Search This Blog

Tuesday, November 23, 2010

ဟိုဘက်လမ်းက မီးနီနီ ဒီဘက်လမ်းက မီးနီနီ

သိပ်မကြာသေးတဲ့ အချိန်ကာလ တစ်ခုက စင်ကာပူက စာအုပ်ဆိုင် တစ်ဆိုင်မှာ "No Money, No Honey" ဆိုတဲ့ စာအုပ်တစ်အုပ် တွေ့လို့ ဟိုလှန်ဒီလှန် ကြည့်မိပါတယ်။ အဲဒီစာအုပ်ထဲမှာ ရေးထားတဲ့ အကြောင်းတွေ ကတော့ စလုံးမှာ ရှိတဲ့ စက် နဲ့ ပတ်သက်တဲ့ ဖျော်ဖြေရေး လုပ်ငန်း တွေ အကြောင်းပါ။ အဲဒီ စာအုပ်အရ စင်ကာပူမှာ မီးနီ ရပ်ကွက် ၃ ခု ရှိတယ် လို့ ရေးထားပါတယ်။ ပထမဆုံး တစ်ခုကတော့ နာမည်ကျော် ဂေလန်းပါ။ နောက်တစ်ခုကတော့ မူစတာဖာ အနောက်နားမှာ ရှိတဲ့ ဒက်စကားလမ်းပါ။ တတိယ တစ်ခုက ဘယ်နေရာလဲ ကျွန်တော် မသိပါဘူး။

ဒက်စကားလမ်း အကြောင်း ဖတ်မိတော့ ကျွန်တော်တို့ စလုံး ရောက်ခါစက အဲဒီ လမ်းထဲကို ရောက်သွားတာ ပြန်သတိရမိ ပါတယ်။ အဲဒီအချိန် ကတော့ အားရင် တမြို့လုံးပတ်ပြီး လျှောက်သွားနေတာမို့ Little India လို့ ခေါ်တဲ့ ကုလားတန်းကို တခါတလေ ရောက်ဖြစ်ပါတယ်။ တစ်ခါတော့ Little India သွားရင်း စလုံးမှာ ရောက်တာကြာလို့ လူလည် ဖြစ်နေတဲ့ သူငယ်ချင်း တစ်ယောက်က "ဟေ့ကောင်တွေ။ နောက်ဖေးလမ်းကြားထဲ သွားမယ်။" ဆိုပြီး စပြောပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ တတွေ မူစတာဖာ ကုန်တိုက် အနောက်ဖက်မှာ ရှိတဲ့ ဒက်စကားလမ်းထဲကို ချော်တောငေါ့ပြီး ရောက်သွားကြ ပါတယ်။ ဘယ်လို နေသလဲ မေးရင်တော့ အတော်ကို အော်ဂလီဆန်စရာ ကောင်းတဲ့ နေရာပါ။ ဘာနံ့မှန်း မသိတဲ့ အနံ့ ဆိုးဆိုးရွားရွားတွေ ရှိပါတယ်။ လမ်းဘေးက အိမ်တွေထဲမှာ အိမ်ရှေ့တံခါး အကုန်ဖွင့်ထားပြီး အဲဒီ အိမ်တွေရဲ့ ဧည့်ခန်းတွေမှာ ပြင်ဆင်ပြီး ထိုင်နေတဲ့ အောက်အီးအီးအွတ် မအော်တဲ့ ကြက်တွေ ရှိပါတယ်။ ကြက်ဆိုပေမယ့်လည်း ဘုရားစူး ကြက်ပါ။ အသက်ကြီးကြီး အဖွားကြီးတွေ ဝတုတ်မကြီးတွေ များပါတယ်။ အဲဒီလမ်းထဲ ရောက်ရင် အန်ချင်စိတ် အလိုလို ဖြစ်ပါတယ်။

ငယ်ငယ်ချောချောလေးတွေ မရှိဘူးလားဆိုတော့ တစ်ယောက်တစ်လေတော့ တွေ့ရ တတ်ပါတယ်။ ကျွန်တော်တို့ ဒက်စကား လမ်းထဲက ဖြတ်လျှောက်ပြီး လမ်းထိပ်ထွက်လာတော့ အဲဒီမှာ စွပ်ကျယ် အင်္ကျီလို အင်္ကျီမျိုးနဲ့ စကတ် အတို ဝတ်ထားတဲ့ အသက် ခပ်ငယ်ငယ် ကောင်မလေး တစ်ယောက်ကို ကုလားတွေ အလုအယက် ဝိုင်းအုံကြည့်နေတာမြင်လို့ ကျွန်တော်တို့လည်း ရောယောင်ပြီး ဝင်ကြည့်ကြ ပါတယ်။ ကောင်မလေးက အသားဖြူဖြူ ချောချောလေးပါ။ အိမ်ရှေ့ထွက်ပြီး နည်းမျိုးစုံနဲ့ ကြာပစ် နေပါတယ်။ ခဏနေတော့ မနေနိုင် မထိုင်နိုင်တဲ့ ကုလားတစ်ယောက် လူအုပ်ထဲက ထွက်ပြီး အဲဒီ အိမ်ထဲ ဝင်သွား ပါတယ်။ ကျွန်တော်တို့ သူကို့ကြည့်ပြီး ရယ်ကြ ပါတယ်။ ဘာလို့လဲ ဆိုတော့ ကြည့်နေရင်းနဲ့မှ အဲဒီကောင်မလေးက ကောင်မလေး အစစ်မဟုတ်ဘဲ ဟော်မုန်းဆေး ထိုးထားတဲ့ ဖြတ်ဖောက်ချုပ်ကြီး ဆိုတာ သိလိုက်ရလို့ပါ။

