Search This Blog

Sunday, December 26, 2010

သန်းခေါင်ယံညထဲမှာ

စနေတနင်္ဂနွေလို ညဖက်တွေမှာ အလုပ်အားရင် သူတို့ လူစုဖြစ်ကြ ပါတယ်။ အဲဒီလို လူစုံရင်တော့ ထုံးစံ အတိုင်း သောက်ဖြစ်ကြ ပါတယ်။ သောက်ပြီးလို့ နည်းနည်းကောင်းလာတဲ့ အချိန်မှာတော့ ဂစ်တာတီးပြီး သီချင်းဆိုရင်ဆို ဒါမှမဟုတ်ရင်တော့ ငြင်းကြခုံကြနဲ့ ဖြစ်တတ် ကြပါတယ်။ အဲဒီတစ်ခါ သူတို့အားလုံး မူးလာတဲ့ အချိန်မှာ ခါတိုင်းလို မဟုတ်ဘဲ တစ်ယောက်က ဇာတ်လမ်းစလာပါတယ်။

"ဟေ့ကောင်။ ကောင်မလေး တစ်ယောက်ယောက် ဖုန်းနံပါတ် ပေးကွာ။"
သူတို့ သူငယ်ချင်းတွေထဲက မိန်းကလေး သူငယ်ချင်းများတဲ့ တစ်ယောက်ကို လည်ပင်းညှစ် တောင်းတာပါ။
"ဘယ်သူ့ ဖုန်းနံပါတ်လဲ။"
"ဟိုတစ်နေ့က တွေ့လိုက်တဲ့ မင်းသူငယ်ချင်း ဆံပင်ရှည်ရှည်နဲ့ ဟိုကောင်မလေးကွာ။"
"ဟာ။ မလုပ်နဲ့။ အဲဒါ ဘဲကြီးနဲ့ကွ။"
"ဟ ဘာဖြစ်သေးလဲ ဘဲရှိရှိ မရှိရှိပေါ့။ ငါက သူ့ကို ဖန်မှာမှ မဟုတ်တာ။ ပွားရုံသက်သက်ပဲ ဥစ္စာ။"

ဒီလိုနဲ့ နောက်ဆုံးတော့ အတောင်းခံရတဲ့သူက မပေးချင် ပေးချင်နဲ့ ဖုန်းနံပါတ် ပေးလိုက် ရပါတယ်။ ဖုန်းနံပါတ် ရသွားတော့ သူက အိမ်ဖုန်းကို ယူ စပီကာ ဖွင့်ပြီး ဖုန်းနံပါတ်ကို နှိပ်လိုက်ပါတယ်။
"ဟဲလို။"
"ဒီအချိန်ကြီး ဖုန်းဆက်ရတာ ဆောရီးပဲ။ အိပ်နေပြီလား။"
"မအိပ်သေးပါဘူး။ ဘယ်သူလဲ မသိဘူး။"
"ဘယ်သူလဲ မသိဘူးလား။ ဒီအသံကို ရင်းရင်းနှီးနှီးကြားဖူးတယ်လို့ မထင်ဘူးလား။"

သုံးလေးငါးခွန်း ပြောပြီးတော့ ကောင်မလေးက သူ့ကို လာစားနေတဲ့ အကြောင်း သိသွားပါတယ်။ ဟိုဘက်ကလည်း အသံတိတ်သွားပါတယ်။ ခဏနေတော့ ဖုန်းထဲကနေ ယောက်ျားလေး အသံ ထွက်လာပါတယ်။

"မင်းတို့ ဘယ်ကကောင်တွေလဲကွ။ ငါ့ကောင်မလေးကို အချိန်မတော် ဖုန်းခေါ်ပြီး နှောင့်ယှက်တာ။"

စပီကာ ဖွင့်ထားတာမို့ အားလုံးကြားလိုက်ရပါတယ်။ တစ်ယောက်က တိုးတိုးပြောပါတယ်။

"ဟေ့ကောင်တွေ။ မြွေပဲကွ။ ကောင်မလေးက သူ့ဘဲကြီးနဲ့ နှပ်နေတာ။"

အဲဒီလို ပြောနေချိန်မှာပဲ ဟိုဘက်ကနေ မိုးမွှန်နေအောင် ဆဲပါတော့တယ်။ ဖုန်းပြောတဲ့ ကောင်ကတော့ ရုပ်တည်နဲ့ ဟန်မပျက်ပါဘူး။

