Search This Blog

Thursday, February 28, 2008

နှင်းပွင့်တွေကြားက ဖေဖော်ဝါရီ (၁)




ပြတင်းပေါက်မှ မျှော်ကြည့်လိုက်သောအခါ ဆွတ်ဆွတ်ဖြူနေသော နှင်းများကို မျက်စိတဆုံး မြင်နေရသည်။

အိမ်ခေါင်မိုးများပေါ်တွင် နှင်းလွှာထု က အထပ်လိုက် ကပ်ညိနေ ရုံသာမက မြေပြင်ပေါ်တွင် လည်း နှင်းထုက လွှမ်းခြုံထားသည်။

နှင်းရိုက်ခတ်သော ဒဏ်ကြောင့် သစ်ပင်တို့မှာ အရိုးပြိုင်းပြိုင်းသာ ကျန်ရစ်ပြီး ကျန်ရစ်နေသော သစ်ရွက်များပေါ်တွင် နှင်းဖတ်တို့က ကပ်ညိတွဲခို နေကြသည်။

ဒီနေ့ အလုပ်အားရက်ဖြစ်သဖြင့် အပြင်သွားရန် စီစဉ်ထားသည်။

စားပွဲပေါ်မှ ကျောပိုးအိတ်ကို လွယ်ရင်း ကျွန်တော်၏ တစ်နေ့တာ ခရီးစဉ်စတင်လိုက်သည်။

ဟိုတယ်တွင် ဒီနေ့ ဧည့်သည်များများစားစား မရှိပါ။ ယခုအချိန်သည် အားလပ်ရက် ခရီးထွက်သည့်ရာသီမဟုတ် သဖြင့် အလုပ်ကိစ္စဖြင့် လာရောက်ကြသူများသာ ဟိုတယ်တွင် တည်းခိုကြသည်။ ဥရောပတွင် စနေ တနင်္ဂနွေ နေ့များတွင် အလုပ်လုပ်သူအားလုံး အိမ်ပြန်လေ့ရှိကြပါသည်။ ထို့ကြောင့် ဟိုတယ်တွင် ခရီးဝေးမှလာသော ကျွန်တော့်လို ဧည့်သည်မျိုးမှ အပ များများစားစား မကျန်ခဲ့ပါ။

ဟိုတယ်အပြင်ဘက်ရောက်တော့ ပိုလန်ဆောင်း၏ အေးစိမ့်သော လေညင်းက ကျွန်တော့်ကို ခိုက်ခိုက်တုန်သွားအောင် ဆီးကြို နှုတ်ဆက်လိုက်သည်။

ကျွန်တော် အနွေးထည်အင်္ကျီမှ ခေါင်းစွပ်ကို စွပ်ပြီး လည်ပင်းဖုံးအောင် ဇစ်တပ်လိုက်သည်။

တစ်ကိုယ်လုံးနွေးထွေးသွားသလို ခံစားရသော်လည်း လွတ်နေသော ကျွန်တော်၏ မျက်နှာကို လေအေးကြမ်း က ရိုက်ခတ်ကျီစယ်နေသေးသည်။

လမ်းမပေါ်တွင် တင်ကျန်ခဲ့သော နှင်းတွေကြားမှာ လမ်းလျှောက်ရခြင်းသည် ကျွန်တော့်အတွက် ထူးခြားသော ခံစားမှုတစ်မျိုးပင် ဖြစ်သည်။ နှင်းများပေါ်တွင် ကျွန်တော်၏ ဖိနပ်ရာက ကွက်ကွက်ကွင်းကွင်း ထင်ကျန်ခဲ့သည်။

ကျွန်တော် အခုရောက်ရှိနေသော နေရာမှာ ပိုလန်နိုင်ငံ ဂဒိုင့်(စ်)(Gdansk) မြို့နှင့် မနီးမဝေးတွင် ရှိသော ဆွာ့စ်ကီး (Pszczolki) ဆိုသည့် တောမြို့ကလေး တစ်မြို့ ဖြစ်သည်။

