Search This Blog

Wednesday, December 22, 2010

အရိုးစွဲ

လွန်ခဲ့တဲ့ လအနည်းငယ်လောက်က စင်ကာပူက မြန်မာစာပေ ဟောပြောပွဲမှာ ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) က ရသစာပေ အကြောင်း ပြောသွားခဲ့ပါတယ်။ သူကတော့ ဖိုးတောင်သူ့တဲ ဆိုတဲ့ ကျွန်တော်တို့ ငယ်ငယ်က သင်ခဲ့ဖူးတဲ့ ကဗျာကလေး တစ်ပုဒ်ကို ဥပမာ ပေးပြီး ပြောသွား ခဲ့တာပါ။ ဖိုးတောင်သူ့တဲ့ ကဗျာမှာ ချမ်းလွန်းလို့ ကိုယ့်တဲကိုယ် ပြန်ဖျက်ပြီး မီးလှုံခဲ့တဲ့ တောင်သူကြီး တစ်ယောက် အကြောင်းကို ရေးထားပါတယ်။ ဒါပေမယ့်လည်း ဒီကဗျာက ပေးတဲ့ ရသကို အခုခေတ်မှာ ပြန်ပြီး ထင်ဟပ်ကြည့်လို့ ရနေပါတယ်။ ကိုယ့်အိမ်ကိုပေါင်ပြီး နှစ်လုံးထီ ထိုးတဲ့သူတွေ ဘောလုံးပွဲလောင်းတဲ့ သူတွေဟာ ဖိုးတောင်သူ့တဲ ကဗျာထဲက တောင်သူကြီးလို လူစားမျိုးတွေပါလို့ ဆရာ မောင်စိန်ဝင်းက ပြောသွားခဲ့ပါတယ်။ ရသ စာပေဆိုတာ သူ့ကို ဖန်တီးတဲ့ ခေတ်က အကြောင်းအရာ တစ်ခုကို ဦးတည်ပြီး ရေးထားပေမယ့်လည်း ကွဲပြားခြားနားတဲ့ ခေတ်တစ်ခုမှာ ပုံသဏ္ဍန်တူတဲ့ အခြား အကြောင်းအရာ တစ်ခုနဲ့ ယှဉ်ထိုးပြီး ထင်ဟပ် ကြည့်လို့ ရပါတယ်။

အဲဒီကနေ ကျွန်တော့်ခေါင်းထဲမှာ ဆက်ပြီး အတွေးတွေ ပွားသွားပါတယ်။ ကျွန်တော် လွန်ခဲ့တဲ့ ၁၅ လောက်က ဖတ်ပြီး စိတ်ထဲမှာ စွဲကျန်နေတဲ့ ဝတ္ထုတစ်ပုဒ်ကိုလည်း ခေါင်းထဲမှာ ဖြတ်ကနဲ သတိရသွားပါတယ်။ ကျွန်တော့် ပတ်ဝန်းကျင်နဲ့ အဲဒီဝတ္ထုဟာ တိုက်ဆိုင်လွန်းလို့ပါ။ အဲဒီ ဝတ္ထုကတော့ ဆရာနေဝင်းမြင့် ရဲ့ ဆယ့်နှစ်ပွဲဈေးသည် ဝတ္ထုတို ပေါင်းချုပ်ထဲက နက်စ်ကော်ဖီ ဆိုတဲ့ ဝတ္ထုတို တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းကို ကျွန်တော် မှတ်မိသလောက် ပြန်ပြောပြပါ့မယ်။

