Search This Blog

Monday, August 30, 2010

မနီလာ ဒိုင်ယာရီ (၃)

မနီလာမှာ ကျွန်တော်ရှိနေတဲ့ အချိန်က ဖိလစ်ပိုင် တစ်နိုင်ငံလုံး ရွေးကောက်ပွဲ ကျင်းပလုဆဲဆဲ အချိန်ပါ။ အဲဒါကြောင့် မြို့ထဲမှာ ကားတွေနဲ့  စီတန်း လှည့်ပတ်ပြီး မဲဆွယ်နေကြတာ မကြာခဏ ကြုံရ ပါတယ်။ မြို့တော်ဝန် အရွေးခံမဲ့သူက ယာဥ်တန်းရဲ့ ရှေ့ဆုံး အမိုးပွင့်ကားတစ်စင်း ပေါ်မှာ မတ်တပ်ရပ်ပြီး လိုက်လာပါတယ်။ သူ့ရဲ့ အပေါင်းအပါတွေက နောက်မှာပါလာတဲ့ ကားတွေ ပေါ်ကနေ သူ့နာမည် ရေးထားတဲ့ စာတန်းတွေ အလံတွေကို ဝှေ့ယမ်းပြီး လိုက်အားပေး ကြပါတယ်။ အဲဒီလို ပုံစံနဲ့ မြို့ထဲကို လှည့်ကြတာပါ။ ရွေးကောက်ပွဲ အတွက် မဲဆွယ် ဟောပြောနေကြ တာလည်း နေရာတကာမှာ မကြာခဏ တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဖိလစ်ပိုင်မှာ သုံးတဲ့ တာဂါးလော့ (Tagalog) စကားနဲ့ ပြောနေကြတာမို့ သူတို့ဘာတွေ ပြောနေ ကြသလဲတော့ နားမလည် ပါဘူး။ တာဂါးလော့ စကားမှာ မာဟာ ကီတာ (Mahal Kita) ဆိုတဲ့ နင့်ကို ငါချစ်တယ် အဓိပ္ပာယ် ရတဲ့ စကား တစ်လုံးပဲ နားလည်ပါတယ်။

ဖိလစ်ပိုင်က နိုင်ငံရေး အတော်နိုးကြားတဲ့ နိုင်ငံလို့ ထင်ရပါတယ်။ သတင်းစာ လွတ်လပ်ခွင့်လည်း အပြည့်အဝ ရှိပါတယ်။ အဲဒီအချိန်က GMA လို့ လူသိများကြတဲ့ အာရိုယိုနဲ့ သူတို့ဆီက ကျော်ဟိန်းလို နာမည်ကြီးတဲ့ မင်းသား ဖာနန်ဒို ပိုး ဂျူနီယာတို့ သမ္မတ ရွေးပွဲမှာ အားပြိုင်လို့ ကောင်းနေကြတဲ့ အချိန်ပါ။  အာရိုယိုက အရင်က ဖိလစ်ပိုင်ရဲ့ ဒုတိယ သမ္မတပါ။ သမ္မတ ဂျိုးဆက် အက်စထရာဒါ ပြုတ်သွားတဲ့ အတွက် သမ္မတ ဖြစ်လာခဲ့ ပါတယ်။ အာရိုယိုက အစောပိုင်းမှာ သမ္မတ အနေနဲ့ ဝင်အရွေး မခံဘူးလို့ ပြောထား ပြီးတော့မှ နောက်ပိုင်း စိတ်ပြောင်းသွားပြီး သမ္မတ အနေနဲ့ ဝင်အရွေးခံ ပါတယ်။ ဖိလစ်ပိုင် သတင်းစာမှာ ထောင်ထဲရောက်နေတဲ့ ဂျိုးဆက် အက်စထရာဒါကို အင်တာသွားဗြူးပြီး ရွေးကောက်ပွဲ အကြောင်း ထင်မြင်ချက် တောင်းတာမျိုးလည်း ပါတတ်ပါတယ်။ လက်ရှိ သမ္မတ ဖြစ်နေတဲ့ အာရိုယိုကို နှိပ်ကွပ်တဲ့ သတင်းမျိုးတွေလည်း ဖတ်ရတတ် ပါတယ်။ ဟိုတယ်မှာ နေတဲ့အချိန် ဆိုတော့ မနက်ခင်း မိုးလင်းရင် သတင်းစာ တစ်စောင်က အခန်းဝမှာ ရောက်နေတတ်တာမို့ သတင်းစာတော့ နေ့တိုင်း ဖတ်ဖြစ်ပါတယ်။

