင် အိုင်တီလောကမှာ နာမည်ကြီးတဲ့ လက်မှတ်တွေ အတော်များများ ရှိတဲ့ မန်နေဂျာတစ်ယောက် အလုပ်ပြုတ်သွားပြီးတဲ့နောက်မှာ တစ်နှစ်ကျော် အခုထက်ထိ အလုပ်ပြန်ရှာမရတာ ကြုံဖူးပါတယ်။ ကျွန်တော့် ဘလော့ခ် လာဖတ်နေကြ သူငယ်ချင်း တစ်ယောက်ရဲ့ ကုမ္ပဏီမှာ ဒေါ်လာ ၁၅၀၀ မပြည့်တဲ့ လခနဲ့ အလုပ်လုပ်နေတဲ့ NTU က ဒီဂရီရပြီးသား အင်ဂျင်နီယာ တစ်ယောက် ရှိပါတယ်။ ပညာဆိုတာ တတ်ထားရင်တော့ မမှားပါဘူး။ ဒါပေမယ့်လည်း ပညာတစ်ခုတည်းကလည်း ဘဝအာမခံချက် မပေးနိုင်ဘူး ဆိုတာကတော့ သေချာပါတယ်။

သေချာပေါက် ပြောလို့ရတာကတော့ ပိုက်ဆံများများရဖို့ ပိုက်ဆံများများ ရှာရပါမယ်။ ပိုက်ဆံများများ ရှာနိုင်ဖို့ ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ လိုအပ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းနဲ့ ဖြစ်ြဖစ် ကိုယ်ပိုင်လုပ်ငန်းမဟုတ်တဲ့ ရင်းနှီးမြှုပ်နှံမှု မျိုးနဲ့ဖြစ်ြဖစ် ကိုယ့်မှာရှိတဲ့ ပိုက်ဆံကို တိုးပွားအောင် လုပ်ဖို့ လိုအပ်ပါတယ်။ ဘယ်လိုပဲဖြစ်ြဖစ် ရင်းနှီးမြှပ်နှံမှု လုပ်ဖို့အတွက်တော့ လိုအပ်တဲ့ လေ့လာစရာတွေကို လေ့လာရပါလိမ့်မယ်။

ကျွန်တော်တွေ့ဖူးသမျှ လူအများစုကတော့ ကိုယ်ပိုင်လုပ်ငန်း လုပ်ဖို့ အားသန်ကြပါတယ်။ ကိုယ်ပိုင် အလုပ်လုပ်တာ ကျွန်တော်ကိုယ်တိုင် စိတ်ပါသလို အခြားသူတွေကိုလည်း အားပေးပါတယ်။ ဒါပေမယ့် လုပ်ငန်း မကျွမ်းကျင်ပဲ ကိုယ်ပိုင် အလုပ်လုပ်ရင်တော့ အလကားပါပဲ။ ကိုယ်ရှာထားတဲ့ ပိုက်ဆံ ရေထဲချလိုက်တာကမှ ပလုံလို့ အသံမြည်ပါလိမ့်မယ်။ အဲဒီလို ဆိုရင်တော့ ပလုံလို့တောင် ကြားလိုက်ရမှာ မဟုတ်ပါဘူး။ လုပ်ငန်း ကျွမ်းကျင်မှု ဆိုတာလည်း နည်းပညာ ကျွမ်းကျင်မှု တစ်ခုတည်း မဟုတ်ပါဘူး။ လူတွေနဲ့ ဆက်ဆံတတ်ဖို့ ၊ ရစရာရှိတဲ့ ပိုက်ဆံကို ရအောင် တောင်းတတ်ဖို့ ၊ လူတွေကို စီမံခန့်ခွဲတတ်ဖို့၊ ငွေရေးကြေးရေးကို နိုင်နိုင်နင်းနင်း ကိုင်တွယ်တတ်ဖို့ ဆိုတဲ့ ပညာတွေ အများကြီး လိုအပ်ပါသေးတယ်။ အဲဒီတော့ ကိုယ်ပိုင် လုပ်ငန်း လုပ်ဖို့ အစီအစဥ် ရှိတယ်ဆိုရင် ကြိုတင်ပြင်ဆင်မှုတွေကို အများကြီး လုပ်ထားဖို့ လိုအပ်ပါလိမ့်မယ်။

