Search This Blog

Friday, May 28, 2010

ဗျတ်ဝိဗျတ္တ For Dummies

One day မှာ လေကြီးမိုးကြီး အုန်းဒိုင်းတော့ တနင်္သာရီ ကမ်းရိုးတန်းမှာ သင်္ဘောတစ်စီး ပျက်ပါတယ်။ အချိန်က ပုဂံခေတ် ဆိုတော့ ကြေးနန်းတွေ တယ်လီဖုန်းတွေ မရှိသေးတဲ့အတွက် သင်္ဘောပျက်ရင် SOS တွေ၊ မေဒေးတွေ ခေါ်လို့ မရပါဘူး။ ဟယ်လီကော့ပတာနဲ့ လာကယ်မယ့် သူလည်း မရှိပါဘူး။ အဲဒါကြောင့် အိန္ဒိယ သင်္ဘောသား မှတ်ပုံတင် ကိုင်ထားတဲ့ ဗျတ်ဝိနဲ့ ဗျတ္တဆိုတဲ့ သင်္ဘောသီး နှစ်ယောက်ဟာ ပင်လယ်ထဲမှာ ယက်ကန်ယက်ကန်နဲ့ မျောလာကြ ပါတယ်။ သူတို့ ညီအစ်ကို နှစ်ယောက်ကို တွေ့တော့ သထုံက ဘုန်းကြီး တစ်ပါးက ကယ်ဆယ်ထားလိုက်ပါတယ်။

အဲဒီတုန်းက အခုခေတ်လို ပိုက်ဆံတောင်းမယ့် လဝက လည်း မရှိ၊ အိန္ဒိယကို ပြန်ဖို့ ဖလိုက်လည်း မရှိတာကြောင့် သူတို့ နှစ်ယောက်ဟာ သထုံမှာပဲ အိုဗာစတေးနဲ့ နေနေကြပါတယ်။ ဘုန်းကြီးက သူတို့ကို LTLT (လက်တိုလက်တောင်း) နဲ့ TTMY (တောက်တိုမယ်ရ) ရာထူး အသီးသီးနဲ့ ဘုန်းကြီးကျောင်းမှာ အလုပ် ခန့်ထားလိုက် ပါတယ်။

တစ်နေ့တော့ ဘုန်းကြီးက တောထဲကို သစ်သီးသစ်ဥတွေ ရှာဖို့ သွားတဲ့အချိန် ဗျတ်ဝိဗျတ္တ ညီအစ်ကို ကို ခေါ်သွားပါတယ်။ တောထဲရောက်တော့ သစ်ပင်ပေါ်မှာ ဘဲကင်လို အနံ့မွှေးပြီး အရောင် တဝင်းဝင်းနဲ့ ထူးထူးဆန်းဆန်း အရာတစ်ခုကို တွေ့တော့ ဗျတ်ဝိဗျတ္တ ညီအစ်ကိုက ဘုန်းကြီးကို အဲဒါဘာလဲ လို့မေးကြပါတယ်။

ဘုန်းကြီးက အဲဒါ ဇော်ဂျီဖိုဝင်သား ဖြစ်တဲ့အကြောင်း၊ ဇော်ဂျီဆိုတာ စူပါမင်းနဲ့ Ratman ပေါင်းထားတာ ဖြစ်တဲ့အကြောင်း ရှင်းပြပါတယ်။ စူပါမင်းလို မိုးပျံလို့ ရသလို ကြွက်လိုလည်း မြေလျှိုးလို့ ရလို့ပါ။ ဇော်ဂျီဖြစ်ဖို့ ကျောက်ဖျာပေါ်မှာ ဆေးကြိတ်ရတယ်။ ပြီးရင် ဥုံဖွနဲ့ ဂါထာမန္တာန်တွေ ရွတ်ရတယ်။ ဇော်ဂျီဖြစ်သွားရင်တော့ အသက်က နှစ်ပေါင်းထောင်နဲ့ချီ ရှည်တဲ့ အကြောင်း၊ ကောင်မလေးတွေ လိုချင်ရင်လည်း စင်တင်တေးဂီတမှာ ပန်းကုံးတွေ အများကြီး စွပ်ပြီး သွားလျော်စရာ မလိုဘဲ တောင်ဝှေးနဲ့ သစ်ပင်ပေါ်က သူယောင်သီးတွေကို လိုက်ထိုးရုံသာ ဖြစ်တဲ့အကြောင်း ပြောပါတယ်။ အခု ဇော်ဂျီဖိုဝင်သား ဆိုတာက လူကနေ ဇော်ဂျီ အဖြစ် ပြောင်းသွားတဲ့ အချိန်မှာ ကျန်ခဲ့တဲ့ အခွံဖြစ်တဲ့ အကြောင်းလည်း ပြောပြပါတယ်။