ရွေးကောက်ပွဲ အကြောင်း ခဏထားပြီး မနီလာရဲ့ ညတွေ အကြောင်းကို ဆက်ပါဦးမယ်။ ကလာယန်က ပြန်လာပြီးတော့ နောက်ပိုင်း ညတွေမှာတော့ မနီလာ ဟတ်ဒ်ရော့ခ် ကဖေးကိုပဲ ရောက်ဖြစ်ပါတယ်။ ဝင်ကြေး ယူအက်စ် ၇ ဒေါ်လာနဲ့ အဖျော်ယမကာ ၂ ခွက် အလကား သောက်ရတာမို့ အတော်တန်တယ် ပြောလို့ ရပါတယ်။ မှတ်မှတ်ရရ ကျွန်တော်တို့ အုပ်စုထဲက အင်ဂျင်နီယာ တစ်ယောက် အရက် မသောက်ချင်ဘူး ဆိုပြီး Long Island Tea ဆိုတာကို ဘာမှန်း ညာမှန်းမသိပဲ မှာသောက်တာ နောက်တော့မှ ကျွမ်းပစ်နေလို့ ဟိုတယ်ကို ထမ်းမပို့ရုံ တမယ် တွဲပြီး ပြန်ရပါတယ်။ Long Island Tea ဆိုတာ ရမ် နဲ့ စပ်ထားတဲ့ အဖျော်ယမကာ တစ်မျိုးပါ။

သုံးပတ်လောက် ကြာတော့ ဗီဇာကုန်သွားလို့ စင်ကာပူကို တပတ်လောက် ခဏပြန်ပြီးမှ မနီလာကို နောက်တစ်ခေါက် ထပ်ရောက် ဖြစ်ပါတယ်။ အဲဒီတုန်းက ဇာတ်လမ်းတစ်ခုကို ဒါမျိုးတွေလည်း ဖြစ်တတ်ပါတယ် ဆိုတဲ့ နာမည်နဲ့ ပို့စ်တစ်ခု ရေးခဲ့ဖူးပါတယ်။ ဒီတစ်ခါတော့ ကျွန်တော် တစ်ယောက်တည်း ပြန်ရောက်လာတာပါ။ ကျန်တဲ့ သူတွေအားလုံး နောက်မှ လိုက်လာမယ် ဆိုပြီး စင်ကာပူမှာ ကျန်နေခဲ့ကြပါတယ်။ စက်ရုံမှာ အနေကြာပြီမို့ ကျွန်တော်နဲ့ စက်ရုံက အင်ဂျင်နီယာတွေနဲ့ အဖွဲ့ကျ နေပါပြီ။ တစ်နေ့တော့ သူတို့ အုပ်စုထဲက ၃ ယောက် ရာထူးတက်တဲ့ အထိမ်းအမှတ် အနေနဲ့ နိုက်ကလပ်မှာ ပွဲလုပ်မှာမို့ ကျွန်တော့်ကို သူတို့နဲ့ အတူ လိုက်ခဲ့ဖို့ ခေါ်ပါတယ်။ အဲဒီ အချိန်က တစ်နေကုန် စက်ရုံထဲမှာ စက်တွေနဲ့ လုံးပမ်းပြီး ဖြစ်သမျှ ပြသနာ အားလုံးကို တစ်ယောက်တည်း ဒိုင်ခံ ရှင်းနေရတာမို့ ညနေဆိုရင် ဟိုတယ်မှာ ပြန်ပြီး နားချင်တဲ့စိတ်ပဲ ရှိပါတယ်။ ဘယ်ကိုမှ မသွားချင်ပါဘူး။ အဲဒါကြောင့် အလုပ်များနေလို့ မလိုက်ချင်ဘူးလို့ ယဥ်ယဥ်ကျေးကျေးပဲ အကြောင်းပြပြီး ငြင်းလိုက်ပါတယ်။ ဒါပေမယ့်လည်း သူတို့က ကျွန်တော်တို့ ကုမ္ပဏီရဲ့ ဖိလစ်ပိုင် ကန်းထရီး မန်နေဂျာ ကနေ တဆင့် ကျွန်တော့်ကို ပြောခိုင်းတာနဲ့ ငြင်းလို့ မရတော့ပဲ သူတို့ အုပ်စုနဲ့ အတူ  ပါသွားပါတယ်။ သူတို့ကတော့ မင်း ငါတို့နဲ့ ဒီည လိုက်လာလို့ နောင်တ မရစေရဘူးလို့ အာမခံပါတယ်။

