Search This Blog

Thursday, December 23, 2010

တွဲကတဲ့ည

ကျွန်တော်တို့ စလုံးကို ရောက်လာခါစက ကွဲပြားနေတဲ့ ဓလေ့ထုံးစံတွေကြောင့် မကြာခဏ အံ့သြရတတ်ပါတယ်။ ယောက်ျားလေးနဲ့ မိန်းကလေး ပခုံးဖက် ပေါင်းကြတာတွေ၊ အတန်းထဲမှာ မိန်းကလေးတွေ ရှေ့မှာ လိင်ကိစ္စကို ပွင့်ပွင့်လင်းလင်း ပါးစပ်ထဲ တွေ့ကရာ ပြောတတ် ကြတာတွေကြောင့် ကျွန်တော်တို့မှာ ရွာက မြို့တက်လာတဲ့သူလို တခါတလေ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်ရပါတယ်။

ကျွန်တော့် သူငယ်ချင်း မြန်မာကျောင်းသား အတော်များများကတော့ မြန်မာအချင်းချင်းပဲ လှည့်ပတ်ပေါင်းတတ် ကြပေမယ့် ကျွန်တော်နဲ့ ပေါင်းတဲ့ သူငယ်ချင်း တွေထဲမှာတော့ မလေးတရုတ်တွေ၊ အင်ဒိုတရုတ်တွေလည်း ပါပါတယ်။ ဓလေ့ထုံးစံချင်း မတူလို့ အပေါင်းအသင်း မလုပ်ရဘူး ဆိုတာတော့ မဖြစ်သင့်ပါဘူး။ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ထဲမှာ ဒီလိုပဲ သူ့ယဉ်ကျေးမှု ကိုယ့်ယဉ်ကျေးမှု ညှိယူ ကြဖို့ပဲ ရှိပါတယ်။ ဒီလိုနဲ့ ကျွန်တော် ကျောင်းဆင်းချိန် တစ်ချို့မှာ အချိန်ပိုင်း အလုပ် မရှိရင် အင်တာနေရှင်နယ် ကျောင်းသား ကလပ်ဘ် အခန်းထဲမှာပဲ အချိန်ဖြုန်း ဖြစ်ခဲ့ ပါတယ်။ ကျွန်တော့်ထက် ပိုပြီး ဆိုရှယ်ကျတဲ့ သူငယ်ချင်းတွေလည်း ရှိပါတယ်။ သူတို့ကတော့ ကျောင်းဆင်းချိန် တွေမှာ ဆိုရှယ်ဒန့်စ် ကလပ်ဘ် မှာ သွားပြီး ကကြပါတယ်။

ဒီလိုနဲ့ တစ်နေ့တော့ အင်တာနေရှင်နယ် ကျောင်းသား ကလပ်ဘ်က သူငယ်ချင်းတွေက နှစ်ပတ်လည် ညစာစားပွဲနဲ့ ကပွဲ လုပ်မယ်ဆိုပြီး သတင်းပေးကြပါတယ်။ ညစာစားပွဲ သွားဖို့ သူငယ်ချင်းတွေကို လှည့်ပတ် အဖော်စပ်တော့ တစ်ယောက်ပဲ အဖော်စပ်လို့ ရပါတယ်။ ကျန်တဲ့သူတွေကတော့ လက်မှတ် ၁၅ ဒေါ်လာကို ဈေးများလို့ မလိုက်ချင်ဘူး ဆိုပြီး နေခဲ့ကြပါတယ်။ ညစာစားပွဲက ကျောင်းဝန်းထဲက ခန်းမ တစ်ခုမှာပဲ လုပ်တာပါ။ လက်မှတ်ထဲမှာ  ဖော်မယ်လ်  ဝတ်ခဲ့ပါလို့ ရေးထားတာနဲ့ ကျွန်တော်တို့ နှစ်ယောက်သား အင်္ကျီလက်ရှည် ဘောင်းဘီလက်ရှည်နဲ့ ကြောင်လျှာသီး လည်ပင်းမှာ ပတ်လို့ ချီတက်ခဲ့ကြ ပါတယ်။