"မင်းကရော ဘယ်ကကောင်လဲကွ။ ကောင်မလေးနဲ့ အခုအချိန်အထိ အချိန်မတော်ကြီး ရှိနေတာ။"
"မင်းအပူပါလားကွ။ ငါဘယ်သူဖြစ်ဖြစ်ပေါ့။"
"ပါတာပေါ့ကွ။ ငါ့ကို သူ့အဖေက သူ့သမီး စလုံးမှာ ကောင်းကောင်းနေမနေ ချက်ကင် လိုက်ခိုင်းထားတာ။ အဲဒီတော့ မင်းဘယ်သူလဲ ငါသိမှ ဖြစ်မှာပေါ့။"

ဟိုဘက်က အသံတိတ်သွားပါတယ်။ သူတို့အားလုံး ဒီဘက်ကနေ ပါးစပ်ပိတ်ပြီး ကြိတ်ရယ်ကြ ပါတယ်။

"နေပါဦး။ ခင်ဗျားက ဘယ်သူလဲ။"
"မင်းကို ငါပြောပြီးပြီလေကွာ။ သူ့အဖေရဲ့ မိတ်ဆွေပါလို့။ ပြောစမ်းပါဦး။ မင်းက ဘယ်သူလည်း။ ကောင်မလေးနဲ့ အခုအချိန်ထိ ရှိနေတယ် ဆိုတော့ ဘာသဘောလဲ။"

ချက်ကင်လိုက်နည်းကလည်း ကောင်မလေးကို ညကြီးသန်းခေါင် ဖုန်းဆက်ပွားရတယ် ဆိုတာ သိပ်တော့ ယုတ္တိ မရှိပါဘူး။ ဒါပေမယ့် ဟိုဘက်ကလည်း ရုတ်တရက်ဆိုတာ ထူပူနေပုံရပါတယ်။ ယုတ္တိ ရှိမရှိတောင် မစဉ်းစားနိုင် တော့ပါဘူး။

"ကျွန်တော်တို့ ရုပ်ရှင်ရုံမှာ ညလယ်ပွဲ ကြည့်နေကြတာပါ။ စိတ်မရှိပါနဲ့ အစ်ကိုရာ။ အစ်ကိုဘယ်သူမှန်း မသိလို့ပါ။"

ဟိုဘက်က လေသံ ရုတ်တရက် ပြောင်းသွားတာမို့ သူတို့အားလုံး ဒီဖက်ကနေ ပါးစပ်ပိတ်ပြီး အသားကုန် ရယ်ကြ ပါတယ်။

"ဟုတ်ရဲ့လားကွ။ နေစမ်းပါဦး။ ငါမင်းကောင်မလေးနဲ့ ပြောမယ်။ သူ့ကို ဟုတ်မဟုတ် မေးကြည့်ရမယ်။"

ကောင်မလေးက ဖုန်းလာကိုင် ပါတယ်။

"အစ်ကို သမီးပါ။ အစ်ကိုက ဘယ်သူလဲ မသိဘူး။"
"နင့် အဖေက ငါ့ကို စုံစမ်းခိုင်းလိုက်လို။ နင်ဘာတွေ လုပ်နေသလဲ သိအောင်။ စလုံးမှာ ကောင်မလေးတွေက သိပ်စိတ်ချရတာမဟုတ်ဘူး။ အခုပဲ ကြည့်ဦး။ ညကြီး အချိန်မတော်။ ကောင်လေး တစ်ယောက်နဲ့။"
"သမီးတို့ Mid-night ရှိုးကြည့်နေကြတာပါ အစ်ကိုရယ်။ အိမ်ကို ပြန်မပြောပါနဲ့။ တော်ကြာ တစ်မျိုး ထင်နေမှာ စိုးလို့ပါ။"

ဟိုဘက်ကလည်း အတည်ပေါက်နဲ့ လိမ်နေပါတယ်။ ဒီဘက်က ကောင်ကလည်း သူ့အဖေ အသိ ဆိုတဲ့ ဝိတ်သုံးပြီး ရုပ်တည်ကြီးနဲ့ ဖိန့်နေပါတယ်။

"အေးပါ။ အဲဒီလိုပဲ ထားလိုက်ပါတော့။ ဒါပေမယ့် နောက်တစ်ခါဆိုရင်တော့ ဘာသံညာသံတွေ မကြားချင်ဘူး။"

