Search This Blog

Saturday, December 4, 2010

ဘဝတစ်ဆစ်ချိုးများ

လူတစ်ယောက် အတွက် အသက်မွေးဝမ်းကြောင်း လုပ်စားမယ့် အလုပ်တစ်ခုကို ရွေးချယ်ဖို့ ဆုံးဖြတ်ချက် ချရမယ့် အချိန်ဟာ တစ်ချိန်မဟုတ် တစ်ချိန် ကြုံလာတတ် ပါတယ်။ အဲဒီလို အချိန်မှာ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ ကိုယ်ပိုင် အတွေ့အကြုံနဲ့ အသိပညာ အပေါ်မူတည်ပြီး ဆုံးဖြတ်ချက် ချတတ်ကြ ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ရဲ့ အသိပညာ နုနယ်နေရင် အတွေ့အကြုံ နည်းပါးနေရင် ဆုံးဖြတ်ချက် အမှားတွေ ချဖြစ်မှာ ပါပဲ။ အဲဒါကြောင့် ကိုယ့်ထက် အတွေ့အကြုံ များတဲ့သူတွေ ကိုယ့်ထက် အသိပညာ ပိုရှိတဲ့သူ တွေရဲ့ အကူအညီကို ယူရင် မမှားနိုင်ဘူးလို့ ထင်ခဲ့ဖူး ပါတယ်။ သေချာတာ တစ်ခုကကတော့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်နဲ့ သက်ဆိုင်တဲ့ အတွေ့အကြုံ အသိပညာမျိုး ရှိတဲ့သူကသာ ကိုယ့်ကို အကြံကောင်း ဉာဏ်ကောင်း ပေးပြီး လမ်းကြောင်းမှန် ပေါ်တင်ပေးနိုင်မှာပါ။ အဲဒီလိုမှ မဟုတ်ရင်တော့ တခြားသူဆီက အကြံဉာဏ် တောင်းခါမှ ကိုယ်ပါစိတ်ဓာတ်ကျပြီး ဘာလုပ်ရမှန်း မသိ ဖြစ်တာမျိုးလည်း ကြုံရတတ်ပါတယ်။

ကျွန်တော် နိုင်ငံခြားကို မထွက်ခင် ရန်ကုန်မှာ အကြာကြီး ရွာလည် နေခဲ့ဖူး ပါတယ်။ ပထမဆုံးတစ်နှစ် နိုင်ငံခြားကို ထွက်ဖို့ ကြိုးစားတာ မအောင်မြင်ပါဘူး။ ကျောင်းလျှောက်တာ ကိုယ်တက်ချင်တဲ့ ကျောင်းကမရ ရတဲ့ကျောင်းကလည်း ဈေးအရမ်းကြီးလို့ မတက်နိုင် ဆိုသလိုမျိုး ဖြစ်တာကြောင့် ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေပါတယ်။ အဲဒီအချိန်မှာ နိုင်ငံခြားက အလုပ်လုပ်ပြီး ပြန်လာတဲ့ မိတ်ဆွေတစ်ယောက်နဲ့ တွေ့ပါတယ်။ သူနဲ့ ကျွန်တော် နိုင်ငံခြား အကြောင်း ဆွေးနွေးဖြစ်ရင်း ကျွန်တော်က ကျောင်းလျှောက်တာ မရလို့ နည်းနည်း အကြံပေးပါဦးလို့ သူ့ဆီက အကြံဉာဏ် တောင်း ပါတယ်။ သူက ကျွန်တော့်ကို မင်းကျောင်းတက်ပြီးရင်လည်း အလုပ်လုပ်ရမှာပဲ။ အဲဒီတော့ ဘာကိစ္စ ကျောင်းတက် နေဦးမှာလဲ။ အလုပ်ပဲ တစ်ခါတည်း သွားလုပ်ပေါ့ ဆိုပြီး အကြံပေးပါတယ်။ သူက ကျွန်တော့်ကို ကိုရီးယား ထွက်ဖို့ ဂျပန်သွားဖို့ လမ်းစတွေ ပြောပြပါတယ်။ လိုအပ်တာ အားလုံး ကူညီမယ် လို့လည်း ပြောပါတယ်။ ကျွန်တော်လည်း သူ့စကား နားထောင်ပြီး ဇဝေဇဝါ ဖြစ်သွားပါတယ်။ တကယ်လို့ အဲဒီအချိန်ကသာ ကျွန်တော် သူပြောတဲ့ အကြံအတိုင်း လိုက်လုပ်ခဲ့မယ်ဆိုရင် အခုအချိန် အင်ဂျင်နီယာ ဖြစ်လာစရာ အကြောင်း မရှိပါဘူး။ ဒါပေမယ့် ကျွန်တော် နိုင်ငံခြားမှာ ကျောင်းတက်ချင်တဲ့ စိတ်က သိပ်ပြင်းနေတော့ သူပြောတဲ့ အကြံအတိုင်း မလုပ်မိပါဘူး။