ပြောမယ့်သာ ပြောရတာပါ။ စလုံးမှာက တော်ရုံတန်ရုံ ကြောင်လျှာသီး ပတ်စရာမလိုတဲ့ အတွက် ကျွန်တော် နက်ကတိုင် မစည်းတတ် ပါဘူး။ ညစာစားပွဲ ဝင်ခါနီးမှအတူပါလာတဲ့ သူငယ်ချင်းကို အကူအညီတောင်းပြီး ကမန်းကတန်း စည်းခိုင်းရပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်း ညစာစားပွဲထဲ ရောက်တော့ ကြောင်လျှာသီး ပတ်ထားတဲ့သူက လူအနည်းစုပဲ ရှိပါတယ်။ သူတို့ ပြောတဲ့ ဖော်မယ်လ် ဆိုတာက အင်္ကျီလက်ရှည် စတိုင်လ်ဘောင်းဘီ လောက်နဲ့တင်ပဲ ကိစ္စ ပြတ်ပါတယ်။

ဘူဖေးစားကြ ဟိုလူ စကားပြော ဒီလူ စကားပြောနဲ့ ညက နည်းနည်း နက်လာပါတယ်။ နောက်တော့ အစီအစဉ်တွေ အားလုံးပြီးပြီမို့ ကပွဲစဖို့ စားပွဲတွေ အားလုံးကို ရှင်းလိုက်ပါတယ်။ ဘေးမှာချထားတဲ့ ထိုင်ခုံတွေပဲ ကျန်ရစ်ခဲ့ပါတယ်။ အဲဒီနေ့က ကပွဲမှာ ကဖို့ အတွက်ဆိုပြီး ဆိုရှယ်ဒန့်စ် ကလပ်က ကျောင်းသားတွေက ကျွန်တော်တို့ကို တစ်ပတ်လောက် ကြိုပြီး ကကွက်တွေ လာသင်ပေးပါတယ်။ ဒါပေမယ့် ဘာမှန်းညာမှန်း မသိတော့ သင်မထား မိလိုက်ပါဘူး။

ကပွဲ အစီအစဉ်စတော့ ပထမဆုံးအနေနဲ့ မြူးမြူးကြွကြွ တီးလုံးတွေ စဖွင့်ကြပါတယ်။ ပထမဆုံး စဖွင့်တဲ့ သီချင်းက အဲဒီအချိန်က နာမည်ကြီး သီချင်း ဖြစ်တဲ့ Mambo No. 5 ပါ။ သီချင်းဖွင့်ပေမယ့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ဘယ်သူမှ မလှုပ်ကြပါဘူး။ အဲဒီအချိန် လူအုပ်ကြားထဲကို ပထမဆုံး ထွက်လာ တာကတော့ ဆိုရှယ်ဒန့်စ် ကလပ်က ကျွန်တော့် သူငယ်ချင်း မြန်မာကျောင်းသားနဲ့ မလေး တရုတ်မကလေး တစ်ယောက်ပါ။ သူတို့ နှစ်ယောက်စလုံး ကျွမ်းကျွမ်းကျင်ကျင် ကတတ်တာမို့ အတော် ကြည့်ကောင်းပါတယ်။ သူတို့ အတွဲထွက်က ပြီးတော့ နောက်မှာ တတွဲပြီး တစ်တွဲ ထွက်လာကြပါတယ်။ ဒါပေမယ့် လူတွေ ဝိုင်းအုံနေတဲ့ ကြားထဲမှာ ထွက်ကရတာမို့ တကယ် အကကျွမ်းတဲ့ သူတွေပဲ ထွက်ကရဲ ပါတယ်။ ကျန်တဲ့သူတွေကတော့ အသာငြိမ်နေကြပါတယ်။

