Search This Blog

Monday, September 20, 2010

ဒဏ္ဍာရီလို ချိုမြိန်တဲ့ည

ရုံးမှာ ကွန်ပြူတာရှေ့ ထိုင်နေရင်း လူက ထိုင်ရမလို ထရမလို ဖြစ်နေပါတယ်။ လျို့ဝှက်ချက် တစ်ခုကို မျိုသိပ်ထားရတာ အတော်ကို ခက်ခဲတဲ့ အလုပ်တစ်ခုပါပဲ။ အပြစ်ရှိလို့ လျို့ဝှက်ထားတာမျိုး မဟုတ်ပဲ အကြောင်း တစ်စုံတစ်ခုကြောင့် လျို့ဝှက်ထားရတာ လူကို ပိုပြီး စိတ်ပင်ပန်း စေပါတယ်။ ဘာလုပ်ရမှန်း မသိတာနဲ့ပဲ အလုပ်ထဲ စိတ်မပါတော့ဘဲ အင်တာနက် ပေါ်က gothere.sg ဆိုတဲ့ စင်ကာပူမြို့တွင်း ခရီးသွားလမ်းညွှန်ကို အထပ်ထပ် အခါခါ ကြည့်နေမိပါတော့တယ်။ အဲဒီ ဝက်ဘ်ဆိုဒ်မှာ စင်ကာပူမြို့တွင်း တစ်နေရာက တစ်နေရာကို ဘတ်စ်ကားနဲ့ သွားရင် ဘယ်လောက်ကြာမယ် တက်ကစီနဲ့ သွားရင် ဘယ်လောက် ကြာမယ် ဆိုတာမျိုးကို ခန့်မှန်းခြေ တွက်လို့ ရတယ်လေ။ ကျွန်တော်ကတော့ ညနေ သွားရမယ့် ခရီးစဥ်တွေ အတွက် အချိန်ကို အကြိမ်ကြိမ် တွက်ချက် နေမိပါတယ်။

ညနေ ၆ နာရီ ထိုးတာနဲ့ ကွန်ပြူတာကို ပိတ်ပြီး နေရာကနေ အမြန် ထလာခဲ့ပါတယ်။ စိတ်ထဲမှာတော့ အိမ်နဲ့နီးနီးနားနား ရုံးကနေ ဝေးဝေးလံလံ ကပ်စတန်မာရုံးကို ပို့ထားတဲ့ ကုမ္ပဏီကို မေတ္တာပို့ နေမိပါတယ်။ ရုံးထဲက ထွက်ထွက်ချင်း လမ်းမပေါ်မှာ တက်ကစီ တစ်စင်းကို အသင့်ပဲ တွေ့လိုက် ရပါတယ်။ တက်ကစီ ပေါ်တက်ပြီး အိမ်ကို မောင်းဖို့ ကားသမားကို လမ်းညွှန်လိုက် ပါတယ်။ ရုံးက ထွက်ခါစ ကားနည်းနည်း ရှုပ်ပေမယ့် CTE လို့ ခေါ်တဲ့ Central Expressway ပေါ်ရောက်တော့ ကံကောင်း ထောက်မစွာနဲ့ ကားနည်းနည်း ရှင်းသွားပါတယ်။ လမ်းမှာ ကားမပိတ်ပါစေနဲ့လို့ပဲ စိတ်ထဲမှာ ကျိတ်ပြီး ဆုတောင်း နေရပါတယ်။ ရုံးကနေ အိမ်ကို ပြန်ရောက်တဲ့ အချိန်က အင်တာနက်ပေါ်မှာ တွက်ထားတဲ့ အချိန်နဲ့ ကွက်တိ နီးပါးကျတာမို့ အတော်လေး သဘောကျသွား မိပါတယ်။