ဒီလိုနဲ့ နောက်ထပ် ၂ လ ၃လလောက် ကြာတော့ စင်ကာပူမှာ ကျောင်းတက်ပြီး ပြန်လာတဲ့ သူငယ်ချင်း တစ်ယောက်နဲ့ ဆုံဖြစ်ပါတယ်။ ကျွန်တော်က သူ့ကို ကျောင်းလျှောက်ပေးဖို့ အကူအညီတောင်းတော့ ပုဂ္ဂိုလ်က ကျွန်တော့်ကို အင်ဂျင်နီယာ လုပ်တာ အကြောင်း မဟုတ်ဘူး။ ဒါပေမယ့် အီလက်ထရွန်းနစ် နဲ့ ပတ်သက်တဲ့ အင်ဂျင်နီယာလိုင်းတွေကို မရွေးဖို့ နားချပါတယ်။ မရိန်း အင်ဂျင်နီယာရင်း နဲ့ ကျောင်းတက်ပြီး လခကောင်းတဲ့ ဆာဗေယာ အလုပ်လုပ်ဖို့ သင်္ဘော အင်ဂျင်နီယာ လုပ်ဖို့ တိုက်တွန်းပါတယ်။ ကျွန်တော် ဝါသနာ ပါတာက အီလက်ထရွန်းနစ်နဲ့ ရိုဘော့တစ်ပေမယ့် သူပြောတဲ့ စကားကို နားယောင်သွား ပါတယ်။ အဲဒါနဲ့ စင်ကာပူကို ကျောင်းလျှောက်တော့ ကျွန်တော် အဲဒီလိုင်းတွေ တစ်လိုင်းမှ မလျှောက် ဖြစ်ပါဘူး။ မရိန်း အင်ဂျင်နီယာရင်းနဲ့ စလုံးကို ကျောင်းလှမ်းလျှောက်ပြီး ကျောင်းဝင်ခွင့် ရသွားပါတယ်။ ကျောင်းဝင်ခွင့် ရပြီးတော့ ကျွန်တော် မပျော်ပါဘူး။ ကိုယ်ဝါသနာ မပါတဲ့ လိုင်းကို တက်ရမှာမို့ နည်းနည်း စိတ်လေနေပါတယ်။

