Search This Blog

Tuesday, November 30, 2010

သွားရင်း လာရင်း စားရင်း သောက်ရင်း

အမြဲတမ်း ခရီးထွက်နေရတာ ကောင်းတဲ့ အချက် ရှိသလို မကောင်းတဲ့ အချက်တွေလည်း ရှိပါတယ်။ မကောင်းတဲ့ အချက်ကတော့ လူမှုရေးနဲ့ ပတ်သက်ရင် အတော် ပျက်ကွက်ပါတယ်။ အမြဲတမ်း ခရီးထွက်နေရတော့ သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ သာရေးနာရေးတွေ သွားဖို့ အဆင်မပြေပါဘူး။ အပေါင်းအသင်းတွေနဲ့လည်း အဆက်အသွယ် ပြတ်ပါတယ်။ ဒါတင် မကသေး ပါဘူး။ ပြသနာ ရှာတတ်တဲ့ ရည်းစားရှိရင် ခရီးထွက်တဲ့ ကိစ္စကြောင့် တစ်ချိန်လုံး စကားများ နောင်ဂျိန်ချ နေရပါတယ်။ ဒီထက် ပိုဆိုးရင် ခရီးထွက်နေတုန်း ကိုယ့်ရည်းစား သူများ မ သွားတာပါ ခံရတတ် ပါတယ်။

ကောင်းတဲ့ အချက်တွေထဲမှာတော့ နေ့တိုင်း အစားအသောက်ကို တစ်နေ့တစ်မျိုး မရိုးအောင် စားနေ ရတာ ပါပါတယ်။ ကျွန်တော် ကိုယ်တိုင်က အစားအသောက်နဲ့ ပတ်သက်ရင် အစွဲအလမ်း သိပ်မကြီးပါဘူး။ မြန်မာအစားအစာ ကို ကြိုက်ပေမယ့် ကိုယ်မစားဖူးတဲ့ အစားအသောက်ဆိုရင် စမ်းပြီး စားကြည့်ချင် ပါတယ်။ အဲဒီတော့ ခရီးထွက်ရင်း တွေ့ကရာ လျှောက်စားနေရတာ ကျွန်တော့် နဲ့ အတော် ကီးကိုက်ပါတယ်။

ကျွန်တော် ခရီးထွက်ရင် တစ်ယောက်တည်း သွားဖြစ်တာ နည်းပြီး ဒေသခံ အေးဂျင့်တွေနဲ့ အတူ သွားဖြစ်တာက ပိုများပါတယ်။ အဲဒီတော့ နေ့လည်စာ ညနေစာ အတွက် သူတို့ပဲ ဦးဆောင်ပြီး စီစဉ်ပေးလေ့ ရှိပါတယ်။ အစပိုင်းကတော့ သူတို့က ဘာစားမလဲ မေးရင် anything လို့ ပြန်ဖြေနေကျပါ။ အဲဒီ အန်းနီးသင်း ဆိုတဲ့ စကားက အမေရိကန် အေးဂျင့်တစ်ယောက်နဲ့ အတူသွားတဲ့ အခေါက်မှာတော့ မှတ်လောက် သားလောက် ဖြစ်သွားပါတယ်။ အဲဒီ အချိန် ကတော့ သူက နေ့လည်စာ ဘာစားမလဲ မေးတော့ ကျွန်တော်က အန်းနီးသင်း လို့ ဖြေလိုက်ပါတယ်။ ဒါဆိုလည်း Subway မှာ ဆင်းဒဝစ် သွားစားကြတာပေါ့ ဆိုပြီး သူက ခေါ်လို့ ကျွန်တော်တို့ Subway ကို ရောက်သွားကြပါတယ်။