ဝတ္ထုရဲ့ အဓိက အကြောင်းအရာကတော့ ချန်ထွန်းအောင် ဆိုတဲ့ ဗိုလ်တဲစောင့် တစ်ယောက် အကြောင်းပါ။ ချန်ထွန်းအောင်ဟာ ကော်ဖီကို စွဲစွဲမြဲမြဲ ကြိုက်ပါတယ်။ တစ်နေ့ကို ကော်ဖီတစ်ခွက် မသောက်ရရင် မနေနိုင်ပါဘူး။ သူနေတဲ့ ရွာမှာ တခြား ရွေးစရာ မရှိတော့ ချန်ထွန်းအောင် အတွက်တော့ ရွာထဲက မသားမနား ကော်ဖီဆိုင်ကလေးက ကော်ဖီရိုးရိုး ကိုပဲ အကောင်းစား အမှတ်နဲ့ သောက်နေ ရပါတယ်။ တစ်နေ့တော့ ချန်ထွန်းအောင် စောင့်တဲ့ ဗိုလ်တဲကို အရာရှိ မိသားစု တစ်စု ရောက်လာပါတယ်။ အရာရှိ မိသားစုရဲ့ ကျေးဇူးနဲ့ ချန်ထွန်းအောင်ဟာ နက်စ်ကော်ဖီကို သောက်ဖူးသွားပါတယ်။ ရိုးရိုးကော်ဖီကိုတောင်မှ နေ့စဉ် စွဲစွဲလမ်းလမ်း သောက်လာခဲ့တဲ့ ချန်ထွန်းအောင်ဟာ နက်စ်ကော်ဖီလို ကော်ဖီအကောင်းစားကို သောက်ရတဲ့ အချိန်မှာ အရူးအမူး စွဲလမ်း သွားပါတယ်။ အရာရှိ မိသားစုက သူ ကော်ဖီ ကြိုက်တတ်မှန်း သိတဲ့အတွက် သူတို့ ပြန်သွားတဲ့ အချိန်မှာ ချန်ထွန်းအောင်ကို နက်စ်ကော်ဖီ ပုလင်းလက်ဆောင် အဖြစ်ပေးခဲ့ပါတယ်။ ချန်ထွန်းအောင် အတွက်တော့ နက်စ်ကော်ဖီဟာ ကောင်းလွန်းလို့ နတ်ကော်ဖီ အဖြစ်တောင် ထင်မှတ်နေပါတယ်။ အဲဒီ ကော်ဖီပုလင်း ကုန်သွားတဲ့ အခါမှာတော့ ချန်ထွန်းအောင်ဟာ နက်စ်ကော်ဖီကို မသောက် ရလို့ ရူးမတတ် ဖြစ်နေပါပြီ။ သူတို့လို ရွာသေးသေးကလေးမှာ နက်စ်ကော်ဖီ ဝယ်လို့မရပါဘူး။ ဒီလိုနဲ့ပဲ သူဟာ နက်စ်ကော်ဖီကို စွဲလမ်းတဲ့ စိတ်နဲ့ နက်စ်ကော်ဖီ ပုလင်းကို လက်ထဲမှာ တင်းတင်းကျပ်ကျပ် ဆုပ်ရင်း သေသွားခဲ့ပါတယ်။ သူ့အသုဘချတဲ့ အချိန်မှာ လက်ထဲက နက်စ်ကော်ဖီ ပုလင်းကို ဖယ်ဖို့ ကြိုးစားပေမယ့် ဘယ်လိုမှ ဖယ်လို့ မရခဲ့ပါဘူး။