ဘုန်းကြီးက အဲဒီ ဇော်ဂျီဖိုဝင်သားကို စားရင် ဟာကြူလီလို အားရှိမယ်၊ လက်နက်အမျိုးမျိုးကို ပီး စေမယ်ဆိုတာ သိလို့ အချိန်ကောင်း အခါကောင်းမှာ စားဖို့အတွက် ဘုန်းကြီးကျောင်းကို ပြန်သယ်လာဖို့ ဗျတ်ဝိဗျတ္တကို ခိုင်းလိုက်ပါတယ်။ ဒါပေမယ့် ဘုန်းကြီး အိပ်ပျော်နေတဲ့အချိန်မှာ ဟိုညီအစ်ကို နှစ်ယောက်က ဇော်ဂျီ ဖိုဝင်သားရဲ မွှေးလွန်းတဲ့ အနံ့ကြောင့် မအောင့်နိုင်တော့ဘဲ အမုန်းဆွဲ လိုက်ကြပါတယ်။ ဇော်ဂျီဖိုဝင်သားကို စားအပြီးမှာတော့ သူတို့ နှစ်ယောက်ဟာ သာမန် မဟုတ်တော့တာကို သတိထားမိပါတယ်။ ခုန်လိုက်ရင် လေထဲကို အမြင့်ကြီး ရောက်သွားသလို သစ်ပင်ကို မှီလိုက်ရင် သစ်ပင်က လဲကျသွားပါတယ်။ နောက်ဆုံး ဘုန်းကြီးကျောင်းကို မလိုက်ရင်တောင်မှ ဘုန်းကြီးကျောင်းက သူတို့လက်ထဲမှာ ကစားစရာ တစ်ခုလိုပါလာတာကို တွေ့ရပါတယ်။ အဲဒီတော့ ဗျတ်ဝိကဗျတ္တနဲ့ တိုင်ပင်ပြီး ဘုန်းကြီးကျောင်းကို ပြောင်းပြန်လှန်ထား ကြပါတယ်။ ဘုန်းကြီး အိပ်ရာကနိုးတော့ သူ့ကျောင်း ပြောင်းပြန်လှန်နေတာ တွေ့ရတဲ့အတွက် ဟိုနှစ်ယောက်တော့ သူ့ကို ကျော်သွားပြီ ဆိုတာ သိလိုက်ပါတယ်။ ဒါပေမယ့်လည်း လွန်သွားပြီမို့ ဘာမှမတတ်နိုင်တော့ပါဘူး။