အဲဒီအချိန် အထိ ကျွန်တော် စင်ကာပူမှာ Subway တစ်ခါမှ မစားဖူးပါဘူး။ ဆိုင်ရောက်တော့ ဆင်းဒဝစ်ထဲ ကြိုက်တာထည့် ဆိုတော့ ပျားတုတ် ပါတော့တယ်။ ကျွန်တော်က ဆင်းဒဝစ်ဆို ချိစ်နဲ့ ငါးသေတ္တာကလွဲရင် ဘာမှ သိတဲ့ကောင် မဟုတ်ပါဘူး။ ကောင်တာနောက်က ဆင်းဒဝစ် လုပ်တဲ့သူက ဟိုဟာထည့်မလား မေးရင်လည်း ထည့်လိုက် ဒီဟာ ထည့်မလား မေးရင်လည်း ထည့်လိုက် လုပ်နေတာနဲ့ နောက်တော့ ကောင်တာထဲ ရှိသမျှ အစာ အားလုံးနီးပါး ထည့်ထားတဲ့ ဆင်းဒဝစ် တစ်ခု ထွက်လာပါတယ်။ ဘယ်လိုနေသလဲ မေးရင် အရမ်း ကောင်းပါတယ် (စိတ်ပျက်ဖို့)။ ဆင်းဒဝစ်က ပထမတစ်ကိုက် ကိုက်လိုက်ရင် ချဉ် နောက်တစ်ကိုက် ကိုက်လိုက်ရင်ဖန် နောက်တစ်ကိုက် ကိုက်လိုက်ရင် ခါးနဲ့ ဘယ်လို အရသာ ရှိမှန်းကို မသိတော့ပါဘူး။ နောက်နေ့ကစပြီး ကျွန်တော့်ကို ဘာစားမလဲ မေးရင် နည်းနည်း လေသံ ပြောင်းသွားပါတယ်။ ဘာဖြစ်ဖြစ် ဆင်းဒဝစ်က လွဲလို့လို့ သူတို့ကို ပြောတတ်ပါတယ်။

အမေရိကန်က စားသောက်ဆိုင်တွေထဲမှာ Chili's နဲ့ Ruby Tuesday ကို သဘောကျပါတယ်။ အမေရိကား သွားရင် ဒီနှစ်ဆိုင်ပဲ အရောက်များလို့လားတော့ မသိပါဘူး။ အခု စင်ကာပူမှာ Chili's ဖွင့်နေတာ တွေ့ပေမယ့် သွားမစားဖြစ် သေးပါဘူး။ အမေရိကန် ရောက်ခါစက စားသောက်ဆိုင်မှာ အအေးထပ်ဖြည့်မလားလို့ စားပွဲထိုးက မေးတော့ စင်ကာပူမှာလို ပိုက်ဆံ ထပ်ပေးရမယ် မှတ်လို့ မဖြည့်ဘူးလို့ ငြင်းပါတယ်။ အေးဂျင့်က အလကား ဖြည့်ပေးတာ ဘာဖြစ်လို့ မဖြည့်တာလဲ လို့ မေးမှ အဲဒီမှာ အအေးက ဖရီးဖလိုးမှန်း သိပါတယ်။ တစ်ခါတစ်လေတော့ မက်ကဆီကန် စားသောက်ဆိုင်ကို ရောက်ဖြစ် ပါတယ်။ မက္ကဆီကန် အစားအစာထဲမှာတော့ Fajitas ကို သဘောကျပါတယ်။ ပလာတာလိုလို နံပြားလိုလို အပြားတွေအပြင် မက္ကဆီကန် ထမင်းတွေပါ ပါတာမို့ အရသာစုံတယ် လို့ ထင်ပါတယ်။ တစ်ခါကတော့ အေးဂျင့်က မွန်ဂိုးလီးယား အစားအစာ စားမလား မေးတော့  မဆိုးပါဘူး။ အပြောင်းအလဲပေါ့ ဆိုပြီး သဘောတူလိုက်ပါတယ်။ ဆိုင်ကိုသွားရင်း မွန်ဂိုးလီးယား အစားအစာ ဆိုတာ ဘယ်လိုများ နေမလဲလို့ စိတ်ထဲမှာ တွေးနေပါတယ်။ ဆိုင်ရောက်တော့မှ မွန်ဂိုးလီးယားစာဆိုတာ တရုတ်စာ မှန်း သဘောပေါက် ပါတယ်။ ဘာမှ မကွာသလိုပါပဲ။ ဆူရှီတောင် ပါလိုက်ပါသေးတယ်။ (မွန်ဂိုမှာလည်း ဂျပန်တွေ ရှိလို့ နေမှာပေါ့။ :D )