ဒီလိုနဲ့ နာရီဝက်လောက် ကပြီးတော့ စီနီယာ ကျောင်းသားတွေက စလိုးဒန့်စ် ကကြမယ် ဆိုပြီးတော့ တီးလုံးကို စလိုး ပြောင်းလိုက်ကြပါတယ်။ ပြီးတော့ မီးကိုလည်း မှိန်ပစ်လိုက် ပါတယ်။ ခန်းမထဲမှာ မီးရောင်မှိန်မှိန်နဲ့ အတွဲတွေ အလျှိုအလျှို ထွက်လာကြ ပါတယ်။ အဲဒီအချိန်တုန်းကတော့ ကျွန်တော်က အင်မတန် ရိုးတာပါ။ ရည်းစား တစ်ယောက်မှ မထားဖူး သေးသလို မိန်းကလေးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံ ဆိုရင်လည်း ကောင်မလေးကို လမ်းမှာ ရည်းစားစကား လိုက်ပြောဖူးတာက လွဲရင် ဘာမှ မရှိပါဘူး။ ဟိုကြည့်ဒီကြည့် ကြည့်နေတုန်း မှာပဲ ကျွန်တော်နဲ့ အတူလာတဲ့ သူငယ်ချင်းက ဘေးနားက မလေး တရုတ်မကလေး တစ်ယောက် ကို သွားပွားပြီး ဒန့်စ် ဖလိုးထဲ လက်တွဲဝင်သွားတာ တွေ့လိုက် ပါတယ်။ အရှေ့ဖက်ကို လှမ်းကြည့်တော့ ကျောင်းမှာ ကပ္ပတိန် သင်တန်း လာတက်နေတဲ့ မြန်မာ အစ်ကိုကြီးကလည်း ကောင်မလေးတွေ တစ်ယောက်ပြီး တစ်ယောက်နဲ့ တွဲကပြီး ကောင်းစားနေတာ လှမ်းမြင်ရပါတယ်။

ကျွန်တော့် အတန်းဖော် အင်ဒိုနီးရှား တရုတ်ကတော့ ဘေးနားမှာ ငုတ်တုတ် ထိုင်နေတုန်း ပါပဲ။ ကျွန်တော်က သူ့ကို "ဟေ့ကောင်။ မင်းမကဘူးလား။" လို့ မေးတော့ သူက "ငါအတူ ကချင်တာ တစ်ယောက်ပဲ ရှိတယ်ကွ။" လို့ ညောင်နာနာ အသံနဲ့ ပြန်ဖြေ ပါတယ်။ အဲဒီကောင်က ကျောင်းက မြန်မာကောင်မလေး တစ်ယောက်ကို ကြိုက်နေတာပါ။ ပြီးတော့ ကျွန်တော့်ကို "ငါသူ့ကို တွဲကဖို့ သွားမေးရမလားဟင်။" လို့ လာမေးပါတယ်။ ကျွန်တော်က "သူ သဘောတူရင် ကပေါ့ကွ။ သူသဘောတူရင် ငါက မင်းကို ဘာကန့်ကွက်စရာ ရှိသလဲ။" လို့ ပြန်ပြောလိုက် ပါတယ်။ ဒီလိုနဲ့ ဒီကောင် မောင်းတင်ပြီး အရှေ့နားမှာ ထိုင်နေတဲ့ ကောင်မလေးဆီ ချီတက်သွားပါတယ်။ ခဏနေတော့ ရှုံ့မဲ့နေတဲ့ မျက်နှာနဲ့ ပြန်ရောက် လာပါတယ်။ "သူက ဘယ်သူနဲ့မှ မကချင်ဘူးတဲ့။" ဆိုပြီး ကျွန်တော့်ကို ပြန်ပြော ပါတယ်။ အဲဒါဆို မင်းမကတော့ဘူးလား လို့ မေးတော့ အဲဒီကောင်က အင်းအဲနဲ့ ပဲများနေပါတယ်။