သူ ဖုန်းချ လိုက်တော့ ဘေးကကောင်တွေ အကုန်လုံး ဝါးကနဲ ဝိုင်းရယ်ကြပါတယ်။

"ဖြစ်မှ ဖြစ်ရလေကွာ။ ကောင်မလေးဆီ ဖုန်းဆက်ပွားတာ သူ့ဘဲကြီးနဲ့ နှပ်နေတဲ့သူနဲ့မှ တည့်တည့်တိုးရတယ်လို့။" တစ်ယောက်က ဝင်ပြောတော့ ဖုန်းဆက်တဲ့သူက
"ဟားဟားဟား။ ငါလည်း အစကတော့ ဒီအတိုင်း ဖုန်းပြန်ချလိုက် ဦးမလို့ပါ။ ဒါပေမယ့် ဟိုကောင်က ဘလိုင်းကြီး ထဆဲနေတာနဲ့ ငါလည်း အမြင်ကတ်ကတ်နဲ့ ကျပ် လွှတ်လိုက်တာ။ အဲဒီကောင်ကလည်း ငဒူပဲ။ အရှေ့မှာ သူ့ကောင်မလေးကို ပွားထားတာတောင်မှ သူ့အဖေ အသိလို့ ပြောတာ ယုံတာပဲ။" လို့ ပြန်ပြောပါတယ်။
"မွှန်ထူပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်သွားတာ နေမှာပေါ့။"

အဲဒီအချိန်မှာ နောက်တစ်ယောက်က တစခန်းထပါတယ်။
"ဒီတစ်ခါ ငါပွားမယ်ကွာ။ ငါ့ကို အလန်းဇယားကလေး တစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်တစ်ခုပေး။"
"ဟေ့ကောင်တွေ။ စွပ်လုပ်မနေနဲ့။ ရဲစခန်း ရောက်နေဦးမယ်။"
"ရပါတယ်ကွာ။ ဒီလောက် မဆိုးပါဘူး။ ဟေ့ကောင်။ ဒီတစ်ခါ ဘဲမရှိတဲ့ ကောင်မလေး ဖုန်းနံပါတ်ပေးကွာ။ လန်းတာလေး ပေးနော်။ ငါ အမှန်အကန် ပွားမယ်။"

ဒီတစ်ခါ နောက်တစ်ယောက်ဆီက နောက်ထပ် ဖုန်းနံပါတ် တစ်ခု ထွက်လာပါတယ်။ ဒီလိုနဲ့ နောက်တစ်ယောက်က ဇာတ်လမ်းစပြန်ပါတယ်။

"ဟဲလို"
"မနွယ်လား မသိဘူး။"
"ဟုတ်ပါတယ်။"
"မနွယ် ဘာလုပ်နေတာလဲ။"
"ရှင်က ဘယ်သူလဲ။ ဘာကိစ္စနဲ့ ဒီအချိန်ကြီး ဖုန်းဆက်ရတာလဲ။"
"အေးအေးဆေးဆေးပေါ့။ အဲဒီလောက်လဲ ဒေါသမကြီးနဲ့လေ။"

ဒီတစ်ခါတော့ ကောင်မလေးက အတော်မလွယ်ပါဘူး။ ယီးတီးယားတား မလုပ်နဲ့ ဇီးသီးနွားစား သွားမယ် ဆိုတဲ့ ပုံစံမျိုးပါ။ ပြောနေတဲ့ သူကလည်း ပါးစပ်က သိပ်မရဲတော့ ဟိုဘက်က စွပ် ကောနေတာနဲ့ပဲ စကားတွေ ကပေါက်တိ ကပေါက်ချာ ဖြစ်ကုန် ပါတယ်။

"ရှင်တို့ ရုတ်ရုတ် ယက်ယက် လာလုပ်မနေနဲ့နော်။ ဘာမှတ်နေလဲ။"
"မဟုတ်ပါဘူး။ ကျွန်တော့်ကို ရန်ကုန်က လူကြုံပေးခိုင်းလိုက်တာ။ ကျွန်တော် ပေးဖို့ မေ့နေလို့ အခုသတိရတဲ့ အချိန်မှ ဖုန်းဆက်ရတာပါ။"

သူ့စကား ကြားတော့ ဘေးကလူတွေ မျက်လုံးပြူးသွားပါတယ်။ ဟိုဘက်ကတော့ လေသံနည်းနည်း ပျော့သွားပါတယ်။

