Search This Blog

Thursday, April 28, 2011

Development Economics အတွေးများ

ကျွန်တော် စင်ကာပူမှာ နေလာခဲ့တာ ဆယ်စုနှစ် တစ်ခုကျော် ရှိပါပြီ။ စင်ကာပူ ဆိုတာ အားလုံး သိကြတဲ့ အတိုင်း ရန်ကုန်မြို့ တစ်မြို့စာလောက်ပဲ ရှိပြီး သယံဇာတဆိုရင် ဘာဆို ဘာမှ မရှိတဲ့ နိုင်ငံပါ။ သောက်စရာ သုံးစရာ ရေကိုတောင်မှ မလေးရှားကနေ ဝယ်ပြီးသုံးနေရပါတယ်။ အဲဒီလို သဘာဝ အရင်းအမြစ် ဘာတစ်ခုမှ မရှိတဲ့ နိုင်ငံတစ်နိုင်ငံက ဘာဖြစ်လို့ ဒီလောက် အထိ တိုးတက်လာရသလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းလို့ တစေ့တစောင်း လေ့လာကြည့်ဖြစ် ပါတယ်။

စင်ကာပူကို အခုလို တိုးတက်တဲ့ နိုင်ငံ တစ်နိုင်ငံ အဖြစ် ပြောင်းလဲစေခဲ့တဲ့ အကြောင်း အချက်အလက်တွေ အများကြီး ရှိပါတယ်။ အဲဒီ အချက်တွေထဲမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တွေဟာလည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ စင်ကာပူမှာ နိုင်ငံခြား ကုမ္ပဏီတွေ အများအပြား ရင်းနှီးမြှုပ်နှံ လာအောင် ကြိုးပမ်းခဲ့တာ စင်ကာပူ နိုင်ငံသားတွေရဲ့ ကြိုးစားမှု သက်သက်တော့ မဟုတ်ပါဘူး။ ဒတ်ချ်လူမျိုး စီးပွားရေး ပညာရှင် ဒေါက်တာ အဲလ်ဘတ် ဝင်းဆီးမီးယပ်စ် (Dr. Albert Winsemius) တို့လိုမျိုး နိုင်ငံခြား ပညာရှင်တွေ ရဲ့ အိုင်ဒီယာတွေလည်း အများကြီး ပါပါတယ်။

ဒေါက်တာ ဝင်းဆီးမီးယပ်စ်ဟာ ၁၉၆၀ မှာ ကုလသမဂ္ဂက အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး စင်ကာပူကို  ရောက်လာခဲ့ ပါတယ်။ အဲဒီအချိန်က စင်ကာပူဟာ လွတ်လပ်ရေး ရခါစ အချိန်ဖြစ်ပြီး အလုပ်လက်မဲ့ ဦးရေလည်း အရမ်း များနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ သူဟာ စင်ကာပူကို ကုန်သွယ်ရေး အဓိကထား လုပ်ဆောင်တဲ့ နိုင်ငံ (Entrepôt) အဖြစ်ကနေ စက်မှုနိုင်ငံတစ်နိုင်ငံ အဖြစ် ပြောင်းလဲဖို့ ရေးဆွဲထားတဲ့ ၁၀ နှစ် စီမံကိန်းကို ချပြခဲ့ပါတယ်။ အဲဒီ စီမံကိန်းမှာ နိုင်ငံခြားကနေ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ပြီး အလုပ်အကိုင်တွေ ဖန်တီးဖို့ စတဲ့ အချက်တွေ ပါပါတယ်။ သူက စင်ကာပူကို ခေတ်မီ တဲ့ နိုင်ငံအဖြစ် တခြား နိုင်ငံတွေက မြင်လာအောင် အိမ်ယာစီမံကိန်း တွေ လုပ်ဖို့ အကြံပေးခဲ့ပါတယ်။ အဲဒါအပြင် စင်ကာပူကို လာပြီး ရင်းနှီးမြှုပ်နှံမယ့် သူတွေ အနေနဲ့ စင်ကာပူဟာ အနောက်တိုင်းကို မုန်းတဲ့ နိုင်ငံ အဖြစ် မထင်မိအောင် သတိထားဖို့ အကြံမျိုးလည်း ပေးခဲ့ပါတယ်။ စင်ကာပူကို တည်ထောင်သူလို့ သိခဲ့ကြတဲ့ ဗြိတိသျှ လူမျိုး စတန်းဖို့ဒ် ရပ်ဖဲလ်ရဲ့ ရုပ်ထုကို ဖယ်မပစ်ဘဲ ဒီအတိုင်း ဆက်ထားဖို့ ဆိုတာမျိုးပါ။ ဒေါက်တာ ဝင်းဆီးမီးယပ်စ်ရဲ့ အကြံဉာဏ်တွေဟာ စင်ကာပူကို တိုးတက်ဖို့ အများကြီး အထောက်အကူ ပေးခဲ့တယ် ဆိုတာကို စင်ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူ ကိုယ်တိုင် ပြောခဲ့ဖူးပါတယ်။

စင်ကာပူဟာလည်း စက်မှုလုပ်ငန်းတွေ စခဲ့တဲ့ အချိန်တုန်းက အထည်စက်ရုံတွေနဲ့ စခဲ့တာပါပဲ။ ၁၉၇၀ ပြည့်နှစ်တွေ ရောက်မှ အီလက်ထရွန်းနစ် စက်ရုံတွေ တည်ဆောက်ပြီး အဆင့်မြင့် ကုန်ထုတ်လုပ်ငန်း တွေကို လက်လှမ်းနိုင်ခဲ့ ပါတယ်။ နိုင်ငံခြား ကုမ္ပဏီတွေ လာပြီး ရင်းနှီးမြှုပ်နှံတဲ့ အချိန်မှာ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးဖို့ သက်သက်ကို အစိုးရတွေက ရည်ရွယ်တာ မဟုတ်ပါဘူး။ နိုင်ငံခြား ကုမ္ပဏီတွေကနေ နည်းပညာတွေ လေ့လာသင်ယူဖို့ ဆိုတဲ့ အချက်ကိုလည်း စဉ်းစားကြပါတယ်။ ဒါပေမယ့်လည်း အဲဒီလို နည်းပညာတွေ ရဖို့က ထင်သလောက် မလွယ်လှပါဘူး။ ကျွန်တော် ကိုယ်တိုင် ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံတစ်ခုကို ပြန်ပြောပြချင်ပါတယ်။ ကျွန်တော် ကျောင်းသားဘဝက ကမ္ဘာကျော် ပြင်သစ် ကုမ္ပဏီတစ်ခုက စင်ကာပူမှာ ဖွင့်ထားတဲ့ မုန့်ဖိုတစ်ခုမှာ အချိန်ပိုင်း အလုပ်သမား အဖြစ် လုပ်ခဲ့ဖူးပါတယ်။ အဲဒီမှာ ပြင်သစ်ကလာတဲ့ စားဖိုမှူးတွေဟာ အရေးကြီးတဲ့ အလုပ်တွေ ဆိုရင် စင်ကာပူ နယ်ခံ အလုပ်သမားတွေကို သင်ပေးလေ့ မရှိပါဘူး။ ချော့ကလက် စပ်နည်းလို  အလုပ်တွေကို သူတို့ အနောက်တိုင်းသား ထရိန်နင် မန်နေဂျာတွေကိုပဲ သင်ပေးလေ့ ရှိပါတယ်။ မုန့်ဖိုမှာ အကြီးဆုံး ဖြစ်တဲ့ အရှေ့တိုင်းသားကိုတောင် သင်မပေးဘဲ နည်းပညာနဲ့ ပတ်သက်ပြီး ဒိုင်လျှိုလုပ်တာတွေ ရှိတတ်ပါတယ်။

စင်ကာပူကတော့ သူတို့ဆီမှာ အီလက်ထရွန်းနစ် ကုမ္ပဏီတွေက လာပြီး ရင်းနှီးမြှုပ်နှံတဲ့ အတွက် သူတို့ဆီကနေ နည်းပညာတွေ တစိတ်တပိုင်း ရလိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်းတော့ ကုမ္ပဏီ အတော်များများက ကုန်ထုတ်လုပ်မှု သက်သက်ကိုပဲ စင်ကာပူမှာ လုပ်ပြီး ကျန်တဲ့ သုတေသန လုပ်ငန်းတွေ အတော်များများ ကိုတော့ သူတို့နိုင်ငံမှာ လုပ်ကြပါတယ်။ အဲဒီအတွက် စင်ကာပူ အနေနဲ့ ကုန်ထုတ်လုပ်ငန်းနဲ့ ပတ်သက်တဲ့ နည်းပညာတွေပဲ ရလိုက်ပါတယ်။ သူတို့ မျှော်မှန်းတဲ့ နည်းပညာတွေကိုတော့ ထင်သလောက် မရလိုက်ပါဘူး။

စင်ကာပူက ဘာတစ်ခုမှ မရလိုက်ဘူးလား လို့ မေးရင်တော့ အဲဒီလိုလည်း မဟုတ်ပါဘူး။ တချို့သော နည်းပညာ တွေကိုတော့ သူတို့ ရလိုက်ပါတယ်။ ဥပမာ အနေနဲ့ ပေးရရင် ကျွန်တော်တို့ တီအိုင်လို့ အတိုကောက် ခေါ်ကြတဲ့ ကမ္ဘာကျော် ဆီမီးကွန်ဒပ်တာ ကုမ္ပဏီ တက္ကဆပ်စ် အင်စထရုမင့် (Texas Instrument) ရဲ့ သုတေသန ဌာန တစ်ခု စင်ကာပူမှာ ရှိခဲ့ဖူးပါတယ်။ အဲဒီ ဌာနကနေ ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ တီအိုင် စက်ရုံတွေမှာ သုံးဖို့ စက်တွေကို စင်ကာပူမှာပဲ သုတေသနလုပ်ပြီး ထုတ်လုပ်ပါတယ်။ နောက်ဆုံးမှာတော့ တီအိုင် က စက်တွေကို ကိုယ်တိုင် မထုတ်တော့ဘဲ ဝယ်သုံးမယ်လို့ ဆုံးဖြတ်ပြီး စလုံးမှာ ရှိတဲ့ သူတို့ ဌာနကို ပိတ်ပစ်လိုက်ပါတယ်။ အဲဒီ ဌာနမှာ လုပ်ခဲ့တဲ့ အင်ဂျင်နီယာတွေ က ကိုယ်ပိုင် ကုမ္ပဏီတွေ ထောင်ပြီး စက်ကိရိယာတွေ ဆက်ပြီး ထုတ်ကြပါတယ်။ အဲဒါက စင်ကာပူမှာ စက်ကိရိယာတွေ ထုတ်လုပ်တဲ့ အော်တိုမေးရှင်း လုပ်ငန်းတွေရဲ့ အစပါပဲ။ အခုဆိုရင် စက်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်း အပိုင်းမှာ စင်ကာပူဟာ တကမ္ဘာလုံးကို တင်ပို့ ရောင်းချနိုင်လောက်တဲ့ အထိ အတော်လေးကို အလုပ်ဖြစ်နေပါပြီ။

နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ အတွက် ဖိတ်ခေါ်တဲ့ နေရာမှာ အပြိုင်အဆိုင်တွေ အများကြီး ကြုံရပါတယ်။ တံခါးဖွင့်ပေးပြီး လာပြီး ရင်းနှီးမြှုပ်နှံကြဟေ့ ဆိုတာနဲ့ နိုင်ငံခြား ကုမ္ပဏီတွေက ဝေါကနဲ ဝင်လာမှာ မဟုတ်ပါဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လိုချင်တာ ကိုယ့်နိုင်ငံ တစ်နိုင်ငံတည်းက  မဟုတ်ပါဘူး။ တခြား နိုင်ငံတွေကလည်း လိုချင်တာပါပဲ။ အဲဒီလို အခါမျိုးမှာ အခွန်အကောက် လျှော့ပြီး ကောက်ခံတာ၊ မြေကြီးကို အလကားပေးပစ်တာ စတဲ့ နည်းမျိုးစုံ သုံးပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ အပြိုင်အဆိုင် ဆွယ်ကြပါတယ်။

ဒါပေမယ့်လည်း နိုင်ငံခြားက လာပြီး ရင်းနှီးမြှုပ်နှံတဲ့သူတွေကလည်း လူလည်တွေ ပါပဲ။ ကျွန်တော် ချက်ရီပတ်ဘလစ်မှာ ရောက်နေတဲ့ အချိန်တုန်းက ချက်က အင်ဂျင်နီယာ တစ်ယောက် ပြောပြဖူးတဲ့ အကြောင်းတစ်ခုကို သတိရပါတယ်။ ချက်ရီပတ်ဘလစ်ဟာ သက္ကလပ် တော်လှန်ရေး (Velvet Revolution) ဖြစ်ပြီးတဲ့ နောက်မှာ ဈေးကွက် စီးပွားရေး စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံ တစ်နိုင်ငံ အဖြစ် ပြောင်းလဲခဲ့ပါတယ်။ အဲဒီအချိန်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာပြီး သူ့နိုင်ငံသားတွေ အတွက် အလုပ်အကိုင် ဖန်တီးနိုင်အောင် ချက်အစိုးရက ဆွဲဆောင် ခဲ့ပါတယ်။ အဲဒီအထဲမှာ သူ့ဆီမှာ လာပြီး ရင်းနှီးမြှုပ်နှံတဲ့ စက်ရုံတွေကို ၁၀ နှစ်တိတိ အခွန်ကို ကင်းလွတ်ခွင့်ပေးမယ် ဆိုတဲ့ ဆွဲဆောင်မှု တစ်ခုလည်း ပါပါတယ်။ အဲဒီဆွဲဆောင်မှုကြောင့် ကုမ္ပဏီတွေ အများအပြား ချက်မှာ လာပြီး ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။ ဒါပေမယ့်လည်း တစ်ချို့ ကုမ္ပဏီတွေကတော့ ၁၀ နှစ်ပြည့်ပြီးတဲ့နောက်မှာ စက်ရုံကို ပိတ်ပြီး တစ်ခြားနေရာကို ပြောင်းသွားကြပါတယ်။

