Search This Blog

Monday, September 6, 2010

အဆုံးထိအောင်ကျပ်

"​ဟေ့ကောင်။ ဘယ်လို ဖြစ်နေတာလဲဟ။"
လက်ပတ်နာရီကို မြှောက်ပြီး တကြည့်ကြည့်လုပ်နေတဲ့ မောင်မျိုးကို ကြည့်ပြီး ကျော်စွာက လှမ်းပြောလိုက် ပါတယ်။ စလုံးမှာ သူတို့ သူငယ်ချင်းတွေ မဆုံဖြစ်တာကြာလို့ ပင်နင်ဆူလာ ပလာဇာ အနောက်က ဒေါ်ရိတ်ကြီးဆိုင်လို့ သိကြတဲ့ နိုင်တီနိုင်းမှာ ဘီယာသောက်နေကြတာပါ။ ရန်ကုန်မှာ ဒေါ်ရိတ်ကြီးက မီးသတ် ရှေ့မှာ ရှိပြီး စလုံးမှာလည်း နိုင်တီးနိုင်းက မီးသတ်ရှေ့မှာ ရှိတာမို့ တချို့က နိုင်တီနိုင်းကို ဒေါ်ရိတ်ကြီးလို့ နာမည်ပေးထား ကြပါတယ်။
"အတော် နောက်ကျနေပြီ။ အိမ်မှာ မိန်းမ မျှော်နေတော့မယ်။"
"ခွီးတဲ့မှပဲ။ ဘာနောက်ကျတာလဲ။ မင်းမိန်းမနဲ့က နေ့တိုင်းတွေ့နေရတာ။ အခုလို သူငယ်ချင်းတွေ ဆုံဖို့ဆိုတာ လေးငါး ခြောက်လ နေလို့မှ တစ်ခါတောင် မလွယ်ဘူး။ တစ်ရက်တစ်လေတော့ လွှတ်ထားလိုက်စမ်းပါဟ။"
"မင်းတို့ ငါ့မိန်းမ အကြောင်း မသိဘူးနော်။ ငါ့မိန်းမက မင်းမိန်းမလို မဟုတ်ဘူး။"
"ဘာမဟုတ်တာလဲ။ ဟေ့ကောင်။ မှတ်ထား။ လွတ်လပ်ရေး ဆိုတာ တိုက်ယူမှ ရတာ။ ငါ့မိန်းမလည်း အရင်က ဒီလိုဆို ပူညံပူညံပဲ။ အခုတော့ ကျင့်သားရသွားလို့ ဘာမှ မပြောတော့ဘူး။ မိုးချုပ်တာ ကိစ္စမရှိဘူး။ ပြန်လာရင် ပြီးတာပဲ ဖြစ်သွားပြီ။ မိန်းမဆိုတာ ဒီလိုပဲ ကျင့်ပေးရတယ်။ "
မောင်မျိုးက သူ့ရှေ့က ဘီယာခွက်ကို ကောက်မော့ပြီး သက်ပြင်းချတယ်။
"မဟုတ်သေးဘူးနော်။ ငါအခု တစ်နာရီ နှစ်နာရီလောက် ပိုနေရင် နောက်ထပ် တစ်ရက် နှစ်ရက်လောက် ပြန်ချော့နေရမယ်။ မဖြစ်ပါဘူးကွာ။"
"ဟေ့ကောင်။ မင်းအခု သူငယ်ချင်းတွေနဲ့ သွားတာပဲ။ ပြောမထားဘူးလား။"
"ပြောတော့ ပြောထားတာပေါ့ကွာ။ ဒါပေမယ့် အခု မက်ဆေ့တွေ တစ်တီတီ ပို့ပြီး ပြန်မလာသေးဘူးလား မေးနေပြီ။ ငါလည်း အခု ခဏနေရင် ပြန်လာတော့မှာပါလို့ ပြောထားရတယ်။
"မင်းမိန်းမ ငါပြောပေးမယ်ကွာ။"
"မလုပ်ပါနဲ့ကွာ။ တကယ် မဖြစ်လို့ပါ။ နောက်တစ်ခေါက်ပေါ့။"
"ဟေ့ကောင်။ မပြန်နဲ့နော်။ မင်းပြန်ရင် အသိပဲ။"
"မဖြစ်ဘူးကွ။ ငါ့မိန်းမက ပိုအရေးကြီးတယ်။"
မောင်မျိုးက ပြောပြောဆိုဆို လက်တော့ပ် အိတ်ကလေး ကောက်ဆွဲပြီး ထိုင်ရာက ထလိုက်တယ်။
"ကဲ အားလုံးပဲ။ လစ်ပြီဟေ့။ နောက်တစ်ခေါက် ဆုံကြသေးတာပေါ့ကွာ။"
ပြောပြောဆိုဆိုနဲ့ လစ်ထွက်သွားတဲ့ မောင်မျိုးကို ကြည့်ပြီး သူငယ်ချင်းတွေ အားလုံး ဒေါကန်ပြီး ကျန်ခဲ့ကြတယ်။
"ဒီကောင်က လွန်လွန်းတယ်။ ဘော်ဒါအရင်းကြီးတွေကို အဲဒီလို ရှော်တာတော့ ဘယ်ကောင်းမလဲ။" လို့ ကျော်စွာက စပြောတယ်။
"အေးကွာ။ ကျွတ်ကြဲလိုက်တာကလည်း လွန်ပါရော။" မောင်သက်ကလည်း ဝင်ထောက်ခပါံတယ်။
"ဟေ့ကောင်။ ဒီကောင့်ကို နည်းနည်း ပညာပေး လိုက်ရအောင်။ မှတ်လောက် သားလောက်အောင်။" အစအဆုံး ငြိမ်နေတဲ့ ဖက်တီးက ဝင်ပြောပါတယ်။
"ဘယ်လို ကျပ် မှာလဲ။" လို့ မောင်သက်က ပြန်မေးတော့ "ဒီလိုကွ.." ဖက်တီးက သူ့ရဲ့ အကြံကို ပြောပြတယ်။ အားလုံးက မောင်မျိုးကို တင်းနေကြတာမို့ " ကောင်းတယ်" ဆိုပြီး ဝိုင်းထောက်ခံကြ ပါတယ်။

