Search This Blog

Tuesday, April 5, 2011

Voyager ကို ဖွေရှာတွေ့ခဲ့ရင်

စကြာဝဠာရဲ့ အချင်းဟာ အလင်းနှစ်ပေါင်း ၉၃ ဘီလီယံ ရှိတယ်လို့ ဆိုကြပါတယ်။ သိပ္ပံနဲ့ မရင်းနှီးတဲ့ သူတွေ အတွက် အဓိပ္ပာယ် ဖွင့်ရမယ် ဆိုရင်တော့ အလင်းရဲ့ အမြန်နှုန်း ဖြစ်တဲ့ တစက္ကန့်ကို မိုင်ပေါင်း ၁သိန်း ၈သောင်း ၆ ထောင်နှုန်း နဲ့ သွားရင်တောင်မှ စကြာဝဠာ အစအဆုံးကို သွားဖို့ နှစ်ပေါင်း သန်းပေါင်း ၉ သောင်း ၃ ထောင်သွားရမယ် ဆိုတဲ့ သဘောပါ။ အဲဒီလောက် အပြောကျယ်တဲ့ စကြာဝဠာ ထဲမှာ ကျွန်တော်တို့ ရဲ့ ကမ္ဘာတည်ရှိနေတဲ့ နေအဖွဲ့အစည်း ဆိုတာ ဘာမှ မပြောပလောက်တဲ့ နေရာ သေးသေးကလေး တစ်ခုပါပဲ။

စကြာဝဠာ ကြီး အဲဒီလောက် ကျယ်တဲ့ အကြောင်းကို သိထားတဲ့ သူတိုင်း စကြာဝဠာထဲက တစ်ခြား နေရာတွေမှာ ကျွန်တော်တို့ လူသားတွေလိုမျိုး အသိဉာဏ်ရှိတဲ့  ဒါမှမဟုတ် လူသားတွေထက် ပိုပြီး အသိဉာဏ်ရှိတဲ့ တခြားသက်ရှိတွေ ရှိနေမလား ဆိုတဲ့ အတွေးမျိုး တွေးမိကြမှာ ပါပဲ။ အဲဒီသက်ရှိတွေဟာ ကိုယ့်ရဲ့ ဂြိုဟ်မှာ ကိုယ် အေးအေးဆေးဆေး အငြိမ် မနေနိုင်ကြဘဲ ဖလမ်းဖလမ်းထပြီး ယူအက်ဖ်အို တဝီဝီနဲ့ လမ်းသလား နေကြတဲ့ ဂြိုဟ်သားတွေ ဖြစ်နိုင် ပါတယ်။ ဒါမှမဟုတ် လှံကိုင်ပြီး ဒိုင်နိုဆောလို သတ္တဝါတွေနဲ့ နပမ်းသတ် နေကြတဲ့ ကျောက်ခေတ်လူသားတွေလို အသိဉာဏ် မဖွံ့ဖြိုးသေးတဲ့ သက်ရှိတွေလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် စကြာဝဠာထဲမှာ တခြားသက်ရှိတွေ ရှိနေမယ်လို့ ယုံကြည်တဲ့သူတွေ ကတော့ လူနည်းစု မဟုတ်တာ အမှန်ပါပဲ။

ဗွိုင်ယေဂျာ အာကာသယာဉ်
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝကျော်က နာဆာ (NASA) ကနေ ဗွိုင်ယေဂျာ (Voyager) ဆိုတဲ့ အာကာသ အစီအစဉ် တစ်ခုကို စခဲ့ပါတယ်။ ဗွိုင်ယေဂျာ မစ်ရှင်ရဲ့ အဓိက ရည်ရွယ်ချက် ကတော့ နေအဖွဲ့အစည်းထဲက တခြား ဂြိုဟ်တွေကို လူမပါတဲ့ အာကာသယာဉ်နဲ့ လေ့လာဖို့ပါ။  ဗွိုင်ယေဂျာ တစ်နဲ့ နှစ်ဟာ နေအဖွဲ့အစည်း ထဲက ကမ္ဘာရဲ့ အပြင်ဖက် လမ်းကြောင်းမှာရှိတဲ့ ဂြိုဟ်တွေ အားလုံး နီးပါးရဲ့ အနီးအနားကနေ ဖြတ်သန်းပြီး လေ့လာကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဗွိုင်ယေဂျာ အာကာသယာဉ် တွေဟာ ဂြိုဟ်တွေ အနားက ဖြတ်သန်း သွားပြီးတဲ့ အခါမှာတော့ ကမ္ဘာကို ပြန်ရောက်လာနိုင် ကြမှာ မဟုတ်ပါဘူး။ နေအဖွဲ့အစည်းရဲ့ အပြင်ဖက်ကို ထွက်သွားကြမှာ ဖြစ်ပါတယ်။