စင်ကာပူကလည်း မလေးရှားရဲ့ ပြိုင်ဆိုင်မှုတွေကို ကြုံခဲ့ရပါတယ်။ မလေးရှားဟာ FIZ လို့ ခေါ်တဲ့ Free Industrial Zone တွေ တည်ထောင်ပြီး စင်ကာပူကို ပြိုင်ခဲ့ပါတယ်။ မြေနေရာ မလေးရှားလောက် မရှိတဲ့ စင်ကာပူက မလေးရှားကို အဲဒီနေရာမှာ မပြိုင်နိုင်ပါဘူး။ အဲဒါကြောင့် Intel လို ကုမ္ပဏီမျိုးတွေက စင်ကာပူကို မရောက်လာဘဲ ပိုပြီး စရိတ်စက သက်သာတဲ့ မလေးရှားဘက်ကို ရောက်သွားခဲ့ပါတယ်။ စင်ကာပူက မလေးရှားထက် သာတဲ့ အချက်ကတော့ နိုင်ငံခြား ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံဖို့ လာတဲ့ အချိန်မှာ အရည်အချင်းရှိတဲ့ အတတ်ပညာရှင်တွေ အဆင်သင့် ရှိအောင် သူတို့ရဲ့ ပညာရေး စနစ်ကို မြှင့်တင်ထားခဲ့တာ ပါပဲ။

ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ဖို့နဲ့ ပတ်သက်ပြီး အရေးအကြီးဆုံး အပိုင်းက အစိုးရရဲ့ ပေါ်လစီပိုင်းပါ။ နိုင်ငံခြား ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမှု မလုပ်ခင် အစိုးရရဲ့ ပေါ်လစီကို လေ့လာတတ်ပါတယ်။ အစိုးရရဲ့ ပေါ်လစီက နှစ်မျိုးပဲ ရှိတယ်။ ဒီနေ့ တစ်မျိုး မနက်ဖြန် တစ်မျိုး ဆိုရင်တော့ ဘယ်သူမှ လာပြီး ရင်းနှီးမြှုပ်နှံချင်မှာ မဟုတ်ပါဘူး။ အစိုးရ ဌာနတွေမှာ လာဘ်ပေးလာဘ်ယူ ကင်းရှင်းတာကလည်း ရင်းနှီးမြှုပ်နှံမှုကို တိုးပွားဖို့ အထောက်အကူ ပေးပါတယ်။ တစ်ချို့သော နိုင်ငံခြား ကုမ္ပဏီတွေရဲ့ စည်းကမ်းမှာ ဘယ်လို အကြောင်းနဲ့ပဲ ဖြစ်ဖြစ် လာဘ်မပေးရ ဆိုပြီး စီးပွားရေး လုပ်ငန်းဆိုင်ရာ ကျင့်ဝတ် (Business Ethics) အနေနဲ့ ကန့်သတ်ထားတာတွေ ရှိပါတယ်။ အဲဒီလို ကုမ္ပဏီမျိုးဟာ အာရ်ကေပေးမှ ရင်းနှီးမြှုပ်နှံလို့ ရမယ် ဆိုတဲ့ နိုင်ငံကို ဘယ်တော့မှ လာမှာ မဟုတ်ပါဘူး။

နောက်တစ်ခုကတော့ ဘာရည်ရွယ်ချက်နဲ့ လာပြီး ရင်းနှီးမြှုပ်နှံသလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သိဖို့လိုပါတယ်။ သူ့နိုင်ငံမှာ စက်ရုံဆောက်ရင် ပတ်ဝန်းကျင် ညစ်ညမ်းမှာ စိုးလို့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှာ စိုးလို့ ကိုယ့်နိုင်ငံမှာ စက်ရုံလာဆောက်တယ် ဆိုရင်တော့ အဲဒီလို ကုမ္ပဏီမျိုးကို လက်မခံဖို့ လိုပါတယ်။ အဲဒီလို ကုမ္ပဏီမျိုးကို လက်ခံရင် လတ်တလော ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးနိုင်ပေမယ့် အနာဂတ်မှာ ကိုယ့်နိုင်ငံသားတွေ အတွက် နစ်နာစရာ အများကြီး ဖြစ်လာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံမှာ စီးပွားရေး စနစ်က တံခါးတကယ် ပွင့်လာခဲ့ရင် ကိုယ့်ရှေ့က လုပ်သွားတဲ့ နိုင်ငံတွေ ဆီကနေ တစ်စိတ်ပဲ ဖြစ်ဖြစ် တစ်ဝက်ပဲ ဖြစ်ဖြစ် သင်ခန်းစာယူနိုင်မယ် ဆိုရင်တော့ သူတို့ မှားခဲ့တဲ့ အမှားတွေကို ထပ်မမှားဘဲ ရှောင်နိုင်မှာပဲ ဖြစ်ပါတယ်။

Tuesday, April 19, 2011

ဘုရားသခင်က အမှန်ကိုတော့ သိတယ်။ ဒါပေမယ့်လည်း

တစ်ခါတုန်းက ဗလာဒီမာဆိုတဲ့ မြို့ကလေးတစ်မြို့မှာ နေထိုင်တဲ့ အိုင်ဗန် ဒီမီထရစ်ချ် အက်ဆီယိုနော့ဗ် ဆိုတဲ့ လူငယ် ကုန်သည်တစ်ယောက် ရှိပါတယ်။ သူဟာ ဆိုင်နှစ်ဆိုင်နဲ့ အိမ်တစ်လုံး ပိုင်ဆိုင်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

အက်ဆီယိုနော့ဗ်ဟာ ရုပ်ရည် ချောမောပြီး ကြည့်ကောင်းတဲ့ ဆံပင်နဲ့ နဖူးတွန့်တွန့် ရှိတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ အမြဲတမ်း ပျော်ရွှင် နေတတ်ပြီး သီချင်းဆိုရတာကို နှစ်သက်တတ်တဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ ငယ်ရွယ်စဉ် အချိန် တုန်းကတော့ အရက် အလွန်သောက်ပြီး အလွန်အကျွံမူးလာရင် သောင်းကျန်း တတ်ပါတယ်။ ဒါပေမယ့်လည်း အိမ်ထောင်ကျပြီးတဲ့ အချိန်မှာတော့ အရက်ကို အလွန်အကျွံ မသောက်တော့ပဲ တခါတလေပဲ သောက်ပါတော့တယ်။

တစ်ခုသော နွေရာသီရဲ့ နေ့တစ်နေ့မှာတော့ အက်ဆီနော့ဗ်ဟာ နစ်ဇနီမြို့မှာ ရှိတဲ့ ကုန်စည်ပြပွဲကို သွားဖို့ ထွက်လာခဲ့ပါတယ်။ သူ့မိသားစုကို နှုတ်ဆက်နေတဲ့ အချိန်မှာ သူ့ရဲ့ ဇနီးသည်က ပြောပါတယ်။
"အိုင်ဗန် ဒီမီထရစ်ချ်။ ရှင်ဒီနေ့ မသွားပါနဲ့လား။ ဒီနေ့ကျွန်မ ရှင်နဲ့ ပတ်သက်ပြီး အိပ်မက်ဆိုးမက်တယ်။"

အဲဒီအခါမှာ အက်ဆီယိုနော့ဗ်က ရယ်ပြီး ပြောပါတယ်။
"ငါပြပွဲကို ရောက်သွားရင် လွတ်ထွက်သွားမှာကို မင်းက စိုးရိမ်နေတာမဟုတ်လား။"

အဲဒီတော့ သူ့ဇနီးက ပြန်ပြောပါတယ်။
"ကျွန်မ ဘာကို စိုးရိမ်နေသလဲတော့ မသိဘူး။ ကျွန်မသိတာက ကျွန်မ အိပ်မက် မကောင်းဘူး။ မနေ့က အိပ်မက်ထဲမှာ ရှင်မြို့က ပြန်လာတယ်။ ရှင့်ရဲ့ ဦးထုပ်ကို ချွတ်လိုက်တော့ ရှင့်ရဲ့ ဆံပင်တွေ ဖြူနေတယ်။"

အက်ဆီယိုနော့ဗ်က ရယ်ပါတယ်။ ပြီးတော့ "ဒါကံကောင်းတဲ့ လက္ခဏာပဲ။ ငါ့ ကုန်တွေ အကုန်ရောင်းရပြီး မင်းအတွက် လက်ဆောင်တွေ ဝယ်လာခဲ့မယ်။ ကြည့်နေ။" လို့ ပြောပါတယ်။ နောက်တော့ သူဟာ မိသားစုကို နှုတ်ဆက်ပြီး လှည်းကို မောင်းထွက်သွားပါတော့တယ်။

သူဟာ ခရီးသွားရင်း လမ်းတဝက် အရောက်မှာတော့ သူနဲ့ သိတဲ့ ကုန်သည်တစ်ယောက်နဲ့ ဆုံပါတယ်။ နောက်တော့ သူတို့ ညအိပ်ထမင်းဆိုင် တစ်ခုမှာ အတူတူ တည်းခိုကြပါတယ်။ သူတို့နှစ်ယောက် လက်ဖက်ရည် အတူတူ သောက်ကြပြီးတဲ့ နောက်မှာတော့ ကပ်လျှက် ရှိတဲ့ အခန်းနှစ်ခန်းမှာ အသီးသီး အိပ်ရာဝင် ခဲ့ကြပါတယ်။

အက်ဆီယိုနော့ဗ်ဟာ နောက်ကျတဲ့ အထိ အိပ်တတ်တဲ့သူ မဟုတ်ပါဘူး။ အေးနေတဲ့ အချိန်မှာ ခရီးသွားရတာကို နှစ်သက်ပါတယ်။ အဲဒါကြောင့် သူဟာ သူ့ရဲ့ လှည်းမောင်းသမားကို အရုဏ်မတက်ခင်နှိုးပြီး မြင်းတွေကို ပြင်ခိုင်းပါတယ်။

အဲဒီနောက်မှာတော့ သူဟာ တည်းခိုးခန်းရဲ့ အနောက်ဖက်မှာ အိမ်ငယ်ကလေးနဲ့ နေတဲ့ ဆိုင်ရှင်ဆီကို သွားပြီး သူ့ရဲ့ တည်းခိုခ ကျသင့်ငွေတွေကို ရှင်းပါတယ်။ နောက်တော့ သူဟာ ခရီး ဆက်ထွက်ခဲ့ပါတယ်။

၂၅ မိုင်လောက် ခရီးနှင်ပြီးတဲ့ အခါမှာတော့ သူဟာ မြင်းတွေကို အစာကျွေးဖို့ ခဏနားပါတယ်။ အက်ဆီယိုနော့ဗ်ဟာ ထမင်းဆိုင်ထဲက လူသွားလမ်းကလေး တစ်ခုမှာ အနားယူနေပါတယ်။ နောက်တော့ သူဟာ ဆင်ဝင်အောက်ကို ထွက်လာပြီး ရေနွေးအိုး တည်ခိုင်းပြီးတဲ့နောက်မှာ သူ့ရဲ့ ဂစ်တာကို ထုတ်ပြီး တီးပါတော့တယ်။

ရုတ်တရက် ဆိုသလိုပဲ မြင်းသုံးကောင်ဆွဲတဲ့ ရထားတစ်စင်းဟာ ခေါင်းလောင်းသံ ဆူဆူညံညံနဲ့ မောင်းလာပြီးတော့  ရထားပေါ်က အရာရှိ တစ်ယောက် ဆင်းလာပါတယ်။ အဲဒီနောက်မှာတော့ သူ့ကို ဘယ်သူလဲ ဘယ်အချိန်က ရောက်နေတာလဲ စသည်ဖြင့် မေးခွန်းတွေ ထုတ်ပါတော့တယ်။ အက်ဆီယိုနော့ဗ်က သူမေးသမျှကို အပြည့်အစုံ ဖြေကြားပြီးတော့ "ကျုပ်နဲ့ အတူ လက်ဖက်ရည်သောက်ပါဦးလား။" လို့ အဲဒီလူကို ဖိတ်ပါတယ်။ ဒါပေမယ့်လည်း အရာရှိက သူ့ကို မေးခွန်းတွေ ထပ်မေးပါတယ်။ သူက " ခင်ဗျားညက ဘယ်မှာ အိပ်သလဲ။ ခင်ဗျား တစ်ယောက်တည်းလား။ တခြား အဖော်ကုန်သည် တစ်ယောက်နဲ့လား။ ခင်ဗျား ဒီမနက် တခြား ကုန်သည်တွေကို မြင်သေးလား။ ဘာဖြစ်လို့ ခင်ဗျား အရုဏ်မတက်ခင် ညအိပ်ထမင်းဆိုင်က ထွက်သွားရတာလဲ။" စသည်ဖြင့် မေးခွန်းတွေ မေးပါတယ်။ အက်ဆီယိုနော့ဗ်ကတော့ ဘာဖြစ်လို့ သူ့ကို ဒီမေးခွန်းတွေ မေးရသလဲလို့ စဉ်းစားမရ ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း သူက ဖြစ်သမျှ အကြောင်းအကုန်လုံးကို ပြန်ပြောပြပါတယ်။ နောက်တော့ သူက
"ခင်ဗျား ဘာဖြစ်လို့ ကျုပ်ကို သူခိုးဓားပြ တစ်ယောက်လို မေးခွန်းတွေ မေးနေရတာလဲ။ ကျွန်တော် စီးပွားရေး ကိစ္စနဲ့ ခရီးသွားနေတာ။ အဲဒီလိုမျိုး မေးစရာ မလိုဘူး။" လို့ ဆက်ပြောပါတယ်။

အဲဒီအခါမှာ အရာရှိက သူ့ရဲ့ စစ်သားတွေကို ခေါ်ပြီး ပြောပါတယ်။ " ကျုပ်က ဒီနယ်မြေက ရဲအရာရှိပါ။ ကျုပ်ခင်ဗျားကို မေးခွန်းတွေ မေးနေရတာက ခင်ဗျားနဲ့ ညက အတူတည်းခဲ့တဲ့ ကုန်သည်ဟာ လည်လှီးပြီး အသတ်ခံထားတာ တွေ့ရတယ်။ ကျုပ်တို့ အနေနဲ့ ခင်ဗျားရဲ့ ပစ္စည်းတွေကို ရှာရလိမ့်မယ်။"