"အဲဒီလို စောစောစီးစီး ပြောပေါ့။ ရှင်က လာရစ်နေတဲ့ ပုံစံနဲ့ ဆိုတော့ ကျွန်မက ဘယ်သူမှန်း မသိ ဘယ်ဝါမှန်းမသိနဲ့။"
"အော်။ ဟုတ်ကဲ့။ ဆောရီးပါ။ ကျွန်တော်ကလည်း အခုလို အချိန်မတော် ဖုန်းဆက်ရတော့ အိပ်နေပြီ မှတ်လို့ အားနာလို့ပါ။"
"ဆောရီးပဲ။ ကျွန်မလည်း နည်းနည်း လွန်သွားတယ်။"
"ဟုတ်ကဲ့။ အဲဒါ ကျွန်တော် ဘယ်လို လာပေးရမလဲ မသိဘူး။"
"ကျွန်မ ဘယ်ကို လာယူရမလဲ။"
"ကျွန်တော်က အန်မိုကီယို အမ်အာရ်တီနားမှာ နေတာပါ။ နောက်နေ့ မြို့ထဲမှာ ချိန်းပြီး လာယူလိုက်ရင် ဖြစ်ပါတယ်။"
"ဟုတ်လား။ ကျွန်မလည်း အန်မိုကီယို အမ်အာရ်တီနားမှာ နေတာပဲ။ အခုတောင် အမ်အာရ်တီမှာ လာယူလိုက်ရင် ဖြစ်ပါတယ်။"
ဘေးက လူတွေ ဒီတစ်ခါတော့ တကယ် မျက်လုံးပြူးသွားကြပါတယ်။

"အခုမှ တကယ် ပျားတုတ်ပြီ။ ဟေ့ကောင် ဘယ်လိုလုပ်မှာလဲ။" ဘေးက တစ်ယောက်က အသံတိုးတိုးနဲ့ မေးပါတယ်။

ပြောနေတဲ့သူကလည်း ဖုန်းခွက်ကို လက်နဲ့အုပ်ပြီး ဘေးကို လှည့်ပြောပါတယ်။

"အခုမှတော့ မထူးဘူး။ အခု အချိန်ကျမှ နောက်တာ ဆိုလည်း အဆဲခံရတော့မယ်။ မထူးပါဘူးကွာ။ ကောင်မလေး လန်းတယ် ပြောတာပဲ။ တွေ့ဖူးသွားတာပေါ့။"

နောက်တော့ သူက ကောင်မလေးကို ဆက်ပြောပါတယ်။
"ဟာ။ အဆင်ပြေတာပေါ့။ ကျွန်တော် အခု လာပေးလိုက်မယ်လေ။"
"အင်း။ ဟုတ်ပြီ အဲဒါဆို အခု အမ်အာရ်တီမှာ လာယူလိုက်မယ်။ အမ်အာရ်တီရောက်ရင် ကျွန်မကို ဖုန်းဆက်လိုက်ပါ။"
ကောင်မလေးက ပြောပြီး ဖုန်းချသွားပါတယ်။ အားလုံးကတော့ မျက်လုံးပြူးနေကြပါပြီ။

"ဟေ့ကောင်။ ဘယ်မှာလဲ မင်းလူကြုံပစ္စည်း။"
"ကိစ္စမရှိဘူး။ ငါ့သူငယ်ချင်း တစ်ယောက်ကို သူ့အိမ်က ပေးလိုက်တဲ့ စားစရာ အထုပ် ရှိတယ်။ နာမည် ပြောင်းကပ်လိုက် တာပေါ့။ ဟိုကောင့်ကိုတော့ ငါပိုင်ပါတယ်။ နောက်နေ့မှ ကြည့်ပြောလိုက်မယ်။"
"မင်းဟာကလည်း ဘာမှန်းညာမှန်းမသိ။ ရင်းလိုက်ရတာက။"
"ကိစ္စမရှိပါဘူးကွာ။ အလန်း ဇယားကလေး တစ်ယောက်နဲ့ သိဖို့ ကျွမ်းဖို့ ဒီလောက်တော့ ရင်းရမှာပေါ့။"

ဒီလိုနဲ့ သူက စာရွက်တစ်ရွက်မှာ ကောင်မလေးရဲ့ နာမည်နဲ့ ဖုန်းနံပါတ်ရေး။ သူ့သူငယ်ချင်းရဲ့ လူကြုံပစ္စည်းထုပ်ကို နာမည်ခွာ၊ နံမည် ပြောင်းကပ်ပြီး အထုပ်ကလေး ကိုင်ပြီး အမ်အာရ်တီကို လစ်သွားပါတော့တယ်။ ကျန်တဲ့သူတွေ ကတော့ ဂွတ်လခ် ဝိုင်းလုပ်ပြီးလို့ ဆက်သောက်နေကြ ပါတယ်။ နာရီဝက်လောက်နေတော့ လူကြုံပစ္စည်းထုပ် ကိုင်ပြီး ဆင်းသွားတဲ့သူ ပြန်ရောက် လာပါတယ်။