အဲဒီလို ဖတ်လိုက်ရလို့ မြန်မာမိန်းကလေးများ အင်မတန် အရှက် အကြောက် ကြီးတယ်တော့ မထင်ပါနဲ့။ အဲဒီ ကောင်မလေးနဲ့ တခြား ကောင်မလေး တစ်ယောက် နှစ်ယောက် ကလွဲလို့ ကျန်တဲ့ ကောင်မလေးတွေကတော့ အလျှိုအလျှို ဒန့်စင်းဖလိုးထဲ ထွက်လာကြတာ ပါပဲ။ ကောင်မလေးတွေ တောင်မှ ကနေပြီး ကိုယ်က ဝင်မကရင် သိက္ခာကျတာပေါ့။ ဒါမျိုးတော့ ဘယ်ရလိမ့် မလဲ။ ကျွန်တော်လည်း ဘေးနားကို မျက်လုံး ဝဲကြည့်လိုက်တော့ တရုတ်မကလေး တစ်ယောက် တစ်ယောက်တည်း ထိုင်နေတာ တွေ့လိုက်ပါတယ်။ အဲဒါနဲ့ အနားသွားပြီး ငါနဲ့အတူကမလား မေးတော့ ကောင်မလေးက အိုကေလို့ ပြောပါတယ်။ ဒီလိုနဲ့ ကောင်မလေး လက်ကိုဆွဲလို့ ဒန့်စင်းဖလိုးထဲ ရောက်လာခဲ့ပါတယ်။

ကျွန်တော် ကတတ်သလား ဆိုတော့ ဘရိတ်ဒန့်စ် တို့ ရော့ခ်တို့ ရက်ပ်တို့တော့ ငယ်ငယ်က ကဖူးပါတယ်။ ဒါပေမယ့် ကပွဲခန်းမထဲက အကမျိုးတော့ တစ်ခါမှ မကဖူးတာ အမှန်ပါပဲ။ ဒါပေမယ့်လည်း ဘာခက်တာမှတ်လို့။ သူတို့လည်း ကတတ်တာမှ မဟုတ်တာ။ အဲဒီတော့ လက်တစ်ဖက်က ကောင်မလေးကို ခါးဖက် သူက ကိုယ့်ပုခုံးကိုင် ကျန်တဲ့ လက်တစ်ဖက်ကို ဆန့်ပြီး ဟိုလှည့်ဒီလှည့်ပေါ့။ ကောင်မလေးက ဝဝကစ်ကစ် လေးမို့ ဖက်လို့တော့ ကောင်းပါတယ်။ ကောင်မလေး တစ်ယောက်နဲ့ တစ်ခါမှ နီးနီးကပ်ကပ် မနေဖူးတာကြောင့် နည်းနည်းတော့ ကျွတ်ကြဲနေတာ အမှန်ပါပဲ။  သူ့ဝတ်စုံက ရေမွေးနံ့ သူ့မျက်နှာ ပေါ်က မိတ်ကပ်နံ့ နှုတ်ခမ်းနီနံ့တွေ အနီးကပ် ရနေတာကြောင့် မနေတတ် မထိုင်တတ် ဖြစ်နေပါတယ်။ မျက်နှာ နှစ်ခုကလည်း ထိလုမတတ် ကပ်နေတာမို့ သူတော့ ဘယ်လိုနေသလဲ မသိပါဘူး။ ကျွန်တော်တော့ ကျလိကျလိ ဖြစ်နေပါတယ်။ ၁ မိနစ်လောက် ကပြီးတော့ ကျင့်သားရ သွားပါတယ်။ ဒီလိုနဲ့ သီချင်းတစ်ပုဒ် ဆုံးတော့ အတော်လည်း မောသွားပြီမို့ ဘေးမှာ ပြန်ထိုင်လိုက်ကြပါတယ်။