သူတို့ဟာ ဆိုင်ထဲကို ဝင်ကြပါတယ်။ နောက်တော့ စစ်သားတွေနဲ့ ရဲအရာရှိဟာ အက်ဆီယိုနော့ဗ်ရဲ့ အထုတ်အပိုးတွေကို ဖြည်ပြီး ရှာကြပါတယ်။ ရုတ်တရက်ဆိုသလိုပဲ ရဲအရာရှိက အိတ်တစ်လုံးထဲကနေ ဓားတစ်ချောင်းကို ထုတ်ပြီး အော်လိုက်ပါတယ်။
"ဒါက ဘယ်သူ့ဓားလဲ။"
အက်ဆီယိုနော့ဗ်က လှမ်းကြည့်လိုက်တဲ့ အခါမှာ သူ့ရဲ့ အိတ်ထဲကနေ သွေးစွန်းနေတဲ့ ဓားတစ်ချောင်း ထုတ်လိုက်တာကို တွေ့လိုက်ရပါတယ်။ သူ လန့်သွားပါတယ်။
"ဘာဖြစ်လို့ ဒီဓားမှာ သွေးစွန်းနေရတာလဲ။"
အက်ဆီယိုနော့ဗ်ဟာ သူ့ရဲ့ မေးခွန်းကို ဖြေဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် စကား တစ်လုံးမှ မပြောနိုင်ပါဘူး။
"ကျုပ်..ကျုပ် မသိဘူး။ ဒါ..ဒါ ကျုပ်ဓားလည်း မဟုတ်ဘူး။" လို့ပဲ အထစ်ထစ် အငေါ့ငေါ့ ပြောနိုင်ပါတော့တယ်။

အဲဒီအခါမှာ ရဲအရာရှိက ပြောပါတယ်။
"ဒီမနက် ကုန်သည်ကို သူ့အိပ်ရာထဲမှာ လည်လှီးပြီး အသတ်ခံထားတာ တွေ့ရတယ်။ ဒီအလုပ်ကို လုပ်နိုင်မယ့်သူက ခင်ဗျားတစ်ယောက်တည်း ရှိတယ်။ အိမ်က အထဲကနေ သော့ခတ်ထားတယ်။ တခြား ဘယ်သူမှလည်း မရှိဘူး။ ဒီမှာ ခင်ဗျား အိတ်ထဲက သွေးစွန်းနေတဲ့ဓား။ နောက်ပြီး ခင်ဗျားရဲ့ မျက်နှာနဲ့ အမူအယာလည်း ပျက်နေတယ်။ ခင်ဗျား သူ့ကို ဘယ်လို သတ်ခဲ့သလဲ ဆိုတာကိုပြော။ ခင်ဗျား သူ့ဆီက ပိုက်ဆံ ဘယ်လောက် ခိုးလာခဲ့သလဲ။"

အက်ဆီယိုနော့ဗ်ဟာ သူမလုပ်ရကြောင်းကို ကျိန်တွယ်ပြီး ပြောပါတယ်။ သူတို့ လက်ဖက်ရည် အတူတူသောက်ပြီးတဲ့ နောက်မှာ အဲဒီကုန်သည်ကို သူမတွေ့တော့ကြောင်း၊ သူ့မှာ သူ့ကိုယ်ပိုင်ပိုက်ဆံ ရူဘယ် ၈ ထောင်က လွဲလို့ တခြား မရှိကြောင်း၊ ဒီဓားဟာလည်း သူ့ရဲ့ ဓားမဟုတ်ရကြောင်းကို ပြောပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အသံတွေက အက်ကွဲနေပြီး သူ့ရဲ့မျက်နှာက ဖြူဖတ်ဖြူလျော် ဖြစ်နေပါတယ်။ သူဟာ အပြစ်ရှိတဲ့ လူလိုပဲ ကြောက်ရွံ့မှုနဲ့ တုန်လှုပ်နေပါတယ်။

ရဲအရာရှိက အက်ဆီယိုနော့ဗ်ကို ကြိုးတုတ်ပြီး လှည်းပေါ်ကို တင်ဖို့ စစ်သားတွေကို အမိန့်ပေးပါတယ်။ သူတို့က သူ့ရဲ့ ခြေထောက်တွေကို အတူတူပူးချည်ပြီး လှည်းပေါ်ကို ပစ်တင်လိုက်တဲ့ အခါမှာတော့ အက်ဆီယိုနော့ဗ်ဟာ မျက်နှာကို လက်ဝါးနဲ့ အုပ်ပြီး ငိုပါတော့တယ်။ သူ့ရဲ့ ပိုက်ဆံတွေ ပစ္စည်းတွေကို သူ့ဆီက သိမ်းသွားပြီးတဲ့နောက်မှာ သူ့ကို အနီးဆုံးမြို့ တစ်မြို့ကို ပို့ပြီး အကျဉ်းချ ထားပါတယ်။ နောက်တော့ သူ့ရဲ့ အကျင့်စာရိတ္တနဲ့ ပတ်သက်ပြီး ဗလာဒီမာမှာ စုံစမ်းကြပါတယ်။ အဲဒီမြို့မှာ ရှိတဲ့ ကုန်သည်တွေနဲ့ အခြားသူတွေက အရင်တုန်းကတော့ သူဟာ အရက်သောက်ပြီး အချိန်ဖြုန်းနေတတ်တဲ့ လူတစ်ယောက် ဖြစ်ပေမယ့် လူကောင်းတစ်ယောက်ဖြစ်တဲ့ အကြောင်း ပြောကြပါတယ်။ နောက်တော့ သူ့ရဲ့ အမှုကို စစ်ပါတယ်။ သူ့ကို ရိုင်ယာဇန်က ကုန်သည်ကို သတ်တဲ့ အမှုနဲ့ ရူဘယ် နှစ်သောင်းကို ဓားပြတိုက်မှုနဲ့  စွပ်စွဲပါတယ်။ သူ့ရဲ့ ဇနီးသည်ကတော့ အကြီးအကျယ် စိတ်ပျက်နေပါတယ်။ သူမအနေနဲ့ ဘာကို ယုံရမလဲ ဆိုတာ မသိဘူး ဖြစ်နေပါတယ်။ သူမရဲ့ ကလေးတွေက ငယ်ငယ်ကလေးတွေပဲ ရှိပါသေးတယ်။ တစ်ယောက်က ဆိုရင် ရင်ခွင်ပိုက် အရွယ်ပဲ ရှိပါသေးတယ်။ သူမဟာ ကလေးတွေကို ခေါ်ပြီးတော့ သူမရဲ့ ခင်ပွန်းကို ထားတဲ့ အကျဉ်းထောင် ရှိတဲ့မြို့ကို လာခဲ့ပါတယ်။ အစပိုင်းက သူနဲ့ တွေ့ခွင့် မပေးပေမယ့် အကြိမ်ကြိမ်တောင်းပန် ပြီးတဲ့နောက်မှာ အရာရှိတွေဆီက ခွင့်ပြုချက်ကို ရပြီး သူမကို သူ့ဆီ ခေါ်လာခဲ့ပါတယ်။ သူမဟာ သူမရဲ့ ယောက်ျားကို အကျဉ်းသမား ဝတ်စုံနဲ့ သံကြိုးတွေနဲ့ ချည်နှောင်ထားတာ တွေ့ရပြီး တခြား သူခိုးတွေ ရာဇဝတ်သားတွေနဲ့ အတူတူ ချုပ်နှောင်ထားတာကို တွေ့လိုက်ရတဲ့ အခါမှာတော့ မေ့လဲကျသွားပါတယ်။ တော်တော်နဲ့ သတိပြန်မလည် လာပါဘူး။ အဲဒီနောက်မှာတော့ သူမဟာ ကလေးတွေကို အနားကို ဆွဲခေါ်ပြီး သူ့ရဲ့ အနားမှာ ထိုင်လိုက်ပါတယ်။ သူမဟာ သူ့ကို အိမ်မှာ ဖြစ်နေတဲ့ အကြောင်းအရာတွေကို ပြောပြပါတယ်။ နောက်တော့ သူ့ကို ဘာဖြစ်တာလဲ ဆိုတဲ့ အကြောင်း မေးပါတယ်။ သူက သူမကို ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို ပြန်ပြောပြပါတယ်။ သူမက မေးပါတယ်။
"အခု ငါတို့ ဘာလုပ်နိုင်မလဲ။"
"ငါတို့ အပြစ်မဲ့တဲ့သူတစ်ယောက် ဘဝမပျက်ဖို့ ဇာဘုရင်ဆီကို အသနားခံကြရအောင်။"
သူ့ရဲ့ ဇနီးသည်က သူမ ဇာဘုရင်ဆီကို အသနားခံပြီးတဲ့ အကြောင်း။ ဒါပေမယ့် လက်မခံတဲ့ အကြောင်း ပြန်ပြောပြပါတယ်။ အက်ဆီယိုနော့ဗ်ဟာ ဘာမှ ပြန်မပြောတော့ဘဲ အောက်ကိုပဲ စိုက်ကြည့်နေပါတယ်။

နောက်တော့ သူ့ဇနီးက ပြောပါတယ်။ "ရှင့်ရဲ့ ဆံပင်တွေ ဖြူသွားတယ်လို့ ကျွန်မ အိပ်မက်မက်တာ အလကား မဟုတ်ဘူး။ ရှင်မှတ်မိသလား။ ရှင့်အနေနဲ့ အဲဒီနေ့က မသွားသင့်ဘူး။" သူမက သူ့ရဲ့ ဆံပင်တွေကို လက်နဲ့ သပ်ပြီးတော့ ပြောပါတယ်။ "ဗန်ယာ အချစ်။ ရှင့်မိန်းမကိုတော့ အမှန်အတိုင်း ပြောပါ။ အဲဒါ ရှင်လုပ်ခဲ့တာ မဟုတ်ဘူးလား။"

"မင်းကလည်း ငါ့ကို သံသယ ရှိတယ်ပေါ့လေ။" အက်ဆီယိုနော့ဗ်က အဲဒီလိုပြောပြီး သူ့ရဲ့ မျက်နှာကို လက်ဝါးနဲ့ အုပ်ပြီး ငိုပါတော့တယ်။ အဲဒီအချိန်မှာ စစ်သားတစ်ယောက်က လာပြီး မိန်းမနဲ့ ကလေးတွေ သွားဖို့ အချိန်ရောက်ပြီလို့ လာပြောပါတယ်။ အက်ဆီယိုနော့ဗ်ဟာ သူ့ရဲ့ မိသားစုကို နောက်ဆုံး အကြိမ် အနေနဲ့ နှုတ်ဆက်လိုက်ပါတယ်။

သူတို့ ထွက်သွားတဲ့ အချိန်မှာတော့ အက်ဆီယိုနော့ဗ်ဟာ သူတို့ ပြောခဲ့တဲ့ စကားတွေကို ပြန်စဉ်းစားပါတယ်။ သူ့ရဲ့ ဇနီးသည်ကလည်း သူ့ကို သံသယ ရှိတဲ့ အကြောင်း သတိရတဲ့ အချိန်မှာတော့ သူက တစ်ကိုယ်တည်း ပြောလိုက်ပါတယ်။ "အင်း။ ပုံစံကတော့ ဘုရားသခင် တစ်ယောက်တည်းပဲ အမှန်တရားကို သိတဲ့သူ ရှိတယ်။ အဲဒီတော့ သူ့ကိုပဲ တောင်းပန် ရမယ်။ သူ့ရဲ့ သနားကြင်နာမှုကိုပဲ မျှော်လင့်ရမှာပဲ။"

အဲဒီနောက်မှာတော့ အက်ဆီနော့ဗ်ဟာ နောက်ထပ်ပြီး အသနားခံစာ မရေးတော့ဘဲ လုံးဝ လက်လျှော့ လိုက်ပါတယ်။ သူဟာ ဘုရား ဆီမှာပဲ ဆုတောင်းပါတော့တယ်။

အက်ဆီယိုနော့ဗ်ကို ကြိမ်ဒဏ်ကျခံဖို့နဲ့ မိုင်းတွင်းကို ပို့ဖို့ အမိန့်ချခံရပါတယ်။ သူ့ကို ကြာပွတ်နဲ့ ရိုက်ပြီးတော့ အရိုက်ခံရတဲ့ ဒဏ်ရာတွေ ပျောက်ကင်းတဲ့ အချိန်မှာတော့ သူဟာ တခြား အကျဉ်းသားတွေနဲ့ အတူ ဆိုင်ဘေးရီးယားကို အပို့ခံရပါတယ်။ အက်ဆီယိုနော့ဗ်ဟာ ဆိုင်ဘေးရီးယားမှာ ၂၆ နှစ် တိတိ အကျဉ်းသား တစ်ယောက် အနေနဲ့ နေခဲ့ရပါတယ်။ သူ့ရဲ့ ဆံပင်တွေဟာ နှင်းလိုပဲ ဆွတ်ဆွတ်ဖြူလာပါတယ်။ သူ့ရဲ့ မုတ်ဆိတ်မွှေးတွေဟာလည်း ရှည်လျားပြီး ဖြူဖွေးလာကြပါတယ်။ သူ့အတွက် ပျော်ရွှင်မှုတွေ အားလုံး ဆိတ်သုဉ်းသွားပြီးတော့ သူ့ရဲ့ ခါးတွေ ကိုင်းလာပါတယ်။ သူဟာ ဖြည်းဖြည်းပဲ လမ်းလျှောက်ပါတော့တယ်။ စကားလည်း နည်းနည်းပဲ ပြောပါတယ်။ လုံးဝ မရယ်တော့ ပါဘူး။ ဒါပေမယ့်လည်း ရံဖန်ရံခါတော့ သူဟာ ဘုရားရှိခိုး ဆုတောင်းတတ်ပါတယ်။

