Search This Blog
Tuesday, August 10, 2010
ငှက်နဲ့ မတူတဲ့လူ
စင်ကာပူက ဂျူရောင်း ငှက်ဥယျာဉ် (Jurong Bird Park) ကို ရောက်တုန်းက Hornbill လို့ ခေါ်တဲ့ ငှက်တွေ အများကြီး တွေ့ရပါတယ်။ ပုံမှာ ပြထားတဲ့ ငှက်ပါ။ ငှက်ဆိုပေမယ့်လည်း အင်္ဂလိပ်နာမည်နဲ့ မြန်မာနာမည် တွဲမသိတော့ ဒီငှက်ကို တစ်နေရာရာမှာ မြင်တော့ မြင်ဖူးတယ်။ ဘာငှက်လဲ ဆိုတာ အတော်ကလေးကို စဉ်းစားယူ ရပါတယ်။ အဲဒီငှက်တွေ ဥဝပ်တဲ့ အချိန်မှာ သစ်ခေါင်းထဲမှာ ပိတ်ပြီး ဝတ်ကြတယ်။ အမက သစ်ခေါင်း အထဲမှာ အလုံပိတ်ပြီး ဥဝပ်တဲ့အချိန် အထီးက အပြင်ဖက် ကနေ သစ်ခေါင်းကို အပေါက်ဖောက်ပြီး အစာ ကျွေးတယ်ဆိုတဲ့ ငှက်ရဲ့ သဘာဝကို ဖတ်ရမှ အောက်ချင်းငှက် ဆိုတာ တွေးကြည့်လို့ ရပါတယ်။ အောက်ချင်းငှက်ဆိုတာ ချင်းပြည်နယ်ရဲ့ သင်္ကေတပါ။ အောက်ချင်းငှက်များမှာ အထီးအမ စုံတွဲနေတတ်ပြီး အထီးက သေရင် အမကပါ ကိုယ့်ဘာသာကိုယ် သတ်သေတတ်တယ်လို့ ကြားဖူးပါတယ်။ အသိဉာဏ် အဆင့်အတန်း နိမ့်တယ်လို့ သတ်မှတ်ထားတဲ့ တိရိစ္ဆာန်တွေမှာ သစ္စာရှိကြတယ် ဆိုတာ စဉ်းစား ကြည့်ရင် အံ့သြစရာ ကောင်းပါတယ်။ အမှန်တကယ်တော့ သစ္စာရှိတယ် မရှိဘူးဆိုတာကလည်း အသိဉာဏ် အဆင့်အတန်းနဲ့ သိပ်တော့ မဆိုင်လှပါဘူး။
ချစ်တာတွေ မေတ္တာတွေ အကြောင်း ပြောရင် ငယ်ငယ်တုန်းက ကြားနေကျ ကြင်နာတာက လျှပ်စစ်၊ တွယ်တာတာက ဗူးညွန့်၊ ရင်နာတာ မှောက်အိပ်လို့၊ သစ္စာနဲ့ မေတ္တာပေါင်းရင် ရွှေမန်းသဘင်ပေါ့ ဆိုတဲ့ ရွှတ်နောက်နောက် စကားတွေ တခါတလေ ခေါင်းထဲ ပေါ်လာတတ်ပါတယ်။ စိတ်ခံစားမှု ဆိုတာကလည်း ခက်တော့ ခက်ပါတယ်။ ခံစားနေရတဲ့ အချိန် နင်နင့်သည်းသည်း မခံမရပ်နိုင်အောင် ပြင်းထန်ပေမယ့်လည်း အနည်ထိုင်သွားတဲ့ အချိန်ကျတော့ ပြန်စဉ်းစားမိရင် ရယ်စရာတွေ ဖြစ်သွားတတ် တာပါပဲ။
လွန်လေပြီးသော နှစ်ပေါင်းများစွာကပါ။ ရှေးသရော အခါ ဗာရာဏသီပြည်မှာ ဒေဝဒတ်မင်းကြီး စိုးစံစဥ်ကတော့ မဟုတ်ပါဘူး။ ရှေးသရောအခါ စင်ကာပူမှာ ဂိုချောက်တောင် ဝန်ကြီးချုပ် ဖြစ်နေတဲ့ အချိန်တုန်း ကပါ။ ကျွန်တော်နဲ့ အတော်လေး ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက် သူနဲ့ နှစ်အကြာကြီး တွဲလာတဲ့ ရည်းစား သူများနောက် ပါသွားလို့ ဒေါတွေပွပြီး အကြီးအကျယ် ပေါက်ကွဲ နေပါတယ်။ တစ်နေ့တစ်နေ့ သူ့ပါးစပ်ကနေ မိန်းမ မကောင်းကြောင်း၊ မိန်းမတွေ စိတ်မချရတဲ့ အကြောင်းများကို မကြားချင်မှ အဆုံး ကြားရပါတယ်။ အဲဒီလူများ ကဗျာ ရေးတတ်ရင် မာဃဒေဝ လင်္ကာထက် အဆပေါင်း များစွာ ပြင်းထန်တဲ့ ကဗျာတွေ ထွက်လာလိမ့်မယ် ထင်ပါတယ်။
သူ့ဘာသာသူ မိန်းမ မကောင်းကြောင်း ပြောရုံနဲ့တင် မပြီးသေး ပါဘူး။ အဲဒီလို ပြောရင်းက "ဟေ့ကောင်။ မင်းရည်းစားကို လည်း သတိထားဦး။ သူများနောက် ပါသွားလို့ မင်းလည်း ငါ့လို ဖြစ်နေဦးမယ်။" ဆိုပြီးတော့ မြှားဦးက ကျွန်တော့်ဘက် လှည့်လာပါတယ်။ ကျွန်တော်က သူ့ကို "မဆိုင်လိုက်တာဗျာ။ ဒီခေတ်ကြီးမှာ ယောက်ျားလေး သူငယ်ချင်း ရှိတာ အထူးအဆန်းလား။ ခင်ဗျား ရည်းစား သူများနောက် ပါတိုင်း ကျွန်တော့် ရည်းစားလည်း သူများနောက် ပါရမှာလား။ မိန်းမဆိုတာ တစ်မျိုးတည်း ရှိတာမှ မဟုတ်တာ။ ကျွန်တော့် ရည်းစား အကြောင်းလည်း ခင်ဗျားသိတာပဲ။ အဲဒီလို မိန်းမမျိုးမှ မဟုတ်တာ။" လို့ ပြန်ပြီး နှိပ်ကွပ် ပါတယ်။ သူက "ဟေ့ကောင်။ မင်းရည်းစားအကြောင်း ငါသိတာထက် ငါ့ရည်းစား အကြောင်း ငါပိုသိတယ်။ ငါလည်း အစက ထင်မထားဘူး။ ခံလိုက်ရတော့မှသာ ခံလိုက်ရပြီ ဆိုပြီး သိလိုက်ရတာ။ မင်းကို ငါ့လို ဖြစ်မှာစိုးလို့ စေတနာနဲ့ သတိပေးတာကွ။" လို့ ကျွန်တော့်ကို ပြန်ပြောပါတယ်။ ကျွန်တော်လည်း သူနဲ့ ပြိုင်မငြင်းတော့ ပါဘူး။ ဒီလူ အသည်းကွဲလို့ လိုက်ရမ်းနေတာ ဆိုပြီးတော့ပဲ လွှတ်ထားပေးလိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော်မှားပြီး သူမှန် သွားပါတယ်။ မကြာခင် ကျွန်တော်လည်း သူ့လို ခံလိုက်ရပါတယ်။
ကိုယ့်ရည်းစား တခြားသူ ဖြတ်အုပ်သွားတာ ဘယ့်နှယ့်နေသလဲ ဆိုတာတော့ ကိုယ်တိုင် ကြုံဖူးတဲ့ သူမှပဲ သိပါလိမ့်မယ်။ အတော်ကို မခံချိမခံသာနဲ့ အနေရ အထိုင်ရခက်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေ အရပ်ရပ်ကြောင့် ကိုယ့်ရည်းစားက မလွန်ဆန်နိုင်လို့ ပါသွားတယ် ဆိုရင် နည်းနည်း တော်ပါသေးတယ်။ ဒါပေမယ့် ကိုယ့်ရည်းစား ကိုယ်တိုင်က ကိုယ့်ကို ကန်ထုတ်ခဲ့ပြီး စိတ်ပါလက်ပါနဲ့ လိုက်သွားတာ ဆိုရင်တော့ အတော်ကို အခံရခက် ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ဒါမျိုးကိစ္စတွေ တွေ့ဖူး ကြုံဖူးပေမယ့် ကိုယ်တိုင် ကြုံလာတဲ့အချိန်မှာတော့ ဘယ်လိုမှ မယုံနိုင် ပါဘူး။ ကြီးကြီးကျယ်ကျယ် ပြောရရင် ဂျူးလီယက် ဆီဇာကို သူ့လူယုံ ဘရုတပ်က အနီးကပ် လုပ်ကြံသွားသလိုမျိုး လူယုံသတ်တဲ့ ကိစ္စမျိုးပါ။ ကိုယ်အယုံကြည်ဆုံးသူက ကိုယ့်ကို တေ့ဖြုတ်သွားတဲ့ အတွက် ရုတ်တရက် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင် ဖြစ်သွားပါတယ်။