စက်ရုံက စထွက်တော့ သုံးဘီးဆိုင်ကယ်နဲ့ ချောင်ကြိုချောင်ကြားက ထမင်းဆိုင် တစ်ဆိုင်ကို အရင်ဆုံး သွားကြပါတယ်။ ဒီလူတွေ ဘာကိစ္စနဲ့ ဒီလို ချောင်ကြိုချောင်ကြားက ထမင်းဆိုင်ကို လာရတာလဲ ဆိုတာ မတွေးတတ်လို့ ဘာလုပ်မလို့လဲ လို့ မေးကြည့် မိပါတယ်။ သူတို့က ဒီမှာ စပါယ်ရှယ်ဟင်း ရတယ်။ တခြားနေရာမှာ မရဘူး လို့ ပြောပြပါတယ်။ သူတို့ ပြောတဲ့ စပါယ်ရှယ်ဟင်းက တခြားတော့ မဟုတ်ပါဘူး။ ဖိုက်တင်းဘောပါ။ ကျွန်တော့်ကတော့ အဲဒီဟင်းကို နာမည်ကြားရုံနဲ့တင် မစားချင်တာနဲ့ ရိုးရိုးဟင်း တစ်မျိုးနဲ့ပဲ စားပါတယ်။ အဲဒီအချိန်က ဖိုက်တင်းဘောရဲ့ အစွမ်းသတ္တိများကို မကြားဖူး ပါဘူး။ သူတို့ကတော့ ဒီညအတွက် ဒါစားမှ ဖြစ်မယ်လို့ ကြုံးဝါးပြီး စားကြပါတယ်။

ထမင်းဆိုင်ကနေ ထွက်တော့ ဘတ်စ်ကား စီးပြီး ခရီးဆက်ခဲ့ကြ ပါတယ်။ ကျွန်တော်လည်း လိုက်သာ လိုက်လာရတယ်။ သူတို့ ဘယ်ကို ဦးတည်သွားနေတယ် ဆိုတာကို မသိပါဘူး။ မြို့လည်ခေါင် မဟုတ်တဲ့ နေရာတစ်နေရာကို ရောက်တော့ ဘတ်စ်ကားပေါ်က ဆင်းပြီး ဂျစ်ပနေး စီးကြပါတယ်။ အဲဒီနေရာကို ကူဘောင်း (Cubao) လို့ ခေါ်တယ်လို့ သူတို့က ကျွန်တော့်ကို ပြောပြပါတယ်။ နောက်ဆုံးတော့ ကျွန်တော်တို့ ဦးတည်သွားနေတဲ့ နိုက်ကလပ်ကို ရောက်ခဲ့ကြပါတယ်။

နိုက်ကလပ် အဝင်ဝမှာ လုံခြုံရေးအစောင့်တွေက ကျွန်တော်တို့ ဖုန်းတွေ အားလုံးကို စစ်ပါတယ်။ ကင်မရာ ပါတဲ့ ဖုန်းတွေ အားလုံးကို Memory ကတ်ဒ် ဖြုတ်ယူ ထားပါတယ်။ အဲဒီကတည်းက တစ်ခုခုတော့ တခုခုပဲ ဆိုတာ စိတ်ထဲမှာ သိလိုက်ပါတယ်။ ဝင်ကြေးကတော့ ပီဆို ၁၂၀ ဆိုတော့ စင်ကာပူ ၄ ဒေါ်လာလောက် ကျပါတယ်။ တံခါးဖွင့်ပြီး အထဲကို ဝင်လိုက်တော့ မျက်လုံးပြူးသွားပါတယ်။ အော် ဖိလစ်ပိုင်မှာ ဒီလောက် ဆင်းရဲတဲ့ ကောင်မလေးတွေလည်း ရှိသေးတယ် ဆိုတာကို ဆိုတာကို မျက်ဝါးထင်ထင် မြင်လိုက်ရလို့ပါ။

