ကျွန်တော့်မှာ ခြေထောက်ဗွေပါလာလို့ ဟိုနိုင်ငံသွား ဒီနိုင်ငံသွား လုပ်နေရပေမယ့် မြန်မာပြည်နဲ့ အနီးဆုံး ဖြစ်တဲ့ ထိုင်းကိုတော့ တစ်ခါမှ မရောက် ဖြစ်ပါဘူး။ ထိုင်းက စက်ရုံကို ပို့ဖို့ စက်တွေ လုပ်ဖူး ပေမယ့်လည်း ပြီးခါနီးမှ တခြား ပရော့ဂျက် ပြောင်းလုပ်ရတာမို့ မသွားဖြစ်၊ ထိုင်းကို ပို့ဖြစ်တဲ့ စက် ကျပြန်တော့လည်း သဘောတွေကောင်းပြီး ဘာပြဿနာမှ မရှိတာမို့ မသွားဖြစ်ဘဲ ကပ်ပြီး လွဲနေပြန်ပါတယ်။ ဒီလိုနဲ့ နိုင်ငံခြား ရောက်တာ ဆယ်စုနှစ် တစ်ခုနီးပါး ရှိမှ ဘန်ကောက်ကို သွားဖို့ အရေးတကြီး ကိစ္စ ပေါ်လာပါတယ်။ ကျွန်တော့် ရည်းစား ထိုင်းမှာ ကျောင်းလာတက်တာမို့ သူ့ဆီ သွားလည်ဖြစ်တာပါ။ :D
ဘန်ကောက်ရောက်ပြီး နောက်တစ်နေ့ ကျွန်တော့် ရည်းစားက သူ့ လက်ပ်တော့ပ် မှာ ဝိုင်ယာလက်စ် သုံးမရလို့ ဆိုပြီး ကျွန်တော့်ကို ပြင်ခိုင်းပါတယ်။ ကျွန်တော်လည်း တတ်သည့် ပညာ မနေသာ ဆိုသလို ဉာဏ်နီ ဉာဏ်နက် တွေ အကုန် ထုတ်ပြီး ပြင်ပေမယ့်လည်း ကောင်းမလာ ပါဘူး။ အဲဒါကြောင့် ဝိုင်ယာလက်စ် အဒပ်ပတာ တစ်ခု ဝယ်တတ်ပြီး သုံးဖို့ စီစဉ်ကြပါတယ်။
ဒီလိုနဲ့ ကျွန်တော်တို့ နှစ်ယောက် ဘန်ကောက်မြို့ထဲ သွားရင်း လျှပ်စစ်ပစ္စည်းတွေ ရောင်းတဲ့ ပလာဇာ တစ်ခုဘက်ကို ခြေဦးလှည့်ခဲ့ကြပါတယ်။ ဘာပလာဇာလဲတော့ နာမည် မမှတ်မိ ပါဘူး။ ပလာဇာပေါ်မှာတော့ ဟင်းန်းဖုန်း အပိုပစ္စည်း ရောင်းတဲ့ဆိုင်တွေပဲ တွေ့ရ ပါတယ်။ ဒါပေမယ့် ရှာဖွေလေ တွေ့ရှိလေ ဆိုတဲ့ အတိုင်း နောက်ဆုံးမှာတော့ ကွန်ပျူတာ ပစ္စည်းဆိုင်ကို သွားတွေ့ပါတယ်။ ဝိုင်ယာလက်စ် အဒပ်ပတာ ရှိသလား မေးတော့ ဆိုင်က ဘွားတော်က အဒပ်ပတာ တစ်ခု ထုတ်ပြပါတယ်။ ဘယ်လောက်လဲ မေးတော့ ကယ်ကူလေတာကြီး ထုတ်ပြီး ဘတ် ၁၀၀၀ လို့ နှိပ်ပြပါတယ်။ ကျွန်တော့်မှာ ကိုတီဇက်အေရဲ့ ဘန်ကောက် ခရီးစဉ် အစအဆုံး အပါအဝင် ဘလော့ခ်တွေ လှည့်ပတ်ဖတ်ထား တာမို့ ဘန်ကောက်မှာ ဈေးဆစ်ပြီး ဝယ်ရမယ် ဆိုတာတော့ သိထားပါတယ်။ အဲဒါနဲ့ ကျွန်တော့် ရည်းစားကို ဈေးဆစ်ဖို့ လှမ်းပြောလိုက် ပါတယ်။ သူက ကယ်ကူလေတာမှာ ၇၅၀ နှိပ်ပြတော့ ဟိုက ဝမ်းသာအားရနဲ့ ယူသွားလို့ ဆိုပါတယ်။ အဲဒီအချိန်ကျမှပဲ ခေါင်းထဲက ကယ်ကူလေတာက အလုပ်လုပ်ပါတယ်။ စင်ကာပူမှာတောင် ဝိုင်ယာလက်စ် အဒပ်ပတာ တစ်ခု ဒေါ်လာ ၂၀ လောက် ရှိတာမို့ ဘန်ကောက်မှာ ဒေါ်လာ ၃၀ ကျော် ကျတယ် ဆိုတော့ ကျွန်တော်တို့တော့ ဈေးတင်ရိုက်ခံ လိုက်ရပြီ ဆိုတာ သိလိုက်ပါတယ်။ ဒါပေမယ့်လည်း ဈေးက ကိုယ်ဆစ်ထားတဲ့ ဈေးမို့ အောင့်သက်သက်နဲ့ပဲ ဘတ် ၇၅၀ ပေးပြီး အဒပ်ပတာကို ယူလာခဲ့ကြပါတယ်။
ကျွန်တော် ဘန်ကောက် ရောက်တဲ့ အချိန်က ကဆုန်လပြည့်နေ့ ဝန်းကျင်ပါ။ လပြည့်နေ့နဲ့လည်း ကြုံနေတာမို့ ကျွန်တော်တို့ မြဘုရားကို သွားဖို့ စီစဉ်ပါတယ်။ သူတို့ ကျောင်းကနေ ဘတ်စ်ကား စီးရင် မြို့ထဲက အနုဆာဝါရီ ဒါမှမဟုတ် Victory Monument ခေါ်တဲ့ ကျောက်တိုင် နေရာကို ရောက်ပါတယ်။ ကျွန်တော်တို့ သွားစရာ ရှိရင် အဲဒီနေရာကို ကားစီးပြီးမှ အဲဒီကနေ တခြားနေရာကို ကားပြန်စီး ကြပါတယ်။ အကြောင်းကတော့ တခြားမှတ်တိုင်ကနေ ကားပြောင်း မစီးတတ်လို့ပါ။ ဒီလိုနဲ့ နှစ်ယောက်သား လမ်းညွှန်စာအုပ် တစ်အုပ်နဲ့ မြို့ထဲ ရောက်လာကြပါတယ်။ အနုဆာဝါရီ ရောက်တော့ လမ်းညွှန်စာအုပ်ထဲက ပါတဲ့ ဘတ်စ်ကားနံပါတ်ကို ရှာတွေ့တာမို့ အဲဒီကားကို တက်စီး ခဲ့ပါတယ်။ ဒါပေမယ့် လမ်းညွှန်စာအုပ်က ဘတ်စ်ကား နံပါတ်ကိုပဲ ညွှန်ထားတာပါ။ ဘယ်နှစ်မှတ်တိုင် စီးရမယ်လို့ ညွှန်မထားပါဘူး။ အဲဒါကြောင့် နှစ်ယောက်သား ဟိုကြည့်ဒီကြည့်နဲ့ ဘတ်စ်ကားပေါ်ကနေ မြဘုရား ကို ရှာလာကြပါတယ်။ ဒီလိုနဲ့ ကားစီးလာကြရင်း လမ်းကျတော့ အချွန်တွေ အတက်တွေနဲ့ အဆောက်အဦး အကြီးကြီး တစ်ခု တွေ့ပါတယ်။ မြဘုရားကို တွေ့ပြီမို့ နှစ်ယောက်သား အဲဒီ အနားက မှတ်တိုင်မှာ ကားပေါ်က ဆင်းခဲ့ကြပါတယ်။
မြန်မာပြည်မှာ ရွှေရောင်နဲ့ ဘုရားမြင်တိုင်း ရွှေတိဂုံဘုရား မဟုတ်သလို ထိုင်းမှာလည်း အချွန်အတက်နဲ့ အဆောက်အဦး မြင်တိုင်း မြဘုရား မဟုတ်ဘူး ဆိုတာကို ကားပေါ်က ဆင်းပြီးမှ သဘောပေါက်လိုက် ပါတယ်။ ဘာ အဆောက်အဦးကြီးလဲတော့ မသိပါဘူး။ မြဘုရား မဟုတ်တာတော့ အသေအချာပါပဲ။ မှားမှန်း သိပြီးတော့မှ နောက်ထပ် ဘတ်စ်ကား ထပ်မစောင့်ချင် တော့တာနဲ့ တက္ကစီနဲ့ပဲ ဆက်သွားမယ်လို့ သဘောတူ ကြပါတယ်။ အဲဒါနဲ့ လမ်းမပေါ်လာတဲ့ တက္ကစီ တစ်စီး တားလိုက်ပါတယ်။ တက္ကစီပေါ်ရောက်တော့ တက္ကစီသမားကို အီမာရယ်လ် ဗုဒ္ဓကို သွားချင်တယ်လို့ ပြောတော့ သူက ကျွန်တော်တို့ကို ထိုင်းလို ကွိစိကွစ တွေ ပြန်ပြောပါတယ်။ နောက်တစ်ခေါက် ထပ်ပြောတော့လည်း ကွိစိကွစ လုပ်ပြန်ပါတယ်။ အဲဒီတော့ သူ ကျွန်တော်တို့ပြောတာ နားမလည်ဘူးလို့ ကောက်ချက်ဆွဲ လိုက်လို့ ရပါတယ်။ လက်ဟန်ခြေဟန်နဲ့ ပြောရအောင်လည်း မြဘုရားကို ဘယ်လို ပုံသဏ္ဍာန် ပြရမှန်း စဉ်းစား မရပါဘူး။ နောက်မှ လမ်းညွှန်စာအုပ်ကို သွားသတိရပါတယ်။ လမ်းညွှန်စာအုပ်ကို ဖွင့်ပြီး မြဘုရားပုံ ပြတော့မှ တက္ကစီ မောင်းတဲ့သူက အိုကေလို့ ဆိုပါတယ်။
မြဘုရားရောက်တော့ သူက ကျွန်တော်တို့ကို တံခါးပေါက် တစ်ခုနား ကားရပ်ပေးပါတယ်။ ပိုက်ဆံရှင်းပြီး တံခါးပေါက်ကနေ အထဲဝင်လာတော့ ကျွန်တော့် ရည်းစားက တစ်ခုခု မှားနေပြီလို့ ပြောပါတယ်။ ဘာဖြစ်လို့လဲ မေးတော့ အရင်က မြဘုရားထဲ ဝင်ရင် ပိုက်ဆံ ပေးရတယ်။ အခု ဘယ်သူမှလဲ ပိုက်ဆံ မတောင်းကြဘူးလို့ သူက ကျွန်တော့်ကို ပြောပါတယ်။ အထဲဝင်လာတော့ ဘုရားကတော့ မမှားပါဘူး။ မြဘုရားပါပဲ။ ဒါပေမယ့် တံခါးပေါက်ကတော့ တိုးရစ်စ်တွေ ဝင်နေကျ တံခါးပေါက် မဟုတ်ပါဘူး။ မြဘုရားမှာ တိုးရစ်စ်တွေက ပင်မ တံခါးပေါက်ကြီးက ဝင်လေ့ ရှိပါတယ်။ အဲဒီမှာ တိုးရစ်စ်တွေ အတွက် ဝင်ကြေးကောက်တဲ့ နေရာရှိပါတယ်။ ကျွန်တော်တို့ကို တက္ကစီသမား ရပ်ပေးတဲ့ နေရာက တံတိုင်းဘေး ဝင်ပေါက်မို့ အဲဒီမှာ ဝင်ကြေးကောက်တဲ့သူ မရှိပါဘူး။ အဲဒီထိပ်က လုံခြုံရေးကလည်း ကျွန်တော်တို့ကို ထိုင်းရုပ်နဲ့ တူလို့ ထင်ပါတယ်။ ဘာမှ မပြောလိုက်ပါဘူး။ ဒါပေမယ့်လည်း ဘုရားလာပြီးမှ ဝင်ကြေးမပေးဘဲ ဝင်ရတာ ဘတ်ကီးရိုက်သလို ခံစားရလို့ စိတ်မသန့်တာမို့ ရှေ့ပေါက်က ပြန်ထွက် ဝင်ကြေးပေးပြီးမှ တစ်ခါ ပြန်ဝင်ကြပါတယ်။
