Search This Blog

Tuesday, April 21, 2009

လုပ်ငန်းခွင်မှာ နေရာယူနည်း

ကုမ္ပဏီတွေမှာ အရွယ်အစားကြီးလာတာ နဲ့အမျှ ကိုယ့်ရဲ့ အရည်အချင်းကို ပေါ်လွင်အောင် ပြဖို့ ပိုပြီး ခဲယဉ်းလာ ပါတယ်။ အဲဒီတော့ ဒါရိုက်တာလို၊ VP လို ရာထူးမျိုးတွေ ကို မှန်းတဲ့ သူတွေအတွက် သူများထက် ပိုပြီး ခေါင်းတစ်လုံးမက သာနိုင်အောင် လုပ်ဖို့ လိုပါတယ်။ ကိုယ့်အနားမှာ ရှိတဲ့သူတွေကို နင်းကျော်ခွပြီး တက်နိုင်ပါမှ အထက်ကို ရောက်ပါလိမ့်မယ်။ ကျွန်တော် အခု ပြောချင်တဲ့ အချက်တွေ ကတော့ အဲဒီလို လူမျိုးတွေ သတိထားသင့်တဲ့ အချက်တွေ ပါပဲ။

ပထမဆုံးအချက် အနေနဲ့ နည်းပညာပိုင်းမှာ သူလိုငါလိုထက် ပိုပြီး မသိဖို့ လိုပါတယ်။ နည်းပညာ ပိုင်းမှာ ကိုယ်က သူများထက် ပိုပြီး ထူးချွန် နေမယ် ဆိုရင် ကိုယ့်ဘော့စ်က “ဒီကောင့်ကို ရာထူး တိုးပေးလိုက်ရင် ဒီကောင့်နေရာမှာ နောက်တစ်ယောက် အစားထိုးဖို့ ခက်မယ်။” ဆိုပြီး ရာထူးတိုးပေးဖို့ တွန့်နေ ပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်က နည်းပညာပိုင်းမှာ သူလိုငါလို ဖြစ်နေမယ် ဒါမှမဟုတ် သူများထက် ညံ့နေမယ် ဆိုရင်တော့ “ဒီကောင့်ကို ဒီနေရာမှာ ထားလည်း သုံးလို့ရမှာ မဟုတ်ဘူး။ မြန်မြန် ရာထူး တိုးပေး လိုက်တာ အေးတယ်။” ဆိုပြီး ရာထူး မြန်မြန် တိုးပေး ပါလိမ့်မယ်။

နောက်တစ်ချက် အနေနဲ့က ကြမ်းပိုးကို လက်ထဲမှာ ကိုင်ပြပြီး အဲဒါ လိပ်ပါဆိုတာကို ကိုယ့်လက်အောက် ငယ်သားတွေ သဘောပေါက်အောင် ရှင်းပြနိုင်တဲ့ အရည်အချင်း ရှိရပါမယ်။ အဲဒီလို ရှင်းပြတဲ့ အခါမှာလည်း “ဒီမှာ ကြည့်ကွာ။ ခြေထောက် တွေနဲ့။ နွားလည်း မဟုတ်ဘူး။ ဆိတ်လောက်လည်း အရွယ်မကြီးဘူး။ ကျောကုန်းကလည်း ခုန်းသေးတယ်။ ဒါမှ လိပ်မဖြစ်ရင် ဘယ်ဟာက လိပ်ဖြစ်တော့မလဲ။” စသည်ဖြင့် ကိုယ်လိုတဲ့ အချက်ကို ဆွဲပြီး ပြောတတ်ဖို့က ပိုအရေးကြီးပါတယ်။ ကိုယ့်လက်အောက် ငယ်သားတင်သာ မကပဲ ကိုယ်နဲ့ အမြဲ ဆက်ဆံနေတဲ့ ဝယ်သူ တွေကိုလည်း နားဝင်အောင် ပြောတတ်ရပါမယ်။

အဲဒီတော့ နောက်တစ်ချက် အနေနဲ့ အသံကျယ်ဖို့ လိုအပ် လာပါတယ်။ ဒါမှ ကိုယ့် လက်အောက် ငယ်သား တွေကို ကြမ်းပိုးကို လိပ်ဖြစ်ကြောင်း ရှင်းပြတဲ့ အခါမှာ လက်ခံအောင် ရှင်းပြဖို့ ပိုပြီး လွယ်ပါလိမ့်မယ်။ “ဒါလိပ်ကွ။ လိပ်။ လိပ်မဟုတ်ဘူး ဆိုတာ လက်မခံလို့ကို မရဘူး။” ဆိုတာမျိုးကို အသံကျယ်ကျယ်နဲ့ အော်ဟစ်ပြောနိုင်ရင် ကိုယ့်လက်အောက် ငယ်သားက လက်မခံချင်ရင် တောင်မှ နားငြီး သက်သာရင် ပြီးရော ဆိုပြီး လက်ခံသွား နိုင်ပါတယ်။