နောက်တော့ ဗျတ်ဝိနဲ့ ဗျတ္တကို တခြားလူတွေက ဝိုင်းကြပ်ပေးကြလို့ သူတို့နှစ်ယောက်ဟာ နာမည်ကြီး လူဆိုးဗိုလ်တွေ ဖြစ်လာကြပါတယ်။ သထုံက မနူဟာ ဘုရင်ကလည်း ဗျတ်ဝိဗျတ္တကို မိရင် လှအဉ္ဇလီတင့်နဲ့ ဘာလီကျွန်းကို အလည်ပို့ပေးမယ် ဆိုပြီး တီဗွီမှာ ကြော်ငြာတာတောင်မှ သူတို့ကို ဖမ်းနိုင်တဲ့သူ မရှိပါဘူး။ ဒါနဲ့ စစ်သူကြီးက ဗျတ်ဝိဗျတ္တကို ဖမ်းဖို့ အကြံအဖန် လုပ်ပါတယ်။ အဲဒီလိုနဲ့ စုံစမ်းတော့ မြို့ထဲမှာ ဗျတ်ဝိ အပီအပြင် လျော်နေတဲ့ မအိုဇာဆိုတဲ့ ကောင်မလေး တစ်ယောက်ရှိတဲ့ အကြောင်းနဲ့ ညဖက်ဆိုရင် ဗျတ်ဝိ အဲဒီ ကောင်မလေး ဆီကို လာပြီး ကြူတတ်တဲ့ အကြောင်း သတင်းရသွားပါတယ်။

စစ်သူကြီးကသူ့ရဲ့ ပညာရှိနဲ့ တိုင်ပင်တော့ ပညာရှိက ဗျတ်ဝိကို ဘုန်းနိမ့်သွားအောင် သူလာမယ့်လမ်းမှာ ထမိန်ကြိုးတန်း တန်းထားဖို့ အကြံပေးပါတယ်။ ညဘက်ရောက်တော့ ဗျတ်ဝိက သူ့ကို ထောင်ချောက် ဆင်ထားတာ မသိလို့ ထုံးစံအတိုင်း လာရာလမ်းကနေ လာပါတယ်။ ထမိန်ကြိုးတန်းအောက်ကို ဖြတ်ပြီးတော့ သူ့တကိုယ်လုံး ယားလာတော့ အေကိုက်ပြီလား မသိဘူးလို့ တွေးလိုက်မိပါတယ်။ အဲဒီအချိန်မှာပဲ စစ်သူကြီး ရဲ့လူတွေက ဗျတ်ဝိကို ဆွဲစိလိုက်ပါတယ်။ ဗျတ်ဝိလည်း အလွတ်ရုန်းဖို့ ကြိုးစားပေမယ့် မရတဲ့ အတွက် အစိခံလိုက်ရပါတယ်။

စစ်သူကြီးရဲ့ လူတွေက ဗျတ်ဝိကို တုတ်နဲ့ရိုက် ဓားနဲ့ခုတ် ဝိုင်းပြီး သမကြပေမယ့် ဗျတ်ဝိရဲ့ ကိုယ်မှာ အစင်းရာတောင် ထင်အောင် မလုပ်နိုင်ပါဘူး။ ဗျတ်ဝိက ပျင်းတောင် ပျင်းသေးတယ် ဆိုပြီး တွံတေးသိန်းတန် သီချင်းတောင် ဆိုပြလိုက် ပါသေးတယ်။ ဗျတ်ဝိမှာ တန်ခိုးတွေ ပျောက်သွားပေမယ့် သူ့ရဲ့ စိတ်ကို တင်းထားတဲ့အတွက် ဘယ်လိုမှ သတ်လို့ မရပါဘူး။ ဗျတ်ဝိ စိတ်ကိုလျှော့လိုက်မှ ရမယ်ဆိုပြီး စစ်သူကြီးရဲ့ ပညာရှိက ပြောပါတယ်။