ဥရောပမှာတော့ အစားအသောက် တော်တော်များများနဲ့ ပါးစပ်တည့်ပါတယ်။ ပါးစပ်နဲ့ မတည့်တာကလည်း ခပ်ရှားရှား မို့ နေမှာပါ။ တစ်ခါတုန်းက ဟော်လန် တောင်ပိုင်း အိုင်ဒိုဗင်မှာ ဆော့ဖ်ဝဲလ် သွားပြင်ရင်း တစ်ပတ်လောက် နေဖြစ်ပါတယ်။ တစ်နေ့တော့ ညနေဖက် ဟိုတယ်မှာ နှပ်နေတုန်း ဟော်လန်ရုံးက အင်ဂျင်နီယာ ရှန်ပေါလ်က ညနေစာ သွားစားဖို့ လာခေါ်ပါတယ်။ ကျွန်တော်က သူတို့ဆီမှာ ဧည့်သည်မို့ ထုံးစံအတိုင်း ဧည့်ခံတဲ့ အနေနဲ့ လိုက်ကျွေးတာပါ။ အိုင်ဒိုဗင် ဈေးထဲ ရောက်သွားတော့ သူက ကျွန်တော့်ကို ပြင်သစ်စာ စားချင်သလား၊ အီတလီစာ စားချင်သလား မေးပါတယ်။ ကျွန်တော်က ဟော်လန် ရောက်နေတုန်း ဒတ်ချ်အစားအသောက် စားကြည့်ချင်တယ်လို့ ပြောတော့ သူက ရယ်ပါတယ်။ နောက်တော့ ငါတို့ ဒတ်ချ် အစားအစာက ဆိုင်ဖွင့် ရောင်းတဲ့သူ ရှားတယ်။ အိမ်မှာ ချက်စားတာပဲ များတယ်လို့ သူက ကျွန်တော့်ကို ပြန်ပြော ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးတော့ အီတလီ စားသောက်ဆိုင်ပဲ ရောက်သွားကြပါတယ်။

၂ ရက် ၃ ရက်လောက်နေတော့ ကျွန်တော်နဲ့ ဥရောပမှာ အလုပ်တွဲလုပ်နေကျ အင်ဂျင်နီယာ မာ့က်ခ် ဂျာမနီက ပြန်လာပြီး ကျွန်တော့်ဆီ ရောက်လာပါတယ်။ သူနဲ့ ကျွန်တော် စက်ရုံမှာ ဆော့ဖ်ဝဲလ်ကို အပြီးသတ်ပြီးတော့ ကျွန်တော် အမြဲ နေနေကျနေရာ အုတ်ဟောက်စ်ရွာကို ပြန်ခဲ့ပါတယ်။ လမ်းမှာ ကျွန်တော်က သူ့ကို ဟိုနေ့က ရှန်ပေါလ်နဲ့ ညနေစာ သွားစားတဲ့ အကြောင်း ပြောရင်း ဒတ်ချ်အစားအစာ စားချင်တယ် ပြောတာ မရှိဘူး ပြောတဲ့ အကြောင်း သူ့ကို ပြန်ပြောပြ ပါတယ်။ သူက ဟုတ်တယ်။ ဆိုင်တွေမှာ ဒတ်ချ်အစားအစာ ဆိုပြီး ရောင်းလေ့ ရောင်းထမရှိဘူး။ ဒါပေမယ့် မင်းစားချင်ရင်တော့ ငါစီစဉ်ပေးမယ်လို့ ပြောပါတယ်။ နောက်တော့ သူ့အိမ်ကို ဖုန်းဆက်ပြီး သူ့မိန်းမကို ညနေစာ တစ်ယောက်စာ ပိုချက်ထားဖို့ လှမ်းမှာလိုက် ပါတယ်။ ကျွန်တော်လည်း အားလည်းနာတယ် ခင်လည်းခင်တယ်လေ ဆိုပြီး ဒတ်ချ်အစားအသောက် စားဖို့ သူ့အိမ် လိုက်သွား ပါတယ်။ သူကျွေးတဲ့ ဒတ်ချ် အစားအစာက ဘာလဲဆိုတော့ ဝက်အူချောင်း အကြီးကြီး တစ်ချောင်း၊ အာလူး နည်းနည်းပါးပါးနဲ့ အရွက်ကြော် တစ်ပွဲပါပဲ။ သူက ဒါ ငါတို့ ဒတ်ချ်တွေ စားနေကျ အစားအစာပဲလို့ ပြောပါတယ်။ အင်း ဒါကြောင့်လည်း ဆိုင်ဖွင့် မရောင်းကြတာကိုး ဆိုပြီးတော့ ကျွန်တော်လည်း သဘောပေါက်သွားပါတယ်။