ဒီလိုနဲ့ သုံးလေးရက်လောက် ကြာပြီးတဲ့ အချိန်မှာတော့ မောင်မျိုးတစ်ယောက် အိမ်မှာ ရှိနေတဲ့အချိန် သူ့ဟင်းန်ဖုန်းက မြည်လာပါတယ်။ ဖုန်းလာတဲ့အချိန်က ကံမကောင်း အကြောင်းမလှစွာပဲ မောင်မျိုးတစ်ယောက် ရေချိုးခန်းထဲ ရောက်နေပါတယ်။ အပြင်မှာ ရှိနေတဲ့ သူ့မိန်းမ မချိုက သူ့ ဟင်းန်းဖုန်းကို ကောက်ကိုင်ပါတယ်။
"ဟဲလို"
"ကိုကို လားဟင်။" တစ်ဖက်က မိန်းကလေး အသံနဲ့မို့ မချို တစ်ယောက် ဇဝေဇဝါ ဖြစ်သွားပါတယ်။
"ဘယ်သူလဲ မသိဘူး။ ညီမလေး ဖုန်းမှားနေပြီထင်တယ်။"
"မမှားပါဘူး။ ဒါက ကိုကို့ဖုန်းပါ။ ကိုမျိုး ဖုန်း မဟုတ်ဘူးလား။" မချိုတစ်ယောက် အဲဒီလို ကြားလိုက်ရတော့ ဒေါသတွေ အလိပ်လိုက် ထွက်လာပါတယ်။
"ဟုတ်တယ်ဟေ့။ ဒါကိုမျိုးဖုန်း။ ငါက သူ့မိန်းမ။ နင်က ဘယ်သူလဲ။"
"အယ်။ အစ်မကလည်း လာနောက် နေပြန်ပြီ။ ကိုမျိုးက လူပျိုကြီးကို။ မသိတာ မှတ်လို့။ အစ်မက ကိုမျိုး အစ်မလား။"
မချိုတစ်ယောက်တော့ စွေ့စွေ့ခုန် နေပါပြီ။
"ဘာ လူပျိုကြီးလဲ။ နင့်ကို ဘယ်သူက လူပျိုကြီးလို့ ပြောသလဲ။"
"ကိုမျိုးက သမီးတို့ကို လူပျိုကြီးလို့ ပြောတာပဲ။ လူပျိုကြီးမှ ရည်းစားတောင် မထားဘူးတဲ့ လူပျိုကြီး လို့ ပြောတယ်။"
"မဟုတ်ဘူးဟေ့။ မဟုတ်ဘူး။ ငါက သူ့မိန်းမ။ ပေါင်းလာတာ ကြာပြီ။ နင်တို့ခေတ် ကောင်မလေးတွေ ရွကို ရွတယ်။ သူများ ယောက်ျားကို လူပျိုမှန်းမသိ လူအိုမှန်းမသိ။"
မချိုတစ်ယောက် ဖုန်းကို ဆောင့်ကြီးအောင့်ကြီး ပိတ်ပြီး စိတ်ထဲကတော့ သိကြသေးတာပေါ့ လို့ ကြိမ်းလိုက်ပါတယ်။ မောင်မျိုးတစ်ယောက်တော့ သူကြမ္မာငင်နေတာ မသိဘဲ ရေချိုးခန်းထဲမှာ သီချင်းလေး တစ်အေးအေးနဲ့ ရေချိုးနေပါတယ်။ ကံဆိုးမိုးမှောင်ကျချင်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူညည်းနေတဲ့ သီချင်းက အချစ်ကလေး ကိုယ့်ကိုနားလည်ပေးပါ ကလေးရယ် ဆိုတဲ့ ချစ်ကောင်းသီချင်း ဖြစ်နေတာပါပဲ။ မချိုတစ်ယောက် အပြင်ကနေ သီချင်းသံကို နားထောင်ရင်း ယမ်းပုံမီးကျ ဖြစ်နေပါတယ်။