အဲဒီအချိန်မှာတော့ အခုလက်ရှိ သင်္ဘောပေါ်မှာ ကုန်းချုပ်လို့ ခေါ်တဲ့ ချိဖ်အော်ဖစ်ဆာ ဖြစ်နေတဲ့ ကျွန်တော့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း နဲ့ ဆုံဖြစ်ပါတယ်။ သူက အဲဒီတုန်းက ကဒက်လို့ ခေါ်တဲ့ အလုပ်သင် အရာရှိပါ။ သူက ကျွန်တော့်ကို မင်းနိုင်ငံခြား ကျောင်းသွားတက်ပြီး သင်္ဘောသား လုပ်မယ် ဆိုတဲ့ ကိစ္စ။ ငါလုံးဝ အားမပေးဘူး။ နိုင်ငံခြားမှာ ကျောင်းသွားတက်ပြီးမှတော့ ကုန်းပေါ်မှာပဲ အလုပ်လုပ်တော့။ ငါတို့လို ငယ်ငယ်ကတည်းက သင်္ဘောသား ဖြစ်ချင်လှပါတယ် ဆိုတဲ့ကောင်တောင် အခု တကယ် သင်္ဘောပေါ် ရောက်တော့ အတော် ညစ်နေပြီ။ မင်းလို ဝါသနာ မပါတဲ့ကောင် သင်္ဘောပေါ် ရောက်ရင် ပိုဆိုးမယ်။ အဲဒီတော့ စိတ်ကူးမလွဲနဲ့ တခြားလိုင်းရွေးလို့ အကြံပေးပါတယ်။ ကျန်တဲ့သူ အတော်များများကလည်း ဝိုင်းဖျက်ကြ ပါတယ်။ အဖေကတော့ မင်းလုပ်ချင်တယ် ဆိုရင် လုပ်ပေါ့။ ရေထဲမှာ တချိန်လုံး နေနေရမယ့် ကိစ္စတော့ ထည့်စဉ်းစားပေါ့ကွာလို့ ပြောပါတယ်။ ဒီလိုနဲ့ ကျွန်တော် တခြားလိုင်း ပြောင်းလျှောက်လိုက်တဲ့ အတွက် မရိန်းအင်ဂျင်နီယာ မဖြစ်ခဲ့ပါဘူး။ အဲဒီ ဆုံးဖြတ်ချက် မှန်သလား မှားသလား ဆိုတာ အခုချိန် ပြန်စဉ်းစားကြည့်တော့ ဝါသနာဘက်က ကြည့်ရင် မှန်ပါတယ်။ အခု ကျွန်တော် ကိုယ်စိတ်ပါတဲ့ ကိုယ်ပျော်တဲ့ အလုပ်လုပ် နေရပြီးထိုက်သင့်တဲ့ လစာရနေတဲ့ အတွက် စိတ်ချမ်းသာ ရပါတယ်။ ပိုက်ဆံဘက်က လှည့်တွေးရင်တော့ မှားပါတယ်။ ကျွန်တော်နဲ့ အတူတူ တစ်ကျောင်းတည်း တက်ပြီး သင်္ဘော အင်ဂျင်နီယာ ဖြစ်နေတဲ့ သူငယ်ချင်းက အခုအချိန် တစ်လကို လစာ ယူအက်စ်ဒေါ်လာ တစ်သောင်းကျော် ရနေ ပါတယ်။ ကျွန်တော့်ရဲ့ တစ်နှစ်ဝင်ငွေက သူ့ရဲ့ ၃ ၄ လစာ ဝင်ငွေကို မမီပါဘူး။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်တော့ အခု အချိန်ထိ မရိန်း အင်ဂျင်နီယာ မလုပ်မိတာကို မှားတယ်လို့ မယူဆတာ အမှန်ပါပဲ။

ဒီလိုနဲ့ ကျွန်တော် စင်ကာပူ ရောက်လာတော့ ကျွန်တော့် စိတ်ဝင်စားမှုက တစ်မျိုး ပြောင်းသွားပြန်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော် ကွန်ပျူတာနဲ့ ပရိုဂရမ်းမင်းကို စပြီး စိတ်ဝင်စားလာပါတယ်။ အိမ်မှာ အားရင် ကိုယ့်ဘာသာကိုယ် ကွန်ပျူတာကို ကလိ နေတတ်သလို ပရိုဂရမ် ရေးနေတတ် ပါတယ်။ အဲဒီအချိန်မှာ သူငယ်ချင်း အတော်များများက ကျွန်တော့်ကို လှောင်ကြပါတယ်။ မင်းအင်ဂျင်နီယာ ဖြစ်မယ့်ကောင်။ ပရိုဂရမ်းမင်း မိုးပျံအောင် တော်နေပေစေဦး။ ဘာမှ သုံးစားလို့ မရဘူး။ ဆိုပြီး ဝိုင်းနှိပ်ကွပ်ကြ ပါတယ်။ ကျွန်တော်ကတော့ ကိုယ်ဝါသနာပါတာ ကိုယ်လုပ်တာ ဘယ်သူ့ ဂရုစိုက် ရမှာလဲ။ အလုပ်ထဲမှာ သုံးမရလည်း ငါ့ဘာသာငါ အပျော် ရေးမှာပေါ့။ ဘာဖြစ်သေးလဲ ဆိုပြီး ပြန်ပြောပါတယ်။ အဲဒီအချိန်တုန်းကတော့ ကျွန်တော်တို့ အားလုံး နိုင်ငံတကာ လုပ်ငန်းခွင် အတွေ့အကြုံ မရှိကြတော့ အင်ဂျင်နီယာနဲ့ ပရိုဂရမ်းမင်းကို ဆက်စပ်ပြီး မတွေးတတ်ကြပါဘူး။ ပရိုဂရမ်မင်း ဆိုတာ အင်ဂျင်နီယာ နယ်ပယ်မှာ အသုံးဝင်တဲ့ နည်းပညာ တစ်ခု ဆိုတာလည်း မသိခဲ့ကြပါဘူး။