အကျဉ်းထောင်ထဲမှာတော့ အက်ဆီယိုနော့ဗ်ဟာ ဖိနပ်ချုပ်သင်ပါတယ်။ နောက်တော့ သူ့မှာ ငွေစကြေးစ အနည်းအပါး ရှိလာပါတယ်။ အဲဒီပိုက်ဆံနဲ့သူဟာ "သူတော်စင်တို့ရဲ့ ဘဝအကြောင်းများ " ဆိုတဲ့ စာအုပ်ကို ဝယ်ပါတယ်။ ထောင်ထဲမှာ စာဖတ်ဖို့ အလင်းရောင် အလုံအလောက် ရှိတဲ့ အချိန်မှာ သူဟာ အဲဒီစာအုပ်ကို ဖတ်ပါတယ်။ တနင်္ဂနွေနေ့မှာတော့ ထောင်ထဲမှာ ရှိတဲ့ ဘုရားကျောင်းမှာ သင်ခန်းစာတွေ ဖတ်ကြားပြီး ဓမ္မသီချင်းတွေ ဆိုပါတယ်။ သူ့ရဲ့ အသံဟာ ကောင်းနေဆဲပါပဲ။

အကျဉ်းထောင် အာဏာပိုင်တွေဟာ အက်ဆီယိုနော့ဗ်ရဲ့ သိမ်မွေ့မှုကို သဘောကျ ကြပါတယ်။ သူနဲ့ အတူတူ ရှိတဲ့ အကျဉ်းသားတွေကလည်း သူ့ကို လေးစားကြပါတယ်။ သူ့ကို "အဖိုး" "သူတော်စင်ကြီး" စသည်ဖြင့် ခေါ်ကြပါတယ်။ သူတို့ဟာ အကျဉ်းထောင် အာဏာပိုင်တွေ ဆီက တစ်စုံတစ်ခုကို တောင်းခံချင်တဲ့အခါမှာ အက်ဆီယိုနော့ဗ်ကို ကိုယ်စားလှယ် အဖြစ် သူတို့ကိုယ်စား ပြောပေးဖို့ အမြဲ တောင်းဆိုကြပါတယ်။ အကျဉ်းသားတွေ အချင်းချင်း ရန်ဖြစ်တဲ့ အချိန်ဆိုရင် သူ့ဆီကိုလာပြီး ဘယ်သူမှန်တယ် ဘယ်သူမှားတယ် ဆိုတာ အဆုံးအဖြတ် ခံကြပါတယ်။

အက်ဆီယိုနော့ဗ်ရဲ့ အိမ်ကတော့ ဘာသတင်းမှ မကြားရပါဘူး။ သူ့အနေနဲ့ သူ့မိန်းမနဲ့ ကလေးတွေ အသက်ရှင်နေ သေးသလား ဆိုတာကိုတောင် မသိရပါဘူး။

တစ်နေ့မှာတော့ အကျဉ်းသား အသစ် အုပ်စု တစ်စု ထောင်ကို ရောက်လာကြပါတယ်။ ညနေပိုင်းမှာတော့ အကျဉ်းသားဟောင်းတွေဟာ အကျဉ်းသား အသစ်တွေရဲ့ အနားမှာ ဝိုင်းပြီး စုထိုင်ကြပြီးတော့ သူတို့ ဘယ်မြို့ ဘယ်ရွာက လာကြသလဲ။ ဘာအမှုနဲ့ ထောင်ကျလာကြသလဲ ဆိုတာကို ဝိုင်းမေးကြပါတယ်။ တခြားသူတွေနဲ့ အတူ အက်ဆီယိုနော့ဗ်ဟာလည်း အသစ်ရောက်လာတဲ့ သူတွေ အနားမှာ ထိုင်နေပြီးတော့ တခြားသူတွေ ဘာပြောနေကြသလဲ ဆိုတာကို စိတ်မပါ့တပါနဲ့ နားထောင်နေပါတယ်။

အသက် ခြောက်ဆယ်လောက် အရည်ရှည်ရှည် ထွားထွားကြိုင်းကြိုင်း ရှိပြီး မုတ်ဆိတ်မွေးဖြူဖြူကို တိုတို ရိတ်ထားတဲ့ အကျဉ်းသား အသစ် တစ်ယောက်ကတော့ တခြားသူတွေကို သူဘာလို့ အဖမ်းခံရသလဲ ဆိုတာကို ပြောပြနေပါတယ်။

"ဒီလို သူငယ်ချင်းတို့ရဲ့။ ကျုပ်က စွပ်ဖားမှာ ချည်ထားတဲ့ မြင်းတစ်ကောင်ကို ယူမိတာ။ အဲဒါနဲ့ ကျုပ်ကို ခိုးမှုနဲ့ ဖမ်းပြီး အစွပ်စွဲခံရတာ။ ကျုပ်က အိမ်ကို အမြန်ရောက်ချင်လို့ အဲဒီမြင်းကို ခဏယူတာပါ။ ပြီးရင် ပြန်လွှတ်ပေးလိုက်မှာလို့ ပြောတာပဲ။ နောက်ပြီးတော့ စွပ်ဖားမောင်းတဲ့သူကလည်း ကျုပ်ရဲ့ မိတ်ဆွေပဲ။ အဲဒါကြောင့် ကျုပ်က ဘာပြဿနာမှ မရှိဘူးလို့ ပြောတာပဲ။ ဒါပေမယ့် သူတို့က မဟုတ်ဘူး။ မင်းခိုးတာ လို့ ပြောကြတယ်။ ဒါပေမယ့် ကျုပ်ဘယ်လို ခိုးသလဲ။ ဘယ်မှာ ခိုးသလဲ ဆိုတာကို မပြောနိုင်ကြဘူး။ တစ်ချိန်တုန်းကတော့ ကျုပ် ပြစ်မှု တစ်ခု ကျူးလွန်ခဲ့ဖူးတယ်။ အဲဒီအမှုနဲ့ ဒီကို ဟိုးအရင်ကတည်းက ရောက်လာဖို့သင့်တာ။ ဒါပေမယ့် အဲဒီတုန်းက ကျုပ်ကို မမိခဲ့ဘူး။ အခုတော့ ဘာမဟုတ်တဲ့ ကိစ္စအတွက်နဲ့ ရောက်လာရတယ်။ အာ. ကျုပ်ပြောရင်တော့ လိမ်သလို ဖြစ်တော့မှာပဲ။ ကျုပ်အရင်ကလည်း ဆိုင်ဘေးရီးယားကို ရောက်ဖူးတယ်။ ဒါပေမယ့် ကျုပ်ကြာကြာ မနေခဲ့ရဘူး။"

"ခင်ဗျား ဘယ်ကလာတာလဲ။" တစ်ယောက်က သူ့ကို မေးပါတယ်။
"ဗလာဒီမာ က။ ကျုပ်မိသားစုက အဲဒီမြို့ကပဲ။ ကျုပ်နာမည် မာကာ။ ကျုပ်ကို ဆေမြိုနစ်ချ် လို့လည်း ခေါ်ကြတယ်။"
အက်ဆီယိုနော့ဗ်က ခေါင်းကိုမော့ရင်း မေးလိုက်ပါတယ်။
"ဆေမြိုနစ်ချ်။ ခင်ဗျား ဗလာဒီမာက အက်ဆီယိုနော့ဗ် ဆိုတဲ့ ကုန်သည် တစ်ယောက် အကြောင်း ဘာသိလဲ။ ပြောပြစမ်းပါ။ သူတို့ အသက်ရှင်လျှက် ရှိကြသေးသလား။"
"သူတို့ကို သိလား။ ဟုတ်လား။ သိပ် သိတာပေါ့။ အက်ဆီယိုနော့ဗ်တွေက လူချမ်းသာတွေ။ သူတို့ အဖေကတော့ ဆိုင်ဘေးရီးယားကို ရောက်နေတယ်။ ကျုပ်တို့လို မျိုးပဲ အပြစ်ရှိတဲ့သူ ထင်ရတာပေါ့။ အဖိုးကရော ဒီကို ဘယ်လို ရောက်လာတာလဲ။"

အက်ဆီယိုနော့ဗ်ဟာ သူ့ရဲ့ ကံမကောင်း အကြောင်းမလှပုံကို ပြန်မပြောချင်တော့ပါဘူး။ သူက သက်ပြင်းပဲ ချပြီး ပြောပါတယ်။
"ငါဟာလည်း ငါ့အပြစ် အတွက် ထောင်ထဲမှာ ရောက်နေတာ ၂၆ နှစ် ရှိသွားပြီ။"
"ဘာ အပြစ်လဲ။" လို့ မာကာ ဆေမြိုနစ်ချ်က မေးပါတယ်။
ဒါပေမယ့်လည်း အက်ဆီယိုနော့ဗ်ကတော့ "အင်း။ ငါနဲ့ ထိုက်တန်တဲ့ အပြစ်ဖြစ်မှာပါ။" လို့ ပြောပြီး ဘာမှ ထပ်မပြောတော့ ပါဘူး။ ဒါပေမယ့်လည်း သူ့ရဲ့ အဖော်တွေက အသစ်လာတဲ့သူတွေကို အက်ဆီယိုနော့ဗ် ဆိုင်ဘေးရီးယားကို ဘယ်လို ရောက်လာတယ် ဆိုတဲ့ အကြောင်း။ တစ်စုံတစ်ယောက်က ကုန်သည်တစ်ယောက်ကို သတ်ပြီး ဓားကို အက်ဆီယိုနော့ဗ်ရဲ့ ပစ္စည်းတွေကြားမှာ ထားခဲ့တဲ့ အကြောင်း၊ အက်ဆီယိုနော့ဗ် ဘယ်လို မတရားသဖြင့် အပြစ်ပေးခံရတယ် ဆိုတဲ့ အကြောင်းတွေကို ပြောပြကြပါတယ်။

မာကာ ဆေမြိုနစ်ချ်ဟာ အဲဒီအကြောင်းတွေကို ကြားတဲ့ အခါမှာတော့ အက်ဆီယိုနော့ဗ်ကို ကြည့်ပြီး သူ့ရဲ့ ဒူးခေါင်းကို သူပြန်ရိုက်ရင်း "အင်း။ ဒါ အတော် ထူးဆန်းတဲ့ အဖြစ်ပဲ။ တကယ့်ကို ထူးဆန်းတဲ့ အဖြစ်ပဲ။ ဒါပေမယ့် ဒီနှစ်တွေမှာ ခင်ဗျား အတော် အိုစာလာခဲ့ပြီပဲ။ " လို့ ပြောပါတယ်။

တခြားသူတွေကတော့ သူ့ကို ဘာဖြစ်လို့ အဲဒီလောက်တောင် အံ့ဩရတာလဲ။ သူ့အနေနဲ့ အရင်တုန်းက အက်ဆီယိုနော့ဗ်ကို ဘယ်မှာ မြင်ဖူးသလဲ ဆိုတာကို မေးကြပါတယ်။ ဒါပေမယ့် မာကာ ဆေမြိုနစ်ချ်က ဘာမှ ပြန်မပြောပါဘူး။ "ငါတို့ ဒီမှာ ပြန်ဆုံကြတာ တကယ့်ကို အံ့ဩစရာ ကောင်းတဲ့ အဖြစ်ပဲ။ သူငယ်တို့။" လို့ပဲ ပြောပါတယ်။

အဲဒီစကားတွေကို ကြားတဲ့ အခါမှာတော့ အက်ဆီယိုနော့ဗ် အနေနဲ့ ကုန်သည်ကို သတ်တာ ဘယ်သူလဲ ဆိုတာ ဒီလူ သိချင်သိနိုင်တယ်လို့ စိတ်ထဲမှာ တွေးမိပါတယ်။ အဲဒါကြောင့် သူက မေးပါတယ်။
"မင်း ဒီအကြောင်းကို ကြားဖူးချင် ကြားဖူးမှာပေါ့။ မင်းငါ့ကို မြင်ဖူးရင်လည်း မြင်ဖူးမှာပေါ့။"
"ငါ ဘယ်လိုလုပ် ကြားဖူးမှာလဲ။ ကမ္ဘာကြီးဆိုတာ ကောဠာဟာလတွေနဲ့ ပြည့်နေတာ။ ဒီအဖြစ်က ကြာပါပြီလေ။ ကျုပ်ဘာကို ကြားဖူးခဲ့သလဲ ဆိုတာကိုတောင် မေ့နေပြီ။"

"ကုန်သည်ကို ဘယ်သူသတ်သလဲ ဆိုတာ မင်းကြားမိချင်ရင် ကြားမိမှာပေါ့။" အက်ဆီယိုနော့ဗ်က မေးပါတယ်။
မာကာ ဆေမြိုနစ်ချ်က ရယ်ပြီးတော့ ပြန်ပြောပါတယ်။ "အိတ်ထဲမှာ ဓားတွေ့တဲ့ သူက သတ်တဲ့သူ ဖြစ်မှာပေါ့။ တကယ်လို့ တခြားတစ်ယောက်က သူ့အိတ်ထဲမှာ ဓားကို ဖွက်လိုက်တယ် ဆိုရင်တောင်မှ ဟိုဆိုရိုးစကားလိုပဲ "သူဟာ မမိမချင်း သူခိုး မဟုတ်ဘူး" လို့ ပြောရမှာပေါ့။ တကယ်လို့ အိတ်က ခင်ဗျားရဲ့ ခေါင်းအောက်မှာ ဆိုရင် ဘယ်သူက ခင်ဗျားအိတ်ထဲ ဓားတစ်ချောင်းကို လာထည့်လို့ ရမှာလဲ။ ခင်ဗျားနိုးသွားမှာပေါ့။"