တကယ်လို့များ ကျွန်တော်တို့ လူသားတွေလို ကိုယ့်ဂြိုဟ်မှာကိုယ် အငြိမ်မနေနိုင်ပဲ အာကာသထဲမှာ ဟိုဟိုဒီဒီ လျှောက်ပြီး လမ်းသလားနေကြတဲ့ ဂြိုဟ်သားတွေ ဗွိုင်ယေဂျာ အာကာသယာဉ်က မတော်တဆ တွေ့သွားခဲ့မယ် ဆိုကြပါစို့။ သူတို့အနေနဲ့ ဒါက ဘာကြီးလဲလို့ တွေးဖြစ်ရင် တွေးဖြစ်ကြပါလိမ့်မယ်။ တွေးရုံနဲ့ အားမရလို့ သူတို့  ဗွိုင်ယေဂျာ အာကာသယာဉ်ကို ဖွင့်ပြီး အထဲဝင် စူးစမ်းခဲ့မယ် ဆိုရင်တော့ ရွှေဓာတ်ပြားလို့ ခေါ်တဲ့ ဓာတ်ပြားချပ်ကလေးကို တွေ့ရမှာပါ။ အကယ်၍ ငတ်ကြီးကျတဲ့ ဂြိုဟ်သားနဲ့ တွေ့လို့ ဓာတ်ပြားကို ဘိန်းမုန့်အမှတ်နဲ့ စားလိုက်ရင်တော့ ပွဲသိမ်းပါပြီ။ ဒါမှမဟုတ်ဘဲ ဂြိုဟ်သားက နည်းနည်းပါးပါး စပ်စုချင်စိတ်ရှိလို့ ဓာတ်ပြားကို အသေအချာ ကြည့်ရင်တော့ အဲဒီ ဓာတ်ပြားကို ဘယ်လိုဖွင့်ရမယ်ဆိုတဲ့အကြောင်းကို ပုံဆွဲပြထားတဲ့ ညွှန်ကြားချက်နဲ့ အတူ ဓာတ်ပြားကို ဖွင့်ဖို့ ဓာတ်စက် တစ်လုံးကို အာကာသယာဉ်ပေါ်မှာ တွေ့ရမှာ ဖြစ်ပါတယ်။

ဂြိုဟ်သားက အင်္ဂလိပ်စာ ကို အဓိပ္ပာယ် ပြန်တတ်ခဲ့ရင်တော့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာရဲ့ နှုတ်ခွန်းဆက်စကား "ဟိုးအဝေးကြီးမှာ ရှိတဲ့ ကမ္ဘာဆိုတဲ့ ဂြိုဟ်သေးသေး ကလေး တစ်ခုက လက်ဆောင်ပါ။ ဒီအထဲမှာ ငါတို့ ကမ္ဘာပေါ်က အသံတွေ၊ သိပ္ပံပညာတွေ၊ ပုံတွေ၊ ဂီတတွေ၊ ငါတို့ရဲ့ အတွေးအခေါ်နဲ့ ခံစားမှုတွေကို ထည့်ထား ပါတယ်။" ဆိုတာကို ဖတ်မိပါ လိမ့်မယ်။ အဲဒါအပြင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကွတ်ဝါးဟိုင်းရဲ့ နှုတ်ခွန်းဆက်စကား ဖြစ်တဲ့ "ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံပေါင်း ၁၄၇ ခုကို ကိုယ်စားပြုထားတဲ့ ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ အထွေထွေ အတွင်းရေးမှူးချုပ်ကနေ ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံးရဲ့ ကိုယ်စား နှုတ်ခွန်းဆက်ပါတယ်။ ငါတို့ နေအဖွဲ့အစည်းကနေ ငြိမ်းချမ်းရေးနဲ့ ခင်မင်ရင်းနှီးမှု ကို မင်းတို့ကို သင်ပေးဖို့ ဒါမှမဟုတ် မင်းတို့ရဲ့ သင်ပေးတာကို ခံယူဖို့ ငါတို့ အလိုရှိပါတယ်။ " ဆိုတာကိုလည်း တွေ့ရပါလိမ့်ဦးမယ်။