ဒီလိုနဲ့ ကျောင်းပြီးလို့ အလုပ်ရှာတဲ့ အချိန် ရောက်လာပါတယ်။ ကျွန်တော်နဲ့ တစ်နှစ်တည်း အတူတူ ကျောင်းပြီးတဲ့သူတွေ ကိုယ်စီကိုယ်ငှ အလုပ်ရသွားကြပေမယ့် ကျွန်တော် အလုပ်မရပါဘူး။ ယောင်လည်လည် ဖြစ်နေပါတယ်။ အလုပ်ကို ရွေးရှာနေတာကြောင့်လည်း ပါပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့် သူငယ်ချင်းရဲ့ ဦးလေး တစ်ယောက် အိမ်လာလို့ သူနဲ့ ကျွန်တော် စကားပြောဖြစ်ပါတယ်။ သူက ကျွန်တော် အလုပ်ရှာနေတယ် ဆိုတာ သိတော့ သူအကူအညီပေးမယ် သူ့ အလုပ်မှာ ပြောပေးမယ် လို့ပြောပါတယ်။ သူက အလုပ်ရုံတစ်ခုက ဖိုမင်ပါ။ နောက်တော့ သူက ကျွန်တော့်ကို မင်းပုံဆွဲတတ်လားလို့ မေးပါတယ်။ ကျွန်တော် အင်ဂျင်နီယာ ပေမယ့် Drawing အတော့်ကို ညံ့ပါတယ်။ အဲဒါကြောင့် ကျွန်တော်က သူ့ကို အမှန်အတိုင်းပဲ ကျွန်တော် Drawing သိပ်မကောင်းတဲ့ အကြောင်း ပြောပါတယ်။ အဲဒါဆိုရင် မင်း Machining အကြောင်း နားလည်လားလို့ သူက မေးပါတယ်။ ဝပ်ရှော့ကလည်း ကျောင်းမှာ ကျွန်တော် အမုန်းဆုံး ဘာသာတွေထဲမှာ ပါပါတယ်။ ဝပ်ရှော့လုပ်ဖို့ ကျွန်တော် လုံးဝ ဝါသနာ မပါပါဘူး။ အဲဒါလည်း ကျွန်တော်မရတဲ့ အကြောင်း ကျွန်တော်သူ့ကို ပြောပါတယ်။ မင်းက အင်ဂျင်နီယာ လုပ်နေပြီး ဝပ်ရှော့လည်း မရ ပုံဆွဲလည်း မရဆိုတော့ ဘာလုပ်စားမှာလဲ ဆိုပြီး သူက ကျွန်တော့်ကို မေးပါတယ်။ အမှန်တကယ် ကျွန်တော် ကျွမ်းကျင်တဲ့ အလုပ်က ကွန်ထရိုးနဲ့ ပရိုဂရမ်းမင်းပါ။ ကွန်ထရိုးနဲ့ ဆိုင်တဲ့ နည်းပညာတွေကို စိတ်ဝင်စားလို့ ကျောင်းမှာကတည်းက အဲဒါနဲ့ ပတ်သက်တာတွေကိုပဲ အထူးပြု လိုက်စားပါတယ်။ အဲဒီအချိန်မှာ အလုပ်မရလို့ ညစ်နေရတဲ့ အထဲ သူက အဲဒီလို မေးလိုက်လို့ ကျွန်တော် အူကြောင်ကြောင် ဖြစ်သွားပါတယ်။ ငါလုပ်ခဲ့တာများ မှားနေသလား၊ ဒီပညာတွေနဲ့ ငါတကယ်ပဲ လုပ်စားလို့ မရတော့ဘူးလား ဆိုပြီး ဇဝေဇဝါ ဖြစ်သွားပါတယ်။