အိမ်ပြန်ရောက်တော့ ညကတည်းက အသင့်ထည့်ထားတဲ့ ခရီးဆောင် အိတ်ထဲကို ထည့်ဖို့ ကျန်နေတဲ့ ပစ္စည်းတွေ သိမ်းကျုံးပြီး ထည့်လိုက်ပါတယ်။ နာရီဝက် အတွင်းမှာ ရေချိုးပြီးလို့ သွားဖို့လာဖို့ အသင့်ဖြစ်နေပါပြီ။ အဲဒါနဲ့ အိတ်ကို ဆွဲပြီး အမ်အာရ်တီကို ဆင်းလာခဲ့ပါတယ်။ ရထားပေါ်ရောက်တော့မှ ပြသနာက စတော့တာပဲ။ ခရီးဆောင်အိတ်ထဲ ပစ္စည်းတွေ ထည့်ပြီး ကမန်းကတမ်း ပိတ်ခဲ့ပေမယ့် အိတ်က မသုံးတာ ကြာလို့ အိတ်ဖွင့်တဲ့ လော့ခ်နံပါတ် မေ့နေတာပါ။ အမ်အာရ်တီ ထိုင်ခုံမှာ ထိုင်ရင်း နံပါတ် တစ်ခု လှည့်လိုက် ခလုပ်နှိပ်လိုက် လုပ်နေတဲ့ အတွက် ဘေးကလူတွေက ကွက်ကြည့်ကွက်ကြည့်နဲ့ ကြည့်နေကြ ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ၁၀ ချက်လောက် လှည့်အပြီးမှာ နံပါတ်က ဖြတ်ကနဲ ခေါင်းထဲမှာ ပေါ်လာတယ်။ အဲဒီနံပါတ်ကို လှည့်ပြီး ဖွင့်လိုက်တော့ အိတ်က ချောက်ကနဲ ပွင့်သွားပါတယ်။ တော်ပါသေးရဲ့လို့ တွေးပြီး အိတ်ကို ပြန်ပိတ်လိုက် မိပါတယ်။

ဒီလိုနဲ့ ၁ နာရီနီးပါး ရထားစီးပြီး နောက်ဆုံးတော့ လေဆိပ်ကို ရောက်လာခဲ့ပါတယ်။ လေဆိပ်မှာ Check-In ဝင်ပြီးမှ ညစာ မစားရသေးတာကို သတိရပါတယ်။ မတတ်နိုင်ဘူးလေ။ ညစာစားဖို့ အချိန်လည်း မရှိတော့ဘူး။ ဘတ်ဂျက် အဲယားလိုင်းပေါ်မှာ အလကား မကျွေးပေမယ့် ဝယ်စားလို့တော့ ရပါသေးတယ် လို့ တွေးပြီး အင်မီဂရေးရှင်းကို ဖြတ်ပြီး အထဲ ဝင်လာခဲ့ပါတယ်။ နောက်ဆုံး လုံခြုံရေးဂိတ်ကို မဖြတ်ခင် ဖုန်းဆက်ဖို့ သတိရလို့ အိတ်ထဲက ဖုန်းကိုထုတ်ပြီး ဆက်လိုက်ပါတယ်။ တစ်ဖက်က လူကို ခရီးသွားမယ့် ကိစ္စ ကြိုပြော မထားတာမို့ စိတ်ထဲမှာ မလုံမလဲ ဖြစ်နေပါတယ်။ အရေးထဲမှာ လေယာဥ်ပျံထွက်တော့မယ့် ကြော်ငြာသံက ထွက်လာလို့ တဖက်ကလူ ရိပ်မိသွားမှာ စိုးလို့ နောက်မှ ဆက်မယ် ပြောပြီး ကမန်းကတန်း ဖုန်းချပစ်လိုက် ရပါတယ်။