 "ဒီမယ်။ ရှင် အတော်ထနေသလား။ ဘာကလေးလဲ။ ဒီမှာ ကိုယ့်မိန်းမကြီး ငုတ်တုတ် ရှိနေတာ သတိရစမ်းပါဦး။" မချိုတစ်ယောက် ဒေါသတကြီးနဲ့ အပြင်ကနေ ရေချိုးခန်းတံခါးကို တဝုန်းဝုန်း ထုရင်း အော်ပါတယ်။
 မောင်မျိုးတစ်ယောက် သီချင်းသံ တိတ်သွားပါတယ်။ "ဘာဖြစ်တာလဲ မိန်းမရ။ ကိုယ့်ဘာသာကိုယ် သီချင်းဆိုတာပဲ။ မဆိုရဘူးလား။" လို့မောင်မျိုးက ရေချိုးခန်းထဲကနေ ပြန်ပြောပါတယ်။
"ဘာလဲ။ ရှင်က ကျွန်မကို ဘတ်ချင်သေးလို့လား။ အခုပဲ ရှင့်ဟာမလေး ဖုန်းဆက်တယ်။ အပြင်ကို ထွက်ခဲ့စမ်းပါဦး။ အဲဒီကိစ္စရှင်းရအောင်။"
"ဘယ်ကဟာမလေးလဲ။ မင်းကတော့ ကွိုင်ပဲကွာ။"
မောင်မျိုးတစ်ယောက် ဝါးတားတားနဲ့ ရေချိုးခန်းထဲကနေ ထွက်လာပါတယ်။ သူ့မိန်းမ ဘာဖြစ်လို့ နှာကစ်နေသလဲ ဆိုတာကို သူ ဇဝေဇဝါ ဖြစ်နေပါတယ်။
"ပြောစမ်းပါဦး။ ရှင်က ဘယ်က ဟာမတွေနဲ့ အလေလိုက်နေရတာလဲ။" မချိုက အော်ပါတယ်။
"ဟ။ ဘာအလေလိုက်ရမှာလဲ။ ငါ ရုံးနဲ့ အိမ်။ အိမ်နဲ့ ရုံးကလွဲရင် သွားလေရာ နေရာမှာ မင်းတကောက်ကောက် လိုက်နေတာပဲ မဟုတ်ဘူးလား။ ငါက ဘယ်အချိန် သွားအလေလိုက်ရမှာလဲ။"
"အောင်မယ်။ ရှင် ကျွန်မကို ငထူငအ များမှတ်နေသလား။ ရှင် အိုဗာတိုင် အိုဗာတိုင်နဲ့ ကျွန်မကို ဘတ်ကီးရိုက်ပြီး အဲဒီဟာမလေးတွေနဲ့ ရှုပ်နေတာ မဟုတ်လား။"
"ဟာ။ မင်းကတော့ အတော်စားတာပဲ။ ရုံးမှာ အလုပ်ရှိမှတော့ အိုဗာတိုင် လုပ်ရမှာပေါ့။"
"ဒီမယ်။ ခုန ရှင့်ဟာမလေး ဖုန်းဆက်တယ်။ ကိုကို ရှိလားတဲ့။ ရှင်က ဒါတင်မကသေးဘူး။ ကိုယ့်ဘာသာကိုယ် ရည်းစား မရှိတဲ့ လူပျိုကြီးတောင် ပြောထားလိုက်သေးတယ်။"
"ကွိုင်ပဲ။ တစ်ယောက်ယောက် ငါ့ကို ကျပ်တာ နေမှာပါ။"
မချိုက ဒေါသထွက်လာတာနဲ့ ဘေးနားက ရှိတဲ့ စတီးဇလုံနဲ့ မောင်မျိုးကို ကောက်ထု ထည့်လိုက်ပါတယ်။ မောင်မျိုးလည်း ရုတ်တရက်မို့ အငိုက်မိပြီး ဘုထွက် သွားပါတယ်။
"တောက်" မောင်မျိုးတစ်ယောက် တောက်တချက် ခေါက်ပြီး မျက်နှာကြီး နီရဲသွားပါတယ်။ သူတစ်ခါမှ ဒါမျိုး မခံရဖူးတာကြောင့် အကြီးအကျယ် ပေါက်ကွဲသွားပါတယ်။ နောက်တော့ ဘီဒီုကိုဖွင့် အင်္ကျီအဝတ်အစား အမြန် ကောက်စွပ်ပြီး အိမ်ထဲကနေ ထွက်သွားပါတော့တယ်။