ဒါပေမယ့်လည်း နောက်ဆုံးတော့ ကွန်ထရိုးနဲ့ ပရိုဂရမ်းမင်း ကြောင့်ပဲ ကျွန်တော် အလုပ်ရခဲ့ပါတယ်။ ကိုယ်ဝါသနာ ပါတဲ့ လိုင်းမို့ အစဉ်တစ်စိုက် လိုက်စားဖြစ်တာမို့လည်း အလုပ်ထဲမှာ ပရော်ဖက်ရှင်နယ် အနေနဲ့ နေရာတစ်ခု ရခဲ့ပါတယ်။ ကျောင်းစာ ပြင်ပ ဝါသနာ အလျောက် လေ့လာထားတာ တွေကြောင့် အလုပ်ထဲမှာ အခြားသူတွေထက် ပိုပြီး လုပ်နိုင်တာလည်း အမှန်ပါပဲ။ အခုတော့လည်း ကိုယ်ဝါသနာပါတာ ကိုယ်လုပ်ခဲ့တာ ကိုယ့်စိတ်တိုင်းကျ ဘဝလမ်းကြောင်းကို ပုံဖော်ခဲ့တာ မမှားခဲ့ဘူး ဆိုတာ သိရလို့ အထိုက်အလျောက်တော့ စိတ်ချမ်းသာ ရပါတယ်။

တစ်ခါတစ်လေတော့လည်း ဘယ်သူဘာပြောပြော ကိုယ်ဝါသနာ ပါတာ ကိုယ်လုပ်တာ အကောင်းဆုံးပါပဲ။ ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ ဖြစ်နိုင်ခြေကို ကိုယ့်ဘာသာကိုယ်ပဲ သိပါတယ်။ ကိုယ့်ဘာသာကိုယ် ယုံကြည်မှု ရှိဖို့ပဲ လိုပါတယ်။ တခြားသူတွေ ပြောတဲ့စကား နားယောင်ပြီး ဟိုလိုလို  ဒီလိုလို ဖြစ်နေရင် တောင်မရောက် မြောက်မရောက်နဲ့ ဗုံမဟုတ် ပတ်မဟုတ်ပဲ ဖြစ်နေမှာပါ။

သက်ဆိုင်သောပို့စ်
ဘဝလမ်းခွဲ

9 comments:

Rita said...

((ဘယ်သူဘာပြောပြော ကိုယ်ဝါသနာ ပါတာ ကိုယ်လုပ်တာ အကောင်းဆုံးပါပဲ။))

အဲဒါကို သိပ္သေဘာတူတာပဲ။

နောက် လူငယ်ဘဝမှာ တခုခုရွေးရတော့မယ်ဆို ဘေးက ဖျက်မျဉ်းတွေ လာဆွဲကြတာလည်း ထုံးစံလိုပဲ။ တခုခုလုပ်တော့မယ်လို့ မကြေညာခင် အဲဒါပါ ထည့်တွက်ထားဖို့လိုတယ်။

khin oo may said...

စဥင်္းစားပြောစရာတွေ ခေါင်းခြောက်သွားတယ်။ လွယ်လွယ်ဘဲထောက်ခံလိုက်မယ်။ မှန်၏။

khin oo may said...

ကိုကိုဒီဘီပေါ့ ကွန်မက်မရေးဘဲ share နေတယ်။ ရီဒါးထဲမှာ.

khin oo may said...

ဘဝတစ်ဆစ်ချိုးများ
from ဖူးနုသစ် by ZT
1 person liked this - Mr.DBA
Shared by Mr.DBA

Anonymous said...