နောက်တစ်ချက် လိုအပ်တာ ကတော့ မေ့တတ်ရပါတယ်။ ဒါမှလည်း စကားကို ဒီနေ့တမျိုး မနက်ဖြန် တမျိုး ပြောလို့ ရပါမယ်။ ပထမနေ့က ကြမ်းပိုးကို လိပ်လို့ ပြောခဲ့ပေမယ့် နောက်တစ်နေ့ လိုအပ်လာရင် ပြန်ပြောင်း ပြောလို့ ရပါမယ်။ “မင်းတို့ကို လိပ်လို့ ဘယ်သူ ပြောသလဲကွ။ ဒါကြမ်းပိုးကွ။ အရှင်းကြီး။ ဒီလောက်လေး တောင်မှ မသိဘူးလား။” ဆိုတဲ့ လေသံမျိုးနဲ့ မနေ့က ပြောခဲ့တာ ကိုယ်ပဲ မဟုတ်သလို မေ့ချင်ယောင်ဆောင် (ရူးချင်ယောင်ဆောင်ပြီး) ပြောတတ် ရပါတယ်။

နောက်ဆုံး မတတ်သာလို့ ကိုယ်တာဝန်ယူ ရတော့မယ့် အခြေအနေ ရောက်ရင် ကိုယ့်ကြောင့် အမှားဖြစ်တာ မဟုတ်သလို လက်အောက်ငယ်သားကို လွှဲချတတ်ရပါတယ်။ ဝယ်သူက သူ ရလိုက်တာဟာ လိပ်မဟုတ်ဘူး ကြမ်းပိုး ဖြစ်နေတယ်လို့ ကိုယ့်ကို ပြသနာ ရှာလာခဲ့မယ် ဆိုရင် “ ဟုတ်တယ်။ ဒါမဖြစ်သင့်ဘူး။ ကျွန်တော့် လက်အောက်က ကောင်တွေ အစကတည်းက တလွဲတွေ တင်ပြ လာခဲ့လို့ မဖြစ်သင့်တာတွေ ဖြစ်ရတာပါ။ နောက်ကို ဒီလို မဖြစ်စေရဘူး။ ဒီကောင်တွေကို ပြင်းပြင်းထန်ထန် သတိပေး ပြီးပါပြီ။ ” အစချီပြီး ပြသနာဟာ ကိုယ့်ကြောင့် ဖြစ်ရပေမယ့် ကိုယ့်လက်အောက် ငယ်သားကြောင့် ဖြစ်ရသလို အပြစ်ကို လွှဲချတတ် ရပါတယ်။

နောက်တစ်ပိုင်း အနေနဲ့ ရုံးမှာ ရှိနေတဲ့ အချိန် လိုက်နာရမယ့် အချက်တွေပါ။ ပထမ အချက်က စားပွဲကို အမြဲတမ်း ဖွထားဖို့ လိုပါတယ်။ စားပွဲရှင်းနေရင် အလုပ်မလုပ်ဘူး လို့ အထင်မှား သွားနိုင်ပါတယ်။ စားပွဲက ပွနေရင်တော့ အလုပ်တွေ အရမ်းရှုပ် နေတယ်လို့ နည်းနည်းပါးပါးတော့ အမြင်မှား သွားနိုင်ပါတယ်။

ရုံးမှာ ဖုန်းပြောနေတဲ့ အချိန် တရုံးလုံး ကြားအောင် အသံ အကျယ်ကြီးနဲ့ အော်ဟစ် ပြောတတ်ဖို့လည်း လိုပါတယ်။ ဒါမှလည်း ဟုတ်ဟုတ် မဟုတ်ဟုတ် ကိုယ်အလုပ်လုပ် နေကြောင်း ဘော့စ် အပါအဝင် တရုံးလုံး သိနိုင် ပါတယ်။

ရုံးမှာ သူများထက် စောရောက်အောင် လာပြီး နောက်ကျမှ ပြန်ဖို့ကလည်း အရေးကြီးပါတယ်။ အလုပ် မလုပ်ချင်ရင် အင်တာနက် သုံးနေပါ။ ဘလော့ခ်လည်တာ၊ Facebook သုံးတာ အစရှိတာ တွေကို ရုံးမှာပဲ လုပ်ပါ။ ရုံးမှာ အိုင်တီ ဌာနက အဲဒီ ဝက်ဘ်ဆိုက်ဒ် တွေကို ပိတ်ထားတယ် ဒါမှမဟုတ် အင်တာနက် သုံးတာကို အမြဲ စောင့်ကြည့်နေတယ် ဆိုရင် မိုဘိုင်း အင်တာနက် တစ်ခုလောက် ဆောင်ထားပါ။ အိမ်မှာ ကွန်ပြူတာ ရှေ့ထိုင်ပြီး အချိန်ဖြုန်းရမယ့် အတူတူ ရုံးမှာပဲ သုံးပြီး အချိန်ကို ကိုယ့်တက်လမ်း အတွက် အသုံးချပါ။