လုံခြုံရေးဂိတ်ကို ဖြတ်ပြီးမှ စိတ်က အတော်အေးသွားပါတယ်။ ခဏနေတော့ လေယာဥ်ထွက်ဖို့ ခေါ်သံကြားလို့ လေယာဥ်ပေါ် တက်လာခဲ့ပါတယ်။ လေယာဥ်ပျံပေါ်ရောက်တော့ စိတ်ထဲမှာ ပျော်သလိုလို ဖြစ်လာတယ်။ စိတ်ကလည်း အတော်လေး လှုပ်ရှားနေပါတယ်။ အဲဒါနဲ့ အိတ်ထဲက ဖုန်းထုတ်၊ ဖုန်းလိုင်း ဝိုင်ဖိုင်လိုင်းတွေ အကုန်ပိတ်လိုက်ပြီး သီချင်းနားထောင် နေမိပါတယ်။ အိပ်ဖို့ ကြိုးစားပေမယ့် ဘယ်လိုမှ အိပ်လို့ မရပါဘူး။ ခဏနေတော့ လေယာဥ်မောင် လေယာဥ်မယ်တွေက စားစရာ သောက်စရာ လာရောင်းတော့ ဈေးကြီးမှန်း သိပေမယ့် ဗိုက်အတော် ဆာနေတာမို့ ဝယ်စားလိုက် ပါတယ်။

ဖုန်းထဲမှာ ထည့်ထားတဲ့ သီချင်းတွေ အားလုံးကို နားထောင်လို့ မပြီးခင်မှာပဲ ခရီးဆုံးကို ရောက်ပါတယ်။ ဒီတစ်ခေါက် ဘာမှ ထူးထူးခြားခြား ပါမလာတာမို့ လက်ဆွဲအိတ်ကလေး ဆွဲပြီး လေယာဥ်ပေါ်ကနေ ဆင်းခဲ့ပါတယ်။ အရင်တခါ လာတုန်းက အင်မီဂရေးရှင်းမှာ အကြာကြီး စောင့်ရပေမယ့် ဒီတစ်ခါတော့ အတော်လေး မြန်ပါတယ်။ အင်မီဂရေးရှင်း ဖြတ်ပြီးတော့ အိတ်ကလည်း သိပ်ကြာကြာ မစောင့်ရတာမို့ ခရီးဆောင်အိတ် ကလေးဆွဲပြီး တက်ကစီ ငှားတဲ့ နေရာဘက်ကို ထွက်လာခဲ့ ပါတယ်။ အဲဒီလေဆိပ်မှာ တက်ကစီက ပေါမှပေါပါ။ ကိုယ်သွားချင်တဲ့ နေရာကို ကောင်တာက ကောင်မလေးကို ပြောတော့ ကောင်မလေးက စာရွက်တစ်ရွက်မှာ အဲဒီနေရာရဲ့ နာမည်ကို ရေးပြီး တက်ကစီ သမားကို ပေးလိုက် ပါတယ်။ တက်ကစီပေါ် မှာတော့ ကားသမားနဲ့ ဘာမှ ထူးထူးခြားခြား မပြောဖြစ် ပါဘူး။ ပြောရင်လည်း သူ့စကား ကိုယ့်နားမလည် ကိုယ့်စကား သူနားမလည်မို့ ဘာမှ သိပ်မထူး ပါဘူး။