ဒီလိုမျိုး အချိန်မှာတော့ စာတတ်ပါတယ်။ မောသွားသလား မေးပြီး ဘေးက အအေးခွက် ကလေး ဘာလေး ယူပေးပေါ့။ နောက်တော့ ကောင်မလေးနဲ့ မိတ်ဆက်ကြပါတယ်။ သူက ကျွန်တော်တို့ ကျောင်း Business School က ဖြစ်တဲ့ အကြောင်း၊ မလေးရှား ဆာရာဝပ် ကနေ ကျောင်းလာတက်တာ ဖြစ်တဲ့အကြောင်း၊ အခု ဒုတိယနှစ် တက်နေတယ် ဆိုတဲ့ အကြောင်းတွေ အပြင် နံမည်နဲ့ ပေဂျာ နံပါတ်ပါ ရလိုက်ပါတယ်။ အဲဒီ အချိန်က ဟင်းန်ဖုန်းက အတော် ဈေးကြီး ပါသေးတယ်။ အခု အလကားပေးနေတဲ့ မော်တိုရိုလာ ဖုန်းလို ပုံစံမျိုးတောင် လိုင်းနဲ့ ဝယ်ရင် ဒေါ်လာ ၃၅၀ ကျော် ပေးရပါတယ်။ အဲဒါကြောင့် အများစုက ပေဂျာပဲ ကိုင်ကြတာ များပါတယ်။ မသိသေးတဲ့ သူတွေ အတွက်  မိတ်ဆက် ပေးရရင်တော့ ပေဂျာဆိုတာ မီးခြစ်ဆံဗူး သာသာလောက် ရှိတဲ့ ကိရိယာ ကလေးပါ။ အဲဒီအပေါ်မှာ နံပါတ် ပေါ်တဲ့ Screen ကလေး တစ်ခု ပါပါတယ်။ တစ်ယောက်ယောက်က ကိုယ့်ကို ခေါ်လိုက်ရင် ခေါ်တဲ့သူရဲ့ ဖုန်းနံပါတ် အဲဒီ စခရင် ပေါ်မှာ ပေါ်ပါတယ်။ အဲဒါဆိုရင် ကိုယ်က အနီးဆုံး ဖုန်းတစ်လုံးကနေ ခေါ်တဲ့သူဆီကို ပြန်ဆက်သွယ်လို့ ရပါတယ်။

ကျွန်တော်က အစသာ မရဲတာပါ။ စကားက စပြီးရင်တော့ အမျှင် မပြတ်အောင် ပွားနိုင်ပါတယ်။ ကောင်မလေးကို ဘာဝါသနာ ပါသလဲ။ စနေတနင်္ဂနွေ ဘာတွေ လုပ်တတ်သလဲ နဲ့ လျှောက်မေးပါတယ်။ ဒါက အရေးကြီးတဲ့ အပိုင်းမဟုတ်လား။ သူကတော့ ငါးမျှား ဝါသနာ ပါတယ် ပြောလို့ နည်းနည်းတွန့် သွားပါတယ်။ ကျွန်တော်က ဘာသာရေး ယုံကြည်ချက် နည်းနည်း ပြင်းထန်တဲ့အတွက် ခြင် ကြမ်းပိုးတောင် တတ်နိုင်ရင် သတ်ဖို့ လက်ရှောင်လေ့ ရှိပါတယ်။ အဲဒါကြောင့် နည်းနည်းတော့ စိတ်လေ သွားပါတယ်။ ဒီနေရာမှာ စကားကြုံလို့ စင်ကာပူက ဗုဒ္ဓဘာသာလို့ အမည်ခံထားတဲ့ သူတွေရဲ့ ယုံကြည်သက်ဝင်မှုကို နည်းနည်း ရှင်းပြပါမယ်။ သူတို့အတွက်တော့ စားဖို့သတ်တာ အပြစ်မရှိဘူး။ အပျော်သတ်တာတော့ အပြစ်ရှိတယ်လို့ ယူဆထားတဲ့သူတွေပါ။ ဒီကောင်မလေးကတော့ ခရစ်ယာန်လို့ ပြောပါတယ်။

