Search This Blog

Thursday, April 28, 2011

Development Economics အတွေးများ

ကျွန်တော် စင်ကာပူမှာ နေလာခဲ့တာ ဆယ်စုနှစ် တစ်ခုကျော် ရှိပါပြီ။ စင်ကာပူ ဆိုတာ အားလုံး သိကြတဲ့ အတိုင်း ရန်ကုန်မြို့ တစ်မြို့စာလောက်ပဲ ရှိပြီး သယံဇာတဆိုရင် ဘာဆို ဘာမှ မရှိတဲ့ နိုင်ငံပါ။ သောက်စရာ သုံးစရာ ရေကိုတောင်မှ မလေးရှားကနေ ဝယ်ပြီးသုံးနေရပါတယ်။ အဲဒီလို သဘာဝ အရင်းအမြစ် ဘာတစ်ခုမှ မရှိတဲ့ နိုင်ငံတစ်နိုင်ငံက ဘာဖြစ်လို့ ဒီလောက် အထိ တိုးတက်လာရသလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းလို့ တစေ့တစောင်း လေ့လာကြည့်ဖြစ် ပါတယ်။

စင်ကာပူကို အခုလို တိုးတက်တဲ့ နိုင်ငံ တစ်နိုင်ငံ အဖြစ် ပြောင်းလဲစေခဲ့တဲ့ အကြောင်း အချက်အလက်တွေ အများကြီး ရှိပါတယ်။ အဲဒီ အချက်တွေထဲမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တွေဟာလည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ စင်ကာပူမှာ နိုင်ငံခြား ကုမ္ပဏီတွေ အများအပြား ရင်းနှီးမြှုပ်နှံ လာအောင် ကြိုးပမ်းခဲ့တာ စင်ကာပူ နိုင်ငံသားတွေရဲ့ ကြိုးစားမှု သက်သက်တော့ မဟုတ်ပါဘူး။ ဒတ်ချ်လူမျိုး စီးပွားရေး ပညာရှင် ဒေါက်တာ အဲလ်ဘတ် ဝင်းဆီးမီးယပ်စ် (Dr. Albert Winsemius) တို့လိုမျိုး နိုင်ငံခြား ပညာရှင်တွေ ရဲ့ အိုင်ဒီယာတွေလည်း အများကြီး ပါပါတယ်။

ဒေါက်တာ ဝင်းဆီးမီးယပ်စ်ဟာ ၁၉၆၀ မှာ ကုလသမဂ္ဂက အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး စင်ကာပူကို  ရောက်လာခဲ့ ပါတယ်။ အဲဒီအချိန်က စင်ကာပူဟာ လွတ်လပ်ရေး ရခါစ အချိန်ဖြစ်ပြီး အလုပ်လက်မဲ့ ဦးရေလည်း အရမ်း များနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ သူဟာ စင်ကာပူကို ကုန်သွယ်ရေး အဓိကထား လုပ်ဆောင်တဲ့ နိုင်ငံ (Entrepôt) အဖြစ်ကနေ စက်မှုနိုင်ငံတစ်နိုင်ငံ အဖြစ် ပြောင်းလဲဖို့ ရေးဆွဲထားတဲ့ ၁၀ နှစ် စီမံကိန်းကို ချပြခဲ့ပါတယ်။ အဲဒီ စီမံကိန်းမှာ နိုင်ငံခြားကနေ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ပြီး အလုပ်အကိုင်တွေ ဖန်တီးဖို့ စတဲ့ အချက်တွေ ပါပါတယ်။ သူက စင်ကာပူကို ခေတ်မီ တဲ့ နိုင်ငံအဖြစ် တခြား နိုင်ငံတွေက မြင်လာအောင် အိမ်ယာစီမံကိန်း တွေ လုပ်ဖို့ အကြံပေးခဲ့ပါတယ်။ အဲဒါအပြင် စင်ကာပူကို လာပြီး ရင်းနှီးမြှုပ်နှံမယ့် သူတွေ အနေနဲ့ စင်ကာပူဟာ အနောက်တိုင်းကို မုန်းတဲ့ နိုင်ငံ အဖြစ် မထင်မိအောင် သတိထားဖို့ အကြံမျိုးလည်း ပေးခဲ့ပါတယ်။ စင်ကာပူကို တည်ထောင်သူလို့ သိခဲ့ကြတဲ့ ဗြိတိသျှ လူမျိုး စတန်းဖို့ဒ် ရပ်ဖဲလ်ရဲ့ ရုပ်ထုကို ဖယ်မပစ်ဘဲ ဒီအတိုင်း ဆက်ထားဖို့ ဆိုတာမျိုးပါ။ ဒေါက်တာ ဝင်းဆီးမီးယပ်စ်ရဲ့ အကြံဉာဏ်တွေဟာ စင်ကာပူကို တိုးတက်ဖို့ အများကြီး အထောက်အကူ ပေးခဲ့တယ် ဆိုတာကို စင်ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူ ကိုယ်တိုင် ပြောခဲ့ဖူးပါတယ်။