စိတ်ဆိုးတုန်းသာ ဆိုးပေမယ့် တကယ်တမ်းကျတော့လည်း မချို မနေနိုင်ပါဘူး။ သူ့ယောက်ျားဆီ ဖုန်းဆက်တော့ ဖုန်းပိတ်ထားပါတယ်။ ဒါနဲ့ သူ့ယောက်ျားရဲ့ သူငယ်ချင်းတွေ ဆီကို ဖုန်းဆက်ပါတယ်။ ကျော်စွာ့ဆီကို ဖုန်းဆက်တဲ့ အချိန် မောင်မျိုးတစ်ယောက်ကလွဲလို့ ကျန်တဲ့သူတွေ အကုန် ရှိနေပါတယ်။
"ကိုကျော်စွာ။ ကိုမျိုးတစ်ယောက် လာသေးလား။"
ကျော်စွာကတော့ ပြသနာတော့ စနေပြီဆိုတာ သိလိုက်လို့ ပြုံးလိုက်ပါတယ်။
"ဟင့်အင်း။မလာဘူး မချို။ ဘာဖြစ်လို့လဲ။"
"ရှင့်သူငယ်ချင်းက ကောင်းကို မကောင်းပါဘူး။ ဘယ်က ကောင်မလေးတွေနဲ့ ဇာတ်ရှုပ်လာမှန်း မသိဘူး။ ခုန သူတို့ဖုန်းဆက်တော့ ကျွန်မနဲ့ တည့်တည့်တိုးတယ်။ သူက ကောင်မလေးတွေကို လူပျိုကြီးလို့ ပြောထားတယ်။"
"ဟုတ်လား။အဲဒါတော့ ဘယ်ကောင်းမလဲ။" ကျော်စွာက မသိသလိုနဲ့ ဆက်ကျပ်နေပါတယ်။
"ဟုတ်တယ်။ ကျွန်မလည်း ဒေါသထွက်တာနဲ့ ဇလုံနဲ့ ကောက်ထု လိုက်တယ်။ အဲဒါနဲ့ စိတ်ဆိုးပြီး အိမ်ပေါ်က ဆင်းသွားတယ်။"
အဲဒီလို ကြားတော့ ကျော်စွာ ခေါင်းပူသွားပါတယ်။ သူတို့ ကျပ်တုန်းက ဒီလောက်အထိ မရည်ရွယ်ပါဘူး။ ဒါနဲ့ပဲ သူက ကြားက ပြန်တောင်းပန်လိုက်ပါတယ်။
"ဆောရီးပဲ မချိုရယ်။ အဲဒါ ကျွန်တော်တို့ ကျပ်လိုက်တာပါ။ အဲဒီလောက် ဖြစ်မယ်မှန်း မသိလို့ပါ။ သူ မချိုကို ကြောက်တတ်မှန်း သိလို့ ကောင်မလေးတွေ ဖုန်းဆက်ရင် မချိုရှေ့မှာ ဘယ်လို ပြောရဆိုရမှန်း မသိ ကွိုင်တက်အောင် ဆိုပြီးတော့ ကျပ်လိုက်တာပါ။ ဟိုကောင်မလေးတွေကလည်း ဘရုတ်သုက္ခတွေ။ မချိုနဲ့ တွေ့တော့ မချိုကိုပါ ကျပ်သွားတယ် ထင်တယ်။"
"ရှင်တို့ အဲဒီလို လုပ်တာတော့ ဘယ်ကောင်းမလဲ။ သူများ လင်မယား ပြသနာတက်အောင်။"
"ကျွန်တော် တောင်းပန် ပါတယ် မချိုရယ်။ ဒီကောင် မိန်းမကြောက်တတ်မှန်း သိလို့ ကျွန်တော်တို့က သူ့ကို နည်းနည်း Lesson ပေးလိုက်တာ။ ဒီလောက် အထိ မရည်ရွယ်ပါဘူး။"
"ရှင်တို့ဆီ ရောက်လာရင် အိမ်ပြန်လွှတ်လိုက်ပါ။ ကျွန်မ ခုန ဖုန်းခေါ်တာ ဖုန်းပိတ်ထားလို့။"
မချို ဖုန်းချ သွားပြီးတော့ အားလုံးက ဘာဖြစ်တာလဲ ဝိုင်းမေးကြပါတယ်။ ကျော်စွာက အကြောင်းစုံ ပြန်ပြောပြတော့ သူတို့ စိတ်လည်းမကောင်း ရယ်လည်း ရယ်ချင် ဆိုသလို ဖြစ်နေကြပါတယ်။ မကြာခင်မှာပဲ မောင်မျိုးတစ်ယောက် ဖုန်းဆက်ပြီး သူတို့ ရှိတဲ့နေရာကို ရောက်လာပါတယ်။ ခေါင်းမှာ ဘုနဲ့ ရှူးရှူးရှဲရှဲ ဖြစ်နေတဲ့ မောင်မျိုးကို တွေ့တော့ သူတို့ စိတ်ထဲ ရယ်ချင် ပက်ကျိ ဖြစ်နေကြပါတယ်။
ဖက်တီးက စမေးပါတယ်။
"ဟေ့ကောင်။မောင်မျိုး ခေါင်းက ဘုနဲ့ ဘာဖြစ်လာတာလဲ။ မိန်းမဆော်လွှတ်လိုက်တာလား။"
"မဟုတ်ပါဘူးကွာ။ ရေချိုး ခန်းထဲ ချော်လဲ လို့ပါ။"
မောင်မျိုး စကားကို ကြားတော့ အားလုံးက ဝါးကနဲ ဝိုင်းရယ်ကြပါတယ်။ မောင်မျိုး ရုတ်တရက် ကြောင်သွားပါတယ်။ ရေချိုးခန်းထဲ ချော်လဲတာ ဘာများ ရယ်စရာ ပါလို့လဲ ဆိုပြီးတွေးပါတယ်။
"ဟေ့ကောင်။ အချင်းချင်း ဘတ်ကီး လာမရိုက်နဲ့။ မင်းမိန်းမ ခုနပဲ ဖုန်းဆက်တယ်။ သူ ဇလုံနဲ့ ထုလွှတ်လိုက်တာ မင်းဘုထွက်သွားတယ် ပြောတယ်။" ဖက်တီးက အဲဒီလို ပြောတော့ သူတို့ နောက်တစ်ခေါက် ထပ်ရယ်ကြပါတယ်။
"အေးကွာ။ ဘယ်လို ဖြစ်သွားမှန်းတောင် မသိလိုက်ဘူး။ ငါရေချိုးနေတုန်း ပြသနာ လာရှာပြီး ဘာမပြော ညာမပြောနဲ့ ထုလွှတ်လိုက်တာ။ အဲဒါနဲ့ ငါလည်း တင်းပြီး အိမ်က ထွက်လာတာ။"
"မင်းမိန်းမကို လိုတာထက် ပိုပြီး ကျွတ်ကြဲနေလို့ ငါတို့ မင်းကို နည်းနည်း Lesson ပေးလိုက်တာ။ အခု မင်းမိန်းမ သိသွားပြီ။ မင်းကို အိမ်ပြန်လာခဲ့ပါတဲ့။" ဖက်တီးက စကား အဆုံးမှာတော့ မောင်မျိုးတစ်ယောက် ပါးစပ်ကနေ မျိုးစုံအောင် ဆဲပါတော့တယ်။
နောက်တော့ "အဲဒါဆိုလည်း ငါအိမ်ပြန် လိုက်ဦးမယ်။" လို့ပြောပြီး မောင်မျိုးက ပြောပြီး လှည့်ထွက်မလို့ ပြင်ပါတယ်။ "ရောက်ပြီးမှတော့ ဘီယာ တစ်ပုလင်းလောက်တော့ သောက်သွားဦးလေကွာ။" လို့ တားတာတောင် မရတော့ပါဘူး။ "တော်ပြီ။ နေပစေတော့။ နောက်မှပဲ သောက်တော့မယ်။" လို့ ပြောပြီး လစ်သွားပါတယ်။