သူတို့ဆီတွင်တော့ ဒီနေရာ ကို ကျေးရွာ ဟုခေါ်လေသလားမသိပါ။

ဤအရပ်တွင် အဆောက်အဦး မြင့်မြင့်မားမားမရှိ။ လေးထပ်တိုက်သည် အမြင့်ဆုံး ဖြစ်မည်ထင်သည်။ တစ်ထပ်နှင့် နှစ်ထပ်အိမ်များကို သာ အများအပြားတွေ့ရသည်။

ဟိုတယ်မှ လမ်းနှစ်ဆစ်ချိုးလောက် လျှောက်ပြီးနောက် ရထားစီးရမည့် ဘူတာရုံ ကလေးသို့ ရောက်ခဲ့သည်။




ဘူတာရုံကလေးမှာ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် တွေ့နေကျ အင်္ဂလိပ်ခေတ်က အဆောက်အဦး ကလေးများ နှင့် အလားသဏ္ဌန်တူသည်။

သို့သော် အအေးလွန်၍ နှင်းကျသော အရပ်ဒေသတွင် ဆောက်လုပ်ထားသော အဆောက်အဦး ဖြစ်သဖြင့် နှင်းများတင်မကျန်ရစ်စေရန် ရည်ရွယ်ထားသော အမိုးချွန်ချွန်များနှင့် မီးလင်းဖိုမှ မီးခိုးခေါင်းတိုင်များကို တွေ့မြင်နေရသည်။

အနီရောင်အုတ်တို့ က အဆောက်အဦးကလေး ၏ ဂန္တဝင်ဆန်အောင် ကူညီပံ့ပိုးထားသကဲ့သို့ပင် ဖြစ်သည်။

ကျွန်တော် ဘူတာရုံအတွင်းသို့ လှမ်းဝင်၍ ရထားအချိန်ဇယားကို ဖတ်ကြည့်မိသည်။

ကျွန်တော်စီးမည့်ရထားက နောက်မိနစ်နှစ်ဆယ်ခန့် အကြာတွင် လာမည်ဖြစ်သည်။ ရထားအချိန်ဇယား၏ နောက်ဖက်မှ လက်မှတ်ရောင်း ကောင်တာတွင် ကျွန်တော်သွားချင်သော ဂဒိုင့်စ် ဂလော်နီ(Gdansk Glowny) ဘူတာ၏ နာမည် ကို ပြော၍လက်မှတ်တစ်စောင်ပေးရန် ပြောလိုက်သည်။ ပိုလန်စာလုံးပေါင်းကို ကျွန်တော် အသံထွက်သည် ကို သူတို့ နားမလည်ပါ။ ကျွန်တော် ပိုလန်ရှိမြို့အမည်များတွင် ဝါဆော (Warsaw) မှလွဲ၍ ကျန်သော မြို့အမည် ဟူသမျှကို သူတို့ နားလည်အောင် အသံမထွက်တတ်။

ပိုလန်နိုင်ငံသား ဋ္ဌာနေကိုယ်စားလှယ်ပေးလိုက်သော ရထားအချိန်စာရင်း လမ်းညွှန်စာရွက်ပါ၍သာ တော်တော့သည်။ သွားချင်သော မြို့အမည်ကို ရထားအချိန်စာရင်း စာရွက်ပေါ်တွင် ထောက်ပြသော အခါကျွန်တော့်ကို လက်မှတ်တစ်စောင် ထုတ်ပေးသည်။

ပိုလန်ငွေနှင့် ၆ ဇွာတာ (zloty) ခန့်ကျသဖြင့် ယူရို နှင့် ပြန်တွက်လျှင် ၂.၄ ယူရိုခန့်မျှ ကုန်ကျမည်ထင်သည်။ ကျွန်တော် လက်မှတ်ကလေးကို ကိုင်၍ ရထားပလက်ဖောင်း ဘက်သို့ ထွက်ခဲ့သည်။

1 comment:

Anonymous said...

ကိုဇက်တီ

ကျွန်မရုံးက သင်တန်းအတွက်နဲ့ ပိုလန်ကိုသွားရမယ်ဆိုရင် သိချင်တာလေးတွေ မေးချင်ပါတယ်နော်။ သိပ်မသေချာသေးပေမယ့်လည်း ကြိုပြီး စိတ်ကူးယဉ်ထားချင်လို့ပါ။

nyanya