ဒီလိုနဲ့ပဲ နှစ်တွေ အကြာကြီး ကုန်လွန်သွားခဲ့ပါတယ်။ တစ်နေ့တော့ ရွာထဲက နွားကျောင်းသားကလေးတစ်ယောက်ဟာ သင်္ချိုင်းကုန်းမှာ ဆော့ရင်း အရိုးတစ်ချောင်း မြေကြီးထဲက ထွက်လာတာကို တွေ့ပါတယ်။ အရိုးက တစ်ခြား အရိုးတွေနဲ့ မတူဘဲ လက်ထဲမှာ ပုလင်းတစ်လုံးကို ဆုပ်ထားပါတယ်။ နွားကျောင်းသား ကလေးက အရိုးလက်ထဲက ပုလင်းကို ဖယ်ထုတ်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ပါဘူး။ အဲဒီအရိုးကို မြင်တဲ့ လူကြီးတွေကတော့ ဒါဟာ ချန်ထွန်းအောင်ရဲ့ လက်ဖျံရိုးမှန်း တန်းသိကြပါတယ်။ ဒီလိုနဲ့ သူတို့ဟာ ချန်ထွန်းအောင်နဲ့ နက်စ်ကော်ဖီ ဇာတ်လမ်းကို ပြန်ပြောပြကြပါတယ်။ အဲဒီ အချိန်မှာတော့ ရွာထဲက ချန်ထွန်းအောင် သောက်နေကျ ကော်ဖီဆိုင်မှာတောင် နက်စ်ကော်ဖီသာမက နက်စ်ကော်ဖီထက် အများကြီး ပိုကောင်းတဲ့ ကော်ဖီတွေ ဝယ်လို့ ရတဲ့ အခြေအနေ ဖြစ်လာပါပြီ။ ချန်ထွန်းအောင်ရဲ့ အရိုးကတော့ နက်စ်ကော်ဖီပုလင်းကိုသာ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားတုန်းပါပဲ။

အဲဒီ ဝတ္ထုကနေ တဆင့် ကိုယ့်ဘာသာကိုယ် ဆက်ပြီး ခံစား ကြည့်ပါတယ်။ လူတွေဟာ တစ်စုံတစ်ခုကို ဆုပ်ကိုင်မိပြီဆိုရင် အသေအလဲ မလွတ်တမ်း ဆုပ်ကိုင်ထားတတ် ကြပါတယ်။ အဲဒီထက် ပိုကောင်းတာတွေ ရှိနေရင်တောင် မျက်ကွယ်ပြုပြီး ပြောင်းလဲဖို့ မကြိုးစားကြပါဘူး။ တစ်ခါတစ်လေမှာ ပြောင်းလဲပစ်ဖို့ ဝေးလို့ ပိုကောင်းတာကို စမ်းသပ်ကြည့်ဖို့တောင်မှ လက်တွန့် နေတတ်ကြပါတယ်။

နက်စ်ကော်ဖီ ဝတ္ထုက ပေးတဲ့ ရသက ကျွန်တော့် အတွက်တော့ ရင်ထဲကို တိုက်ရိုက်ထိ ပါတယ်။ ပတ်ဝန်းကျင်မှာ လက်ရှိတွေ့ကြုံနေတဲ့ အဖြစ်အပျက်နဲ့ တိုက်ဆိုင်နေလို့ပါ။ ရွာထဲက ရိုးရိုးကော်ဖီဟာ ဝင်းအင်းဝဖောင့်တို့လို အရင်တုန်းက ပေါ်ခဲ့တဲ့ ဖောင့်တွေနဲ့ တူပါတယ်။ ကျွန်တော်တို့ ဘာမှ မရှိခင် တုန်းကတော့ ဒီကော်ဖီကိုပဲ သောက်ခဲ့ ရပါတယ်။ ဇော်ဂျီဖောင့်ကတော့ နက်စ်​ကော်ဖီနဲ့ တူပါတယ်။ ကျွန်တော့် အနီးပတ်ဝန်းကျင်က မိတ်ဆွေများကတော့ ချန်ထွန်းအောင်နဲ့ တူကြပါတယ်။ ချန်ထွန်းအောင် အရိုးက နက်စ်ကော်ဖီ ပုလင်းကို မလွတ်တမ်း ဆုပ်ကိုင် ထားကြသလိုမျိုး ကျွန်တော့် မိတ်ဆွေများကလည်း ဇော်ဂျီဖောင့်ကို အရိုးစွဲအောင် မလွတ်တမ်း ဆုပ်ကိုင်ထားကြပါတယ်။  အချိန်တွေ ပြောင်းလာတော့ ရွာထဲက ကော်ဖီဆိုင်မှာ နက်စ်ကော်ဖီထက် ကောင်းတဲ့ ကော်ဖီအကောင်းစားတွေ ရလာပါတယ်။ အဲဒီလိုပဲ အခု ဆိုရင် မြန်မာစာ တိုးတက်ရေးအတွက် အထောက်အကူ နည်းပညာတွေ အများကြီးပါတဲ့ ယူနီကုတ် စံနှုန်းညီတဲ့ ဖောင့်တွေ တစ်ခုပြီး တစ်ခု ထွက်လာနေပါပြီ။ ဝင်းအင်းဝကတောင်မှ ယူနီကုတ် စံနှုန်းနဲ့ ညီတဲ့ ဝင်းယူနီအင်းဝ ဖောင့်ကို အခမဲ့ ပေးထားပါပြီ။ ဘီဘီစီ၊ ဝီကီပီးဒီးယား၊ MRTV4၊ မြန်မာသမ္မာကျမ်းစာ စတဲ့ ဆိုက်ဒ်ကြီးတွေကလည်း ယူနီကုတ်ဖောင့် သုံးနေကြပါပြီ။