မောင်မျိုး တစ်ယောက် အိမ်ပြန်လာတော့ မချို အိမ်ရှေ့ခန်းမှာ ထိုင်စောင့်နေပါတယ်။ မောင်မျိုးက မျက်နှာသုန်သုန်မှုန်မှုန်နဲ့ အိမ်ထဲ ဝင်လာတော့ မချိုက ချက်ချင်း ထပြီး လက်မောင်းကို ဆွဲပါတယ်။ ပြီးတော့ "ကိုကို ချို့ကို စိတ်ဆိုးနေသလားဟင်။" လို့ မေးတော့ မောင်မျိုးတစ်ယောက် အရည်ပျော်ချင်သွားပါတယ်။ "ရုတ်တရက် ဆိုတော့ ချို ထူပူပြီး လုပ်မိလုပ်ရာ လုပ်လိုက်တာပါ။ ကိုကို့ နာသွားလို့ ချိုတကယ် စိတ်မကောင်းဘူး။" ပြောရင်း မချိုက ငိုပါတယ်။ မိန်းမတို့ရဲ့ လက်နက်ဟာ မျက်ရည်လို့ ပြောကြတယ် မဟုတ်လား။ မျက်ရည်ကျတာ တွေ့ရင် တော်ရုံတန်ရုံ စိတ်ဆိုးနေတဲ့ ယောက်ျားတွေ ပျော့သွားတတ်ပါတယ်။ ဒါပေမယ့်လည်း မောင်မျိုးတစ်ယောက် စကားတစ်ခွန်းမှ ပြန်မပြောသေးပါဘူး။ မချိုတစ်ယောက် နောက်ဆုံးလက်နက် ထုတ်သုံးလိုက်ပါတယ်။ ကြမ်းပြင်ပေါ်မှာထိုင်ပြီး "ကိုကို့ကို ပြစ်မှားမိတာ ရှိရင် ခွင့်လွှတ်ဖို့ တောင်းပန် ပါတယ်။" ဆိုပြီး ထိုင်ကန်တော့တော့ မောင်မျိုးတစ်ယောက် ဘုန်းကြီးပါစေ သက်ရှည်ပါစေပဲ ဆုပေးရမလား ခွင့်လွှတ်တယ်ပဲ ပြောရမလား ဘာပြန်ပြောရမှန်း မသိအောင်ပဲ ဖြစ်သွားပါတယ်။