စစ်သူကြီးကလည်း အကြံအဖန် အတော်များပါတယ်။ သူက ဗျတ်ဝိကို ပုံပြင်တွေ ပြောပါတယ်။ "မင်းချစ်ချစ် မအိုဇာကတော့ မင်းကို သစ္စာဖောက် သွားပြီ။ သူ့ကို ဘုရင်က သူ့နန်းတော်ထဲမှာ ရှိတဲ့ ကြိုက်တဲ့သူရွေး။ ပေးစားမယ်လို့ ပြောထားလို့ အခုရွစိတက် နေပြီ။" ဆိုတော့ ဗျတ်ဝိက "မင်းငါ့ကို လာပြီး ဂျင်းမထည့်နဲ့။ မရဘူး။" လို့ ပြန်ပြောပါတယ်။ မြို့ဝန်က "မင်းကို ဖိန့်နေတာ မဟုတ်ဘူး။ မင်းချစ်ချစ်က မင်းကို မာလကီးယား သွားစေချင်နေပြီ။ ငါတို့ ဆီမှာ ထုံးစံရှိတယ်။ သေမယ့်သူကို ကွမ်းတယာ ရေတမှုတ် ပေးရတယ်။ မင်းကို မအိုဇာက ကွမ်းတယာ ရေတမှုတ် လာပေးလိမ့်မယ် မယုံရင် ကြည့်နေ" ဆိုပြီး ပြောပါတယ်။ ဗျတ်ဝိလည်း စစ်သူကြီး ဆီက စကားကို ကြားတော့ ရက်ဘစ်ထင် ကက်ထင်တွေ ဖြစ်သွားပါတယ်။

စစ်သူကြီးက မအိုဇာကိုတော့ "နင့်ဘဲကြီးကို ဘုရင်က လွှတ်ပေးလိုက်ပြီ။ အဲဒါ နင့်ကို စောင့်နေတယ် သွားတွေ့လိုက်" ဆိုပြီး ပြောပါတယ်။ မအိုဇာလည်း ပျော်သွားပြီး ဗျတ်ဝိဆီကို အမြန်သုတ် ပါတယ်။ စစ်သူကြီးက မအိုဇာ သွားခါနီးမှ "ဒီအတိုင်း လက်ချည်းပဲ သွားတော့ မလို့လား။ ငါ့ဆီမှာ နိုင်တီတူးနဲ့ ယာထားတဲ့ ကွမ်းယာ ရှိတယ်။ အလယ်ပိုင်း (Alpine) သောက်ရေသန့် လေးနဲ့ အတူ ယူသွားဦးလေ။" ဆိုတာနဲ့ မအိုဇာက အူကြောင်ကြောင်နဲ့ မြို့ဝန်ကမ်းပေးလိုက်တဲ့ ကွမ်းတယာ ရေတမှုတ်ကို ယူသွားပါတယ်။

မအိုဇာ ကွမ်းတယာ ရေတမှုတ်နဲ့ လာနေတာ တွေ့တော့ ဗျတ်ဝိမှာ ဟတ်ထိသွားပါတယ်။ သူ့ကို သတ်တောင် မသတ်လိုက်ရပါဘူး။ သူ့ရဲ့ နှလုံးသားက ဝုန်းကနဲ ပေါက်ထွက်သွားပြီး အဲဒီနေရာမှာတင် ကြွသွားပါတယ်။ ဗျတ်ဝိမှာ သေတာတောင် သာသာယာယာ မရှိပါဘူး။ ဘုရင်က သူ့ခန္ဓာကိုယ်ကို လေးပိုင်း ဖြတ်ပြီး မြို့ထောင့်မှာ မြှုပ်ထားပါတယ်။ အဲဒါအပြင် မြို့ရိုးကိုလည်း သူ့ရဲ့သွေးတွေနဲ့ ဖျန်းထားပါတယ်။ အစောင့်အကြပ် ထားတဲ့ သဘောပါပဲ။