အစားအသောက် နာမည် မခေါ်တတ်တာ အစားအသောက် နာမည်ကို နားမလည်တာလည်း ကွိုင်တစ်မျိုး ပါပဲ။ အိုင်ယာလန်မှာ ရောက်နေတဲ့ အချိန်တုန်းက ဟိုတယ် စားသောက်ခန်းမမှာ မီနူးကြည့်ရင်း Goat Cheese ဆိုတာကို ဆိတ်သားနဲ့ ချိစ်လို့ ကိုယ့်ဘာသာကိုယ် ခပ်တည်တည် ဘာသာပြန်ပြီး မှာထည့်လိုက်ပါတယ်။ စိတ်ထဲမှာတော့ ဆိတ်သားကို mutton မရေးဘဲ Goat လို့ ရေးထားတာ နည်းနည်း ထူးဆန်းနေတယ် ထင်ပါတယ်။ မှာထားတာ ရောက်လာလို့ အသားတစ်တုံးမှ ပါမလာတော့မှပဲ Goat Cheese ဆိုတာ ဆိတ်နို့က လုပ်ထားတဲ့ ချိစ်ကို ခေါ်တာ ဆိုပြီး နားလည်သွား ပါတယ်။ အသိနောက်ကျတော့လည်း ချိစ်နဲ့ပဲ အသားမပါဘဲ ကျေနပ် လိုက်ရပါတယ်။

မွေးကတည်းက ထမင်းစားလာတော့ ထမင်းနဲ့ ဝေးတာ ကြာရင် ပါးစပ်က မနေနိုင်ပါဘူး။ ဘယ်လောက် ကောင်းတာတွေပဲ စားနေရ ပါစေ ထမင်းစားချင်စိတ် ပေါ်လာတာတော့ အမှန်ပါပဲ။ အဲဒီ အချိန် ထမင်းသာ စားရရင် ဘယ်လိုပဲ စားလိုက်ရ စားလိုက်ရ ဆိုတာမျိုး စိတ်ထဲ က ဖြစ်လာတတ် ပါတယ်။ ထမင်း အကြောင်းပြောရင် ပင်ဆယ်ဗေးနီးယားက သူငယ်ချင်းကို သတိရ ပါတယ်။ ကျွန်တော် အမေရိကန် ရောက်တဲ့ အခါတိုင်း သူနဲ့ ဖုန်းပြော ဖြစ်ပါတယ်။ တစ်နေ့တော့ ကျွန်တော်တို့ ထမင်း အကြောင်း စကားစပ်မိလို့ ပြောကြရင်း သူက ငါတို့ဆီမှာ ဆန်မရှိဘူးကွ လို့ ပြောလို့ ကျွန်တော် အတော်လေး အံ့အားသင့် သွားပါတယ်။ အဲဒါနဲ့ ကျွန်တော်က သူ့ကို အဲဒါဆို ခင်ဗျား ထမင်း ဘယ်လိုစားသလဲ မေးတော့ ငါ အရင်တစ်ခေါက်က ကယ်လီဖိုးနီးယားကို အလည်သွားတုန်းက 10 Kg ရှိတဲ့ ဆန်တစ်အိတ် ဝယ်လာတယ်။ အဲဒါနဲ့ စားချင်စိတ် ပေါ်လာတိုင်း ချက်စားနေရတာပဲ လို့ သူက ကျွန်တော့်ကို ပြောပြပါတယ်။ ကျွန်တော့် စိတ်ထဲမှာ အတော်တော့ ထူးဆန်းနေပါတယ်။ အဲဒါကြောင့် နောက်နေ့ အေးဂျင့်ကို မင်းတို့ အမေရိကန်မှာ ဆန်ဒီလောက်တောင် ရှားရသလား မေးတော့ အေးဂျင့်က မရှားပါဘူးဟ။ ဝယ်လို့ ရပါတယ်။ ရိုးရိုးဆန် မရှိရင်တောင် ဆူရှီလိပ်တဲ့ဆန်တော့ ဘယ်နေရာ မဆို ဝယ်လို့ ရပါတယ် လို့ ကျွန်တော့်ကို ပြန်ပြောပါတယ်။ မင်းသူငယ်ချင်း ဝယ်လို့ မရဘူး ဆိုတာ ဘယ်နားဝယ်ရမှန်း မသိလို့ နေမှာပါ ဆိုမှပဲ ကယ်လီဖိုးနီးယားကနေ ပင်ဆယ်ဗေးနီးယား အထိ လေယာဉ်နဲ့ 10 Kg ဆန်တစ်အိတ်ကို တကူးတက သယ်လာရတဲ့ သူ့အဖြစ်ကို စဉ်းစားပြီး ပြုံးမိပါတယ်။

13 comments:

Rita said...

ဒတ်ခ်ျ အစားအသောက်က တော်တော်ရီရတာပဲ
=D

sosegado said...