စလုံးမှာ ဥပဒေအရ လမ်းမပေါ်ထွက်ပြီး ဖောက်သည်ခေါ်ရင် တရားမဝင်ပါဘူး။ မီးနီရပ်ကွက်တွေမှာတော့ တရားဝင် မှတ်ပုံတင်ပြီး အိမ်ထဲမှာ လုပ်စားခွင့် ရှိပါတယ်။ လုပ်စားမယ့် သူတွေ အနေနဲ့ ပုံမှန် ဆေးစစ်ရပါတယ်။ ဒါဆိုရင် စင်ကာပူမှာ မီးနီရပ်ကွက်က လွဲလို့ တခြားနေရာ ဘယ်နေရာမှ မရှိဘူးလားလို့ မေးချင်စရာပါ။ မယုံမရှိပါနဲ့။ စင်ကာပူ တစ်မြို့လုံး နေရာတကာမှာ ဘိ ချည်းပါပဲ။  ဒါပေမယ့် ပေါ်တင်တော့ မလုပ်ကြပါဘူး။ ဆပါး၊ မာဆပ်၊ Health စင်တာ စတဲ့ ခေါင်းစဉ် အမျိုးမျိုး တပ်ပြီး လုပ်စားကြပါတယ်။

စင်ကာပူကို တခြားနိုင်ငံက သူငယ်ချင်းတွေ အလည်လာရင် ငါးပြတိုက်ကို ဝင်းဒိုး ရှော့ပင်း လိုက်ပို့ ရပါတယ်။ ငါးပြတိုက် ဆိုတာ စင်တိုဆာမှာ ရှိတဲ့ ရေအောက်ကမ္ဘာ မဟုတ်ပါဘူး။ ဖြူဖြူဖွေးဖွေး ရေဆေးငါးကြီးများကို မှန်ခန်းထဲမှာ ထည့်ပြထားတဲ့ ဂေလန်းလို့ အများသိကြတဲ့ ရပ်ကွက်ပါ။ ကျွန်တော်တို့က လိုက်ပြရုံပြတာပါ။ အထဲ ဝင်တာ မဝင်တာ ကတော့ ကိုယ့်ဒေါသနဲ့ ကိုယ်ပါပဲ။ ဂေလန်းမှာ မြန်မာတွေ ဘယ်လောက်တောင် အားပေးထားကြ သလဲတော့ မသိပါဘူး။ ခေါင်းတွေက အစ မြန်မာစကားနဲ့ ဈေးကြိုတတ် ကြပါတယ်။

အဖမ်းအဆီးတွေ မများခင် အချိန်တုန်းကတော့ လိုရောင်း ၁၄၊ လိုရောင်း ၁၂၊ လိုရောင်း ၈ (လိုရောင်းဆိုတာ မလေးဘာသာနဲ့ လမ်းသွယ်ကို ခေါ်တာပါ။) တို့ ဘေးမှာ စီတန်းပြီး ရပ်နေတဲ့ ကောင်မလေးတွေကို ပွဲဈေးတန်းလိုမျိုး စည်စည်ကားကား တွေ့ရတတ် ပါတယ်။ မလေးမ၊ အင်ဒိုမ၊ တရုတ်မ၊ ကုလားမ၊ အဖြူမ အစုံရှိပါတယ်။ လိုရောင်း ၈ က ဂေလန်းမှာ နာမည် အကြီးဆုံးလမ်းပါ။ အဲဒီမှာတော့ ရက်ရက်စက်စက် ချောတဲ့လှတဲ့ ပြည်ကြီး တရုတ်မတွေ ရှိပါတယ်။ သူတို့ ဘေးက ဖြတ်လျှောက်သွားရင် တရုတ်လို "ချွိမား" (သွားမလား) လို့ မေးပြီး ဈေးခေါ်ကြပါတယ်။ သူငယ်ချင်း တစ်ယောက်က ဆိုရင် အဲဒီတရုတ်မတွေကို ကြည့်ပြီး "ငါတို့ မိန်းမရရင်တောင်မှ ဒီလောက် ချောတာလှတာ ရပါ့မလား မသိဘူးကွာ။" လို့ ညည်းဖူး ပါတယ်။ လိုရောင်း ၁၂ မှာတော့ ပလက်ဖောင်းပေါ်က လျှောက်သွားရင် ကောင်မလေးတွေက အတင်း ဝိုင်းဆွဲကြတာမို့ ပလက်ဖောင်းပေါ်ကတောင် မလျှောက်ရဲ သလောက် ပါပဲ။ ရန်ကုန်က ရောက်ခါစ သူငယ်ချင်းတွေကို လိုက်ပို့ပေးတုန်းက ကျွန်တော်တို့ သူတို့ကို ဝိုင်းပြီး ချောက်ချ ကြပါတယ်။ သူတို့ကို ပလက်ဖောင်းပေါ်မှာ ရှေ့က အသာလေး လွှတ်ပေးပြီး ကျွန်တော်တို့က လမ်းမပေါ်က ပတ်လျှောက် ကြတာပါ။ သူတို့ ကောင်မလေးတွေ ဘေးဖြတ်သွားတုန်း အမဲဖျက်သလို ဝိုင်းဆွဲကြတာမို့ အားလုံး ပြေးပေါက်မှား ကုန်ပါတယ်။ အခုတော့ အဖမ်းအဆီးတွေ များလို့ အဲဒီလို လမ်းမပေါ်မှာ ရပ်နေတဲ့ ကောင်မလေးတွေ မရှိသလောက်ပါပဲ။

