Search This Blog

Monday, April 6, 2009

ပန်းရောင် နဲ့ အပြာရောင်

ငယ်ငယ်ကတည်းက ပေါင်းခဲ့တဲ့ တစ်ချို့ သူငယ်ချင်းများနဲ့ ပြန်ဆုံရင် စိတ်ထဲရှိတာ ပွင့်ပွင့်လင်းလင်း ပြောလို့ ရပါတယ်။ ဘာမှ အားနာ နေစရာ မလိုသလို စိတ်ဆိုးမှာလည်း ကြောက်နေစရာ မလိုပါဘူး။ စိတ်ဆိုးတယ် ပြောလည်း ထဆဲလိုက်ရင် ဟီးဟီး ဟားဟားနဲ့ စိတ်ဆိုးပြေသွား တတ်တာ မျိုးပါ။ ဟိုတလောက မဆုံတာကြာတဲ့ သူငယ်ချင်း တစ်ယောက်နဲ့ ဆုံဖြစ်ပါတယ်။ ထုံးစံအတိုင်း ဟိုဟိုဒီဒီ ပြောပြီးတဲ့ နောက်မှာတော့ သူက မေးလာပါတယ်။
“ဟေ့ကောင်။ ပန်းရောင်ကတ်ဒ် လဲပြီးပြီလား။”
“ဟင့်အင်း။ မလဲရသေးဘူး။ လဲဖို့လည်း အစီအစဉ်မရှိဘူး။ ”
“ဘာလို့မလဲတာလဲ။”
“ဖီးလ်မလာလို့ပေါ့ကွ။”
“ဘာကိစ္စ ဖီးလ်မလာရတာလဲ။”
“အမိ နိုင်ငံတော်ကြီးကို အင်မတန်မှ ချစ်မြတ်နိုးလို့ ပေါ့ကွာ။”
ကျွန်တော်က စပ်ဖြဲဖြဲ မျက်နှာနဲ့ ပြန်ဖြေလိုက် ပါတယ်။ ခက်တော့ ခက်နေပြီ။ ကိုယ့် ဘာသာ ကိုယ် မလဲချင်လို့ အပြာရောင် ကဒ်နဲ့ နေတာလည်း မနေရပါလား။ အလကား နေရင်း လာပြီး ခလုတ်တိုက် နေကြတယ်။ စင်ကာပူ မှာ ပန်းရောင် မှတ်ပုံတင် ကတ်ဒ် ကိုင်တဲ့သူက နိုင်ငံသား ဖြစ်ပြီး အပြာရောင် မှတ်ပုံတင် ကတ်ဒ် ကိုင်တဲ့သူ ကတော့ ပီအာရ် ခေါ် အမြဲတမ်း နေထိုင်သူ ဖြစ်ပါတယ်။ အချိန်တွေက ပြောင်းလာပါပြီ။ တစ်ချိန်တုန်း ကတော့ ကျွန်တော်တို့ သူငယ်ချင်းတွေ ထဲမှာ စင်ကာပူ နိုင်ငံသား ခံတဲ့သူကို အထူးအဆန်းလို ဝိုင်းပြောကြ ပေမယ့် အခုတော့လည်း စင်ကာပူ နိုင်ငံသား မခံတဲ့ ကျွန်တော်ကပဲ လူထူးလူဆန်း ဖြစ်နေပါပြီ။