အသက်သုံးဆယ်ကျော်၊ဒီမှာလဲကျောင်းတက်ပြီးပိုက်ဆံကုန်ထားပြီးမှ နောက်ထပ်တစ်ဆစ်ထပ်ချိုးဖို့တော့မလွယ်တော့ဘူးထင်တယ်။ ဖြစ်နိုင်ရင် IT မလုပ်ပဲ economic and finance ဘက်ပြန်တက်ချင်လိုက်တာ။ ငယ်တုန်းကတော့ ဘာမှန်းသေချာမသိ၊ ဖွင့်တဲ့ကျောင်းရွေးတက်လိုက်တာ ကွန်ပျုတာဖြစ် နေတယ်။ နယ်မှာနေတဲ့သူအဖို့ အမြင်လည်း မကျယ်ခဲ့ဘူးလေ။ ပြန်တွေးမိရင် ဘာကိုစိတ်နာမှန်း မသိဘူး။ ၀ါသနာပါတာနဲ့ မလုပ်မဖြစ်လို့ လျှောက်မိတဲ့လမ်းဆက်လျှောက်နေရတာက တခြားစီပဲ။ စိတ်ဓာတ်ကျတယ် တခါတလေ :(

ZT said...

Anonymous-> အဲဒီလို လူမျိုးတွေ အများကြီးပါပဲ။ ကျွန်တော့် သူငယ်ချင်းတစ်ယောက် စင်ကာပူ Phillip Money ကို ရောက်တုန်းက အဲဒီက Broker တွေကို မေးကြည့်တာ ၇ ယောက်မှာ ၆ ယောက်က NTU ကျောင်းဆင်းထားတဲ့ အင်ဂျင်နီယာတွေ။ ကျွန်တော့် သူငယ်ချင်း ကိုယ်တိုင်ကလည်း နိုင်ငံခြား တက္ကသိုလ် တစ်ခုက အင်ဂျင်နီယာဘွဲ့ ရပေမယ့် economics ပဲ အားသန်နေတာကြောင့် စတော့ခ် နဲ့ Forex က သူ့ရဲ့ အဓိက အလုပ်၊ အင်ဂျင်နီယာ အလုပ်က အရံ အလုပ်အနေနဲ့ ပိုက်ဆံ ရှာနေတာပါ။ Finance နဲ့ Economics သီအိုရီ သီးသန့်ကိုပဲ စိတ်ဝင်စားတယ် ဆိုရင်တော့လည်း မပြောတတ်ဘူးပေါ့။

sosegado said...

မြန်မာ ပရိုဂရန်မာ တစ်ယောက်ကိုတွေ့ဘူးတယ်၊ လွန်ခဲ့တဲ့ ၆ နှစ်လောက်က၊
မိန်ကလေးပါ၊ ပရိုက်ဗိတ်ကျောင်းတွေတက်ပြီး ပရိုဂရန်မာ ဖြစ်လာတာလို့ပြေတယ်၊
အင်ဂျင်နီယာမဟုတ်ဘူး၊ ရေဆင်း စိုက်ပျိုးရေးကပြီးတာ၊ အဲဒီတုန်းက SMC ရဲ့ ဖေါက်တယ် ဂျပန် company မှာလုပ်နေတယ်၊ သူဘာလို့ ပရိုဂရန်မာဖြစ်လာလဲ စိတ်ဝင်စားဘို့ကောင်းပါတယ်၊
ခုတော့ NY မှာ ဝင်ငွေကစလုံးနှင့်တွက်ရင် တသောင်းလောက်တော့ရှိပါတယ်၊

Raymond.Kyaw Minn Naing said...

ဝါသနာပါတာကိုပဲလုပ်သင့်တယ်။ ကျွန်တော်လဲ Sun ကို စွန့်ပြီး Cisco ကိုရွေးခဲ့တယ်။ စိတ်မပါပဲလုပ်လို့မရ တဲ့အထဲမှာ Programming ကထိပ်နားကဖြစ်မလားပဲဗျာ။

Anonymous said...

ကွန်ကရက်ပါ ဇတ်တီ..ခုလိုလမ်းကြောင်းမှန်မှာအောင်မြင်တဲ့လူတစ်ယောက်ဖြစ်ခဲ့လို့ပေါ့...
သူညားကတော့ခုထိယောင်တုန်း ဖြစ်ချင်တာက မင်းသမီး ဖြစ်ခဲ့တာက မင်းသားမိန်းမ..အဲလိုပြောရမလားပဲ..။ ဖြစ်ချင်တာနဲ့ဖြစ်နေတာ တစ်သားတည်းကိုမကျသေးဘူး..။ :(

ဆုမြတ်