14 comments:

khin oo may said...

အဲသလိုမိန်းမမျိုးကိုမုန်းတယ်
တို့ကတော့သူလဲထွက် ကိုယ်လဲထွက်ဘဲ
သူဘယ်မှာရှိတယ်ဆိုတာ သိနေတာ ဘဲ နှောင့်ယှက်စရာမရှိပါဘူး ကိုယ့်ဘာသာနေ တော်သလိုကြည့်နေလိုက်ရတာ ဘဲ ရေပန်းတွေ ဘေးသွားထိုင်လိုက် ဟိုမော့ဒီမော့မော့လိုက်. ရှော့ပင်ကြည့်နေလိုက်. အချိန်တွေ သူ့ဘာသသာသူကုန်သွားတာဘဲ ယောကျာ်ေးလ တွေ စကားကိုယ်လဲနားလည်တာမဟုတ် သူ့မလဲ ဒီအချိန်လေးဘဲ သူတို့ယောကျာ်းလေးစကားပြောရတာ ပြောပါစေလား။

တို့သူငယ်ချငး?တစ်ချို့ ယောကျာ်းအပြင်ကပြန်လာရင် ခေါင်းကိုနမ်းကြည့်တယ် မွေးနေရင်ပြသာနရှာတယ်။ အနိပ်ခန်းသွားရင်စိတ်ဆိုးတယ် တို့ကတော့မဆိုးပေါင် ဒါဇိမ်ခံတာဘဲ ဘာဖြစ်သလဲ။ မဟုတ်ရင်ကိုယ့်ကိုလာနိပ်ခိုင်းနေဦးမယ။်

Heartmuseum said...