ရည်းစားနဲ့ သွားတဲ့ အကြောင်းရေးတော့ ရိုမန်တစ် တဲ့ အကြောင်းလည်း ပါမှ ဖြစ်ပါဦးမယ်။ ဘန်ကောက်မှာ ဘာလုပ်ရင် ရိုမန်တစ် မလည်း လိုက်ရှာကြည့်တော့ ကျောက်ဖယားမြစ်ထဲ လှေစီးရင် ရိုမန်တစ်ဖြစ်မယ် ဆိုတဲ့ အဖြေရပါတယ်။ ဒီလိုနဲ့ တစ်ခေါက်တော့ ကျွန်တော်တို့ ကျောက်ဖယားမြစ်ထဲ လှေစီးဖို့ ထွက်လာခဲ့ကြ ပါတယ်။ အချိန်က ညနေစောင်းပါ။ ကားတစ်တန် ရထားတစ်တန်နဲ့ လာခဲ့ကြရင်း နောက်ဆုံးတော့ လှေဆိပ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ပါတယ်။ လှေပေါ်တက်လာတော့ ကျွန်တော်တို့ နှစ်ယောက်ကို အားလုံးက အထူးအဆန်း အနေနဲ့ ကွက်ကြည့်ကွက်ကြည့် လုပ်နေကြပါတယ်။ နိုင်ငံခြားသားမှန်း သိလို့ ကြည့်တာလား ဘာလားတော့ စဉ်းစားလို့ မရပါဘူး။ ဒီလိုနဲ့ပဲ ခဏနေတော့ သင်္ဘော စပယ်ယာက ပိုက်ဆံ လာတောင်းလို့ ပေးလိုက်ပါတယ်။
လှေထွက်တော့ လှေက မြစ်ကြောင်းအတိုင်း မထွက်ဘဲ မြစ်ကြောင်းကို ကန့်လတ်ဖြတ်ကြီး ထွက်သွား ပါတယ်။ ကျောက်ဖယားမြစ်ထဲမှာ လှေဆိပ်တွေက ဟိုဘက်ကမ်း ဒီဘက်ကမ်း ရှိတာဆိုတော့ ဟိုဘက်ကမ်းမှာ လူသွားတင် မလို့လို့ စိတ်ထဲမှာ ထင်လိုက်ပါတယ်။ ဒါပေမယ့် ဟိုဘက်ကမ်းရောက်တော့ လှေပေါ်မှာ ရှိသမျှ လူ အားလုံး ဆင်းသွားကြပါတယ်။ အဲဒီတော့မှ ကျွန်တော်တို့ စီးလာတဲ့ လှေက မြစ်ကြောင်းတလျှောက် သွားတဲ့ လှေမဟုတ်ဘဲ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းကို ကူးတဲ့ ဇက်သင်္ဘောလို လှေမျိုး ဆိုတာကို သဘောပေါက်လိုက် ပါတယ်။ ပုံမှန် နေ့လည်ပိုင်းဆိုရင် ကျောက်ဖယားမြစ်ထဲမှာ စုန်ဆန်သွားနေတဲ့ သင်္ဘောတွေ ရှိပေမယ့် ည ၇ နာရီလောက် ဆိုရင် မရှိတော့ဘူး ဆိုတာ ကျွန်တော်တို့ မသိခဲ့ ပါဘူး။ ဒီလိုနဲ့ပဲ ဟိုဘက်ကမ်းကနေ ဒီဘက်ကမ်းကို လှေနဲ့ ပြန်ကူးခဲ့ရင်း ရိုမန်တစ် လှေစီး ခရီးစဉ်ပြီးဆုံးသွားခဲ့ပါတယ်။
6 comments:
ခံလိုက်၇တာချည်းပဲ...။
အဲ့လိုလဲ ကောင်းပါတယ်..
အခုတော့ ပို့စ်အနေနဲ့ဖတ်ရတာပေါ့..။
ပေါက်
သရဲအကြောင်းလေး ဘာလေးရှိရင်လည်း ရေးပါအုံး ...း)
မွေးနေ့မှာ ပန်းစည်းပေးဖို့ လိန်မြန်ကြီးစီးသွားတာက နောက်တစ်ခေါက်လား....
မပေါက် -> ဖတ်တဲ့သူ ရှိတာပဲ တော်လှပါပြီ။
ကိုအောင် -> ဂရုထဲမှာ ပြောထားသမျှ အကုန်ပဲ။
မမစင် -> ဟုတ်ပါ့။
အဲဒီ ရည်းစားဆိုတာနဲ့ အခုမိန်းမနဲ့ မတူဘူးလားဟင် ... တစ်ယောက်ထဲလား .. သတ်သတ်စီလား .. ဒါမှမဟုတ်
မယူရသေးတော့ ရည်းစားပေါ့။ အတူတူပါပဲ။ မတူရင် တည့်တည့် မရေးပါဘူး။ :D
Post a Comment