အားလုံးကို ခြုံကြည့်ရင် (ဂွမ်းစောင်က အနွေးဆုံး ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ :D) အနာဂတ်အတွက် အချိန်တစ်ခုပေးပြီး ကြိုတင်ပြင်ဆင်မှု လုပ်နေဖို့လိုတယ်လို့ ပြောရပါလိမ့်မယ်။ ဘဝကို ဖြတ်သန်းတဲ့ နေရာမှာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့ အားပေးပါတယ်။ ဒါပေမယ့် အပျော်မကြူးမိအောင်တော့ ကိုယ့်ဘာသာကိုယ် ထိန်းရပါလိမ့်မယ်။ အားလပ်တဲ့အချိန်တိုင်းကို အပန်းဖြေဖို့ချည်းပဲ တွေးမနေပဲ ကိုယ့်ရဲ့ အရည်အချင်းကို မြှင့်တင်နေဖို့ လိုအပ်ပါလိမ့်မယ်။ ဒီကနေစလို့ နောက်အနှစ်နှစ်ဆယ် ကိုယ့်ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ပြန်တွေ့တဲ့ အခါမှာ တစ်ချိန်တုန်းက ငါအချိန်ဖြုန်းခဲ့မိလေခြင်းလို့ ကိုယ့်ဘာသာကိုယ် နောင်တ မရမိရင် ပြီးတာပါပဲ။

9 comments:

Rita said...

ဖတ်ရတာ ဂစ်လ်တီ ဖြစ်လိုက်တာ။
ဒီတိုင်းဆို ဘလော့ချည်း ထိုင်ရေးနေတာ ဖြတ်မှပါပဲ။ အားနေ အိပ်ရေးဝဖို့ချည်း မစဉ်းစားဘဲ ဘာသာစကားလေး ဘာလေးလည်း ကျွမ်းကျင်အောင် လုပ်ဦးမှ။ ပွဲစားအလုပ်လည်း တီးမိခေါက်မိရှိအောင် လေ့လာရမယ်။ service ပေးတဲ့ လုပ်ငန်းတွေ အစားသာဆုံး ပြောကြတယ် မဟုတ်လား။

အသက် 20 မပြည့်ခင်မှာ အတန်းတူ သူငယ်ချင်းက ပြောဖူးတယ်။ ခုနေ ကျောင်းတက်ချိန်မှာသာ မသိသာတာ။ အသက် 30 လောက်ကျရင် လူတွေဟာ တယောက်နဲ့ တယောက် အတော်ကွာသွားလောက်ပြီ တဲ့။ အဲဒီတုန်းကတည်းက သူပြောတာ ဟုတ်သားပဲ လို့ တွေးမိသား။ ဒါပေမဲ့ အသက် 30 ဆိုတာ အဝေး......ကြီးလိုသေးတယ်။ ခုကျောင်းတောင် မပြီးသေးဘူး အေးရာအေးကြောင်း နေလိုက်ဦးမယ် လို့ တွေးခဲ့တယ်။

နောင် အနှစ် 20 ဆိုတာ အဝေး......ကြီးလိုသေးတယ်။
ဒီတရက် နှစ်ရက်နဲ့တော့ ဘာမှ မထူးတော့ပါဘူး။ ပျော်သလို နေလိုက်ဦးမယ်...
:D

Vista said...