ကျောင်းမှာတုန်းကတော့ ရည်းစားရှိတဲ့ မိန်းကလေးများကို သူငယ်ချင်းထဲက တစ်ယောက်ယောက်က ကြိုက်မိရင် အချင်းချင်း "ချသာချ ငါ့လူ။ 2 ကောင်းရင် 1 ပြုတ်တယ်။" ဆိုပြီးမြှောက်ပေးကြပါတယ်။ ကိုယ်ခံရတဲ့ အလှည့်ရောက်မှ ဒါမျိုး မြှောက်ပေးတာ ကောင်းမကောင်း ပြန်ဆင်ခြင်ဖို့ သတိရပါတယ်။ ဒါတွေကို ကိုယ်ကျင့်တရားတွေ သစ္စာရှိမှုတွေ ဆိုတဲ့ ရှုထောင့်က ကြည့်ရင်တော့ အမှားလို့ မြင်ရင် မြင်နိုင်ပါတယ်။ ဒါပေမယ့်လည်း လူတိုင်းမှာ ကိုယ့်ရွေးချယ်ခွင့်နဲ့ကိုယ် ရှိကြတာ မဟုတ်လား။ ကိုယ့်ရွေးချယ်ခွင့်က သူများကို မထိခိုက်ရင် ကောင်းတယ် ဆိုပေမယ့် ဘယ်သူမဆို ကိုယ့်စိတ်ဆန္ဒကို ဦးစားပေးတတ်တဲ့သူက ပိုများပါတယ်။ အဲဒီတော့လည်း မှားတယ်လို့ ပြောရမှာ ခက်ပါတယ်။
မိန်းကလေးပဲ ဖြစ်ဖြစ် ယောက်ျားလေးပဲ ဖြစ်ဖြစ် လက်ရှိ ရည်းစားကို ပစ်ထားခဲ့ပြီး နောက်ရည်းစားနဲ့ ပါသွားဖို့က အခြေအနေတွေ အများကြီး ရှိပါတယ်။ အများဆုံး တွေ့ရတတ်တဲ့ အခြေအနေကတော့ ရည်းစားနဲ့ တနယ်စီ တစ်နေရာစီ ဖြစ်နေတာမျိုးပါ။ ကျွန်တော့် သူငယ်ချင်းတွေကတော့ မောင်မလာ မောင်သာငတ် မောင့်နေရာမှာ လူမလပ် ဆိုပြီး ပေါက်တတ်ကရ ပြောကြပါတယ်။ မီးဝေးတဲ့ချိတ်က မာလာတယ် ဆိုတာမျိုး အနေဝေးတော့လည်း သံယောဇဉ်ဆိုတာမျိုးက အေးခဲသွားတယ်လို့ ဆင်ခြေပေးတဲ့သူက ပေးပါလိမ့်မယ်။ ဒါပေမယ့် လက်တွဲဖော်ဆိုတာမျိုးက ကံမကောင်း အကြောင်းမလှရင် တစ်ချိန်မဟုတ် တစ်ချိန် တစ်နေရာစီ ခွဲနေရတာမျိုး ကြုံရမှာပါ။ အဲဒီလို အခြေအနေမျိုးမှာမှ တောင့်မခံနိုင်ရင်တော့ ရှေ့ဆက်ပြီး လက်တွဲတာထက် စာရင် လမ်းခွဲကြတာကပဲ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ စောစောစီးစီး ကွဲတာက နောက်မှ ကွဲတာထက် အများကြီး ခံသာပါတယ်။
နောက်တစ်မျိုးကတော့ ဘုမသိ ဘမသိနဲ့ ရည်းစား တစ်ယောက် ကောက်ထားမိပြီး တကယ်ကြိုက်တဲ့သူနဲ့ တွေ့သွားတဲ့ အချိန်ကြတော့ ရထားတဲ့ ရည်းစားကို ပစ်ထားခဲ့ပြီး ကိုယ်တကယ်ကြိုက်တဲ့သူနောက် ပါသွားတတ်တာမျိုးပါ။ မောင့်ကို အချစ်ဆုံးလို့တော ပြောတာပေါ့။ မောင့်ထက်ပိုချစ် ရမယ့်သူ မတွေ့သေးခင် အချိန်ထိ ဆိုတာတော့ ဘယ်သူမှ ထည့်မပြောကြ ပါဘူး။ တကယ်တော့လည်း အဲဒီလိုမျိုး အဓိပ္ပာယ် ကောက်လို့ ရပါတယ်။ နောက်တစ်မျိုးက ကိုယ့်ရည်းစားကို ချစ်ပေမယ့်လည်း ဘယ်လိုမှ ဒဏ်မခံနိုင်လို့ ကိုယ်နဲ့ သင့်တော်မယ့်သူ တစ်ယောက်ကို ရှာသွားတာလည်း ဖြစ်နိုင်ပါတယ်။ ချစ်တာတွေ မေတ္တာတွေက အရာရာ အားလုံးကို ကျော်ဖြတ်နိုင်တယ် ဆိုတာ ဝတ္ထုတွေ ရုပ်ရှင်တွေထဲမှာပဲ ရှိပါတယ်။ အပြင်မှာတော့ တခါတလေ အဲဒီ အရာရာက ပိုအရေးကြီးတတ်ပါတယ်။ ကိုယ်နဲ့ ဘယ်လိုမှ ညှိနှိုင်းလို့ မရတဲ့ စိတ်သဘောထားချင်း မတိုက်ဆိုင်တဲ့ ချစ်သူမျိုးကို ဘဝတလျှောက်လုံး လက်တွဲဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ သည်းမခံနိုင်တဲ့ အဆုံးမှာ ဘေးက သူ့ထက်သာတဲ့တစ်ယောက် ရှိရင် အဲဒီတစ်ယောက်နောက် ပါသွားကြ တာပါပဲ။
ကိုယ့်ပတ်ဝန်းကျင်မှာ တစ်ခါကြုံဖူးလို့ အားလုံး ဒီပုတ်ထဲက ဒီပဲ ချည်းပဲ လို့ တွေးရင်တော့လည်း မှားပါလိမ့်မယ်။ တစ်ချို့ ကျတော့လည်း အံ့သြစရာ ကောင်းအောင် သစ္စာကြီး ကြပါတယ်။ ညနေက အပြင်ထွက်ရင်း လမ်းမှာ ကျောင်းတုန်းက နာမည်ကြီး အချောအလှ ကောင်မလေးတစ်ယောက်ကို အမှတ်မထင် လှမ်းတွေ့ လိုက်ပါတယ်။ သူကတော့ သူ့ကို ကြိုက်တဲ့သူတွေ ဝိုင်းဝိုင်းလည်နေပေမယ့်လည်း သစ္စာရှိရှိနဲ့ အဝေးတနေရာမှာ ရှိနေတဲ့ သူ့ရည်းစားကို နှစ်တွေ အကြာကြီး စောင့်ပြီး လက်ထပ်သွား ခဲ့ပါတယ်။ ပုံမှန်ပေမယ့်လည်း ချီးကျူးစရာ ကောင်းတဲ့ အမျိုးအစားထဲမှာ ပါပါတယ်။ တကယ်တော့လည်း ဒါမျိုးကိစ္စက ပုံသေနည်း မရှိတဲ့ ကိစ္စပါ။ တစ်ယောက်ကြုံဖူးတာနဲ့ အားလုံးကို ဝါးလုံးရှည်နဲ့ သိမ်းကျုံးရမ်းလို့တော့ မဖြစ်သေးပါဘူး။ အခြေအနေ အချိန်အခါ လူတစ်ယောက်ချင်းစီရဲ့ စိတ်နဲ့ပဲ သက်ဆိုင်တယ်လို့ ပြောရပါလိမ့်မယ်။
အခုတော့လည်း အချိန်ကြာလာတော့ စိတ်ထဲမှာ ဘာခံစားချက်မှ မရှိတော့ပါဘူး။ သူငယ်ချင်းတွေနဲ့ စကားကြုံလို့ ပြောမိရင်တောင်မှ ရယ်စရာလို ပြောလို့ ဖြစ်နေပါပြီ။ ဘဝတစ်ကွေ့မှာ ကိုယ့်ကို သင်ခန်းစာ တစ်ခု ပေးသွားတဲ့ အတွက် နောက်ကြုံရင် ကျေးဇူးတင် စကားတောင် ပြောရ ကောင်းမလား စဉ်းစားမိပါတယ်။
Labels:
အချစ်,
အတွေ့အကြုံ
Subscribe to:
Post Comments (Atom)
14 comments:
ကြည့်သေးတာပေါ့. သိုင်းကျူးဘဲပြောနိုင်မလား.မှောက်လျက်ကြီးဘဲ အိပ်ရာထဲလဲနေမလားဆိုတာ.။
အခုတောင်စဉ်းစားနေတာနဲ့မအိပ်နိုင်တာ မနက် လေးနာရီခွဲသွားပြီး ဟင်း.။
အဲ..... နောက်တမျိုး ရှိသေးတယ်ဗျ။
ကိုယ့်ချစ်သူက ဘယ်လောက်သစ္စာရှိရှိ...