စင်မြင့်ပေါ်မှာ Gun N' Roses ရဲ့ November Rain သီချင်းနဲ့ ကောင်မလေး တစ်ယောက် ကနေပါတယ်။ အဲဒီ ကောင်မလေးရဲ့ တစ်ကိုယ်လုံး မိတ်ကပ် လူးထားပါတယ်။ ဖိလစ်ပိုင်မှာ တွေ့ခဲ့ဖူးသမျှ တခြား ကောင်မလေးတွေနဲ့ ယှဥ်ရင် အဲဒီကောင်မလေးက တော်တော့်ကို ချောတယ်လို့ ပြောလို့ ရပါတယ်။ သူတို့က ကျွန်တော့်ကို ကလပ်ထဲ ခေါ်သွားပြီး စင်မြင့်ဘေးက ခုံတစ်ခုံမှာ နေရာချပေးပါတယ်။ ဧည့်သည်မို့လို့ မြင်ကွင်း အကောင်းဆုံး နေရာမှာ ချပေးတာ ဖြစ်မှာပါ။ ခဏနေတော့ ကောင်မလေးက စင်ပေါ်မှာ ကနေရင်း ကနေ စီးကရက် တစ်လိပ်ကို မီးညှိပြီး ထိုင်ချ လိုက်ပါတယ်။ နောက်တော့ ထိုင်ရက်နဲ့ ဆေးလိပ်သောက်ပြပါတယ်။ စီးကရက်ကို အပေါ်နှုတ်ခမ်းနဲ့ မသောက်ဘဲ အောက်နှုတ်ခမ်းနဲ့ သောက်ပြတာမို့ ကလပ်ထဲမှာ လက်ခုပ်သံတွေ ဆူညံသွားပါတယ်။

ကျွန်တော်နဲ့ အတူပါလာတဲ့ ဖိလစ်ပိုင် အင်ဂျင်နီယာ တစ်ယောက်က ငါအနောက်ထဲ ဝင်လိုက်ဦးမယ်။ ဆိုပြီး စပ်ဖြဲဖြဲနဲ့ ဝင်သွားပါတယ်။ ခဏနေတော့ နောက် ကောင်မလေး တစ်ယောက် တက်လာပါတယ်။ ကောင်မလေး ပုံစံက အခုမှ စပြီး ကဖူးတာ ဆိုတာ တော်တော် သိသာပါတယ်။ ဒီကောင်မလေး အလှည့်ကျတော့ အမေပေးတဲ့ လယ်တစ်ကွက်တောင် ထုတ်မကြွားလိုက် ရပါဘူး။ စင်ပေါ်ကနေ ပျောက်သွား ပါတယ်။ အဲဒီလိုနဲ့ နောက်ထပ် ကောင်မလေး တစ်ယောက် တက်လာ ပြန်ပါတယ်။ ဒီကောင်မလေးကတော့ ရှိသမျှ အကုန် ထုတ်ကြွားပါတယ်။ အဲဒီကောင်မလေး ကလို့ ပြီးသွားတော့ စင်ပေါ်က ဆင်းပြီး ကျွန်တော်တို့ စားပွဲကို ရောက်လာပါတယ်။ နောက်တော့ ကျွန်တော့်ဘေးမှာ ထိုင်နေတဲ့ အင်ဂျင်နီယာရဲ့ ပေါင်ပေါ် တက်ထိုင်ပါတယ်။ သူ့နောက်ကနေ စားပွဲထိုး တစ်ယောက်က အရက်ခွက် ကလေးတွေ ထည့်ထားတဲ့ ဗန်းကလေး ကိုင်ပြီး လိုက်လာပါတယ်။ ကောင်မလေးက ပေါင်ပေါ် တက်ထိုင်ပြီးတာနဲ့ ဗန်းထဲက အရက်တစ်ခွက် ယူသောက်ပါတယ်။ ခဏနေတော့ နောက်စားပွဲကို ကူးသွားပါတယ်။ စားပွဲထိုးက ဘီလ်စာရွက်ကလေး တစ်ရွက် လာပေးလို့ ကြည့်လိုက်တော့ ကောင်မလေး သောက်သွားတဲ့ အရက်ခွက်ဖိုး  ပီဆို ၁၅၀ ပါ။ ခုန ကောင်မလေး တက်ထိုင်သွားတဲ့ အင်ဂျင်နီယာက ဘီလ်စာရွက်ပေါ်မှာ လက်မှတ် ထိုးပေးလိုက်ပါတယ်။