ဒီစကားကို ကြားလိုက်တဲ့ အခါမှာတော့ အက်ဆီယိုနော့ဗ် အနေနဲ့ ဒီလူဟာ ကုန်သည်ကို သတ်တဲ့သူပဲ ဆိုတာကို အသေအချာ ယုံလိုက်မိပါတယ်။ သူဟာ နေရာကနေ ထပြီး ထွက်သွားပါတယ်။ အဲဒီတစ်ညလုံး အက်ဆီယိုနော့ဗ်ဟာ အိပ်မပျော်ဘဲ လဲလျောင်း နေမိပါတယ်။ သူဟာ ကုန်စည်ပြပွဲကို မသွားခင် သူ့ရဲ့ ဇနီးသည်ကို ခွဲခွာမသွားခင် အချိန်က သူ့ဇနီးသည်ရဲ့ မျက်နှာကို မြင်ယောင်နေမိပါတယ်။ သူမကို အခုတွေ့နေရသလိုပဲ ခံစားရပါတယ်။ သူမရဲ့ မျက်နှာတွေ မျက်လုံးတွေဟာ သူ့ရှေ့မှာ ပေါ်လာပါတယ်။ သူမ စကားပြောနေတာတွေ ရယ်နေတာတွေကို ကြားနေမိပါတယ်။ နောက်တော့ သူ့ကလေးလေးတွေကို မြင်ယောင် လာပါတယ်။ တစ်ယောက်က ခြုံထည် အင်္ကျီ သေးသေးကလေးနဲ့ နောက်တစ်ယောက်က သူ့မိခင်ရဲ့ ရင်ခွင်မှာ အဲဒီလို ပုံစံနဲ့ မြင်ယောင် လာမိပါတယ်။ နောက်တော့ သူ့ကိုယ်သူလည်း ငယ်ငယ်ရွယ်ရွယ် ပျော်ရွှင်မြူးထူးတဲ့ လူငယ် တစ်ယောက် အနေနဲ့ ပြန်မြင်ယောင် လာပါတယ်။ သူ့အနေနဲ့ သူအဖမ်းခံခဲ့ရတဲ့ အချိန်က ထမင်းဆိုင်ရဲ့ ဆင်ဝင်အောက်မှာ ဂစ်တာ တီးနေတဲ့ပုံစံ အဲဒီတုန်းက ဘာကိုမှ ဂရုစိုက်စရာ မလိုတဲ့ ဘဝကို ပြန်မှတ်မိ လာပါတယ်။ သူ့အနေနဲ့ သူ့ကို ကြာပွတ်နဲ့ ရိုက်ပြီး ဒဏ်ပေးခံရတဲ့ နေရာ၊ ပါးကွက်အာဏာသား၊ ဘေးက ရပ်ကြည့်နေတဲ့သူတွေ၊ သံကြိုးတွေ၊ ရာဇဝတ်သားတွေ၊ သူဖြတ်သန်းခဲ့ရတဲ့ ထောင်သားဘဝ ၂၆ နှစ်နဲ့ အချိန်မတန်မီ အိုမင်းရင့်ရော်လာတဲ့ အဖြစ်တွေ စိတ်ထဲမှာ တန်းစီပြီး ပေါ်လာပါတယ်။ အဲဒီအကြောင်းတွေကို ပြန်တွေးမိတာနဲ့ သူဟာ အကြီးအကျယ် စိတ်ပျက်လက်ပျက် ဖြစ်ပြီး သူ့ဘာသာသူ သတ်သေချင်စိတ်တောင် ပေါ်လာမိပါတယ်။

"ဒါတွေဟာ ဒီခွေးကောင်ကြောင့် ဖြစ်တာ။" လို့ အက်ဆီယိုနော့ဗ်က တွေးမိပါတယ်။ သူ့အနေနဲ့ မာကာ ဆေမြိုနစ်ချ်ကို ဒေါသထွက်လွန်းတာကြောင့် သူ့ဘဝပျက်သွားချင် ပျက်သွားပေ့စေ။ ဒီကောင့်ကို လက်စားချေမယ် ဆိုတဲ့ စိတ်မျိုး ဖြစ်လာပါတယ်။ သူ့အနေနဲ့ တစ်ညလုံး ဘုရား ရှိခိုး ဆုတောင်းနေတာတောင်မှ ငြိမ်းချမ်းမှုကို မရနိုင်ပါဘူး။ နေ့ပိုင်းမှာ သူဟာ မာကာ ဆေမြိုနစ်ချ် ရဲ့ အနားကို မသွားပါဘူး။ သူ့ကို ကြည့်တောင် မကြည့်ပါဘူး။

ဒီလိုနဲ့ ရက်သတ္တပတ် နှစ်ပတ် ကုန်သွားပါတယ်။ အက်ဆီယိုနော့ဗ် အနေနဲ့ ညဘက်တွေ မအိပ်နိုင်ပါဘူး။ သူ့အနေနဲ့ စိတ်ဆင်းရဲလွန်းတာကြောင့် ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေပါတယ်။

တစ်နေ့မှာတော့ သူဟာ ထောင်ထဲမှာ လမ်းလျှောက်လာရင်း အကျဉ်းသားတစ်ယောက် အိပ်တဲ့ အိပ်စင်အောက်ကနေ မြေကြီးတွေ လိမ့်ထွက်လာတာကို သတိထားမိပါတယ်။ ရုတ်တရက်ပဲ မာကာ ဆေမြိုနစ်ချ်ဟာ အိပ်စင်အောက်က ထွက်လာပါတယ်။ နောက်တော့ ကြောက်ရွံ့ထိတ်လန့်တဲ့ မျက်နှာနဲ့ အက်ဆီယိုနော့ဗ်ကို မော့ကြည့်ပါတယ်။ အက်ဆီယိုနော့ဗ်ဟာ သူ့ကို မကြည့်ဘဲ ဆက်ထွက်သွားပါတယ်။ ဒါပေမယ့်လည်း မာကာက သူ့ရဲ့လက်ကို ဆွဲပြီး သူနံရံ အောက်မှာ တွင်းတစ်တွင်း တူးထားတဲ့ အကြောင်း၊ အဲဒီမြေကြီးတွေကို ဖိနပ်ရှည်ထဲ ထည့်ပြီး အကျဉ်းသားတွေကို အလုပ်ကို ပို့တဲ့ အချိန် လမ်းမှာ သွန်ပစ်တဲ့ အကြောင်း ပြောပြပါတယ်။

"ခင်ဗျား တိတ်တိတ်နေပါ အဖိုးကြီး။ ခင်ဗျားလည်း အတူတူ ထွက်ပြေးလို့ ရတာပဲ။ တကယ်လို့ ခင်ဗျား ကျုပ်လျို့ဝှက်ချက်ကို ဖော်မယ်ဆိုရင် သူတို့ ကျုပ်ကို သေအောင်ရိုက်ကြလိမ့်မယ်။ ဒါပေမယ့် ကျုပ်ခင်ဗျားကို အရင်သတ်မှာ။"

အက်ဆီယိုနော့ဗ်ဟာ သူ့ရဲ့ ရန်သူတော်ကို ကြည့်ရင်း ဒေါသထွက်လို့ တုန်ယင်လာပါတယ်။ သူက သူ့ရဲ့လက်ကို ဆွဲဖယ်လိုက်ပြီး "ငါ့အတွက်တော့ လွတ်ချင်တဲ့ စိတ်လည်း မရှိတော့ဘူး။ မင်းလည်း ငါ့ကို သတ်စရာ မလိုပါဘူး။  မင်းငါ့ကို သတ်ခဲ့တာ ဟိုးအရင်ကတည်းကပဲလေ။ မင်းအကြောင်းကို ပြောဖို့ မပြောဖို့ကတော့ ဘုရားသခင်က ငါ့ကို ညွှန်ကြားပါလိမ့်မယ်။"

နောက်တစ်နေ့ အကျဉ်းသားတွေကို အလုပ်ကို ခေါ်သွားတဲ့ အချိန်မှာတော့ အစောင့်စစ်သားတွေက အကျဉ်းသား တစ်ယောက် နှစ်ယောက်ဟာ သူတို့ရဲ့ ဖိနပ်ထဲက မြေကြီးတွေ သွန်ထုတ်တာကို သတိပြုမိသွားပါတယ်။ အကျဉ်းထောင်ကို ရှာတဲ့ အခါမှာတော့ လှိုဏ်ခေါင်းကို တွေ့သွားပါတယ်။ အုပ်ချုပ်ရေးမှူးက အကျဉ်းသားတွေ အားလုံးကို စစ်ဆေးပြီး ဘယ်သူ လှိုဏ်ခေါင်းကို တူးသလဲ ဆိုတာ သိရအောင် စစ်မေးပါတယ်။ အားလုံးက သူတို့ မသိတဲ့ အကြောင်း ဖြေကြပါတယ်။ သိတဲ့သူတွေကလည်း မာကာ ဆေမြိုနစ်ချ်ကို သစ္စာမဖောက်ကြပါဘူး။ သူဆိုတာ သိသွားရင် သူ့ကို သေလုမျောပါး ရိုက်ကြလိမ့်မယ် ဆိုတာကို သိထားကြလို့ပါ။ နောက်ဆုံးမှာတော့ အုပ်ချုပ်ရေးမှူးဟာ မျှမျှတတ ရှိတဲ့သူလို့ သူသိထားတဲ့ အက်ဆီယိုနော့ဗ် ဆီကို ဦးလှည့်လာပါတယ်။ နောက်တော့ သူက ပြောပါတယ်။
"ခင်ဗျားဟာ ယုံကြည်စရာကောင်းတဲ့ လူကြီးတစ်ယောက်ပဲ။ ဘုရားသခင်ရှေ့မှာ တိုင်တည်ပြီး ပြောစမ်းပါ။ ဘယ်သူ ဒီတွင်းကို တူးသလဲ ဆိုတာ။"

မာကာ ဆေမြိုနစ်ချ်ကတော့ သူနဲ့ ဘာမှ မဆိုင်သလို ရပ်နေပါတယ်။ သူက အုပ်ချုပ်ရေးမှူးကိုပဲ ကြည့်နေပြီး အက်ဆီယိုနော့ဗ်ကို မကြည့်ပါဘူး။ အက်ဆီယိုနော့ဗ်ရဲ့ နှုတ်ခမ်းတွေ လက်တွေက တုန်ယင်နေကြပါတယ်။ အချိန်အကြာကြီး သူ စကားတစ်ခွန်းမှ မပြောနိုင်ပါဘူး။ သူက တွေးနေပါတယ်။
"ငါ့ဘဝကို ပျက်အောင် လုပ်ခဲ့တဲ့ကောင်ကို ဘာလို့ အကာအကွယ် ပေးရမှာလဲ။ ငါခံခဲ့ရတာတွေ အတွက် ဒီကောင် ခံရပေလေ့စေ။ ဒါပေမယ့် ငါပြောလိုက်ရင် သူတို့က သူ့ကို သေလောက်အောင် ရိုက်ကြလိမ့်မယ်။ ငါသူ့ကို အထင်မှားတာလည်း ဖြစ်နိုင်တာပဲ။ နောက်ဆုံးမှာတော့ ဒါကိုပြောလိုက်လို့လည်း ငါ့အတွက် ဘာအကျိုးမှ ရမှာမဟုတ်ဘူး။"
"အင်း။ အဖိုးကြီး။ ကျုပ်ကို အမှန်အတိုင်း ပြောစမ်းပါ။ နံရံအောက်မှာ လှိုဏ်ခေါင်းတူးနေတာ ဘယ်သူလဲ။" လို့ အုပ်ချုပ်ရေးမှူးက နောက်တစ်ကြိမ် ထပ်မေးပါတယ်။

အက်ဆီယိုနော့ဗ်က မာကာ ဆေမြိုနစ်ချ်ကို တစ်ချက်လှမ်းကြည့်ရင်း ပြောပါတယ်။ "ကျွန်တော် မပြောနိုင်ပါဘူး အရှင်။ ဘုရားသခင်က ကျုပ်ကို ပြောစေချင်မှာ မဟုတ်ဘူး။ သင် ကျွန်တော့်ကို လုပ်ချင်ရာ လုပ်ပါ။ ကျွန်တော်က သင့်လက်ထဲမှာပါ။"

အုပ်ချုပ်ရေးမှူးက ဘယ်လောက်ပဲ ကြိုးစားကြိုးစား အက်ဆီယိုနော့ဗ်က ဘာမှ ထပ်မပြောတော့ပါဘူး။ ဒါနဲ့ပဲ အဲဒီကိစ္စကို ဒီအတိုင်းပဲ ထားလိုက်ရပါတော့တယ်။

အဲဒီည အက်ဆီယိုနော့ဗ် အိပ်ယာပေါ်မှာ လှဲနေပြီး စပြီး အိပ်ပျော်တော့မလို ဖြစ်နေတဲ့ အချိန်မှာ တစ်စုံတစ်ယောက်က သူ့ခုတင်ပေါ် တိတ်တဆိတ် ဝင်ထိုင်လိုက်ပါတယ်။ သူက အမှောင်ထဲမှာ လှမ်းကြည့်ရင်း အဲဒါ မာကာ ဖြစ်တယ်ဆိုတာ မှတ်မိလိုက်ပါတယ်။
"မင်း ငါ့ဆီက ဘာလိုချင်သေးလို့လဲ။ မင်းဘာအတွက် လာတာလဲ။" အက်ဆီယိုနော့ဗ်က မေးလိုက်ပါတယ်။

မာကာ ဆေမြိုနစ်ချ်က ဘာမှ မပြောဘဲ တိတ်နေပါတယ်။ အဲဒါနဲ့ အက်ဆီယိုနော့ဗ်က ထထိုင်ပြီး ပြောလိုက်ပါတယ်။
"မင်းဘာလိုချင်တာလဲ။ ထွက်သွားစမ်းကွာ။ မဟုတ်ရင် ငါအစောင့်ကို ခေါ်လိုက်မယ်။"
မာကာ ဆေမြိုနစ်ချ်က အက်ဆီယိုနော့ဗ်ရဲ့ အနီးကို ကိုယ်ကိုကိုင်းပြီး တိုးတိုးလေး ပြောလိုက်ပါတယ်။
"အိုင်ဗန် ဒီမီထရစ်ချ်။ ကျုပ်ကို ခွင့်လွှတ်ပါ။"
"ဘာအတွက်လဲ။" အက်ဆီယိုနော့ဗ်က မေးပါတယ်။

"ကုန်သည်ကို သတ်ပြီး ဓားကို ခင်ဗျား ပစ္စည်းတွေထဲမှာ ဖွက်ထားခဲ့တဲ့သူဟာ ကျပ်ပါပဲ။ ကျုပ်ခင်ဗျားကိုလည်း သတ်မလို့ပဲ။ ဒါပေမယ့် အပြင်မှာ ဆူဆူညံညံ အသံတွေကြားလိုက်ရတယ်။ ဒါနဲ့ပဲ ကျုပ် ဓားကို ခင်ဗျား အိတ်ထဲမှာ ဖွက်ပြီး ပြတင်းပေါက်ကနေ ထွက်ပြေးခဲ့တာပဲ။"