ဒါပေမယ့်လည်း ကျွန်တော့်မိတ်ဆွေတွေကို ယူနီကုတ် ပြောင်းသုံးဖို့ တိုက်တွန်းရတဲ့ ကျွန်တော့်အတွက်ကတော့ ချန်ထွန်းအောင်ရဲ့ လက်ဖျံရိုးကနေ နက်စ်ကော်ဖီပုလင်းကို ဖယ်ထုတ်ဖို့ ကြိုးစားတဲ့ နွားကျောင်းသားလိုပဲ ဖြစ်နေပါတယ်။
စာရိုက်ရတာ ပိုလွယ်တယ် ဆို​တော့လည်း စမ်းကြည့်ဖို့ တွန့်နေကြ ပါတယ်။ ကီးဘုတ်လက်ကွက် ပြောင်းစရာ မလိုပါဘူး ဆိုတာတောင်မှ ဘယ်သူမှ စမ်းမကြည့်ချင်ကြပါဘူး။  အားလုံးက အရိုးစွဲ နေကြပြီမို့ ကျွန်တော်လည်း မတတ်နိုင်တော့ပါ။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်တော့ နက်စ်​ကော်ဖီ အစား ရွာထဲက အဲဒီထက် ပိုကောင်းတဲ့ ကော်ဖီကိုပဲ သောက်ပါတော့မယ်။

17 comments:

Andy Myint said...

စိတ်လျှော့.. စိတ်လျှော့.. ကိုဇက်တီ။ Being able to convince others to change is far harder than doing oneself. However, you are the one, if you can achieve it. :)

Rita said...

ချန်ထွန်းအောင်ခမျာ နက်စ်ကို စွဲလွန်းလို့ သေတဲ့ထိကို နက်စ်နဲ့ အပြိုင် ရွေးစရာတွေ့မသွားတာပါ။

တပြိုင်တည်း တခြားရွေးစရာတွေတွေ့ရင် ရိုးရိုးကော်ဖီပစ်ပြီး နက်စ် နောက်လိုက်သလို၊ နက်စ်ကို ပစ်ပြီး ဒီ့ထက်ကောင်းတာတွေနောက် သူ လိုက်ဦးမှာပဲ။

ဘာလို့ဆို ကော်ဖီသောက်တာ အင်စတောလုပ်စရာမလို၊ လက်ကွက်ကျင့်စရာမလို၊ ဖောင့်တွေ ဖတ်မရဘူးလို့ လာအော်ရင် အင်စတောလုပ်ရမယ့်နည်းတွေ ထပ်ထပ်ရှင်းစရာမလိုလို့။

မော့ချလိုက်ရုံပဲကိုး။
ဂလု

hee hee =D
Joking!

Law Shay said...

ပြဿနာက လူမှုရေး ပြဿနာပဲ ဖြစ်ပါတယ်။ Social Science ကျောင်းသားတစ်ယောက် မဟာဘွဲ့ စာတမ်းတင်လို့ရလောက်အောင် ကြီးကျယ်နေပါတယ်။

Andy Myint said...