ဗျတ်ဝိရဲ့ သတင်းကို ကြားတော့ ဗျတ္တလည်း မဖြစ်ချေဘူး ဆိုပြီးတော့ ပုဂံကို စတေးရှောင်သွားပါတယ်။ ဗျတ်ဝိသေတာ ဘယ်လို ခံစားရသလဲ လို့ မေးမယ့် သတင်းထောက်တွေတောင် ဖမ်းလို့ မမိလိုက် ပါဘူး။ ပုဂံရောက်တော့ အနော်ရထာဘုရင် ဆီမှာ ဝင်ပြီး အမှုထမ်း ပါတယ်။ အနော်ရထာက ဗျတ္တကို Undercover အေးဂျင့်အနေနဲ့ ပုပ္ပားကို လွှတ်လိုက်ပါတယ်။ ပုပ္ပားမှာ အနော်ရထာရဲ့ လူတွေကို မြင်းစီးနဲ့ အတိုက်အခိုက်တွေ သင်ပေးဖို့ပါ။ ဒါပေမယ့် လူရှိန်အောင်လို့ ဗျတ္တရဲ့ တာဝန်ဟာ ပုဂံမှာ ရှိတဲ့ မိဖုရားတွေ အတွက် ပန်းဆက်ဖို့လိုပဲ သတင်းလွှင့် ထားပါတယ်။ ဗျတ္တ ပုဂံကနေ ပုပ္ပားကို သွားတဲ့လမ်းကို အခုခေတ် ဗျတ္တပန်းဆက်လမ်းလို့ ခေါ်ကြပါတယ်။

အဲဒီလိုနဲ့ ဗျတ္တဟာ ပုပ္ပားကို သွားရင်း ပုပ္ပားတောင်က ပန်းပွင့်တွေ ကြားထဲမှာနေတဲ့ ဘီလူးမလေး မယ်ဝဏ္ဏကို အီစီကလီ သွားရိုက်ပါတယ်။ နောက်တော့ ဗျတ္တနဲ့ မယ်ဝဏ္ဏတို့ ညိသွားကြပြီး သား ၂ယောက် မွေးပါတယ်။ အနော်ရထာက သူတို့ရဲ့ သားနှစ်ယောက်ကို ရွှေအိုး တစ်လုံးစီ ချီးမြှင့်တဲ့အတွက် ရွှေဖျဉ်းကြီး ရွှေဖျဉ်းငယ် လို့ အမည်တွင်ပါတယ်။

ဒီလိုနဲ့ နောက်တော့ အနော်ရထာဘုရင် သထုံကို သွားတိုက်ဖို့ ပြင်ပါတယ်။ အနော်ရထာရဲ့ တပ်ဟာ ဗျတ်ဝိရဲ့ ဝိညာဉ် စောင့်နေတဲ့ မြို့ရိုးကို ဘယ်လိုမှ ကျော်လို့ မရပါဘူး။ မြို့ရိုးကို ကျော်ဖို့ ကြိုးစားတဲ့ သူတိုင်း ဗျတ်ဝိရဲ့ ဝိညာဉ်က ဆီးပြီး သမလို့ အကုန်လုံး လန်ပြီး ပြန်လာရပါတယ်။ အဲဒီတော့ ဘုရင်က သထုံကို ကျွမ်းတဲ့ ဗျတ္တကို စပိုင်အနေနဲ့ လွှတ်ပါတယ်။ ဗျတ္တက သူ့ရဲ့ မတော်လိုက်ရတဲ့ မရီးကနေ တဆင့် စုံစမ်းတော့ မြို့ရိုးကို ဗျတ်ဝိရဲ့ သွေးတွေနဲ့ ဖျန်းပြီး အစောင့်အကြပ်လုပ်ခိုင်းထားတယ် ဆိုတာကို သိလိုက်ရပါတယ်။ တစ်နေ့တော့ ဗျတ္တ မြို့ရိုးနားမှာ ညဘက် လမ်းသလား နေတုန်း သူ့အစ်ကို ဗျတ်ဝိရဲ့ ဝိညာဉ်နဲ့ တွေ့ပါတယ်။ ဗျတ်ဝိက "ငါလည်း မတတ်နိုင်ဘူး။ သထုံဘုရင်က ငါ့ကို စောင့်ခိုင်းတော့ စောင့်ရမှာပဲ။ ဒါပေမယ့် မြို့ရိုးမှာ ငါ့သွေးနဲ့ မထိတဲ့ ကြက်မတဝပ်စာ နေရာ ရှိတယ်။ အဲဒီနေရာကနေ ဝင်တိုက်ရင်တော့ ရမယ်။" လို့ လက်ထောက်ချ လိုက်ပါတယ်။ ဗျတ်ဝိရဲ့ အကြံပေးချက် အတိုင်း အဲဒီနေရာကနေ တစ်ဆင့် မြို့ရိုးကို တိုက်တော့ သထုံကို သိမ်းပိုက်နိုင် လိုက်ပါတယ်။ ဒါပေမယ့် ကံမကောင်း အကြောင်း မလှစွာပဲ သထုံမြို့သိမ်း တိုက်ပွဲမှာ ဗျတ်တ္တတစ်ယောက် ကြွသွားပါတယ်။