သူက ကျွန်တော့်ကို ပြန်သမ ပါတယ်။
“အမှိုက်ပုံကိုများ ချစ်နေရသေး တယ်ကွာ။”
“သြော်။ ဒါကတော့ကွာ။ အမှိုက်ပုံမှာ မွေးတော့လည်း အမှိုက်ပုံကိုပဲ ချစ်ရမှာပေါ့။ ကိုယ်မွေးတဲ့နေရာက အမှိုက်ပုံ ကိုယ်မှ မရှင်းရင် ဘယ်သူက လာရှင်းမှာလဲ။ နောက်ပြီး မင်းတို့ အမှိုက်ပုံ ထင်နေပေမယ့် ငါမှ မထင်တာကွာ။ ရွှေရောင်လွှမ်းတဲ့ တိုင်းပြည် Golden Land လေကွာ။”
အဲဒီမှာ ထုံးစံအတိုင်း သူက ဓာတ်ပြားဟောင်းကြီး စဖွင့်လာပါတယ်။
“တစ်လ ကို ၁၅၀ တော့ သက်သာတယ်ကွာ။ မင်း ပိုက်ဆံတွေ သိပ်ပေါနေလား။”
ကျွန်တော်တို့ ကျောင်းပြီးခါစက ပီအာရ်ဆိုရင် တစ်လ ဒေါ်လာ ၁၅၀ အခွန်ဆောင် ရပါတယ်။ ထွက်ပြီးသား ဆင်စွယ်တို့ ပြန်ဝင်ရိုး မရှိတဲ့ ထုံးစံအတိုင်း အခုအချိန် အထိလည်း ကျွန်တော်တို့ တစ်လကို ဒေါ်လာ ၁၅၀ နဲ့ ဆောင်နေရတုန်း ပါပဲ။
“၁လ ၁၅၀ဆိုတာ ငါတို့ ဘီယာဖိုး တောင် မရှိဘူး။ မိန်းကလေးတွေ အတွက်လည်း အလှပြင် စရိတ်တောင် မရှိဘူး။ အဲဒီတော့ အမိနိုင်ငံတော်ကြီးကို တစ်လ ၁၅၀ ပေးပြီး ချစ်မြတ်နိုးတယ် လို့ပဲ သဘောထား လိုက်ပါတယ်ကွာ။ ”
အဲဒီလို ကျွန်တော်က ပြန်ပြီး ပြောလိုက်ပါတယ်။ အဲဒီတော့ နောက် ပြောနေကျ ဇာတ်လမ်း တစ်ပုဒ် လာပါတယ်။
“မင်း အိမ် မဝယ်ဘူးလား။”
“ဟင့်အင်း။ ငါ HDB မဝယ်ဘူး။ ကွန်ဒိုမီနီယံ ဝယ်မှာ။ ဟားဟား။”
တမင်သက်သက် ညစ်ပြီး ပြောမှန်းသိတော့ သူငယ်ချင်းက ဆဲပါတယ်။ စင်ကာပူ နိုင်ငံသား အနေနဲ့ HDB လို့ခေါ်တဲ့ အစိုးရ ဆောက်တဲ့ အိမ်ဝယ်ရင် အစိုးရ အိုးအိမ်ဌာနက ပိုက်ဆံချေးလို့ ရတဲ့အတွက် အတိုးနှုန်း သက်သာပါတယ်။ အစိုးရက အိမ်ဝယ်ဖို့ လျှော့ပေးတဲ့ ပိုက်ဆံ သောင်းဂဏန်း လည်း ရပါတယ်။ နောက်ပြီး အိမ်အသစ် ဝယ်မယ်ဆိုရင် နိုင်ငံသားမှ ဝယ်ခွင့် ရှိပါတယ်။ ကွန်ဒိုနဲ့ လုံးချင်းအိမ် ဝယ်ရင် နိုင်ငံသားနဲ့ နိုင်ငံခြားသား ဘာမှ မကွာပါဘူး။ တမင်သက်သက် စကားကတ် ပြီးတော့သာ ပြောရတာပါ။ ကွန်ဒိုမီနီယံ ဝယ်နိုင်လောက်အောင် ကျွန်တော် မချမ်းသာ သေးပါဘူး။
ဒီနည်းနဲ့ မရတော့ သူက နောက်တစ်မျိုး ထပ်ပြောပါတယ်။
“အနည်းဆုံးကွာ စလုံး ပတ်စ်ပို့ ကိုင်ရင် သွားချင်တဲ့နိုင်ငံ သွားလို့ရတာပေါ့။”
“အောင်မယ်။ တစ်ခြားကောင် သွားပြော ယုံချင်ယုံမယ်။ ငါတော့ မယုံဘူး။ မြန်မာ ပတ်စ်ပို့စ်နဲ့ရော သွားလို့မရတာ ကျနေတာပဲ။ ငါ့ပတ်ပို့စ်ထဲမှာ အမေရိကန်၊ သြစတေးလျ၊ ယူကေ၊ ရှန်ဂန် အားလုံး Multiple-Entries Visa နှိပ်ဖူးတယ်ကွာ။ အမှန်အကန် သွားမယ် ဆိုရင် ရပါတယ်ဟ။ အခုနောက်ပိုင်း ဗီဇာမပေးတဲ့ နိုင်ငံ မတွေ့သလောက်ပါပဲ။”