ဓာတ်ပြားထဲမှာ ဘာသာစကား ၅၅ မျိုးနဲ့ နှုတ်ခွန်းဆက်ထားတာ ပါပါတယ်။ မြန်မာစကား နားလည်တဲ့ ဂြိုဟ်သားများ ရှိနေခဲ့ရင်တော့ အဲဒီ ဓာတ်ပြားထဲမှာ "မာရဲ့လား ခင်ဗျာ" ဆိုတဲ့ မြန်မာလို နှုတ်ခွန်းဆက် စကားကို ကြားရပါလိမ့်မယ်။ ဒီမှာ နားထောင်ကြည့်လို့ ရပါတယ်။ ဂြိုဟ်သားကတော့ တို့ကတော့ ပျော့ပျော့ပဲလို့ ပြန်ဖြေချင်မလား မသိပါဘူး။ ရုပ်ရှင်ထဲ ကြည့်ရတဲ့ ဂြိုဟ်သားတွေ ကတော့ ပျော့စိစိ မို့ပါ။

အဲဒီဓာတ်ပြားကို စုစည်းတင်ဆင်တဲ့သူကတော့ ကော်နဲလ် တက္ကသိုလ်က ကားလ်ဆာဂန် (Carl Sagan) နဲ့ အဖွဲ့ပါ။ အဲဒီ အထဲမှာ နေအဖွဲ့အစည်းနဲ့ ကမ္ဘာရဲ့ တည်နေရာကို ပြထားတဲ့ ရုပ်ပုံတွေ၊ လူသားတွေရဲ့ ခန္ဓာဗေဒ အကြောင်းကို ရှင်းပြထားတဲ့ ရုပ်ပုံတွေ၊ ကမ္ဘာပေါ်မှာရှိတဲ့ အဆောက်အဦးတွေထဲက အိန္ဒိယ တာ့ဂျ်မဟာရ်က စလို့ ဆစ်ဒနီ အော်ပရာဇာတ်ရုံ အဆုံး အဆောက်အဦး ဓာတ်ပုံတွေ၊ သဘာဝတိရိစ္ဆာန်တွေရဲ့ ရုပ်ပုံတွေ၊ လူတွေရဲ့ သွားလာ လှုပ်ရှားနေတဲ့ ရုပ်ပုံတွေ စတဲ့ ကမ္ဘာ အကြောင်းကို ရှင်းပြထားတဲ့ ရုပ်ပုံတွေ ပါပါတယ်။ အဲဒါအပြင် တိရိစ္ဆာန်တွေရဲ့ အသံတွေ၊ ယာဉ်သံ လူသံတွေ၊ သဘာဝ အလျောက် ဖြစ်ပေါ်နေကြတဲ့ အသံတွေကို လည်း အသံသွင်းပြီး ထည့်ထားပါသေးတယ်။ ရွှတ်ဆိုလား ပြွတ်ဆိုလား နမ်းတဲ့ အသံတောင် ပါပါသေးတယ်။ ဒါတင်ပဲလား ဆိုတော့ မကသေးပါဘူး။ ဗီသိုဗင်နဲ့ ဘက်ရှ်တို့ရဲ့ ဂန္တဝင် ဂီတတွေက စလို့ အဲဒီခေတ်အခါက ခေတ်ပေါ် ဂျက်ဇ် ဂီတ သီချင်းတွေလည်း ပါပါသေးတယ်။