ညနေဖက် ရောက်လာတဲ့ အီးမေးလ်ထဲက ကိုယ့်ရဲ့ အထက်အရာရှိကို ကော်ပီလုပ်ပြီး ပို့ရမယ့် အီးမေးလ်ကို ချက်ချင်း မပြန်ပါနဲ့။ ရေးပြီးရင် စာကြမ်းအနေနဲ့ သိမ်းထားပါ။ အိမ်ပြန်ရောက်တဲ့ အချိန် ည ၁ နာရီလောက်မှ နှိုးစက်ပေးပြီး စာကြမ်းနဲ့ သိမ်းထားတဲ့ အီးမေးလ်ကို အချိန်ပြောင်းပြီး ပို့ပါ။ ဒါမှ ကိုယ် ညနက်သန်းခေါင် အလုပ်လုပ်နေတယ် ဆိုပြီး လူအထင်ကြီး ခံရနိုင်ပါတယ်။

ဒါတွေကတော့ ကော်ပိုရေးရှင်းတွေမှာ ရာထူးကြီးတဲ့ သူဖြစ်ဖို့ အသုံးဝင်နိုင်တဲ့ အကြံပေးချက် တွေပါ။ ကိုယ့်ဉာဏ်စွမ်း ဉာဏ်စကို အသုံးပြုပြီး လိုအပ်သလို ပြုပြင် အသုံးချပါ။ မလုပ်တတ်လို့ မတော်တဆ အလုပ်ပြုတ် သွားရင်တော့ ကိုယ့်ဘာသာကို အတော် ရိုးသေးတာပဲ ဆိုပြီး ဂုဏ်ယူလိုက်ပါ။

13 comments:

megumi said...

ဟ ဟား၊ ရေလည်မိုက်တယ်။ မှတ်သားထားလိုက်မယ်နော်။ :P :D :)

Phyo Maw said...

မှန်လိုက်လေ... ဒါမျိုးမသိလို့ ITP မှာ လုပ်သမျှ အဟုတ်မထင်ခံလိုက်ရဘူး။ A တောင် တော်တော်တောင်းယူရတယ်။
ကို zt စောစော တင်သင့်တာဗျ။

နေညိုရင့် said...

:D ရေးထားတာ မိုက်တယ်ဗျာ။ ဒါမျိုးတွေ ကြုံဖူးခဲ့ပါတယ်ဗျာ။ အထူးသဖြင့် ငယ်ရွယ်ပြီး လုပ်သက်မရင့်သေးတဲ့သူတွေတော့ အတော်ခံရတယ်။ နောက်တခုက company အသစ်ကို ပြောင်းလာခါစ သူတွေလဲ အနည်းနဲ ့အများ ခံရတတ်တယ်။ အဓိက ကိုယ့်ဘက်က ခိုင်လုံတဲ့အထောက်အထား (ဘာကြီးပဲဖြစ်နေဖြစ်နေ ပြန်ခံငြင်းဖို ့အတွက်) ရှိဖို ့လိုပါတယ်။ အဲဒါဆိုရင် အဲလိုလူမျိုးကို ကောင်းကောင်း ဂျောင်ပိတ်ပြီး တီးလို ့ရပါတယ်။ အဲလိုမှ မလုပ်ဘူးဆိုရင် ဟုတ်ကဲ့ပါ တပည့်ကြီးဖြစ်သွားပြီး အဲဒီလူ ရှေ ့ကိုတက်ဖို ့ ထမ်းပေးသလို ဖြစ်သွားပါလိမ့်မယ်။ သတိထားဖို ့က company သူဌေးက ပါးပါးနပ်နပ် (လူရည်နပ်ပြီး Management & Innovative idea ကိုအဓိက ထားကြည့်တယ်) ဆိုရင် အဲလိုလူမျိုးထက် ပိုပြီး balance ထိန်းနိုင်တဲ့သူကို အမြဲရှာနေတယ် ဆိုတာပါပဲ။

MrDBA said...

ဟီးဟီး ဒါလဲရုံးကနေရေးလိုက်တာဘဲ မဟုတ်လား။ ခုတလေ အဲဒီအကြောင်းကို စဉ်းစားမိနေလို့ ရင်ဘတ်ထဲတန်းထိတယ်။

Cheer!

Ko Boyz said...