အက်ဆီယိုနော့ဗ်က ဘာမှမပြောဘဲ တိတ်နေပါတယ်။ သူ့အနေနဲ့ ဘာပြောရမှန်းလည်း မသိပါဘူး။ မာကာ ဆေမြိုနစ်ချ်က အိပ်ရာခင်းပေါ်ကနေ လျှောချပြီး မြေကြီးပေါ်မှာ ဒူးထောက်လိုက်ပါတယ်။ "အိုင်ဗန် ဒီမီထရစ်ချ်။ ကျုပ်ကို ခွင့်လွှတ်ပါ။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာ အတွက် ကျုပ်ကို ခွင့်လွှတ်ပါ။ ကုန်သည်ကို သတ်ခဲ့တဲ့သူဟာ ကျုပ်ဆိုတာ ကျုပ် ဖြောင့်ချက်ပေးပြီး ဝန်ခံပါ့မယ်။ အဲဒါဆို ခင်ဗျားလွတ်ပြီး အိမ်ပြန်လို့ ရပါပြီ။"

အက်ဆီယိုနော့ဗ်က ပြောပါတယ်။
"မင်းအတွက် ပြောရတာတော့ လွယ်လွယ်လေးပေါ့။ ဒါပေမယ့် ငါဒုက္ခရောက်ခဲ့ရတာ ဒီ နှစ်ဆယ့်ခြောက်နှစ်လုံးလုံး။ အခုဆို ငါဘယ်သွားရမလဲ။ ငါ့မိန်းမကလည်း သေပြီ။ ငါ့ကလေးတွေကလည်း ငါ့ကို မေ့လောက်ပြီ။ ငါ့အတွက် ဘယ်ကိုမှ သွားစရာ နေရာ မရှိတော့ဘူး။"

မာကာ ဆေမြိုနစ်ချ်က နေရာက မထဘဲ ကြမ်းပြင်ကို သူ့ခေါင်းနဲ့ ဆောင့်နေပါတယ်။
"အိုင်ဗန် ဒီမီထရစ်ချ်။ ကျုပ်ကို ခွင့်လွှတ်ပါ။" သူက အော်ပြောပါတယ်။
"သူတို့ ကျုပ်ကို ကြာပွတ်နဲ့ ရိုက်တာက ကျုပ်ခင်ဗျားကို အခုမြင်နေရသလောက် အခံရမခက်ပါဘူး။ ခင်ဗျားကတောင် ကျုပ်ကို သနားနေသေးတယ်။ မပြောခဲ့ဘူး။ ခရစ်တော်ရဲ့ ကရုဏာတော် အတွက် ကျုပ်ကို ခွင့်လွှတ်ပါ။ ကျုပ်ဟာ လူယုတ်မာပါ။" သူဟာ ပြောရင်းနဲ့ ရှိုက်ငိုပါတော့တယ်။ သူငိုတာကို ကြားရတဲ့ အခါမှာ အက်ဆီယိုနော့ဗ်ဟာလည်း စပြီး ငိုပါတော့တယ်။ "ဘုရားသခင်က မင်းကို ခွင့်လွှတ်ပါလိမ့်မယ်။ ငါက မင်းထက် အဆ တစ်ရာလောက် ပိုဆိုးနေတာလည်း ဖြစ်နိုင်ပါတယ်။" လို့ သူက ပြောပါတယ်။ ဒီစကားတွေကို ပြောပြီးတဲ့နောက်မှာတော့ သူ့ရင်ထဲမှာ ပေါ့သွားပါတယ်။ အိမ်ကို တမ်းတတဲ့စိတ်လည်း ပျောက်သွားပါတယ်။ သူ့အနေနဲ့ ထောင်ထဲကနေ ထွက်သွားချင်တဲ့ ဆန္ဒလည်း မရှိတော့ပါဘူး။ သူ့ရဲ့ နောက်ဆုံး အချိန်ကိုပဲ မျှော်လင့် နေမိပါတော့တယ်။

အက်ဆီယိုနော့ဗ်က ဘယ်လိုပဲ ပြောပေမယ့် မာကာ ဆေမြိုနစ်ချ်ဟာ သူ့ရဲ့ အပြစ်ကို ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် သူ့ကို လွှတ်ဖို့ အမိန့်ရောက်လာတဲ့ အချိန်မှာတော့ အက်ဆီယိုနော့ဗ်ဟာ ကွယ်လွန်သွားခဲ့ပါပြီ။

=======================================================

ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်း (Leo Tolstoy) ရဲ့ God Sees the Truth, But Waits ကို ဘာသာပြန်ထားတာပါ။

Tuesday, April 12, 2011

မှတ်သားလောက်စရာ Facebook Status များ

(၁) ငါ့ရဲ့ ရည်းစားက ကမ္ဘာကြီးကို မြင်ဖူးချင်တယ်တဲ့။လွယ်လွယ်လေး ငါသူ့ကို မြေပုံတစ်ခု ဝယ်ပေးလိုက်တာပေါ့။

(၂) ကွန်ပြူတာကို ဘာလုပ်ဖို့ပဲ ဖွင့်ဖွင့် နောက်ဆုံးတော့ Facebook နဲ့ Twitter မှာ အဆုံးသတ်တာပါပဲ။

(၃) I-L-O-V-E-Y-O-U မှာ အက္ခရာ ၈ လုံး ရှိတယ်။ B-U-L-L-S-H-I-T မှာလည်း ထိုနည်း လည်းကောင်းပဲ။

(၄) နောက်ဆုံးသတင်း။ Steve Jobs က အိုင်ယာလန်ကို ဝယ်မည်။ ထို့နောက် iLand ဟု နာမည်ပြောင်းလိမ့်မည်။

(၅) Facebook ကတော့ အမြဲတမ်း မင်းစိတ်ထဲမှာ ဘာရှိသလဲ (What is on your mind?) လို့မေးတယ်။ ငါကတော့ သူများဆီကနေ ကူးချပြီး တင်ပေးလိုက်တာပဲ။

(၆) ဘဝကို သိပ်အလေးအနက် မထားပါနဲ့။ ဘယ်သူကများ အသက်ရှင်လျှက် ဘဝထဲက ထွက်သွားလို့ ရဖူးသလဲ။

(၇) Farmville ထဲမှာ Marijuana စိုက်ပြီး Mafia Wars ထဲမှာ ပြန်ရောင်းလို့ မရနိုင်ဘူးလား။

(၈) အဆိုးမြင်သမား ဆီက ပိုက်ဆံချေးပါ။ သူက ပြန်ရဖို့ မျှော်လင့်မယ့်သူ မဟုတ်ဘူး။

(၉) အလုပ်ခွင်မှာ အစားထိုး မရတဲ့သူ မဖြစ်ပါစေနဲ့။ အစားထိုးလို့ မရရင် ဘယ်သူက ရာထူးတိုးပေးမှာလဲ။

(၁၀) အမှားတစ်ခုကို ၂ ခါပြန်မလုပ်ပါနဲ့။ မှားစရာတွေက အများကြီး။ တစ်ခါကို တစ်မျိုးမှားပေါ့။

(၁၁) Facebook မသုံးခင်တုန်းက လူတွေမှာ မွေးနေ့ ရှိကြတယ်ဆိုတာကို သတိမထားမိဘူး။

(၁၂) ငါ့ရဲ့ Friend List ထဲက တစ်ချို့ကို ဖြုတ်လိုက်ပြီ။ မင်းဒီ စတေးတပ်ကို မြင်နေသေးတယ် ဆိုရင်တော့ မင်းဟာ အလွန် စိတ်ဝင်စားစရာ ကောင်းလို့ ဒါမှမဟုတ် ငါတို့ နည်းနည်းလောက် ဖြစ်ဖြစ် စကားပြောဖူးလို့။

(၁၃) မာယန်တွေ ၂၀၁၂ မှာ ကမ္ဘာပျက်မယ်လို့ ပြောခဲ့တာ Facebook ဆိုက်ကြီး ဒေါင်းသွားလိမ့်မယ်လို့ ပြောချင်တာ ဖြစ်မယ်။

(၁၄) Facebook လို ဘဝမျိုး လိုချင်တယ်။ Dislike ဆိုတာ မရှိဘူး။

(၁၅) Facebook Status အောက်မှာ "Nobody Care" ဆိုတဲ့ Button တစ်ခု လိုနေတယ်။

(၁၆) ပထမဆုံး ဘယ်သူကများ နွားတွေကို ကြည့်ပြီး "ဒီတွဲလောင်းကျနေတဲ့ ဟာတွေကို ညှစ်ပစ်မယ်။ ဘာပဲ ထွက်လာလာ သောက်ပစ်မယ်။" လို့ တွေးခဲ့ပါလိမ့်။

(၁၇) အကယ်၍ မိန်းကလေးတစ်ယောက်ရဲ့ Profile ပုံက ၂ ပုံ ရှိနေတယ် ဆိုရင် ဘာဖြစ်လို့ အလန်းစားပုံက သူမဟုတ်တဲ့ တခြားတစ်ယောက် ဖြစ်နေရပါလိမ့်။

(၁၈) မိန်းမတွေက Google နဲ့တူတယ်။ မင်းလိုချင်တဲ့ အဖြေက တစ်ခုတည်း။ ဒါပေမယ့် သူတို့က မင်းမလိုချင်တဲ့ တခြား အဖြေတစ်သန်း လောက်ကိုပါ ပေးတတ်တယ်။

(၁၉) မိန်းမတွေသာ ကမ္ဘာကို အုပ်စိုးရင် စစ်ဆိုတာ ရှိမှာ မဟုတ်ဘူး။ စိတ်ကောက်ပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စကားမပြောတဲ့ နိုင်ငံတွေပဲ ရှိလိမ့်မယ်။

(၂၀) အရူးတွေက မိန်းမတွေကို စကားဆက်မပြောနဲ့လို့ တားကြတယ်။ ပညာရှိတွေကတော့ မင်းရဲ့ နှုတ်ခမ်းတွေက စေ့ထားရင် သိပ်လှတာပဲလို့ ပြောကြတယ်။

(၂၁) အခုပဲ ကွန်ပြူတာ Crash ဖြစ်သွားတယ်။ ဒီတမနက်လုံး ငါလုပ်မထားခဲ့တဲ့ အလုပ်တွေ အားလုံးလည်း ပျောက်သွားတယ်။

(၂၂) သိပ်ကို ခမ်းနားကြီးကျယ်တဲ့ မိန်းမတွေရဲ့ နောက်မှာ သူ့နောက်ပိုင်းကို စိုက်ကြည့်နေတဲ့ ယောက်ျားတစ်ယောက် ရှိတတ်တယ်။

(၂၃) ရုပ်ရှင်ပြီးသွားတဲ့ အချိန် လူတွေပြောတတ်တဲ့ စကား။ နောက်တစ်ပိုင်း ကို မစောင့်နိုင်တော့ဘူး။ (၅%) သိပ်ကောင်းတဲ့ အိုက်တင်ပဲ (၅%) အိမ်သာကို အမြန်ပြေးမှ ဖြစ်မယ်။ (၉၀%)

(၂၄) ရယ်စရာ မကောင်းဘူးလား။ ရက်သတ္တပတ်ရဲ့ ပထမဆုံး နေ့က Monday (M) နောက်ပြီးရင် Tuesday (T) ကျန်တာက WTF.

(၂၅) ဖေ့စ်ဘွတ်ခ်ဟာ ထောင်နဲ့တူတယ်။ ငါတို့ အထဲဝင်ပြီး အချိန်ဖြုန်းနေကြတယ်။ နံရံ (Wall) တွေပေါ်မှာ အဓိပ္ပာယ်မရှိတဲ့ စာတွေ လျှောက်ရေးပြီး အကျိုးမရှိတဲ့ ဂိမ်းတွေ ဆော့နေကြတယ်။ နောက်ပြီး ကြောင်တောင်တောင် လူတွေက လာလာဆွ (Poke) တာကို ခံနေရတယ်။

မူရင်း။ ။ http://www.statusbook.net/

Tuesday, April 5, 2011

Voyager ကို ဖွေရှာတွေ့ခဲ့ရင်

စကြာဝဠာရဲ့ အချင်းဟာ အလင်းနှစ်ပေါင်း ၉၃ ဘီလီယံ ရှိတယ်လို့ ဆိုကြပါတယ်။ သိပ္ပံနဲ့ မရင်းနှီးတဲ့ သူတွေ အတွက် အဓိပ္ပာယ် ဖွင့်ရမယ် ဆိုရင်တော့ အလင်းရဲ့ အမြန်နှုန်း ဖြစ်တဲ့ တစက္ကန့်ကို မိုင်ပေါင်း ၁သိန်း ၈သောင်း ၆ ထောင်နှုန်း နဲ့ သွားရင်တောင်မှ စကြာဝဠာ အစအဆုံးကို သွားဖို့ နှစ်ပေါင်း သန်းပေါင်း ၉ သောင်း ၃ ထောင်သွားရမယ် ဆိုတဲ့ သဘောပါ။ အဲဒီလောက် အပြောကျယ်တဲ့ စကြာဝဠာ ထဲမှာ ကျွန်တော်တို့ ရဲ့ ကမ္ဘာတည်ရှိနေတဲ့ နေအဖွဲ့အစည်း ဆိုတာ ဘာမှ မပြောပလောက်တဲ့ နေရာ သေးသေးကလေး တစ်ခုပါပဲ။