ပြန်စဉ်းစားကြည့်တော့ ကိုဇက်တီရဲ့ Metaphor ကြီးက ကိုဇက်တီနဲ့ ကိုက်နေမလားပဲ။ ဇော်ဂျီကို စွဲစွဲမြဲမြဲ သုံးလာတဲ့ ကိုဇက်တီကြီး ယူနီကုတ်ကိုလည်း တွေ့ရော ချန်ထွန်းအောင် နတ်ကော်ဖီတွေ့သလို များဖြစ်သွားမလား တွေးကြည့်တယ်။ နောက်ပြီး ဒီဇာတ်လမ်းက ပေးတဲ့ Message ကို ကျွန်တော်ကတော့ မမြင်ဘူးလို့ မူးကို မြစ်ထင်ပြီး အရိုးထိအောင် စွဲလမ်းသွားတယ် ဆိုတဲ့ ရသလိုပဲ မြင်တယ်။ လူတွေကို တစ်ခုခု ပြောင်းလဲသွားအောင် လမ်းကြောင်းပေးထားတာမျိုး မတွေ့မိဘူး။ အရိုးစွဲတယ် ဆိုတာကို ဒီ Post မှာ ယူထားတာတော့ တွေ့ရပါတယ်။ Anyway, ကျွန်တော်လည်း အချိန်ရတဲ့ တစ်နေကျရင်တော့ Technically Standard လို့ပြောတဲ့ Font ကို ပြောင်းဦးမှာပါ။ ကိုယ့် ဘလော့မှာ သူများလာရေးတဲ့ Comment တွေလည်း ကောင်းကောင်းမြင်ရ၊ သူများဘလော့မှာ ကိုယ်ရေးတဲ့ စာတွေကိုလည်း ကောင်းကောင်း မြင်ရတဲ့ တစ်နေ့မှပါ ဒါမဟုတ် လူတွေက ကိုယ်စာကို မဖတ်ရ မနေနိုင်လို့ ဖောင့်တွေ လိုက်ပြောင်းတဲ့ နေ့ပေါ့ (အခု ကိုဇက်တီ စာဖတ်ဖို့ ကိုယ့်စက်မှာကိုယ် Tweak လုပ်ရသလို)။

Merry Christmas and Happy New Year!

ZT said...

ကိုအင်န်ဒီရေ

ရသ စာပေဆိုတာ တခါတလေတော့ စာရေးဆရာက ရေးချင်တာတစ်မျိုး ခံစားတဲ့သူကိုယ်တိုင်က ရတာတစ်မျိုး ဖြစ်တတ်ပါတယ်။ စာဖတ်တဲ့သူ အချင်းချင်းတောင်မှ တစ်ယောက်နဲ့ တစ်ယောက် ရတာချင်း မတူတတ်ကြပါဘူး။ ကျွန်တော်က နက်စ်ကော်ဖီ အကြောင်းကို စဉ်းစားမိတိုင်း ဇော်ဂျီနဲ့ ယူနီကုတ် ကိစ္စ ခေါင်းထဲ ပေါ်လာပြီး တိုက်ဆိုက်တယ် ထင်လို့ ချရေး ဖြစ်သွားတာပါ။

Anonymous said...

သာမီးကတော့ နက်စ် မှနက်စ်ပဲ ။

ဆုမြတ်

maykyaw said...

;)

Lionslayer said...