တက်ကစီပေါ်မှာ ထိုင်ရင်း အတိတ်က အကြောင်းတွေကို ပြန်တွေးနေမိတယ်။ အဝေးပြေး လမ်းမ ပေါ်မှာ မောင်းနေတဲ့ တက်ကစီပေါ်မှာ ထိုင်နေရင်း ဖုန်းကို နှိပ်ချင်တဲ့စိတ်ကို မနည်း ထိန်းထား ရပါတယ်။ ကီလိုမီတာ ၈၀ လောက် ဝေးတာ ဆိုတော့ တက္ကစီပေါ်မှာ တနာရီ နီးပါးတော့ ထိုင်လိုက် ရပါတယ်။ နောက်ဆုံး ဟိုတယ်ကို ရောက်တဲ့ အချိန်ကျတော့ ည ၁ နာရီ ထိုးနေပါပြီ။ ည ၁ နာရီလောက်မှ Check-In လုပ်မယ် ဆိုတဲ့ အကြောင်း ဟိုတယ်ကို အီးမေးလ် ကြိုပို့ ထားပြီးသားမို့ စိတ်ထဲမှာတော့ ဘာမှ ပူပင်မနေပါဘူး။ တက္ကစီသမားက သူ့ကို တစ်ပ် ပေးပါလို့ တောင်းနေလို့ ယူအက်စ် ၄ ဒေါ်လာ လောက်နဲ့ ညီမျှတဲ့ သူတို့ နိုင်ငံသုံး ပိုက်ဆံကို အိတ်ထဲက ထုတ်ပေးလိုက်တယ်။ စိတ်က အခုအချိန်မှာတော့ ပေးချင်ကမ်းချင်စိတ် အတော်ကိုများနေတယ်။ အဲဒီအချိန် တောင်းတဲ့သူ ရှိရင် ဆွဲကြိုးတောင် ချွတ်ပေး မိမလား မပြောတတ်ဘူး။

ဟိုတယ်မှာ အိတ်ချပြီးတော့ နေ့လည်က သေသေချာချာ ဝယ်လာတဲ့ အထုပ်ကလေးကို ဆွဲပြီး အောက်ဆင်းလာခဲ့တယ်။ ည ၁နာရီ ခွဲနေပြီ။ ဟိုတယ်ရှေ့က လမ်းမ အတိုင်း လျှောက်လာရင်းနဲ့ စိတ်က ဆက်ပြီး မထိန်း နိုင်တော့ဘူး။ တယ်လီဖုန်းကို ထုတ်ပြီး အမြဲ ခေါ်နေကြ နံပါတ် တစ်ခုကို နှိပ်လိုက်မိတယ်။ ခဏချင်းပဲ တစ်ဖက်က ပြန်ထူးသံ ကြားလိုက်ရတယ်။
"ဟဲလို။"
"မအိပ်သေးဘူးလား။"
"အင်း။ အခုပဲ အိပ်တော့မလို့။ အိပ်ရာထဲ ရောက်နေပြီ။"
"အောက် မဆင်းခဲ့ချင်ဘူးလား။"
"ဘာဖြစ်လို့လဲ။ ဒီအချိန်ကြီး ဘာကိစ္စ အောက်ဆင်းရမှာလဲ။"
"ကိုယ် အဆောင် အောက်မှာ ရောက်နေပြီ။"
"ဟင်။ ဟုတ်လို့လား။"
"အော်။ နောက်စရာ ကျနေတာပဲ။ တကယ်ပြောတာပေါ့။"
"အင်း။ အဲဒါဆိုလည်း ခဏစောင့်။ ဆင်းလာခဲ့မယ်။"

သူမကို တွေ့ရတော့မယ်ဆိုလို့ စိတ်အတော် လှုပ်ရှားနေပါတယ်။ အဆောင်ရှေ့က လမ်းအတိုင်း အဆောင်ဘက်ကို လျှောက်လာတော့ ခွေးနှစ်ကောင်က တရှိန်ထိုး ပြေးထွက်လာပြီး ဟောင်ပါတယ်။ ညဘက်ကြီး အဆောင်ရှေ့မှာ ခွေးကိုက်ခံရရင်တော့ ကျော်မကောင်း ကြားမကောင်း ဖြစ်တော့မှာပဲလို့ တွေးလိုက်မိတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ အဆောင်စောင့်တဲ့ သူတစ်ယောက် ဘေးနားက ပုခက်လို ခုတင်တစ်ခုမှာ အိပ်နေရာက ထလာပြီး ခွေးတွေကို မောင်းပေးပါတယ်။ နောက်တော့ ကျွန်တော့်ကို မှတ်မိသလို ပြုံးပြတာမို့ ကျွန်တော် သူ့ကို ပြန်ပြုံးပြ လိုက်မိပါတယ်။