ရောက်တဲ့နေရာတွေမှာ ဒေသအစာတွေကို စမ်းစားကြည့်တာကောင်းပါတယ်၊ ကြိုက်သည်ရှိ မကြိုက်သည်ရှိ၊

ရွှေရတုမှတ်တမ်း said...

အစားအသာက်ကတော့ ဘာဖြစ်ဖြစ်စားလို့ရပေမဲ့..US မှာရတဲ့အစာတွေက အေးစက်စက်ကြီးတွေနဲ့ပဲ ကြုံ ရတော့ တခါတလေစိတ်ပျက်တယ်၊ ကိုယ်ကကျန်းမာရေးမကောင်းတုန်းပူပူနွေးနွေးလေးစားချင် တရုပ်ဆိုင် ကိုရီးယားဆိုင်လိုက်ရှာရတာက တဒုက္ခ ဆိုင်တွေက အချို့မှုန့်တွေ တအားသုံးတော့ စားလိုက်တာနဲ့ ပါးစပ်က တန်းသိတော့ ဆက်မစားချင်..နောက်တော့ ခရီးဝေးသွားရင် ကားပေါ် rice cooker အသေးလေးတင်သွားတာပဲ ၊ ဆန်ကတော့ အမေရိက မှာ ဘယ်နေရာဖြစ်ဖြစ်ရှိပါတယ်..ပင်ဆဗေးနီယားမှာ မရှိဘူးဆိုတာတော့ ပတ်ဝန်းကျင်လေ့လာမှုညံ့လွန်းလို့ နေမှာ..

ချစ်ကြည်အေး said...

ကျမလည်း ခရီးထွက်ရတာ ကြိုက်တယ်၊ အဲလို ခရီးလျှောက်သွားနေရတဲ့ အလုပ်မျိုး လုပ်ချင်တာ၊ အမျိုးသမီး ဖြစ်နေလို့, ရုံးထိုင်လုပ်နေရတာ ဝါသနာမပါဘူး... အားကျတယ်ရှင် အဲသလို ကုမ္ပဏီစားရိတ်နဲ့ ကမ္ဘာပတ်ချင်တာ...:P

khin oo may said...

တို့ကတော့ rice cooker သယ်သွားတယ်ဆရာ။

khin oo may said...

ကွတ်ကာ ကျောက်နဲ့တူသွားဘီ။

mee mee said...

ဟီး မိုက်တယ်ကွာ...ဆုမြတ်လည်း မချစ်ကြည်အေးလို ကန်ပနီစရိတ်နဲ့ ကမ္ဘာပတ်ချင်တာ..ခုများတော့ ဟိုသွားဒီသွား transportation ပြန် claim လို့ရဘူး ဆိုးပ..။ ဒါနဲ့စကားမစပ် ကိုဇတ်တီ အီသီယိုပီးယားကော ရောက်ဖူးလားဟင်..။ :P

Anonymous said...

အစားမရွေးတတ်တာလဲ ဒုက္ခတမျိုးပဲနော်..။
(ဝတတ်တာ)
ကျနော်လဲ အစားမရွေးဘူး..။
ဟိုတခါပြောတဲ့ မလေးက မလေးတရုတ်ဆိုင်မှာ စားဖူးချင်နေတာ..။
(ဒါကျ ငတ်တယ်ခေါ်တယ်ထင်တယ်)




ပေါက်

Ko Boyz said...

နေရာစုံကို ရောက်နေတာပါလား။
အားကျတယ်။
ခရီး ခဏခဏ ထွက်နေရတာ တစ်ခုတော့ မကောင်းဘူး။ ငတ်တယ်။

ZT said...

ကိုဘ ဘာငတ်တာလဲဟင်။ :D

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်တယ် အိတ်ထဲက ပိုက်ဆံ မကုန်ဘဲ ကမ္ဘာပတ်နေရတာ ဘယ်လောက်ကံကောင်းလဲနော်..
အစားအသောက် ရိုးရာဓလေ့၊ ဒေသန္တရဗဟုသုတ အိုး အများကြီးရတယ်..
အားကျဖို့ကောင်းလိုက်တာ
ဘလော်ဂါဖြစ်နေတဲ့အတွက် စာရေးဖို့ကုန်ကြမ်းတွေလဲရတယ် ဒါကတော့ အကောင်းဆုံးဖြစ်မယ် ထင်တယ်နေား)

သက်ဝေ said...

ခရီးတွေ အများကြီးသွားရတာပဲ...
ပျော်စရာကြီး.................း))

Sint Si said...

Please ask your friend to Google international market or Asian / Indian supermarket around where he live. Even regular supermarket sell rice but they come in small bag and expensive.