အရမ်းမှန်ပါတယ် ကိုဇက်တီ။
Lamborghiniတွေ မစီးနိုင်သေးရင်တောင်မှ ကိုယ့်ဆွေမျိုးသားချင်းတွေ မကျန်းမာရင်၊ ဒါမှမဟုတ် ၊ နိုင်ငံမှာလိုအပ်လာရင်နိုင်နိုင်နင်းနင်း
လှုတန်းနိုင်အောင်လောက်တော့ ပိုက်ဆံရှိသင့်တယ် ။
ကိုယ့်အတွက်လည်း အုန်းသီးလိုချင်အုန်းသီး၊ ထန်းသီးလိုချင်ထန်းသီးဝယ်နိုင်ရင်မကောင်းလား ဟိဟိ။
အသိတရားရစေတဲ့အတွက်ကျေးဇူးပါ။

သက်ဝေ said...

အင်း... ကိုဇက်တီက အမှန်တွေချည်းပြောပြသွားတော့ ဘာပြန်ပြောရမှန်းတောင် မသိအောင်ဖြစ်သွားပါတယ်...
တခါတခါကျတော့ လောဘဆိုတာ အကုသိုလ်တမျိုးပဲဆိုပြီး အေးအေးဆေးဆေးနေချင်စိတ်ရှိပေမယ့် တခါတခါကျတော့လဲ လိုရာဆန္ဒတွေနောက်ကို အမှီလိုက်ချင်နေပြန်တယ်... လက်ရှိဘဝမှာ ပိုက်ဆံပေါခြင်း မပေါခြင်းကတော့ သူတို့ သူတို့တွေရဲ့ ရှေးရှေးဘဝတွေက ကုသိုလ်ကံအကျိုးပေးတွေနဲ့လဲ သက်ဆိုင်ပါလိမ့်မယ်...
ကိုယ်ကတော့ လက်ရှိဘဝမှာ ပိုက်ဆံကြောင့် စိတ်မဆင်းရဘူး သိပ်ပြီး မကျပ်တည်းဘူး ပြီးတော့ အသုံးအစွဲကို လိုတာထက်ပိုပြီး ထိန်းချုပ်မနေရဘူး ဆိုရင် တော်ပါပြီလို့ ကျေနပ်နေမိတာပါပဲ...

Anonymous said...


So true. It annoyed me when I read or saw in movies.

Phyo Maw said...

အင်း... ကိုယ်ပိုင် လုပ်ငန်း ကိုယ်ပိုင် လုပ်ငန်း....
ခုထက်ထိလဲ ကိုယ့်ကို ငှားချင်တဲ့ အလုပ်ရှင် တွေ့သေးဘူး ^_^

ကိုအောင်(ပျူနိုင်ငံ) said...

စာတွေ လာဖတ်တယ် အားပေးလျက်။

ရွှန်းမီ said...

rich dad ကို သတိရမိပါတယ်
ကိုဇက်တီပြောတာလည်း ဟုတ်ပါတယ်
မီဒီယာမှိုင်းထိတယ် ပြောရမယ်ထင်ပါ့

sosegado said...

ဒီစာလေးဖတ်ပြီးတော့ ပြန်စဉ်းစားမိပါတယ်၊ နေ့တိုင်း နေ့လည်မှာ ဝယ်ဖတ်နေတဲ့ Newpaper သတင်းစာ ပြား၇၀ ကို၊ မဝယ်ဘဲချွေတာရင် ကောင်းမလားပေါ့၊ ဒါပေမဲ့ မဖတ်လိုက်ရရင် တစ်ခုခုလိုသလိုနဲ့ ထမင်းစားချိန်လေး စိတ်အပန်းဖြေ တာဆိုပြီး၊ တစ်ခါတစ်လေ ဘာမှမဟုတ်တဲ့ဟာကို ဖတ်နေဆဲပါပဲ။

TZA said...

ကျနော့်ရင်ထဲက ခံစားချက်တွေနဲ့ ထပ်တူပါပဲ၊ ဖတ်ရတာအားရလှပါတယ်။