စင်ကာပူဟာလည်း စက်မှုလုပ်ငန်းတွေ စခဲ့တဲ့ အချိန်တုန်းက အထည်စက်ရုံတွေနဲ့ စခဲ့တာပါပဲ။ ၁၉၇၀ ပြည့်နှစ်တွေ ရောက်မှ အီလက်ထရွန်းနစ် စက်ရုံတွေ တည်ဆောက်ပြီး အဆင့်မြင့် ကုန်ထုတ်လုပ်ငန်း တွေကို လက်လှမ်းနိုင်ခဲ့ ပါတယ်။ နိုင်ငံခြား ကုမ္ပဏီတွေ လာပြီး ရင်းနှီးမြှုပ်နှံတဲ့ အချိန်မှာ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးဖို့ သက်သက်ကို အစိုးရတွေက ရည်ရွယ်တာ မဟုတ်ပါဘူး။ နိုင်ငံခြား ကုမ္ပဏီတွေကနေ နည်းပညာတွေ လေ့လာသင်ယူဖို့ ဆိုတဲ့ အချက်ကိုလည်း စဉ်းစားကြပါတယ်။ ဒါပေမယ့်လည်း အဲဒီလို နည်းပညာတွေ ရဖို့က ထင်သလောက် မလွယ်လှပါဘူး။ ကျွန်တော် ကိုယ်တိုင် ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံတစ်ခုကို ပြန်ပြောပြချင်ပါတယ်။ ကျွန်တော် ကျောင်းသားဘဝက ကမ္ဘာကျော် ပြင်သစ် ကုမ္ပဏီတစ်ခုက စင်ကာပူမှာ ဖွင့်ထားတဲ့ မုန့်ဖိုတစ်ခုမှာ အချိန်ပိုင်း အလုပ်သမား အဖြစ် လုပ်ခဲ့ဖူးပါတယ်။ အဲဒီမှာ ပြင်သစ်ကလာတဲ့ စားဖိုမှူးတွေဟာ အရေးကြီးတဲ့ အလုပ်တွေ ဆိုရင် စင်ကာပူ နယ်ခံ အလုပ်သမားတွေကို သင်ပေးလေ့ မရှိပါဘူး။ ချော့ကလက် စပ်နည်းလို  အလုပ်တွေကို သူတို့ အနောက်တိုင်းသား ထရိန်နင် မန်နေဂျာတွေကိုပဲ သင်ပေးလေ့ ရှိပါတယ်။ မုန့်ဖိုမှာ အကြီးဆုံး ဖြစ်တဲ့ အရှေ့တိုင်းသားကိုတောင် သင်မပေးဘဲ နည်းပညာနဲ့ ပတ်သက်ပြီး ဒိုင်လျှိုလုပ်တာတွေ ရှိတတ်ပါတယ်။