စကြာဝဠာ ကြီး အဲဒီလောက် ကျယ်တဲ့ အကြောင်းကို သိထားတဲ့ သူတိုင်း စကြာဝဠာထဲက တစ်ခြား နေရာတွေမှာ ကျွန်တော်တို့ လူသားတွေလိုမျိုး အသိဉာဏ်ရှိတဲ့  ဒါမှမဟုတ် လူသားတွေထက် ပိုပြီး အသိဉာဏ်ရှိတဲ့ တခြားသက်ရှိတွေ ရှိနေမလား ဆိုတဲ့ အတွေးမျိုး တွေးမိကြမှာ ပါပဲ။ အဲဒီသက်ရှိတွေဟာ ကိုယ့်ရဲ့ ဂြိုဟ်မှာ ကိုယ် အေးအေးဆေးဆေး အငြိမ် မနေနိုင်ကြဘဲ ဖလမ်းဖလမ်းထပြီး ယူအက်ဖ်အို တဝီဝီနဲ့ လမ်းသလား နေကြတဲ့ ဂြိုဟ်သားတွေ ဖြစ်နိုင် ပါတယ်။ ဒါမှမဟုတ် လှံကိုင်ပြီး ဒိုင်နိုဆောလို သတ္တဝါတွေနဲ့ နပမ်းသတ် နေကြတဲ့ ကျောက်ခေတ်လူသားတွေလို အသိဉာဏ် မဖွံ့ဖြိုးသေးတဲ့ သက်ရှိတွေလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် စကြာဝဠာထဲမှာ တခြားသက်ရှိတွေ ရှိနေမယ်လို့ ယုံကြည်တဲ့သူတွေ ကတော့ လူနည်းစု မဟုတ်တာ အမှန်ပါပဲ။

ဗွိုင်ယေဂျာ အာကာသယာဉ်
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝကျော်က နာဆာ (NASA) ကနေ ဗွိုင်ယေဂျာ (Voyager) ဆိုတဲ့ အာကာသ အစီအစဉ် တစ်ခုကို စခဲ့ပါတယ်။ ဗွိုင်ယေဂျာ မစ်ရှင်ရဲ့ အဓိက ရည်ရွယ်ချက် ကတော့ နေအဖွဲ့အစည်းထဲက တခြား ဂြိုဟ်တွေကို လူမပါတဲ့ အာကာသယာဉ်နဲ့ လေ့လာဖို့ပါ။  ဗွိုင်ယေဂျာ တစ်နဲ့ နှစ်ဟာ နေအဖွဲ့အစည်း ထဲက ကမ္ဘာရဲ့ အပြင်ဖက် လမ်းကြောင်းမှာရှိတဲ့ ဂြိုဟ်တွေ အားလုံး နီးပါးရဲ့ အနီးအနားကနေ ဖြတ်သန်းပြီး လေ့လာကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဗွိုင်ယေဂျာ အာကာသယာဉ် တွေဟာ ဂြိုဟ်တွေ အနားက ဖြတ်သန်း သွားပြီးတဲ့ အခါမှာတော့ ကမ္ဘာကို ပြန်ရောက်လာနိုင် ကြမှာ မဟုတ်ပါဘူး။ နေအဖွဲ့အစည်းရဲ့ အပြင်ဖက်ကို ထွက်သွားကြမှာ ဖြစ်ပါတယ်။

တကယ်လို့များ ကျွန်တော်တို့ လူသားတွေလို ကိုယ့်ဂြိုဟ်မှာကိုယ် အငြိမ်မနေနိုင်ပဲ အာကာသထဲမှာ ဟိုဟိုဒီဒီ လျှောက်ပြီး လမ်းသလားနေကြတဲ့ ဂြိုဟ်သားတွေ ဗွိုင်ယေဂျာ အာကာသယာဉ်က မတော်တဆ တွေ့သွားခဲ့မယ် ဆိုကြပါစို့။ သူတို့အနေနဲ့ ဒါက ဘာကြီးလဲလို့ တွေးဖြစ်ရင် တွေးဖြစ်ကြပါလိမ့်မယ်။ တွေးရုံနဲ့ အားမရလို့ သူတို့  ဗွိုင်ယေဂျာ အာကာသယာဉ်ကို ဖွင့်ပြီး အထဲဝင် စူးစမ်းခဲ့မယ် ဆိုရင်တော့ ရွှေဓာတ်ပြားလို့ ခေါ်တဲ့ ဓာတ်ပြားချပ်ကလေးကို တွေ့ရမှာပါ။ အကယ်၍ ငတ်ကြီးကျတဲ့ ဂြိုဟ်သားနဲ့ တွေ့လို့ ဓာတ်ပြားကို ဘိန်းမုန့်အမှတ်နဲ့ စားလိုက်ရင်တော့ ပွဲသိမ်းပါပြီ။ ဒါမှမဟုတ်ဘဲ ဂြိုဟ်သားက နည်းနည်းပါးပါး စပ်စုချင်စိတ်ရှိလို့ ဓာတ်ပြားကို အသေအချာ ကြည့်ရင်တော့ အဲဒီ ဓာတ်ပြားကို ဘယ်လိုဖွင့်ရမယ်ဆိုတဲ့အကြောင်းကို ပုံဆွဲပြထားတဲ့ ညွှန်ကြားချက်နဲ့ အတူ ဓာတ်ပြားကို ဖွင့်ဖို့ ဓာတ်စက် တစ်လုံးကို အာကာသယာဉ်ပေါ်မှာ တွေ့ရမှာ ဖြစ်ပါတယ်။

ဂြိုဟ်သားက အင်္ဂလိပ်စာ ကို အဓိပ္ပာယ် ပြန်တတ်ခဲ့ရင်တော့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာရဲ့ နှုတ်ခွန်းဆက်စကား "ဟိုးအဝေးကြီးမှာ ရှိတဲ့ ကမ္ဘာဆိုတဲ့ ဂြိုဟ်သေးသေး ကလေး တစ်ခုက လက်ဆောင်ပါ။ ဒီအထဲမှာ ငါတို့ ကမ္ဘာပေါ်က အသံတွေ၊ သိပ္ပံပညာတွေ၊ ပုံတွေ၊ ဂီတတွေ၊ ငါတို့ရဲ့ အတွေးအခေါ်နဲ့ ခံစားမှုတွေကို ထည့်ထား ပါတယ်။" ဆိုတာကို ဖတ်မိပါ လိမ့်မယ်။ အဲဒါအပြင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကွတ်ဝါးဟိုင်းရဲ့ နှုတ်ခွန်းဆက်စကား ဖြစ်တဲ့ "ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံပေါင်း ၁၄၇ ခုကို ကိုယ်စားပြုထားတဲ့ ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ အထွေထွေ အတွင်းရေးမှူးချုပ်ကနေ ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံးရဲ့ ကိုယ်စား နှုတ်ခွန်းဆက်ပါတယ်။ ငါတို့ နေအဖွဲ့အစည်းကနေ ငြိမ်းချမ်းရေးနဲ့ ခင်မင်ရင်းနှီးမှု ကို မင်းတို့ကို သင်ပေးဖို့ ဒါမှမဟုတ် မင်းတို့ရဲ့ သင်ပေးတာကို ခံယူဖို့ ငါတို့ အလိုရှိပါတယ်။ " ဆိုတာကိုလည်း တွေ့ရပါလိမ့်ဦးမယ်။

ဓာတ်ပြားထဲမှာ ဘာသာစကား ၅၅ မျိုးနဲ့ နှုတ်ခွန်းဆက်ထားတာ ပါပါတယ်။ မြန်မာစကား နားလည်တဲ့ ဂြိုဟ်သားများ ရှိနေခဲ့ရင်တော့ အဲဒီ ဓာတ်ပြားထဲမှာ "မာရဲ့လား ခင်ဗျာ" ဆိုတဲ့ မြန်မာလို နှုတ်ခွန်းဆက် စကားကို ကြားရပါလိမ့်မယ်။ ဒီမှာ နားထောင်ကြည့်လို့ ရပါတယ်။ ဂြိုဟ်သားကတော့ တို့ကတော့ ပျော့ပျော့ပဲလို့ ပြန်ဖြေချင်မလား မသိပါဘူး။ ရုပ်ရှင်ထဲ ကြည့်ရတဲ့ ဂြိုဟ်သားတွေ ကတော့ ပျော့စိစိ မို့ပါ။

အဲဒီဓာတ်ပြားကို စုစည်းတင်ဆင်တဲ့သူကတော့ ကော်နဲလ် တက္ကသိုလ်က ကားလ်ဆာဂန် (Carl Sagan) နဲ့ အဖွဲ့ပါ။ အဲဒီ အထဲမှာ နေအဖွဲ့အစည်းနဲ့ ကမ္ဘာရဲ့ တည်နေရာကို ပြထားတဲ့ ရုပ်ပုံတွေ၊ လူသားတွေရဲ့ ခန္ဓာဗေဒ အကြောင်းကို ရှင်းပြထားတဲ့ ရုပ်ပုံတွေ၊ ကမ္ဘာပေါ်မှာရှိတဲ့ အဆောက်အဦးတွေထဲက အိန္ဒိယ တာ့ဂျ်မဟာရ်က စလို့ ဆစ်ဒနီ အော်ပရာဇာတ်ရုံ အဆုံး အဆောက်အဦး ဓာတ်ပုံတွေ၊ သဘာဝတိရိစ္ဆာန်တွေရဲ့ ရုပ်ပုံတွေ၊ လူတွေရဲ့ သွားလာ လှုပ်ရှားနေတဲ့ ရုပ်ပုံတွေ စတဲ့ ကမ္ဘာ အကြောင်းကို ရှင်းပြထားတဲ့ ရုပ်ပုံတွေ ပါပါတယ်။ အဲဒါအပြင် တိရိစ္ဆာန်တွေရဲ့ အသံတွေ၊ ယာဉ်သံ လူသံတွေ၊ သဘာဝ အလျောက် ဖြစ်ပေါ်နေကြတဲ့ အသံတွေကို လည်း အသံသွင်းပြီး ထည့်ထားပါသေးတယ်။ ရွှတ်ဆိုလား ပြွတ်ဆိုလား နမ်းတဲ့ အသံတောင် ပါပါသေးတယ်။ ဒါတင်ပဲလား ဆိုတော့ မကသေးပါဘူး။ ဗီသိုဗင်နဲ့ ဘက်ရှ်တို့ရဲ့ ဂန္တဝင် ဂီတတွေက စလို့ အဲဒီခေတ်အခါက ခေတ်ပေါ် ဂျက်ဇ် ဂီတ သီချင်းတွေလည်း ပါပါသေးတယ်။

ကားဆာလ်ဂန် က ဒီလောက်နဲ့ မကျေနပ်ပါဘူး။ သူ့ရဲ့ မိန်းမကို တစ်နာရီ တိတိ စဉ်းစာခန်း ဝင်ခိုင်းပြီးတော့ သူမ စဉ်းစားနေတဲ့ အချိန် ဦးနှောက်က ထွက်လာတဲ့ လှိုင်းတွေကို မှတ်တမ်းတင်ပြီး ဓာတ်ပြားထဲ ထည့်ထား ပါသေးတယ်။ သူမကတော့ အဲဒီ တစ်နာရီ အတွင်းမှာ ကမ္ဘာကြီးရဲ့ သမိုင်းကြောင်းနဲ့ သက်ရှိတွေ အကြောင်း၊ လူတွေရဲ့ လူမှု ဘဝနဲ့ အတွေးအခေါ်တွေအကြောင်း၊ ကြမ်းကြုတ်ရက်စက်မှုတွေနဲ့ ဆင်းရဲမှုတွေကြောင့် ကမ္ဘာပေါ်မှာ အသက်ရှင် နေထိုင်ကြတဲ့ လူသားတွေ ဒုက္ခရောက်ကြပုံ အကြောင်းတွေကို တွေးတယ် လို့ ဆိုပါတယ်။ နောက်ဆုံး တစ်ခု အနေနဲ့ သူမ ကနေ ဂြိုဟ်သားတွေကို ပြောချင်တဲ့ စကားနဲ့ ချစ်တယ်ဆိုတဲ့ ခံစားချက် ဘယ်လို ရှိတယ် ဆိုတဲ့အကြောင်းကိုပါ တွေးခဲ့တယ် လို့ ဆိုပါတယ်။ တကယ်လို့ အဲဒီ ဓာတ်ပြားကို တွေ့ခဲ့တဲ့သူက သူမရဲ့ ဦးနှောက်ထဲက လှိုင်းတွေကို ဘာသာပြန်နိုင်ရင်တော့ လူတွေရဲ့ အကြောင်းကို ပိုပြီး အသေးစိတ် နားလည်နိုင်မှာပါ။

ဗွိုင်ယေဂျာကို တခြား ဂြိုဟ်သားတွေ ရှာတွေ့ဖို့ မတွေ့ဖို့ ဆိုတာ သေချာတဲ့ အချက်မဟုတ်ပါဘူး။ ပင်လယ်ထဲကို ပုလင်းတစ်လုံး ထည့်ပြီး မျှောလိုက်သလိုပါပဲ။ တစ်ယောက်ယောက်က ကောက်မိချင်ရင်လည်း ကောက်မိမယ်။ ဒါမှမဟုတ်ရင် တစ်ခုခုနဲ့ တိုက်မိပြီး ပျက်စီးချင်ရင်လည်း ပျက်စီးသွားနိုင်တယ် ဆိုတဲ့ သဘောမျိုးပါပဲ။ ဒါပေမယ့်လည်း ဗွိုင်ယေဂျာပေါ် မှာ ဓာတ်ပြား ထည့်ပေးလိုက်တဲ့ ရည်ရွယ်ချက်က အာကာသထဲမှာ ခရီးသွားနေတဲ့ ဂြိုဟ်ကမ္ဘာသား တစ်ယောက်ယောက်က မတော်တဆ ဒီအာကာသယာဉ်ကို တွေ့ခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက် ရောင်ခြည် အလင်းတန်း မှိန်မှိန်ကလေး တစ်ခုကြောင့် ဖြစ်ပါတယ်။