တစ်ခါကတော့ ဂေလန်းမှာ လမ်းလျှောက်ရင်း ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်း တစ်ယောက် အိမ်သာတက်ချင်လို့ ဒုက္ခရောက်ကြပါတယ်။ လူစုံတဲ့ ရပ်ကွက်မို့ အဲဒီအရပ်က တွိုင်းလက်တွေက အတော်ညစ်ပတ်ပါတယ်။ နောက်ဆုံးတော့ ကြံရာမရလို့ လမ်းဘေးက ထရန်စစ် ဟိုတယ် လို့ ခေါ်တဲ့ နာရီပိုင်းနဲ့ ငှားစားတဲ့ ဟိုတယ်တစ်ခုမှာ တစ်နာရီ အခန်းငှားပြီး အိမ်သာဝင်တက် ရပါတယ်။ သွားတာက ၄ ယောက်ပေမယ့် ဟိုတယ်က ၄ ယောက် တပြိုင်တည်း အခန်းထဲ ဝင်တာ လက်မခံလို့ ၂ ယောက်စီ ခွဲပြီး အပေါ်တက်ရပါတယ်။ မှတ်မှတ်ရရ ၁၅ ဒေါ်လာ ပေးပြီး အိမ်သာ တက်ခဲ့ရတာမို့ တသက်မှာ ဈေးအကြီးဆုံးပေးပြီး အိမ်သာ တက်ခဲ့ဖူးတာလို့ ပြောရပါလိမ့်မယ်။

7 comments:

sosegado said...

မြန်မာပိုင်တယ်လို့ဆိုတဲ့ ဟော်တယ်တစ်ခုက အဲဒီ့အနားမှာရှိနေပြီတဲ့၊
မသိတဲ့ မြန်မာပြည်က သွားတည်းမိတဲ့ အလည်လာတဲ့ မိသားစုတွေ မိန်ခလေးတွေ ဘယ်လိုနေမယ်မသိဘူး၊
ပုသိမ်လမ်းပါ။

ကြည်ကြည် said...

အဲ့က သူငယ်ချင်းကမြန်မာပိုင်ဟိုတယ်က ဈေးသက်သာတယ် လာရင်တခြားမှာမတည်းနဲ့ မြန်မာအချင်းချင်းအားပေးလို့ တောင်ပြောနေတာ...
တော်သေးတာပေါ့..

KT said...

Arab St? :P

shin said...

စင်ကာပူမှာနေလာတာ ၉နှစ်နီးပါးရှိပြီဆိုပေမဲ့ အဲ့ဒီလိုမျိုးနေရာတွေမှာ ဒီလိုမျိုးတွေရှိမှန်း တကယ်မသိခဲ့ရပါ။ ဗဟုသုတ အနေနဲ့မှတ်သားသွားပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

တော်တော် ဗဟုသုတစုံတာဘဲး)
ဒါလည်း ကေပိုးကြောင့်ဖြစ်မယ်နော်
ဒုတ်ထိုးအိုးပေါက် ရေးထားတာမို့ဖတ်ပြီး ပြုံးမိတယ်..

ရွှေရတုမှတ်တမ်း said...

Lor 8 ကကိုကြီးကျောက်ဖေါက်သည်လမ်းလေ..
အမလေး..လွမ်းလိုက်တာ..
အဲဒီမှာရိုက်ခဲ့တဲ့ပုံတွေ ရှိသေးလားမသိဘူး..တွေ့ရင် post တပုဒ်ရေးပြီးတင်ဦးမှ.

ရွှန်းမီ said...

စက်နဲ့ပတ်သက်တာ ဆိုလို့ အင်ဂျင်နီယာအကြောင်း မှတ်နေတာ :D