ဒီလိုနဲ့ ညသန်းခေါင် အထိ ရော့ခ်ဂီတ သံစဥ်တွေကို ခံစားနေကြပါတယ်။ :D ရုပ်ရှင်ထဲမှာ ကြည့်ရတာနဲ့တော့ မတူပါဘူး။ နည်းနည်း ကွာပါတယ်။ စင်ပေါ်မှာ ကနေတဲ့ ကောင်မလေးတွေကလည်း ရက်ရက်စက်စက်ကို ချောကြလှကြ ပါတယ်။ ကျွန်တော့် စားပွဲက အင်ဂျင်နီယာတွေလည်း တစ်ယောက်ပြီး တစ်ယောက် မကြာခဏ ပျောက်ပျောက် သွားကြပါတယ်။ ညသန်းခေါင် ကျော်မှ ကျွန်တော်တို့ ပြန်ဖို့ ပြင်ကြပါတယ်။ ပြန်ခါနီး စားပွဲက ထလာတော့ စက်ရုံမှာ စည်းကမ်း အတင်းကျပ်ဆုံးလို့ သိထားတဲ့ ထိပ်ပြောင်မန်နေဂျာကြီး ကျွန်တော်တို့ ဘေးက ဆိုဖာခုံမှာ ကောင်မလေး ဘယ်တစ်ယောက် ညာတစ်ယောက်နဲ့ ထိုင်နေတာကို တွေ့လိုက် ပါတယ်။ တကယ်တော့လည်း ကျားဆိုတာက ကျားပါပဲ။  မန်နေဂျာကြီး ဘေးက ကောင်မလေး တွေလည်း သူတို့ ရှိသမျှ မခြွင်းမချန် အကုန် ထုတ်ကြွား ထားပါတယ်။။  မန်နေဂျာကြီးက ကျွန်တော့်ကို တွေ့တော့ ဘယ်လိုလဲ လို့ လှမ်းမေးပါတယ်။ အားလုံး အဆင်ပြေပါတယ် လို့ပဲ ပြန်ဖြေလိုက်ပါတယ်။

အမှန်တကယ်တော့ ဒီပွဲကို စပွန်ဆာ လုပ်တာက စက်ရုံကို ပစ္စည်းသွင်းတဲ့ ဆပ်ပလိုင်ယာ တစ်ယောက်ပါ။ ပြန်ခါနီးမှာ ကျွန်တော့် ရှေ့မှာ ပိုက်ဆံရေပြီး ရှင်းနေတာ တွေ့ရပါတယ်။ သူတို့ ရှင်းနေတဲ့ ပိုက်ဆံက ပီဆို ၄ သောင်းကျော်မို့ မျက်လုံးပြူး သွားပါတယ်။ စလုံးနဲ့ တွက်ကြည့်ရင် တစ်ထောင်နဲ့ တစ်ထောင့်ငါးရာ ကြားမှာ ရှိပါတယ်။ အဲဒါနဲ့ ကျွန်တော့် ဘေးက အင်ဂျင်နီယာကို များလှချည်လားဟ။ ငါတို့ ဘီယာ တပုလင်း သောက်တာမှ ပီဆို ၁၀၀ တောင် မကျဘူး။ ဘယ်လိုဖြစ်လို့ ၄ သောင်း ကျော်ရတာလဲ လို့ မေးတော့ ငါတို့တွေ အနောက်ထဲမှာ ဗွီအိုင်ပီခန်း ဝင်တာ ၂ နာရီကို ၂ ထောင် ကျတယ်လေကွာ လို့ ပြန်ဖြေပါတယ်။ အခုမှပဲ ကျွန်တော့် စားပွဲက အင်ဂျင်နီယာတွေ ဘာလို့ ပျောက်သွားရသလဲ ဆိုတာ သဘော ပေါက်ပါတယ်။

နောက်နေ့ စက်ရုံမှာ ပြန်တွေ့တဲ့ အချိန်ရောက်တော့ မန်နေဂျာတွေ ညက ကဲခဲ့တာ သူတို့ မဟုတ်သလိုပါပဲ။ အင်ဂျင်နီယာ တစ်ယောက်ကတော့ ညက အိမ်ပြန်ရောက်တော့ မိန်းမနဲ့ ပြသနာ တက်တယ်ကွ လို့ ပြန်ပြောပါတယ်။ ကျွန်တော်တို့ အားလုံးက ဘာဖြစ်လို့လဲ လို့ ဝိုင်းမေးကြတော့ ငါ့ပါးစပ်က ဆေးလိပ် နံ့မရဘဲ ကိုယ်က ဆေးလိပ်နံ့ ရနေလို့ ငါ့မိန်းမက စဥ်းစား မရ ဖြစ်နေတယ်။ အဲဒါနဲ့ ငါ့မိန်းမက ငါ့ကို ပြသနာ ရှာတာ။ ငါလည်း ဒီလိုပဲ လှည့်ပတ်ပြီး လိမ်ရတာပေါ့ကွာ။ သူသဘောမပေါက်လို့ တော်သေးတယ် လို့ ပြန်ပြောပြ ပါတယ်။ ကျွန်တော်တို့ အားလုံး သူ့စကားကို ကြားတော့ ဝိုင်းရယ်ကြပါတယ်။

မနီလာ ဒိုင်ယာရီကို ဒီမှာ တစ်ခန်းရပ်ပါဦးမယ်။

9 comments:

khin oo may said...