ကားဆာလ်ဂန် က ဒီလောက်နဲ့ မကျေနပ်ပါဘူး။ သူ့ရဲ့ မိန်းမကို တစ်နာရီ တိတိ စဉ်းစာခန်း ဝင်ခိုင်းပြီးတော့ သူမ စဉ်းစားနေတဲ့ အချိန် ဦးနှောက်က ထွက်လာတဲ့ လှိုင်းတွေကို မှတ်တမ်းတင်ပြီး ဓာတ်ပြားထဲ ထည့်ထား ပါသေးတယ်။ သူမကတော့ အဲဒီ တစ်နာရီ အတွင်းမှာ ကမ္ဘာကြီးရဲ့ သမိုင်းကြောင်းနဲ့ သက်ရှိတွေ အကြောင်း၊ လူတွေရဲ့ လူမှု ဘဝနဲ့ အတွေးအခေါ်တွေအကြောင်း၊ ကြမ်းကြုတ်ရက်စက်မှုတွေနဲ့ ဆင်းရဲမှုတွေကြောင့် ကမ္ဘာပေါ်မှာ အသက်ရှင် နေထိုင်ကြတဲ့ လူသားတွေ ဒုက္ခရောက်ကြပုံ အကြောင်းတွေကို တွေးတယ် လို့ ဆိုပါတယ်။ နောက်ဆုံး တစ်ခု အနေနဲ့ သူမ ကနေ ဂြိုဟ်သားတွေကို ပြောချင်တဲ့ စကားနဲ့ ချစ်တယ်ဆိုတဲ့ ခံစားချက် ဘယ်လို ရှိတယ် ဆိုတဲ့အကြောင်းကိုပါ တွေးခဲ့တယ် လို့ ဆိုပါတယ်။ တကယ်လို့ အဲဒီ ဓာတ်ပြားကို တွေ့ခဲ့တဲ့သူက သူမရဲ့ ဦးနှောက်ထဲက လှိုင်းတွေကို ဘာသာပြန်နိုင်ရင်တော့ လူတွေရဲ့ အကြောင်းကို ပိုပြီး အသေးစိတ် နားလည်နိုင်မှာပါ။

ဗွိုင်ယေဂျာကို တခြား ဂြိုဟ်သားတွေ ရှာတွေ့ဖို့ မတွေ့ဖို့ ဆိုတာ သေချာတဲ့ အချက်မဟုတ်ပါဘူး။ ပင်လယ်ထဲကို ပုလင်းတစ်လုံး ထည့်ပြီး မျှောလိုက်သလိုပါပဲ။ တစ်ယောက်ယောက်က ကောက်မိချင်ရင်လည်း ကောက်မိမယ်။ ဒါမှမဟုတ်ရင် တစ်ခုခုနဲ့ တိုက်မိပြီး ပျက်စီးချင်ရင်လည်း ပျက်စီးသွားနိုင်တယ် ဆိုတဲ့ သဘောမျိုးပါပဲ။ ဒါပေမယ့်လည်း ဗွိုင်ယေဂျာပေါ် မှာ ဓာတ်ပြား ထည့်ပေးလိုက်တဲ့ ရည်ရွယ်ချက်က အာကာသထဲမှာ ခရီးသွားနေတဲ့ ဂြိုဟ်ကမ္ဘာသား တစ်ယောက်ယောက်က မတော်တဆ ဒီအာကာသယာဉ်ကို တွေ့ခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက် ရောင်ခြည် အလင်းတန်း မှိန်မှိန်ကလေး တစ်ခုကြောင့် ဖြစ်ပါတယ်။