မိန်းမရရင်... အမ KOMဆီ သင်တန်း လာတက်ခိုင်းမယ်။ :P

ရွှေရတုမှတ်တမ်း said...

ဂျီးတော်ကြီး အ ပြောတခြားအလုပ်တခြား ဖြစ်မနေနဲ့နော်...ဂျီးတော်သာသင်တန်းဖွင့်ရင် လာအပ်မဲ့ အိမ်ဦးနတ်တွေ မနဲဘူး..
ကိုZt ရော ခေါင်းဖု ဖူးလား..

Rita said...

ဒီဇာတ်လမ်းက ဟိုတခါလို trick တွေ မပါသလိုပဲ

Anonymous said...

Ko ZT always puts on helmat.There;s no potatoes.:)

Anonymous said...

Lovely KOM,
Me too.

Vista said...

ကိုဇက်တီ ဖစ်လပိုင်ကပြန်လာတုန်းကဆိုမွေးကြိုင်နေမှာနော် ဟက်ဟက်။

ကြည်ဖြူပိုင် said...

ဘုထွက်သွားတယ်ဆိုတာကို
ဖတ်ပြီး မျက်စိထဲမြင်ယောင်ပြီး ခဏခဏရယ်မိတယ်
ဒီပို့စ်ကိုဖတ်စ မရီရဘူး
၃၀%လောက်က စရယ်ရတာ.. ၁ပုဒ်လုံးပဲ
ဟားဟား....ထမင်းစားပြီးစ ရယ်စရာဖြစ်စေတာ
ကျေးဇူး
(ဒါနဲ့ သောကြာနေ့ညနေက စီးတီးဟောမှာ ကားလမ်းဖြတ်ကူးတော့ တွေ့လိုက်သလိုပဲ.အရေးကြီးသလို(သုတ်သုတ်)၂ သွားနေတော့နှုတ်မဆက်လိုက်တာ။ ဒါ..ကိုမျိုးတို့နဲ့သွားတွေ့တာပဲဖြစ်ရမယ်..:D )

Ko Boyz said...

ကိုမျိုးဆိုတာ သူကိုယ်တိုင်လား မသိဘူး။
လူပြိုနဲ့ အိမ်ထောင်ရှင် နေရာလွဲတာက လွဲလို့..။ ဟိ

Anonymous said...

အဲဒီလို မိန်းမမျိုး အပြင်မှာ တကယ်ရှိတယ်နော်.. ဒီထက်နိုင်စားတာ မြင်ဖူးတယ်..
ယောက်ျားနိုင်စားတယ် ဆိုတာက တော်သေးတယ်.. ပညာရှိမဆန်ပဲ လူရှေ့ သူရှေ့မရှောင် နိုင်စားတတ်တဲ့ မိန်းမမျိုးရော၊ လူအများရှေ့ အရှက်ကွဲရတဲ့ထိ ကြောက်ရတဲ့ ယောက်ျားမျိုး တကယ် စိတ်ပျက်ဖို့ ကောင်းတယ်..။

ကိုအောင်(ပျူနိုင်ငံ) said...

ဖိလစ်ပိုင်ဇာတ်လမ်းတွေရှိရင် ရေးပါအုံးဗျ။

ရွှန်းမီ said...

:D မာမားဆို ဒယ်ဒီအပြင်သွားရင် သာမီးကိုပါ လိုက်သွားခိုင်းတာ..
သူ့ယောက်ျားကို စိတ်ပူတယ်.. သမီးလေးကို စိတ်မပူဘူး..

ဆွေလေးမွန် said...

ဟီး ကြပ်ချက်ကလဲ လွန်ရော..ခင်ဗျာ ဘုတောင်ထတယ်..
တို့များလဲ ဒီလိုပဲ ကြပ်ဘူးတယ်..ဟီး

battoe said...

ဟီးဟီး...
ရယ်ရတယ်..