စင်ကာပူကတော့ သူတို့ဆီမှာ အီလက်ထရွန်းနစ် ကုမ္ပဏီတွေက လာပြီး ရင်းနှီးမြှုပ်နှံတဲ့ အတွက် သူတို့ဆီကနေ နည်းပညာတွေ တစိတ်တပိုင်း ရလိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်းတော့ ကုမ္ပဏီ အတော်များများက ကုန်ထုတ်လုပ်မှု သက်သက်ကိုပဲ စင်ကာပူမှာ လုပ်ပြီး ကျန်တဲ့ သုတေသန လုပ်ငန်းတွေ အတော်များများ ကိုတော့ သူတို့နိုင်ငံမှာ လုပ်ကြပါတယ်။ အဲဒီအတွက် စင်ကာပူ အနေနဲ့ ကုန်ထုတ်လုပ်ငန်းနဲ့ ပတ်သက်တဲ့ နည်းပညာတွေပဲ ရလိုက်ပါတယ်။ သူတို့ မျှော်မှန်းတဲ့ နည်းပညာတွေကိုတော့ ထင်သလောက် မရလိုက်ပါဘူး။

စင်ကာပူက ဘာတစ်ခုမှ မရလိုက်ဘူးလား လို့ မေးရင်တော့ အဲဒီလိုလည်း မဟုတ်ပါဘူး။ တချို့သော နည်းပညာ တွေကိုတော့ သူတို့ ရလိုက်ပါတယ်။ ဥပမာ အနေနဲ့ ပေးရရင် ကျွန်တော်တို့ တီအိုင်လို့ အတိုကောက် ခေါ်ကြတဲ့ ကမ္ဘာကျော် ဆီမီးကွန်ဒပ်တာ ကုမ္ပဏီ တက္ကဆပ်စ် အင်စထရုမင့် (Texas Instrument) ရဲ့ သုတေသန ဌာန တစ်ခု စင်ကာပူမှာ ရှိခဲ့ဖူးပါတယ်။ အဲဒီ ဌာနကနေ ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ တီအိုင် စက်ရုံတွေမှာ သုံးဖို့ စက်တွေကို စင်ကာပူမှာပဲ သုတေသနလုပ်ပြီး ထုတ်လုပ်ပါတယ်။ နောက်ဆုံးမှာတော့ တီအိုင် က စက်တွေကို ကိုယ်တိုင် မထုတ်တော့ဘဲ ဝယ်သုံးမယ်လို့ ဆုံးဖြတ်ပြီး စလုံးမှာ ရှိတဲ့ သူတို့ ဌာနကို ပိတ်ပစ်လိုက်ပါတယ်။ အဲဒီ ဌာနမှာ လုပ်ခဲ့တဲ့ အင်ဂျင်နီယာတွေ က ကိုယ်ပိုင် ကုမ္ပဏီတွေ ထောင်ပြီး စက်ကိရိယာတွေ ဆက်ပြီး ထုတ်ကြပါတယ်။ အဲဒါက စင်ကာပူမှာ စက်ကိရိယာတွေ ထုတ်လုပ်တဲ့ အော်တိုမေးရှင်း လုပ်ငန်းတွေရဲ့ အစပါပဲ။ အခုဆိုရင် စက်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်း အပိုင်းမှာ စင်ကာပူဟာ တကမ္ဘာလုံးကို တင်ပို့ ရောင်းချနိုင်လောက်တဲ့ အထိ အတော်လေးကို အလုပ်ဖြစ်နေပါပြီ။

နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ အတွက် ဖိတ်ခေါ်တဲ့ နေရာမှာ အပြိုင်အဆိုင်တွေ အများကြီး ကြုံရပါတယ်။ တံခါးဖွင့်ပေးပြီး လာပြီး ရင်းနှီးမြှုပ်နှံကြဟေ့ ဆိုတာနဲ့ နိုင်ငံခြား ကုမ္ပဏီတွေက ဝေါကနဲ ဝင်လာမှာ မဟုတ်ပါဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လိုချင်တာ ကိုယ့်နိုင်ငံ တစ်နိုင်ငံတည်းက  မဟုတ်ပါဘူး။ တခြား နိုင်ငံတွေကလည်း လိုချင်တာပါပဲ။ အဲဒီလို အခါမျိုးမှာ အခွန်အကောက် လျှော့ပြီး ကောက်ခံတာ၊ မြေကြီးကို အလကားပေးပစ်တာ စတဲ့ နည်းမျိုးစုံ သုံးပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ အပြိုင်အဆိုင် ဆွယ်ကြပါတယ်။

ဒါပေမယ့်လည်း နိုင်ငံခြားက လာပြီး ရင်းနှီးမြှုပ်နှံတဲ့သူတွေကလည်း လူလည်တွေ ပါပဲ။ ကျွန်တော် ချက်ရီပတ်ဘလစ်မှာ ရောက်နေတဲ့ အချိန်တုန်းက ချက်က အင်ဂျင်နီယာ တစ်ယောက် ပြောပြဖူးတဲ့ အကြောင်းတစ်ခုကို သတိရပါတယ်။ ချက်ရီပတ်ဘလစ်ဟာ သက္ကလပ် တော်လှန်ရေး (Velvet Revolution) ဖြစ်ပြီးတဲ့ နောက်မှာ ဈေးကွက် စီးပွားရေး စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံ တစ်နိုင်ငံ အဖြစ် ပြောင်းလဲခဲ့ပါတယ်။ အဲဒီအချိန်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာပြီး သူ့နိုင်ငံသားတွေ အတွက် အလုပ်အကိုင် ဖန်တီးနိုင်အောင် ချက်အစိုးရက ဆွဲဆောင် ခဲ့ပါတယ်။ အဲဒီအထဲမှာ သူ့ဆီမှာ လာပြီး ရင်းနှီးမြှုပ်နှံတဲ့ စက်ရုံတွေကို ၁၀ နှစ်တိတိ အခွန်ကို ကင်းလွတ်ခွင့်ပေးမယ် ဆိုတဲ့ ဆွဲဆောင်မှု တစ်ခုလည်း ပါပါတယ်။ အဲဒီဆွဲဆောင်မှုကြောင့် ကုမ္ပဏီတွေ အများအပြား ချက်မှာ လာပြီး ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။ ဒါပေမယ့်လည်း တစ်ချို့ ကုမ္ပဏီတွေကတော့ ၁၀ နှစ်ပြည့်ပြီးတဲ့နောက်မှာ စက်ရုံကို ပိတ်ပြီး တစ်ခြားနေရာကို ပြောင်းသွားကြပါတယ်။

စင်ကာပူကလည်း မလေးရှားရဲ့ ပြိုင်ဆိုင်မှုတွေကို ကြုံခဲ့ရပါတယ်။ မလေးရှားဟာ FIZ လို့ ခေါ်တဲ့ Free Industrial Zone တွေ တည်ထောင်ပြီး စင်ကာပူကို ပြိုင်ခဲ့ပါတယ်။ မြေနေရာ မလေးရှားလောက် မရှိတဲ့ စင်ကာပူက မလေးရှားကို အဲဒီနေရာမှာ မပြိုင်နိုင်ပါဘူး။ အဲဒါကြောင့် Intel လို ကုမ္ပဏီမျိုးတွေက စင်ကာပူကို မရောက်လာဘဲ ပိုပြီး စရိတ်စက သက်သာတဲ့ မလေးရှားဘက်ကို ရောက်သွားခဲ့ပါတယ်။ စင်ကာပူက မလေးရှားထက် သာတဲ့ အချက်ကတော့ နိုင်ငံခြား ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံဖို့ လာတဲ့ အချိန်မှာ အရည်အချင်းရှိတဲ့ အတတ်ပညာရှင်တွေ အဆင်သင့် ရှိအောင် သူတို့ရဲ့ ပညာရေး စနစ်ကို မြှင့်တင်ထားခဲ့တာ ပါပဲ။

ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ဖို့နဲ့ ပတ်သက်ပြီး အရေးအကြီးဆုံး အပိုင်းက အစိုးရရဲ့ ပေါ်လစီပိုင်းပါ။ နိုင်ငံခြား ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမှု မလုပ်ခင် အစိုးရရဲ့ ပေါ်လစီကို လေ့လာတတ်ပါတယ်။ အစိုးရရဲ့ ပေါ်လစီက နှစ်မျိုးပဲ ရှိတယ်။ ဒီနေ့ တစ်မျိုး မနက်ဖြန် တစ်မျိုး ဆိုရင်တော့ ဘယ်သူမှ လာပြီး ရင်းနှီးမြှုပ်နှံချင်မှာ မဟုတ်ပါဘူး။ အစိုးရ ဌာနတွေမှာ လာဘ်ပေးလာဘ်ယူ ကင်းရှင်းတာကလည်း ရင်းနှီးမြှုပ်နှံမှုကို တိုးပွားဖို့ အထောက်အကူ ပေးပါတယ်။ တစ်ချို့သော နိုင်ငံခြား ကုမ္ပဏီတွေရဲ့ စည်းကမ်းမှာ ဘယ်လို အကြောင်းနဲ့ပဲ ဖြစ်ဖြစ် လာဘ်မပေးရ ဆိုပြီး စီးပွားရေး လုပ်ငန်းဆိုင်ရာ ကျင့်ဝတ် (Business Ethics) အနေနဲ့ ကန့်သတ်ထားတာတွေ ရှိပါတယ်။ အဲဒီလို ကုမ္ပဏီမျိုးဟာ အာရ်ကေပေးမှ ရင်းနှီးမြှုပ်နှံလို့ ရမယ် ဆိုတဲ့ နိုင်ငံကို ဘယ်တော့မှ လာမှာ မဟုတ်ပါဘူး။

နောက်တစ်ခုကတော့ ဘာရည်ရွယ်ချက်နဲ့ လာပြီး ရင်းနှီးမြှုပ်နှံသလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သိဖို့လိုပါတယ်။ သူ့နိုင်ငံမှာ စက်ရုံဆောက်ရင် ပတ်ဝန်းကျင် ညစ်ညမ်းမှာ စိုးလို့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှာ စိုးလို့ ကိုယ့်နိုင်ငံမှာ စက်ရုံလာဆောက်တယ် ဆိုရင်တော့ အဲဒီလို ကုမ္ပဏီမျိုးကို လက်မခံဖို့ လိုပါတယ်။ အဲဒီလို ကုမ္ပဏီမျိုးကို လက်ခံရင် လတ်တလော ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးနိုင်ပေမယ့် အနာဂတ်မှာ ကိုယ့်နိုင်ငံသားတွေ အတွက် နစ်နာစရာ အများကြီး ဖြစ်လာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံမှာ စီးပွားရေး စနစ်က တံခါးတကယ် ပွင့်လာခဲ့ရင် ကိုယ့်ရှေ့က လုပ်သွားတဲ့ နိုင်ငံတွေ ဆီကနေ တစ်စိတ်ပဲ ဖြစ်ဖြစ် တစ်ဝက်ပဲ ဖြစ်ဖြစ် သင်ခန်းစာယူနိုင်မယ် ဆိုရင်တော့ သူတို့ မှားခဲ့တဲ့ အမှားတွေကို ထပ်မမှားဘဲ ရှောင်နိုင်မှာပဲ ဖြစ်ပါတယ်။

3 comments:

Rita said...

ဒါမ်ိဳး မ်ားမ်ားေရးပါ

Phyo Maw said...

Texas Instrument က လူတွေ လက်ရှိလုပ်နေတဲ့ Micron မှာလာပုံနေကြတာ ကလိုကြောင့်ကိုး XD

စော(အဝါရောင်မြေ) said...

လေးဖြူလား၊ အာဇာနည်လား ?