 စကားပြောလို့ အားရသွားတော့ နောက်ကောင်မလေး တစ်ယောက်များ ရှိမလားလို့ ဘေးနားကို မျက်လုံး ဝဲကြည့်မိ ပါတယ်။ အားလုံးက ကိုယ့်အတွဲနဲ့ ကိုယ် ငြိမ့်နေကြပါပြီ။ ခုနက မကဘူးဆိုပြီး ပဲများနေတဲ့ အင်ဒိုတရုတ်လည်း အခုတော့ ကောင်မလေး တစ်ယောက်နဲ့ ဒန့်စင်း ဖလိုးထဲမှာ ငြိမ့်နေပါတယ်။ ညစာစားပွဲ မှာ လာပြီး သူများ သားသမီးတွေ ကြီးပွားနေတဲ့အချိန် ကိုယ်က တစ်ယောက်တည်း ထိုင်နေရင်တော့ မဖြစ်သေးဘူးလို့ တွေးမိပါတယ်။ အသစ်မတွေ့တော့လည်း အဟောင်းဆီပြန်သွားတာပေါ့။ ဒါနဲ့ ခုနက ကျွန်တော်နဲ့ ကတဲ့ ကောင်မလေးကို ကဦးမလား မေးတော့ သူက ကတာပေါ့ ပြောပါတယ်။ ဒီလိုနဲ့ ဒန့်စင်းဖလိုးထဲ ပြန်ရောက်ခဲ့ပြန်ပါတယ်။ ဒီတခါတော့ လက်ညောင်းသွားလို့ လက်မဆန့်တော့ပါဘူး။ ကိုယ်က သူ့ကိုဖက် သူက ကိုယ့်ကိုဖက်လို့ တီးလုံးနဲ့ အညီ ဒန့်စင်းဖလိုးထဲမှာ လှည့်ပတ်နေကြ ပါတယ်။ အဲဒီလောက် ဖက်ပြီးမှပဲ သဘောပေါက် သွားပါတယ်။ သူကလည်း အဖက်ခံချင်တာကိုး။ ဒါကြောင့်လည်း ကိုယ်ဖက် သူဖက်နဲ့ နှစ်ယောက်သား အဆင်ပြေ နေကြတယ် ဆိုတာပါ။ သီချင်း နှစ်ပုဒ်လောက် ဆုံးအောင် တွဲကပြီး တဲ့ အချိန်မှာတော့ လက်ရော ခြေထောက်ပါ ညောင်းသွားပါပြီ။ ဒါကြောင့်လည်း ခုံမှာပြန်ထိုင်ပြီး စကားပြော ကြပါတယ်။ ကျွန်တော်နဲ့ အတူလာတဲ့ သူငယ်ချင်းလည်း ကောင်မလေး တစ်ယောက်နဲ့ အတူ ပြန်ရောက်လာပါတယ်။ သူ့ကောင်မလေး ကိုယ့်မိတ်ဆက်ပေး ကိုယ့်ကောင်မလေး သူ့ မိတ်ဆက်ပေးနဲ့ နှစ်ယောက်သား ဟုတ်နေကြတာပါပဲ။ ကောင်မလေးက နောက်နေ့ သူ့ကို ပေဂျာခေါ်ဖို့ မှာလိုက်ပါတယ်။

ခဏနေတော့ ညစာစားပွဲ ပြီးလို့ အသီးသီး နှုတ်ဆက်ပြီး အိမ်ပြန်ခဲ့ ကြပါတယ်။ ကျွန်တော့် သူငယ်ချင်းကတော့ နောက်နေ့ ကောင်မလေးနဲ့ ဒိတ်ပြီး အပြင်တွေ ဘာတွေ လျှောက်သွား ကြပါသေးတယ်။ ကျွန်တော်ကတော့ ကပွဲခန်းမထဲက ဇာတ်လမ်းကို ကပွဲခန်းမထဲမှာပဲ ထားခဲ့လိုက်ပါတယ်။ ဟုတ်ကော ဟုတ်ရဲ့လားလို့ သံသယ ဖြစ်တဲ့သူ ရှိပါလိမ့်မယ်။ တကယ်ပါ။ အဟုတ်ပါ။ ဘာဇာတ်လမ်းမှကို မဆက်ဖြစ်ပါဘူး။ အဓိက အကြောင်းကတော့ ကောင်မလေးကို အပြင်မှာ တွေ့ရင် မမှတ်မိတာပါ။ အဲဒီနေ့ကတော့ ညစာစားပွဲ ဝတ်စုံနဲ့ ပြင်ဆင်ဖြီးလိမ်းပြီး လာကြတာမို့ အားလုံးက ရုပ်ပြောင်းနေကြပါတယ်။ အဲဒါအပြင် မီးကလည်း မှိန်ထားတော့ မျက်နှာတွေက မှောင်ထဲမှာ သိပ်မသဲကွဲပါဘူး။ အဲဒါကြောင့်လည်း နောက်နေ့ အပြင်မှာ ပြန်ကြည့်တော့ ဟိုကောင်မလေး လိုလို ဒီကောင်မလေး လိုလို ဖြစ်နေပါတယ်။ အဲဒီ အချိန်တုန်းက စိတ်ထဲမှာ နည်းနည်းပါးပါး ကွန်ဆာဗေးတစ် ဖြစ်တာလေးတွေ ကျန်နေသေးတဲ့ အတွက် နိုင်ငံခြားသူနဲ့ တွဲဖို့ တွန့်နေတာလည်း ပါပါတယ်။ အဲဒီတော့လည်း ဘာမှ ဇာတ်လမ်း မဆက်တော့ဘဲ တစ်ခန်းရပ်လိုက် ပါတယ်။