သော်တာဆွေ စာအုပ်ထဲမှာ မိုးကုတ်မြမောင်ပဲရစ်ကိုသွားတာ အဲသလိုဘဲ. တစ်ညထဲနဲ့ပေါင်ငါးရာထင်တယ်ရှင်းခဲ့ရတယ် အဲဒီခေတ်က ပညာတေတ်ာသင်တစ်ယောက်ကို ခေါ်ပြီး. မိုးကုတ်မြမောင်နဲ့နောက်တစ်ယောက်နဲ့ပေါ့

သုံးယောက်ထင်တယ်။ ပျော်လိုက်တာဗျာတဲ့။ ကောင်မလေးတွေ ကဝင်လာ ကျွန်တော်တို့က ခြေထောက်နဲ့ထိုး လဲသွားရော သူတို့သယ်လာတဲ့ဗန်းကတည်းက ပန်းကန်တွေလည်းကွဲ. ရယ်နေကြတာဘဲ ရယ်ဘဲရယ်ချင်နေကြတယ် သောက်လဲသောက်ထားတာကိုး ပိုက်ဆံရှင်းတော့ကွဲတာတွေ ပါထည့်ရှင်းရတာပေါ့။

သော်တာဆွေက စိတ်ဆိုးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမပါလိုက်ရလို့။
ZT ကော တောက်မခေါက်လိုက်ဘူးလား။

Anonymous said...

ကဲတဲ့ထဲ သူမပါသလိုလို ရေးထားတယ်နော်..လူလည်.. ကဇက်တီ
သို့သော် ကျားဟာကျားပါပဲလို့ ဖြောင့်ချက်ကို မသိမသာရေးထားတယ်။

ဟိဟိ
း)
mm

ရွှေရတုမှတ်တမ်း said...

ဒီလိုနဲ့ ပြန်လာရိုးလား....
ဟင်း...မသိရင်ခက်မယ်...
ဘန်ကောက်ကဟာတွေကတော့ ဆေးလိပ်သောက်ယုံမကဘူး မျှားပစ်၊ ဘလိပ်ဒါးထုတ်ဝ ပန်းချီဆွဲ ငှက်ပျောသီးစား အကုန်တတ်တယ်

ချစ်ကြည်အေး said...

အဲသလိုဆိုတော့ ကိုZT သမာဓိ အတော်ကောင်း၊ စိတ်အတော်ခိုင်ပေတာပဲ....သာဓု သာဓု...:)

Rita said...

စာရေးမိနေလို့လားမသိဘူး။
ဇာတ်ကွက်ကို နည်းနည်း လှည့်ထားမှန်း ရိပ်မိနေတယ်။

ZT said...

အမှန်အတိုင်းရေးတောင် မယုံကြပါလား။ :)

sosegado said...

မနီလာမှာ နယ်ခံနှင့်သွားရင် အကောင်းဆုံးပါပဲ၊ ပျော်စရာကောင်းခဲ့မယ်လို့ထင်ပါတယ် ဘန်ကောင်ကို ပိုကြိုက်တယ်၊ မနီလာမှာ နောက်ကျောက ယားတလိုလို ခံစားရတယ်၊ တိုးရ် နဲ့သွားတဲ့ ဟောင်ကောင်တွေခံလိုက်ရတယ်၊

:P said...

ဒီမယ်... ဘာမှ မဘာခဲ့လဲ မြင်ခဲ့ရတာနဲ့ တန်ပါတယ် ...(ဟမ်)

Anonymous said...

မဂန်သာ ဥမာဂါ ဆိုတာ Good Morning
မဆွန်းငိဆိုတ ur naughty
ခူယားဆိုတာ bigbrother
မှတ်မိတဲ့ စာလုံးတွေ ကျန်သေးတယ်ဗျ

ကျနော်တို့ သွားခဲ့ဖူးတဲ့ ယိုးဒယားပက်ပုန်းညလေးကို သတိရသွားစေတယ်.

ကိုဇက်တီက ဖိုက်တင်းဘောမှ စားမသွားတာနော်..