မိဘက ဇွတ်အတင်း စီစဉ်ပြီး ကိုယ်က
သူသတင်းပေး အကြောင်းကြားပေမယ့် ကိုယ့်ရည်းစားကို အချိန်မှီ ခေါ်မထုတ်နိုင်ရင်လဲ သူများနဲ့ ညားတဲ့ ငါ့ရည်းစား ဖြစ်တတ်တယ်ဗျ။
အဲဒါဆိုရင်ကော ဘယ်သူ့ကို အပြစ်တင်မှာလဲ....
ကိုယ့်လူမျိုးတွေရဲ့ ဓလေ့ထုံးစံကိုလား....
ကိုယ့်ကို မယုံတဲ့ သူ့မိဘတွေကိုလား....
ဒါမှမဟုတ် မိဘဆန္ဒကို မငြင်းဝံ့ မငြင်းရဲသူကိုလား..
အချိန်မှီ သွားမခေါ်ထုတ်နိုင်တဲ့ သူကိုလား..... :P
ပုံ/
ခံလိုက်ရသူ အညတရ တဦး
ဖူးနုသစ်ဆိုတဲ့အတိုင်း အဖူးအနုအသစ်ကလေးတွေနဲ့ မကြာမကြာ ကြုံကြိုက်ဦးမှာပါ။ မဲဇလီဖူးသုပ်စားတာကို ပြောချင်တာပါ။
အချစ်ဆိုတာဘာလဲ.... ဆိုတဲ့ ခေါင်းစဉ်နဲ့ အချစ်ဆိုတဲ့ ခံစားမှုအကြောင်းကို ပို့စ်တခုလောက် ရေးပါလို့ ကိုဇက်တီကို တိုက်တွန်းချင်ပါတယ်။
မခင်ဦးမေ -> ကျေးဇူးတင်စကား မပြောရသေးတာ ကလွဲလို့ အခုလည်း လမ်းတွေ့ နှုတ်ဆက်ဖြစ်တာပါပဲ။ မှောက်ရက်တော့ မလဲပါဘူး။ :P
HeartMuseum -> စောစောစီးစီး မသိလိုက်ရတာ နာတာပဲ။ ကျွန်တော်သာ သိရင် ခိုးပြီး အဲဒီ အရောက် ပို့ပေးလိုက်မယ်။ ဒါမျိုးဆို ကူညီချင်လွန်းလို့။
ကိုပေါ -> အခုလည်း တစ်ယောက်တည်း မဟုတ်ပါဘူး။ အဟဲ။
ဆိတ်ဝင်ဇားဇယာ ကောင်းလိုက်တာ
=D
း)
အောက်ချင်းငှက်တွေတွေ့ တော့ အဟောင်းတွေအသစ်ဖစ်တယ်ပေါ့လေ
Old Flame တွေထွက်လာပြီ ..ငှဲငှဲ။
ရေခံမြေခံတူသဗျ
တခုပဲ
ကျွန်တော်က အမှတ်မရှိဘူး
:E
အခုတော့ ပိုစ့်တခုဖြစ်ခဲ့ပြီပေါ့းD
အဟဲ... ညနေက လှမ်းတွေ့လိုက်တော့ သတိတွေရသွားတယ် ဆိုပါတော့လေ...း))
ဆက်ရေးပါအုံး...
ကောင်းတယ်ဗျာ ဒါမျိုးလေးတွေ များများ ရေးပါဦး :D :D
မှောက်အိပ်နေတာ ၂လကျော်ဘီ O.o
လတ်တလော သိပ်ကြိုက်နေတဲ့ blog post ပဲဗျာ။ ကျွန်တော်လည်း ခံစားဖူးတယ်ဗျ။ ( ခဏ ခဏ ပဲ။ ) အမြဲ ကိုယ့်ထားသွား ကြုံရတာချည်းပဲ။ ခံစားရတဲ့ ဝေဒနာက မသေးဘူး။ :)
Post a Comment