ဟုတ်တယ်ဗျာ...။ ဘရောက်ဇာကို တက်ပ်တွေ အများကြီး ဖွင့်ထားတယ်။ အလုပ်နဲ့ ဆိုင်တဲ့ ၀ဘ်က်ဆိုဒ်ကို တစ်ခု နှစ်ခု ဖွင့်ထားတယ်။ ကျန်တဲ့ ၂၈ ခုက ဖေ့ဘွတ်၊ ဂျီမေးလ်၊ နေးတစ်၊ ဘလော့၊ ရာဟူး.. အို အစုံပါပဲ။ အောလ်တာ+ တက်ပ်နဲ့ လက်လှမ်းမီအောင် ချိန်ထားတာ။ နောက်တစ်ခုက ပရိုဂရမ် run ထားတယ်။ ဘော့စ်ဝင်လာရင် ဖတ်ကနဲ အလုပ်နဲ့ ဆိုင်တဲ့ ဆိုဒ်ကို ပြောင်းလိုက်တယ်။ Alt+Tab နှိပ်လိုက်တယ်။ ဖွင့်ထားတဲ့ ပရိုဂရမ်ကို တန်းရောက်ရော။ အီးမေးလ်လား.. ပြောတာ နောက်တောင် ကျနေပြီ။ ပြန်ရမယ့်ဟာ လေးစောင်စလုံး ဆေ့ဗ်လုပ်ထားတယ်။ ညအိပ်ခါနီးမှ ပို့လိုက်မှာ။

ကျွန်တော့်ကြည့်ရေးထားသလား အောက်မေ့ရတယ်။ အသိထဲကများလား၊ ရုံးထဲက များလား မသိဘူး။ ထောက်လှမ်းလိုက်ဦးမှ...။

သီဟသစ် said...

ကိုZT ရေ..
21 ရာစုတက်ကျမ်းဆိုပြီး series လိုက်ရေးသင့်ပါကြောင်း..

JuneOne said...

အလုပ်ပြန်ဝင်ရင် အဲဒီ့ နည်းတွေသုံးကြည့်မယ်။:)

Thant said...

ဟား..ဟား..ဟား.... အော်ပြီးတော့ကိုရယ်ပစ်လိုက်တယ် ။ ကိုZT ရဲ့အထက်ကလူကိုကြည့်ပြီး စိတ်အချဉ်ပေါက်ပေါက်နဲ့ရေးထားတာလား ။ ရုံးမှာလည်း အဲဒီလိုလူမျိုးရှိတယ် ။ "စားပွဲကို အမြဲတမ်း ဖွထားပါ ။ ဘလော့ခ်လည်တာ၊ Facebook သုံးတာ အစရှိတာ တွေကို ရုံးမှာပဲ လုပ်ပါ။အိမ်မှာ ကွန်ပြူတာ ရှေ့ထိုင်ပြီး အချိန်ဖြုန်းရမယ့် အတူတူ ရုံးမှာပဲ သုံးပြီး အချိန်ကို ကိုယ့်တက်လမ်း အတွက် အသုံးချပါ " အဲဒီအကြံပြုချက်တွေကို အတိအကျလိုက်နာပါတယ်လို့ အကြောင်းကြားအပ်ပါတယ် ။ ဟီ ဟိ ။

ကလူသစ် said...

လိုက်တော့ မလိုက်နာဘူး။ တသက်လုံး ဒီလိုလူမျိုးတွေနဲ့ချည်းပဲ ကြုံနေလို့ အော့နှလုံးနာနေတာ။ တနေ့လုံး လေပစ်နေပြီး ရုံးဆင်းချိန်ကျမှ စ အလုပ်လုပ်တဲ့သူမျိုးလဲ ရှိသေးသဗျာ။

T T Sweet said...

ရေးထားတာတွေမှန်လွန်းလို့ သိလှချည်လားဆို ဖတ်ပြီး ပါးစပ်အဟောင်းသားဖြစ်သွားပါတယ်။ ကိုယ်ကအဲလောက်တော့ မဆိုးပါဘူး။ ကိုယ့် အရင်ဘော့စ်က အဲဒီအတိုင်း ... ခုတော့ အလုပ်ထွက်သွားပြီ ....

မိုးခါး said...

ဟီးဟီး ..
ဒါလေးတွေလည်းသိဦးမှနော် :D

ကြည်ဖြူပိုင် said...

ဟားဟားဟား.....အဲဒိလိုပဲ မြည်သံစွဲအလင်္ကာ ထည့်ပြီး ရီလိုက်တော့မယ်။ အရမ်းရီရတယ် ။ သဘောကျတယ်ကွာ

Yan Yan said...

တင်ပြတဲ့သူကလည်းကောင်း

Comment တွေလည်းကောင်း

ဟီးဟီးး ကြိုက်သွားပြီးဗျာ အဟု