ဒီကနေစလို့ နောက်နှစ်ပေါင်း ၄ သောင်း ကြာတဲ့ အခါမှာတော့ ဗွိုင်ယေဂျာ ၁ ဟာ အိုဖျူးခပ်စ် ကြယ်တာရာစု (Ophiuchus Constellation) မှာ ရှိတဲ့ AC+79 3888 ဆိုတဲ့ ကြယ်နဲ့ အလင်းနှစ်ပေါင်း ၁.၇ နှစ် ကွာဝေးတဲ့ နေရာကို ရောက်မှာဖြစ်ပြီး ဗွိုင်ယေဂျာ ၂ ကတော့ အင်န်ဒရိုမီဒါ ကြယ်တာရာစု (Andromeda Constellation) မှာရှိတဲ့ Ross 248 ဆိုတဲ့ ကြယ်နဲ့ အလင်းနှစ် ၁.၇ နှစ် ဝေးတဲ့နေရာကို ရောက်မယ်လို့ ခန့်မှန်းရပါတယ်။ အကယ်၍ အဲဒီကြယ်တွေရဲ့ ပတ်လမ်းထဲက ဂြိုဟ်တွေထဲမှာ အသိဉာဏ်မြင့်မားတဲ့ ဂြိုဟ်သားတွေ နေထိုင်ကြပြီး ဗွိုင်ယေဂျာကို တွေ့ခဲ့မယ် ဆိုရင်တော့ ကမ္ဘာဆိုတာ ဂလိုကိုး လို့ အဓိပ္ပာယ်ဖွင့်ဆိုချက် ထုတ်နိုင်ကြမှာ ဖြစ်ပါတယ်။

အမှန်တကယ်တော့ အဲဒီလို မျှော်လင့်ချက်ကလည်း ဖြစ်နိုင်ခြေ အတော်နည်းတဲ့ ကိစ္စပါ။ စကြာဝဠာထဲမှာ သက်ရှိဖြစ်ဖို့ ဆိုတာ အတော် ခက်ခဲပါတယ်။ စူပါနိုဗာလို့ ခေါ်တဲ့ ကြယ်ပေါက်ကွဲမှုကနေပြီးတော့ သက်ရှိဖြစ်နိုင်တဲ့ ဓာတ်တွေ ထွက်လာပါတယ်။ အဲဒီကမှ တစ်ဆင့် ဓာတ်တွေ ပေါင်းစပ်ပြီး သက်ရှိဖြစ်ဖို့ လမ်းစ ပေါ်လာပါတယ်။ လူတွေ အခုလို တိုးတက်တဲ့ အခြေအနေမျိုး ရောက်အောင် ဖြတ်သန်းခဲ့ရတဲ့ အချိန်ကာလက ဆိုရင် မနည်းလှပါဘူး။ ပေလီယိုလစ်သစ် (Paleolithic) လို့ ခေါ်တဲ့ ကျောက်ခေတ်ဟောင်း ကာလမှာ ကျောက်လက်နက်တွေ အသုံးပြုနေရာကနေ အနှစ်ပေါင်း နှစ်သန်းခွဲကျော်တဲ့ အချိန်မှာမှ လူသားတွေ အခုလို အသိဉာဏ် အခြေအနေမျိုးကို ရောက်လာခဲ့တာပါ။ အဲဒီတော့ တခြားကမ္ဘာမှာ ဂြိုဟ်သားတွေ ရှိခဲ့ရင်လည်း သူတို့အနေနဲ့ လူသားရဲ့ အသိဉာဏ်မျိုး ရောက်ဖို့ အတော် အချိန်ယူရပါလိမ့်မယ်။ သူတို့ ဒီလို နှစ်ပေါင်း နှစ်သန်းခွဲ တိတိ အသက်ရှင် နေထိုင်နိုင်ကြမလား၊ လူသားလို အသိဉာဏ်မျိုး ရောက်တဲ့ အထိ တိုးတက်နိုင်ပါ့မလားဆိုတာတွေက တော့ ဘယ်သူမှ မဖြေနိုင်တဲ့ မေးခွန်းတွေပါပဲ။

ကိုးကား ။ ။ http://voyager.jpl.nasa.gov/index.html
http://en.wikipedia.org/wiki/Contents_of_the_Voyager_Golden_Record
http://www.davidpbrown.co.uk/nota-bene/voyager-spacecraft.html

Friday, April 1, 2011

ဖြစ်မှဖြစ်ရလေ

ကျွန်တော်တို့ ကျောင်းပြီးလို့ အလုပ်ရခါစ အချိန်ကပါ။ တစ်နေ့တော့ ရုံးကအပြန် စောနေတာမို့ အိမ်နားမှာ ရှိတဲ့ သူငယ်ချင်းတွေ အိမ် လှည့်ဝင် ခဲ့ပါတယ်။ သူတို့ အိမ်မှာလည်း အတော်များများ အလုပ်က ပြန်မလာကြသေးလို့ လူသိပ်မရှိပါဘူး။ အလုပ်ရှာနေဆဲ သူငယ်ချင်း တစ်ယောက်ပဲ အိမ်ရှေ့ခန်းမှာ ရှိပါတယ်။

ကျွန်တော် သူ့ကိုလှမ်းကြည့်တော့ သူ့မျက်နှာက ပေါင်မုန့်ရေစိမ်ကို ခွေးနင်းထားသလို  ရှုံ့တွနေပါတယ်။ ထုံးစံအတိုင်း ပါးစပ်ထဲ တွေ့ကရာ နောက်နေကျမို့ ကျွန်တော် သူ့ကို လှမ်းစလိုက်ပါတယ်။

"ဟေ့ကောင် ဘယ်လို ဖြစ်နေတာလဲ။ မင်းညီမ လင်နောက်လိုက်သွားလို့လား"
"ဟေ့ကောင် တော်စမ်း။ လာ မကျပ်နဲ့။ ငါဒီမှာ ညစ်တွန်းတွန်းနေတယ်။"
"ဘာဖြစ်ရပြန်တာလဲ။ အလုပ်က အချိန်တန်တော့ ရမှာပေါ့ကွာ။ ငါတို့လည်း မနေ့တစ်နေ့ကမှ ရတာပဲ။ မင်းလည်း ရမှာပေါ့။" ကျွန်တော်က အလုပ်မရသေးတဲ့ ကိစ္စနဲ့ သူ ညစ်နေတယ် မှတ်လို့ အားပေးလိုက်ပါတယ်။

"အလုပ်ကိစ္စလည်း ပါတာပေါ့ကွာ။ အခု အချိန် အလုပ် ရှိနေရင် ဒီလောက် ညစ်မနေဘူး။ အခုဟာက အလုပ်မရှိလို့ ပိုပြီး ညစ်နေတယ်။"
"အလုပ်က ဒီနေ့ရတာနဲ့ မနက်ဖြန်ရတာပဲ ကွာတယ်။ ရတော့ ရမှာပဲ။ မင်းအိမ်ကပိုက်ဆံ မင်းပဲ ဖြုန်းမယ့်သူ ရှိတာ။ ဘာဖြစ်နေတာလဲ။"
"ဟေ့ကောင်။ ငါအကောင်းပြောမယ်။ ဒီမှာ ငါမြွေကိုက်နေတယ်။"
"ဘာဖြစ်တာလဲ။"
သူက ကျွန်တော့်နားကို တိုးတိုး ကပ်ပြောပါတယ်။
"ငါ့ရည်းစား ကုန်းထောက်သွားလို့ကွ။ အဲဒါ ငါလည်း နေ့လည်ကမှ သိတယ်။"

သူ့စကားကြားတော့ ကျွန်တော်လည်း မျက်လုံးပြူးသွားပါတယ်။
"ဟေ့ကောင်။ မင်းဟာက သေချာရဲ့လား။"
"သေချာပါတယ်။ သူ နှစ်ခါတောင် စစ်ပြီးပြီတဲ့။" ပြောပြီး သူက သက်ပြင်းချပါတယ်။
"မင်းကလည်း ခိုးစားတာ အကာအကွယ်လေး ဘာလေး မလုပ်ဘူးလား။"
"လုပ်တော့ လုပ်တာပေါ့ဟ။ ဒါပေမယ့် ကိုယ့်ရည်းစားနဲ့ကိုယ် ဘယ်သူက အမြဲတမ်း အကာအကွယ် လုပ်မလဲ။"
"အကာအကွယ် မလုပ်ရင်တော့ ဖြစ်မှာပေါ့။ မဟုတ်ဘူးလား။"
"နင့်ကြီးဒေါ်။ ဘယ်သူက သွားလေရာ လာလေရာ ဒါကြီး အိတ်ထဲ ထည့်သွားမလဲ။ တစ်ခါတစ်လေ လက်လွန်သွားရင် အရေးပေါ်ဆေးသုံးတာတို့ ဘာတို့ ရှိတာပေါ့။ နောက်ပြီး ရက်တွက်လို့ လွတ်တယ် ထင်ရင် ပလိန်းလွှတ် လိုက်တာတွေလည်း ရှိတာပေါ့။ လူတိုင်း ဒီလို ကျုတ်ကြက်လိ နေကြတာပဲ။"
"အေးလေ။ အခုတော့ နားကားသွားပြီပေါ့။"
"ဒါကတော့ ကွာ။ အစကတည်းက Risk ရှိတယ် ဆိုတာ သိတာပဲ။ ဖြစ်ပြီးမှတော့ ဘယ်တတ်နိုင်မလဲ။ ဒါပေမယ့်လည်း ညစ်တာကတော့ ညစ်တာပဲကွ။"

ဘာမှ မစီစဉ်ရသေးခင် ရုတ်တရက် ဒီလိုကြီး ထဖြစ်တယ် ဆိုတော့ သူညစ်နေမှာ အမှန်ပါပဲ။
"အဲဒီတော့ အခု မင်းဘယ်လို လုပ်ဖို့ စဉ်းစားထားလဲ။"
"အေးကွာ။ အဲဒါကြောင့် ခေါင်းစားနေတာပေါ့။ အခုအချိန် အိမ်ကို မိန်းမယူတော့မယ် ပြောရင်လည်း အဆဲခံရမယ်။ ကျောင်းက အခုမှပြီးတာ။ အလုပ်ကမရသေးဘူး။ ဗိုက်ကြီး သွားလို့ပါ ဆိုရင် ပိုပြီး အဆဲခံရမယ်။ ဒါပေမယ့်လည်း မတတ်နိုင်ဘူး ပြောတော့ ပြောရမှာပဲ။"
"မိန်းမ မယူဘဲ ကလေးကြိုယူထားပေါ့ကွာ။ ဘာဖြစ်လဲ။ မင်းတို့ မင်္ဂလာဆောင်တော့ ကလေးကို ပန်းကြဲခိုင်းပေါ့"
"ဟေ့ကောင်။ မနောက်စမ်းနဲ့ကွာ။"
သူက ပြောပြီး ခုနလို ပြန်ငိုင်နေပါတယ်။ ကျွန်တော်လည်း ဘာအကြံပေးရမှန်း မသိပါဘူး။
"မင်း ကောင်မလေးကရော ဘာပြောလဲ။" ကျွန်တော်က မေးလိုက်ပါတယ်။
"သူကတော့ ခေါင်းအေးအေး ထားပါ။ အေးအေးဆေးဆေး စီစဉ်ပြီးမှ အိမ်ကို ပြောကြတာပေါ့ လို့ ပြောတာပဲ။" သူက ပြန်ပြောပါတယ်။
"လုပ်စရာ ရှိလည်း မြန်မြန်လုပ်။ အခုအချိန်က သိပ်ကိစ္စ မရှိဘူး။ လမစေ့ဘဲ မွေးသလိုနဲ့ အသာလေး ရောချလိုက်လို့ ရတယ်။ ဒီလိုနည်းနဲ့ ရောကြိတ်နေတဲ့ ကောင်တွေ မနည်းဘူး။"

ခဏနေတော့ အိမ်ထဲကို သူနဲ့ အတူနေတဲ့ သူငယ်ချင်းတွေ အရှိုအရှို ပြန်ရောက်လာကြပါတယ်။ တစ်ယောက်စကား တစ်ယောက်နားနဲ့ ခဏနေတော့ အားလုံး သိသွားကြပါတယ်။ ဖြစ်ပြီးမှတော့ မထူးတော့ဘူး သဘောထားပြီး အားလုံးက သူ့ကို ဝိုင်းနောက်နေကြပါတယ်။ ဘေးကလူတွေက ပြုံးနိုင်ပေမယ့်လည်း တကယ်ခံရတယ့် ကာယကံရှင်က တော့ မပြုံးနိုင်ပါဘူး။  ဘီလူး သံပုရာသီး ကိုက်ထားသလို မျက်နှာက ရှုံ့တွ နေတုန်းပါပဲ။

အဲဒီ အချိန်မှာ သူ့ရဲ့ ဟင်းန်းဖုန်းက တတီတီနဲ့ မက်ဆေ့ ဝင်တဲ့ အသံ မြည်လာပါတယ်။ သူက ဖုန်းကို ကောက်ကိုက်ပြီး မက်ဆေ့ကို ဖွင့်ကြည့်လိုက်ပါတယ်။ နောက်တော့ ပါးစပ်က "ငါကွာ.." ဆိုပြီး ဒေါသဖြစ်ဖြစ် မကျေမနပ်နဲ့ တောက်ခေါက်ပါတယ်။ အားလုံးက သူ့ကို ဝိုင်းကြည့်နေကြပါတယ်။

"ဟေ့ကောင်။ ဘာဖြစ်ပြန်ပြီလဲ။" ဘေးက သူငယ်ချင်းတစ်ယောက်က လှမ်းမေးပါတယ်။

သူက ဘာမှ ပြန်မပြောဘဲ ဖုန်းကို လှမ်းပေးပါတယ်။ ဘေးက ကောင်က ဖုန်းထဲက မက်ဆေ့ကို ဖတ်ကြည့်ရင်း ဟက်ဟက်ပက်ပက် ထရယ်ပါတယ်။ နောက်တော့ သူက ကျွန်တော်တို့ အားလုံးကို ပြောပါတယ်။

"သူ့ရည်းစားဆီက မက်ဆေ့ကွ။ ငါဖတ်ပြမယ်။ ဒါလင်။ စိတ်မပူပါနဲ့။ သူဘာမှ မဖြစ်ပါဘူး။ အေပရယ်လ်ဖူး အတွက် စလိုက်တာပါ။ ဟက်ပီး အေပရယ်လ်ဖူးဒေးတဲ့။ ဟားဟား"

နောက်စရာ ရှားလို့ ဒီနည်းနဲ့မှ နောက်ရတယ်လို့ ပြောရင်း ကျွန်တော်တို့ အားလုံးဝိုင်းရယ်လိုက် ကြပါတယ်။