ဒီကနေစလို့ နောက်နှစ်ပေါင်း ၄ သောင်း ကြာတဲ့ အခါမှာတော့ ဗွိုင်ယေဂျာ ၁ ဟာ အိုဖျူးခပ်စ် ကြယ်တာရာစု (Ophiuchus Constellation) မှာ ရှိတဲ့ AC+79 3888 ဆိုတဲ့ ကြယ်နဲ့ အလင်းနှစ်ပေါင်း ၁.၇ နှစ် ကွာဝေးတဲ့ နေရာကို ရောက်မှာဖြစ်ပြီး ဗွိုင်ယေဂျာ ၂ ကတော့ အင်န်ဒရိုမီဒါ ကြယ်တာရာစု (Andromeda Constellation) မှာရှိတဲ့ Ross 248 ဆိုတဲ့ ကြယ်နဲ့ အလင်းနှစ် ၁.၇ နှစ် ဝေးတဲ့နေရာကို ရောက်မယ်လို့ ခန့်မှန်းရပါတယ်။ အကယ်၍ အဲဒီကြယ်တွေရဲ့ ပတ်လမ်းထဲက ဂြိုဟ်တွေထဲမှာ အသိဉာဏ်မြင့်မားတဲ့ ဂြိုဟ်သားတွေ နေထိုင်ကြပြီး ဗွိုင်ယေဂျာကို တွေ့ခဲ့မယ် ဆိုရင်တော့ ကမ္ဘာဆိုတာ ဂလိုကိုး လို့ အဓိပ္ပာယ်ဖွင့်ဆိုချက် ထုတ်နိုင်ကြမှာ ဖြစ်ပါတယ်။

အမှန်တကယ်တော့ အဲဒီလို မျှော်လင့်ချက်ကလည်း ဖြစ်နိုင်ခြေ အတော်နည်းတဲ့ ကိစ္စပါ။ စကြာဝဠာထဲမှာ သက်ရှိဖြစ်ဖို့ ဆိုတာ အတော် ခက်ခဲပါတယ်။ စူပါနိုဗာလို့ ခေါ်တဲ့ ကြယ်ပေါက်ကွဲမှုကနေပြီးတော့ သက်ရှိဖြစ်နိုင်တဲ့ ဓာတ်တွေ ထွက်လာပါတယ်။ အဲဒီကမှ တစ်ဆင့် ဓာတ်တွေ ပေါင်းစပ်ပြီး သက်ရှိဖြစ်ဖို့ လမ်းစ ပေါ်လာပါတယ်။ လူတွေ အခုလို တိုးတက်တဲ့ အခြေအနေမျိုး ရောက်အောင် ဖြတ်သန်းခဲ့ရတဲ့ အချိန်ကာလက ဆိုရင် မနည်းလှပါဘူး။ ပေလီယိုလစ်သစ် (Paleolithic) လို့ ခေါ်တဲ့ ကျောက်ခေတ်ဟောင်း ကာလမှာ ကျောက်လက်နက်တွေ အသုံးပြုနေရာကနေ အနှစ်ပေါင်း နှစ်သန်းခွဲကျော်တဲ့ အချိန်မှာမှ လူသားတွေ အခုလို အသိဉာဏ် အခြေအနေမျိုးကို ရောက်လာခဲ့တာပါ။ အဲဒီတော့ တခြားကမ္ဘာမှာ ဂြိုဟ်သားတွေ ရှိခဲ့ရင်လည်း သူတို့အနေနဲ့ လူသားရဲ့ အသိဉာဏ်မျိုး ရောက်ဖို့ အတော် အချိန်ယူရပါလိမ့်မယ်။ သူတို့ ဒီလို နှစ်ပေါင်း နှစ်သန်းခွဲ တိတိ အသက်ရှင် နေထိုင်နိုင်ကြမလား၊ လူသားလို အသိဉာဏ်မျိုး ရောက်တဲ့ အထိ တိုးတက်နိုင်ပါ့မလားဆိုတာတွေက တော့ ဘယ်သူမှ မဖြေနိုင်တဲ့ မေးခွန်းတွေပါပဲ။

ကိုးကား ။ ။ http://voyager.jpl.nasa.gov/index.html
http://en.wikipedia.org/wiki/Contents_of_the_Voyager_Golden_Record
http://www.davidpbrown.co.uk/nota-bene/voyager-spacecraft.html

12 comments:

Anonymous said...