8 comments:

Heartmuseum said...

pager ခေါ်လိုက်ရင် ပြန်ဆက်မယ့်ဟာကို.....
ယုံလိုက်မယ် ကzt ဘာကျွေးမှာတုန်း.....

PAUK said...

Hello..
any body called me?..


hee he
pagerဆိုလို့...အဲ့ခေတ်က ခေတ်စားတဲ့
စကားလုံးလေး ပြန်ပြောကြည့်တာပါ..။
ခါးမှာ ချိတ်ထားရင် အတော်ကြည့်ကောင်းတယ်.။

Raymond.Kyaw Minn Naing said...

ကိုဇက်တီတို့ Globalization ကိုတကယ်ပဲလက်ခံတာကိုး။ Captain စာမေးပွဲလာဖြေတဲ့ လူကြီးနဲ့ အခန်းဖော်ဖြစ်ဖူးတယ်။ ဒီလူကြီးတွေမလွယ်ဘူး။ ဒါနဲ့ .. Pager ဆိုတာ ဂစ်တာကြိုးညှိတဲ့ဟာလေးမျိုး။

Anonymous said...

ကိုZT အတွေ့အကြုံတွေက အဆန်းတွေချည်းဘဲ။ အမှန်အတိုင်းပြောရရင် ကျောင်းတာ၃နှစ်တက်လို့ Diploma ရသွားတယ်။ ဒီလိုမျိုးတွေရှိမှန်းတခါမှမသိခဲ့ရပါ။ :D

khin oo may said...

1.မကလိုက်ရဘူးကွာ. နာတာဘဲ။ အင်းလေ လကိညောင်းသက်သာတာပေါ့ လက်ကြီး ဆန့်ဆန့်ပြီး ညောင်းထှာ. ခြေညောင်းလဲသက်သာတောပါ့. တစ်သက်နဲ့တစ်ကိုယ် မသွားဘူးလိုက်ဘူး.တစ်ချိုက ညလုံးပေါက် ကဘူးသတဲ့. ကဘူးတဲ့သူက ပြောတာပါ။
2. နှမျောစရာ
၃. အဲသည်တုံးက တို့က CDMA hand phone M one နဲ့ပေါ့ GSM မဖြစ်သေးဘူး.
၎. အဲသည်တုံးက သားက ကျောင်းတက်နေတုံး.
၅. တို့လဲ ကျောင်းတက်နေတုံး.

PAUK said...

Anonymous
ကိုဇက်တီက ကေပိုးပါဆိုနေမှ..။
(ကျနော်ပြောတာမဟုတ်ဖူး။
သူဝန်ခံထားတာပါ..)

ရွှေရတုမှတ်တမ်း said...

ကzt တို့ ရိုးသားကြောင်းတွေချည့် ဖတ်နေရတော့ မရိုးသားတဲ့ ကျနော်မှာ ငိုတောင်ငိုချင်လာပြီ..အီး...ဟီး...ဟီးးး..ရွှတ်..

ZT said...

မရိုးသားလို့ မရဘူး ကိုကြီးကျောက်ရဲ့။ ကျွန်တော်က မိန်းမယူဦးမှာ။ :D