“မဟုတ်ဖူးလေကွာ။ တစ်ချို့ နိုင်ငံ တွေကို ဗီဇာ မလိုပဲ ဝင်လို့ရတယ်။”
“ငါကတော့ ဗီဇာ လျှောက်ရတာ တစ်ခါတစ်လေတော့ ပိုတောင် ဝမ်းသာသေးတယ်။ ရုံးက လွှတ်လို့ မသွားချင်တဲ့ အချိန်ဆို ဗီဇာ အကြောင်းပြ ပတ်ပြေးလို့ရတယ်။ ဟိုတစ်ခါ ဟန်ဂေရီ သွားခိုင်းတုန်းက ငါ စာမေးပွဲ ရှိနေလို့ မသွားချင်ဘူး။ အဲဒါနဲ့ ဗီဇာ အကြောင်းပြပြီး ငါ့အောက်က စလုံး တစ်ယောက်ကို အတင်း ထိုးထည့် ပေးလိုက်တယ်။ ဟိုကောင်ကတော့ စလုံးဆိုတော့ ဗီဇာ လျှောက်စရာ မလိုတော့ အိုကေပေါ့ကွာ။”
နောက်တော့ ကျွန်တော်က သူ့ကို ကျွန်တော့် သူငယ်ချင်းတစ်ယောက်ရဲ့ ဇာတ်လမ်းကို ရယ်စရာ အနေနဲ့ ပြန်ပြောပြပါတယ်။
“အဲဒီ ပုဂ္ဂိုလ်လေ။ ပန်းရောင်ကတ်ဒ် သွားပြောင်းတာ။ အင်မီဂရေးရှင်းမှာ လျှောက်လွှာ တင်ပြီး နှစ်ပတ်လောက် နေမှ စိတ်ကူး ပေါက်ပြီး လျှောက်လွှာကို သွားပြန် ဖျက်တယ်။ ဟိုက မရဘူး ပြောတာလည်း မရဘူး။ အတင်းပဲ။ ပီအာရ် သိမ်းချင်လည်း သိမ်းလိုက်ပါ။ ကျွန်တော် တကယ်ကို ဆန္ဒမရှိ လို့ပါ ဆိုပြီး သွားငိုပြတာနဲ့ ဟိုက သူ့လျှောက်လွှာကို နောက်ဆုံး ပြန်ပေးလိုက်တယ်။ ရာဇဝင်ကို တွင်ရောပဲ။”
“သူက ဘာလို့ သွားပြန်ဖျက် ရတာလဲ။”
“သူပြန်ပြောတာတော့ သူများတွေ လျှောက်လို့ စိတ်ပါပြီး လိုက်လျှောက်တာ။ လျှောက်လွှာ တင်ပြီးမှ စဉ်းစားရင်းနဲ့ ဘယ်လိုမှ ခံစားလို့ မရလို့ ဆိုပဲ။ ဟားဟား”
“ဒါနဲ့ နေပါဦး။ ငါအကောင်း မေးမယ်။ မင်းက စလုံး မပြောင်းချင်ဘူးဆိုတာ အဓိကက ဘာကြောင့်မို့လဲ။ ကောင်းကောင်း ဖြေစမ်းပါ။”
“အမှန်တကယ် ပြောရရင် ဒီနိုင်ငံကြီးမှာ တစ်သက်လုံးတော့ မနေချင်ဘူး။ ငါ အသက်ကြီး လာတဲ့ အချိန် ခေါင်းချဖို့ မစဉ်းစားဘူး။ ဒီနိုင်ငံက ပင်စင်စား အဖိုးကြီးတွေလို ကျားထိုးလိုက်၊ ဘီယာသောက်လိုက်၊ ဂေလန်းသွားလိုက်နဲ့ ဘဝကို ကုန်ဆုံးဖို့ မရည်ရွယ် ဘူးကွာ။ မြန်မာနိုင်ငံပြန် လက်ဖက်ရည်ဆိုင် ထိုင်လိုက်၊ အာလူးဖုတ်လိုက် နဲ့ အချိန်ကုန်ရတာ ပိုကောင်းမယ်။ နောက်တစ်ခုက ပီအာရ်ပြန်အပ်ရင် ၁ လအတွင်း စီပီအက်ဖ်ထဲက ငါတို့ထည့်ထားတဲ့ ပိုက်ဆံတွေ အားလုံး ပြန်ထုတ်သွားလို့ရတယ်။ ငါတို့ နောက်ထပ် ၄ နှစ် ၅နှစ် ထပ်လုပ်ပြီးရင် အဲဒီပိုက်ဆံက ဂဏန်း ၆ လုံး ဖြစ်နေ ပြီကွာ။ ဒီပိုက်ဆံနဲ့ တစ်ခြားတစ်နိုင်ငံ အေးအေးဆေးဆေး သွားနှပ်နေလို့ ရတယ်။”