်တော်ပါဘီ..လောကမှာ. မိန်းမရယ်ယောင်္ကျားရယ်.. အခြောက်ရယ်..ယောက်ကလျာရယ်နဲ့တောင် ရှုပ်ထွေးလှပြီ။ နောက်အမျိုးစားတွေ ပါ များလာရင်.... ပိုဆိုးတော့မယ်
:D
mm

သဉ်ဇာ - Thinzar said...

ဂြိုလ်သားမဟုတ်ပေမယ့် မြန်မာတွေ ဘယ်လို နှုတ်ခွန်းဆက်သလဲဆိုတာ စပ်စုဖို့ သွားနားထောင်လိုက်တယ်။ မာရဲ့လားခင်ဗျာ :P

ShwunMi- said...

ဂြိုလ်သားမဟုတ်ပေမဲ့ ဓာတ်ပြားပေါ်ရေးထားတဲ့ Instruction ကို နားမလည်ဘူး ဖြစ်နေတယ်..

ZT said...

ShwunMi -> You can check it out here http://en.wikipedia.org/wiki/File:Voyager_Golden_Record_Cover_Explanation.svg

ShwunMi- said...

:D
ဓာတ်ပုံထည့်ပေးလိုက်ရင်လည်း လူဆိုတာ ပြားပြားကြီးလို့ ထင်နေကြဦးမယ်..
လူပုံကျောက်ရုပ်လေးဖြစ်ဖြစ် ဂေါ်ရီလာကျောက်ရုပ်လေး ဖြစ်ဖြစ် ထည့်ပေးလိုက်တာမဟုတ်ဘူး..
စာပေတွေ ဘာသာစကားတွေ ဆိုတော့ အလွန်ပညာတတ်တဲ့လူတွေ သိပ်စိတ်ကူးယဉ်တာပါပဲလား..

khin oo may said...

သိတ်မြင့်တယ်ကွယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်ဝင်စားတယ်
အဲဒီ ဗွိုင်ရေဂျာကို ဂြိုလ်သားတွေ တွေ့သွားပြီး ကမ္ဘာသူကမ္ဘာသားတွေနဲ့ ဆက်သွယ်လာရင် ဘာတွေဆက်ဖြစ်မလဲ သိချင်လိုက်တာ
ရုပ်ရှင်ရိုက်လို့ကောင်းမဲ့ ဇာတ်ကွက်တွေ ဖြစ်လာဦးတော့မှာဘဲ။

Raymond.Kyaw Minn Naing said...

ဓါတ်ပြားအစား Nuke တစ်လုံးထည့်ပေးရမှာ။ Explosion ကမှ Standard Interface နဲ့ပိုနီးစပ်မလားလို့..။ ဘိန်းမုန့်မှတ်ပြီးစားလဲ ကိစ္စမရှိဘူး။ သေချာပေါက်လိုက်ရှာမှာပဲ.. ရန်တွေ့ဖို့။ Anyway.. အဆက်အသွယ်ရ ဖို့ကအဓိက မို့လား။ ဒါမှမဟုတ် တရုတ်တစ်ယောက်ထည့်ပေးလိုက်လဲဖြစ်တာပဲ။ သူက ဘယ်မှမဆို အဆင်ပြေတယ်လေ။ lol ... just kidding, no racist, peace out

Law Shay said...

We also have SETI :D

ကိုအောင်(ပျူနိုင်ငံ) said...

အဲဒီယာဉ်မှာ မြန်မာ မော်ဒယ်ဂဲပုံတွေရော
ပါလား ကzt ... :P

Anonymous said...

လမ်းထိပ်က ဘုန်းဘုန်းကို သွားမပြောနဲ့ - ကျွဲပါးဆောင်းတီး သလိုဖြစ်လိမ့်မယ်။

Anonymous said...

အကိုစာတွေ ဒီလောက်ကောင်းတာ comment နဲနဲလေးပဲရတယ်။ အရီးကွန်ကျတော့ (ရန်တိုက်ပေးသွားအိ။)