ကျွန်တော် အဆောင်ဧည့်ခန်း ဘေးကနေ ဖြတ်ပြီး လှေခါးဖက် လျှောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ သူမ လှေခါးအောက် ရောက်နေပါပြီ။ ကျွန်တော့်ကို တွေ့တော့ တကယ်အံ့သြသွားတဲ့ ပုံပါပဲ။ ကျွန်တော် သူမကို လက်ထဲမှာ ကိုင်လာတဲ့ နှင်းဆီ ပန်းစည်းကလေးကို လှမ်းပေးလိုက်ပါတယ်။ ညသန်းခေါင် အချိန် မိုင်ပေါင်းထောင်ချီ ဝေးကွာတဲ့ နေရာက ချစ်သူ ရုတ်တရက် ရောက်လာပြီး ပန်းစည်းတစ်စည်း ကမ်းပေးတဲ့အချိန် သူမရင်ထဲမှာ ဘယ်လို ခံစားရမလဲတော့ မပြောတတ်ပါဘူး။ ဒီအချိန် အခိုက်အတန့်က ဘဝ တသက်တာလုံး အမှတ်တရ ဖြစ်သွားစေမှာတော့ အမှန်ပဲလို့ ယုံကြည်ပါတယ်။  သူမ မျက်နှာက အပြုံးက ခါတိုင်းထက် ပိုပြီး လှနေသလို စိတ်ထဲမှာ ထင်နေရပါတယ်။ ဘယ်အချိန်ပဲကြည့်ကြည့် ကျွန်တော့် ရင်ခုန်သံကို ကမောက်ကမ ဖြစ်သွားစေနိုင်တဲ့ သူမရဲ့ မျက်နှာကို ငေးစိုက်ကြည့်ရင်း ကျွန်တော့် ရင်ထဲမှာ ခါတိုင်းလိုပဲ လှုပ်ခတ်သွားပါတယ်။
"ဘယ်လို ရောက်လာတာလဲ။"
"လေယာဥ်ပျံနဲ့ လာတာပေါ့။ ကုန်းကြောင်း လျှောက်လာလို့မှ မရတာ။"
"ဘာလို့ ကြိုမပြောတာလဲ။ ပြောရင် လေဆိပ်မှာ လာကြိုမှာပေါ့။"
"မသိစေချင်လို့ မပြောတာပေါ့။ ဒီနေရာပဲ မလာတတ်တာ ကျလို့။"
"ဘယ်မှာနေမှာလဲ။ ဒီအချိန် အခန်းငှားလို့တော့ မရတော့ဘူး။ ကြိုပြောရင် စီစဥ် ပေးထားမှာပေါ့။"
"ဒီနားက ဟိုတယ်မှာ အခန်းငှားထားပြီးသား။ ဘာမှ စိတ်မပူနဲ့။"
သူမနဲ့ ကျွန်တော် အကြာကြီး စကားမပြောဘဲ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြပါတယ်။ ကျွန်တော့်အတွက် အချစ်ဆိုတဲ့ အရာကို ယုံကြည်စေခဲ့တဲ့ သက်သေပြချက်က သူမပါပဲ။ အဲဒီလိုပဲ ကျွန်တော့်ကို ချစ်ခြင်းမေတ္တာမှာ ချိုမြိန်တဲ့ အရသာနဲ့ မွှေးပျံ့တဲ့ ရနံ့ ရှိတယ် ဆိုတာကို ခံစားနားလည် စေခဲ့တာဟာလည်း သူမပါပဲ။ ကျွန်တော့် အသက် ရှင်သန်နေသမျှ စက္ကန့်မိနစ်တိုင်းကို အဓိပ္ပာယ် ရှိစေတာဟာလည်း သူမပါပဲလို့ ပြောရင် ပိုမယ် မထင်ပါဘူး။