အဲဒါကတော့ မင်းကြီး မင်းလေးရဲ့ ဒက်ဒီဖားသား ဗျတ္တနဲ့ သူ့ရဲ့ အစ်ကို ဗျတ်ဝိတို့ရဲ့ ဒဏ္ဍာရီပါ။ ဒေါ်ခင်မျိုးချစ်ရဲ့ တောင်ပြုံးအကြောင်း အက်ဆေးနဲ့ ဦးကုလား မဟာရာဇဝင်ကြီးကို ကိုးကား ထားပါတယ်။

11 comments:

:) said...

ဒါမျိုးလေးတွေ မေ၇းတာကြာလို့ ...
စောစောစီးစီး အကျယ်ကြီးရယ်ပလိုက်တယ်။

ဖိုးသင်္ကြန် said...

Dummies စီးရီးသာ ရေးပေတော့ဗျာ

(ဒါနဲ့ ညကတော့ အကိုနည်း ၃မျိုးလောက် စမ်းသုံးထားတယ်။ အခြေအနေ ဆိုးဘူးဗျ)
:P

ရွှေရတုမှတ်တမ်း said...

ပုံပြင်တွေနားမထောင်ရတာကြာပြီ...
မြို့ရိုးပေါ်ကြက်မက စီမံချက်ရှိလို့ ဝပ်ြပီးပုန်းနေတာလား...

သဉ္ဇာ - Thinzar said...

ahae.. သမိုင်း for dummies စီးရီးစ် မရေးတာတောင် ကြာပြီ.. ကြိုက်လွန်းလို့ ၂ခါ ဖတ်သွားသည် :)

Anonymous said...

ဒါမျိုးလေးတွေ များများရေးပါ၊ ကိုယ်မကျွမ်းကျင်တဲ့ လူပျိုသိုးကြီးတွေအတွက် လက်ချာတွေ သူများစွံတဲ့ သူတွေ ရေးပါစေ၊

ZT said...

မစွံဘူးပဲ ထားပါ။ စိတ်ဆိုး စရာ မရှိပါဘူး။ :D

sosegado said...

ကြားဘူးတဲ့ ဇာတ်လမ်းလေးကို ပျော်အောင်ရေးထားတော့ ပျော်ရွင်စွာဖတ်သွားပါတယ်၊ အဲဒီနှစ်ယောက်က ပါရှားကထင်တယ်၊အိန္ဒိယ နဲ့နည်းနည်းလေးဝေးတယ်၊

khin oo may said...

ချစ်ဦးညို လက်မှိုင်ချရပြီ။

khin oo may said...

ဟိုရက်က book mark လုပ်ထားတဲ့ zawgi converter bookmark ဘားမှာရှာမတွေ့လို့မဖတ်ရဘူး အခုမှ zt စီပုံးထဲကနေပြန်ရှာပြီး ပြန်ဖတ်တော့မှ နားလည်ပြီးပြန်ရှာတွေ့သွားတာနဲ့ဖတ်ရတယ။် ဟူး...
အတော်ခေါင်းမာတဲ့တစ်ယောက်. အီကို ကျွဲလို့မဖတ်ချင်တဲ့တစ်ယောက်..

Heartmuseum said...

ဒါမျိုးတွေ မဖတ်ရတာ ကြာပေါ့ ...
ကောင်း၏။.....

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်သွားပြီ
တခိခိနဲ့တော့ ရယ်နေရတာဘဲ
တကယ်ကိုကောင်းပါတယ်..