"ကြက်သတုံး။ မင်းအတော်ဆိုးတဲ့ကောင်။" လို့ သူ့ကို ဖုန်းနံပါတ် ပေးတဲ့ကောင်ကို ဆဲပါတယ်။ ဟိုကောင်ကတော့ အခုမှ တဟားဟားနဲ့ ထပြီး ရယ်ပါတယ်။ အားလုံးက သူ့ကို ဘာဖြစ်တာလဲလို့ ဝိုင်းမေးကြပါတယ်။

"ငါ့ကို ခပ်မိုက်မိုက် ကောင်မလေး တစ်ယောက် ဖုန်းနံပါတ်ပေးပါ ဆိုတာ ဒီကောင်က လုပ်လွှတ်လိုက်တာ။ ငါအခုတွေ့ခဲ့တာ ဖက်တီးကြီး။"
"သိပ်မဝပါဘူးကွ။ ပြည့်တယ် ဆိုရုံလေးပါ။" လို့ ဖုန်းနံပါတ် ပေးတဲ့ကောင်က ပြောပြီး ထပ်ရယ်ပါတယ်။
"မင်းကြီးဒေါ် သိပ်မဝပါလားကွ။ နည်းတာကြီး မဟုတ်ဘူး။ ပွင့် လောက် ရှိတယ်။"
"အဲဒီတော့ မင်းဘယ်လို လုပ်ခဲ့သလဲ။"
"အခုကျမှတော့ မပေးလို့ ရမလားကွ။ ခပ်တည်တည်နဲ့ အထုပ်ပေးပြီး သွားလိုက်ပါဦးမယ် ဆိုပြီး ပြန်လာရတာပေါ့။"
အဲဒီစကားကြားတော့ ကျန်တဲ့ကောင်တွေပါ ဝိုင်းရယ်ကြပါတယ်။ သူတို့အားလုံး ရယ်နေကြတာ တော်တော်နဲ့ မပြီးတော့ ပါဘူး။

တခြားဖတ်ရန်


တယ်လီဖုန်းနဲ့ ချောက်ချတတ်သူများ
ရွှေမင်းသမီးသို့ အိပ်မက်ခြင်း

8 comments:

shin said...

အဲ့လိုမျိုး ညသန်းခေါင်ကျော်ဘယ်ကမှန်းမသိ ဖုံးဝင်လာဖူးတယ်။ ကိုယ်ကအိပ်နေတုံးရုတ်တရက်ဆိုတော့ယောင်ပြီး တရုတ်လိုပြောလိုက်မိတာ တဖက်က "ဟေ့ကောင်။ဖုန်းနံပတ် မှားနှိပ်မိပြီထင်တယ်ကွ" လို့ဗမာလိုပီပီသသကြီး ပြောသံကြားရပြီး "Sorry,Wrong No"လို့ပြောပြီး ဖုံးချသွားရော။ ဟားဟား။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟိဟိ ရယ်ရတယ်
အလန်းလေးနဲ့တွေ့ချင်တာ ကိုယ့်အိတ်ထဲက ပါသွားတာပေါ့။
ရယ်ရလို့ မျက်စိတောင်ကျယ်သွားပြီ။း)

zue said...

ဖြစ်ရမယ်...း)

Anonymous said...

ဟီးဟီး သောင်းကျန်းလိုက်ကြထာ..


ဆုစ်

Soe Yu said...

ဟားဟား .... ကောင်းတယ် ( ပွါး ချင်ဦး ....) .....ရယ် ရ တယ် ကိုဇက်တီ :)

sosegado said...

ရယ်ရတယ်ဗျာ၊
ငယ်အကြောင်းတွေသတိရဖြစ်သွားတယ်

ဆွေလေးမွန် said...

ဂယ်ပဲ တော်တော်ဆိုးတဲ့ လူတွေ ..
ဟီးဟီး ကောင်းတယ် နောက်ဆုံးဖက်တီးနဲ့ ကွက်တိ
ဟားဟား

သက်ဝေ said...

ဆိုးတဲ့လူတွေပဲ...း))