"လမ်းလျှောက်ရအောင်လေ။" လို့ ကျွန်တော်က ပြောတော့ သူမက ပြုံးပြီး ခေါင်းငြိမ့်ပါတယ်။ တိတ်ဆိတ်တဲ့ ညချမ်းတစ်ခုထဲ သစ်ပင်တွေ အုံ့ဆိုင်းနေတဲ့ လမ်းမကြီးပေါ်မှာ ချစ်သူကို လက်တွဲပြီး လမ်းလျှောက်နေရတာ အိပ်မက်တစ်ခု လိုပါပဲ။ အဲဒီလိုနဲ့ စကားတွေ မကုန်နိုင်မခမ်းနိုင် ပြောကြရင်း လျှောက်သွားနေရတာ နာရီလက်တံ လည်နေတာကိုတောင် သတိမထားမိအောင် ပါပဲ။ ထိန်လင်းနေတဲ့ လမ်းမီးရောင် အောက်မှာ သူမမျက်နှာကို ငေးစိုက်ကြည့်ရင်း စကားတွေ ဖောင်ဖွဲ့ရင်း အချိန်တွေ ကုန်မှန်းမသိ ကုန်သွားပါတယ်။ ချစ်သူရှိနေရင် ကန္တာရကိုတောင် နတ်ဘုံထင်ရတယ် ဆိုတဲ့ အိုမာခေယမ်ရဲ့ ရူဘိုင်းယတ်ကဗျာထဲက စာသားကို သတိရမိပါတယ်။

နောက်တော့ သူမကို အဆောင် ပြန်ပို့ပြီး ကျွန်တော်လည်း ဟိုတယ်ကို ပြန်လာခဲ့ပါတယ်။ အမှန် တကယ်ကတော့ အဲဒီနေ့က သူမနဲ့ ကျွန်တော့်ရဲ့ ဘဝထဲက အမှတ်ရစရာ နေ့ပေါင်းများစွာထဲက နေ့တစ်နေ့ရဲ့ နှစ်ပတ်လည်နေ့ပါ။

20 comments:

ရွှေရတုမှတ်တမ်း said...

အဲဒီနေ့က ကို ZT နဲ့ မတွေ့တာနာတာပဲ..
ဆွဲကြိုးတကုံးတော့ သေချာပေါက်ရလောက်တယ်....
အင်း....ရောက်ချိန်ကလဲ ညအချိန်မတော်..
လမ်းမီးတွေကလဲထိန်လင်း..ည နာရီပြန်တချက်တောင် အဆောင်ကထွက်လို့ရတယ်ဆိုတော့ ....
ဗမာပြည်မဟုတ်တာတော့သေချာတယ်..

Heartmuseum said...

ဟာာာာာ..... လွှတ်ကြွား နေပါလားးးး
စကားမစပ်... သူ့မှာ လွတ်နေတဲ့ သူငယ်ချင်း ရှိလား။
ဟမ်...... ယောင်လို့နော်..... :PPPP

Rita said...

ရိုမန်တစ်လိုက်ပါတဲ့ ကိုဇက်တီပါတကား

:P said...

ယခုကဲ့သို့ စိတ်သွားတိုင်း ကိုယ်ပါလို့ လိုရာဆန္ဒပြည့်နိုင်ပါစေ..
.
.
.
ကားလမ်းဘေးက အလှူခံဏ္ဍတ်က အသံမျိုး... :P

:P said...

အဲဒါနဲ့.. ဟိုဘက်မှာ အောင်ရင်ရဲ့ "ချိန်းတဲ့ည" တို့ ဘာတို့ ဆိုဖြစ်အုံးမှာလား မသိဘူး... ဟိ

sosegado said...