ရေားထားတာတော့ သဘောကျတယ်။ နေဝင်းမြင့် ဝတ္ထုတွေထဲက ဒီဝတ္ထုနဲ့ ကိုမာ နှစ်ပုဒ်ပဲ ကောင်းကောင်း မှတ်မိတော့တယ်။ သူလည်း စီးပွားရေးသမား ဖြစ်သွားပြီဆိုတော့ မရေးနိုင်တော့ဘူး။ နှမြောစရာ။

နက်စ်နဲ့ သွားနှိုင်းရင် နက်စ်ပဲ သောက်မယ် ဆိုတာတွေ ဖြစ်ဦးမယ်။ ကျွန်တော်ကတော့ အောင်သင်းရဲ့ ထီးကောက်နဲ့ ခေါက်ထီး အက်ဆေးကိုပဲ ဥပမာပေးချင်တယ်။ လောလောဆ်ယ မြန်မာစာကို ရေးလို့ဖတ်လို့ ရရုံနဲ့ လုံလောက်ပြီ ထင်နေသေးရင်တော့ အွန်လိုင်းခေတ်မှာ မြန်မာစာ နောက်ကျန်ရစ်လိမ့်မယ်။ Standard စံ ဆိုတာရယ် Linguistic ဘာသာဗေဒပိုင်းဆိုင်ရာရယ် အားနည်းတဲ့သဘောပေါ့။ သက်ဆိုင်ရာ အစိုးရရဲ့ ပညာရေးအပေါ် ဂရုစိုက်မှု မစိုက်မှုက ဒီနေရာမှာ အများကြီး တာသွားတာပဲ။

ရွှန်းမီ said...

blog ပေါ်က font တွေကို ပြောင်းစရာမလိုဘဲ picture တွေ ဖြစ်ကုန်ရင် ကောင်းမှာလို့ ခဏခဏ တွေးမိတယ်။ စာလုံးရှာရင်လည်း picture recognition နဲ့ ရှာတော့ ပို effective မဖြစ်ဘူးလားလို့.. ဖတ်တဲ့လူတွေလည်း ပုံကြည့်သလိုပဲ ဘာမှအင်စတောစရာ မလိုတော့ဘူးပေါ့။

-ကော်ဖီထက်ပိုကောင်းသော ဘာမှန်းမသိသေးတာကို သောက်ချင်နေသူ

sosegado said...

ပြောင်းရခက်လို့ပါ။ M-Myanmar3(Unicode)ကိုသှငျးထားပေမဲ့အသုံးမတည့်ျသေးပါ။ http://www.mymyanmar.net/အတိုင်ျးလုပ်ျပေမွဲ့ဖစ်ျမလာပါ၊ ဘယျလိုလှယ်ျအောင်ျလုပ်ျရမလွဲကိုးစားနေဆဲပါ။ွှရိုကျရင်ျးနဲ့ဖှနျ့ပွောင်ျးသှားတတ်ျသညျ။

ကျော်ထင် said...

မှန်ပါတယ် ကိုဇက်တီ ကျွန်တော်လည်းပြောင်းစေခြင်ပါတယ် စာရိုက်ဖို့အတွက် စာဖတ်ဖို့အတွက် ဇော်ဂျီလိုနေတဲ့ဘ၀ကနေ တခြား ထိုင်းတွေတရုတ်တွေ ဂျပန်တွေလို ဘယ်နေရာရောက်ရောက် တန်းဖွင့်တာနဲ့ မြင်နိုင်မယ့် စနစ်တမျိုးကိုလိုခြင်နေပါတယ် ရှိလည်း ရှိနေပါပြီ ပြောင်းကြဖို့ဘဲလိုပါတယ်

ကျော်ထင် said...

စကားကျန် ခုကိုယ့်ဘာသာကိုယ်တောင် ဇော်ဂျီနဲ့ရိုက်လိုက်တယ် အရိုးစွဲချက်ကတော့

nyimuyar said...

if there is easily to direct convert WinInnwa to Unicode, I'm happily to change to Unicode.

ZT said...

I promised for Converter but I forget it. :D Sorry about that. Here is the converter for Non-Unicode fonts to Myanmar Unicode Fonts.
http://goo.gl/iPy5

nyimuyar said...

thanks ko Zt, I can download it and run successfully, but can't read menu as i can see only squares. Sorry to bother you again and again.

nyimuyar said...

And my machine have both MM3 and Zawgyi

ZT said...

I think this software is using Parabaik. You can download it from http://www.parabaik.info/downloads/ . It is also a Unicode font compatible with Myanmar3.