Hi ZT,
ကဗျာတစ်ပုဒ်ဖတ်လိုက်ရသလိုပါပဲ၊
ဆက်ရေးပါဦး အချစ်ရဲ့ အကြောင်းလေးတွေ။…

မိုင်ထောင်ချီဝေးပေမဲ့
ငါလာတယ် မငိးဆီကို
ဘာရယ်လို့ မဟုတ်ပါဘူး ချစ်သူ
ချစ်သူ ပီသရအောင်ပေါ့၊
ဟောဒီမှာ နှင်းဆီတွေ
မင်းအပြုံးကိုတွေ့တော့
လောကကြီးမွှေး ကြိုင်သွားတယ်။

Anonymous said...

အနော်တိတယ်နော် ကို ဂျက်တီ ထိုင်းနိုင်ငံ ဘန်ကောက်က ခွေးတွေ ဟိုတစ်လောက်တစ်နာရီလောက်ကြးလွှတ်ဟောင်းနေတာ ကိုဇတ်တီ တို့ စုံတွဲလမ်းလျှောက်နေလို့ဖြစ်မယ်
MM

Rita said...

အနော်တိတယ်နော် ကို ဂျက်တီ
ထိုင်းနိုင်ငံ ဘန်ကောက်က ခွေးတွေ ဟိုတစ်လောက တစ်နာရီလောက်ကြာ လွှတ်ဟောင်နေတာ ကိုဇတ်တီ တို့ စုံတွဲလမ်းလျှောက်နေလို့ဖြစ်မယ်
MM

(typo တွေ မနေနိုင်လို့ ဝင်ပြင်ပေးတာ
=D)

ThuHninSee said...

အဟီး..အရင်တုန်းက စလုံးကို သူလာလည်တဲ့ သမီးရည်းစားဘ၀က အချိန်လေးတွေကို ပြန်လွမ်းသွားတယ်။ ငယ်မူပြန်ပြီး စစ်ကိုင်းလမ်းသီချင်းလေးပြန်နားထောင်လိုက်အုံးမယ်။

MrDBA said...

အဟား ... မိုက်သဗျာ။

nyimuyar said...

လုပ်ထားကွ အားပေးတယ်

ရွှန်းမီ said...

sweet anniversary :)

Anonymous said...

really touched :D

mon said...

so touched

Anonymous said...

Dear Ko ZT,

I am sure, you went to one of the university in Thailand. right?

From Thailand

ကြည်ဖြူပိုင် said...

အဟဲဟဲဟဲ
တိနေတယ်။။ ;D
သဘောတကျဖတ်လို့ရီသွားတယ်။ :D :D
အော်..အဲလိုမှန်းသိ..ဆွဲကြိုးလေးတော့သွားတောင်းထားလိုက်ရကောင်းသား
(နောင်တရပြီး...မချိတင်ကဲအသံကြီးနှင့်ပြောသွားသည်) :'( :'(
မှတ်ချက်။။ (တော်)၃ တဲ့ ကိုဇက်တီ။ နှစ်ပတ်လည်တခုမှာ မရောက်ရောက်အောင်ကိုအပင်ပန်းခံသွားတာပဲ။
အမကံကောင်း၏။ :)
ဆွဲကြိုးအလှူမခံလိုက်ရတာ အနော်ကံဆိုး၏ ;P

ဆွေလေးမွန် said...

ဖတ်ရတာကြည်နုးစရာကောင်းတယ်..

Raymond.Kyaw Minn Naing said...

အေဘက် ကိုသွားတာမို့လား... မှန်မှန်ပြော။ :P

ZT said...

ဘန်ကောက်တော့ မှန်တယ်။ အေဘက်တော့ မဟုတ်ဘူး။ :D

mee mee said...

လျို့ဝှက်သဲဖိုလေးလိုပဲ ကိုဇတ်တီ
မိုက်တယ်...။