စင်ကာပူက နိုင်ငံသားတွေ ပီအာရ်တွေ အနေနဲ့ ရသမျှလခရဲ့ ၂၀ ရာခိုင်နှုန်းကို ကိုယ့်ဖက်ကထည့် အလုပ်ရှင်ဖက်ကနေ ၁၄.၅ ရာခိုင်နှုန်း ထည့်ပြီး အစိုးရ ဆီမှာ ပိုက်ဆံ စုထားရပါတယ်။ အဲဒီ ပိုက်ဆံကို စီပီအက်ဖ်လို့ ခေါ်ပါတယ်။ အိမ်ဝယ်လို့ ရပါတယ်။ သားသမီးတွေ ပညာရေးအတွက် သုံးလို့ရပါတယ်။ အသက် ၅၅ နှစ်ကျော်မှ ပင်စင်အတွက် ဒေါ်လာ ၁သိန်း ၂ သောင်း ချန်ပြီး ကျန်သမျှ ပိုက်ဆံကို အရစ်ကျ ပြန်ထုတ်လို့ ရပါတယ်။

ကျွန်တော်က ဆက်ပြောလိုက်ပါတယ်။
“မင်းတို့ ဘာသာ မင်းတို့ ပြောင်းချင်လို့ ပြောင်းကြတာ ပဲကွာ။ အပြစ်တင်စရာ အကြောင်း မရှိ ပါဘူး။ လူတိုင်းလူတိုင်း ကိုယ့်အကြောင်းပြချက်နဲ့ ကိုယ်ရှိတာပဲ။ တစ်ချို့ကွာ ပြန်လို့မလွယ်တဲ့ အခြေအနေကြောင့် ပြောင်းတယ်ကွာ။ တစ်ချို့ကတော့ ကိုယ်မွေးတဲ့ နိုင်ငံမှာတောင် နိုင်ငံသား မဟုတ်ဘဲ ဧည့်နိုင်ငံသား ဖြစ်နေလို့ တစ်ခြား နိုင်ငံမှာ နိုင်ငံသား ခံတယ်ကွာ။ တစ်ချို့က တတိယနိုင်ငံ တစ်ခုကို ကူးရတာ လွယ်အောင် ပြောင်းတယ်ကွာ။ မင်းတို့မှာလည်း အခွန် မဆောင် ချင်လို့၊ အိမ်ဝယ်ချင်လို့ စတဲ့ အကြောင်းပြချက်တွေ အမျိုးမျိုး ရှိကြတာ ပဲကွာ။ ဒါပေမယ့် မပြောင်းချင်တဲ့ သူတွေ မှာလည်း အကြောင်းပြချက် ရှိကြတယ် လေကွာ။ ငါ့မှာလည်း ငါ့ရွေးချယ်ခွင့်နဲ့ငါ ရှိတာပဲ။ အဲဒါကိုမှ မင်းက မပြောင်းဘူးလား။ ရူးနေလား ဆိုရင်တော့ ငါက ဆဲလွှတ်မှာ ပဲကွာ။”

ကတ်ဒ်ပြား အရောင်မတူကြတော့ပေမယ့် ကျွန်တော်တို့ သူငယ်ချင်းတွေ ကြားမှာတော့ ဘာမှ ပြောင်းလဲမသွားပါဘူး။ ကျွန်တော်တို့ တတွေ မြန်မာလို ပြောနေကြတုန်း ပါပဲ။ မြန်မာလို ဆဲနေကြတုန်း ပါပဲ။
“ဟေ့ကောင်။ ငါ မတော်တဆ အချုပ်ထဲ ရောက်သွားရင် အာမခံလေးတော့ လာလုပ်ပေးဦး။ အဲဒီနေရာတော့ ပီအာရ်က မတတ်နိုင်ဘူး။”
အဲဒီလို ပြောတော့ ကျွန်တော့် သူငယ်ချင်းက ကျွန်တော့်ကို ဆဲပါတယ်။

23 comments:

MrDBA said...

ဂုဏ်ပြုပါတယ်။ :)

မိုးခါး said...

အင်း
ဒီလိုနိုင်ငံမျိုးမှာ ခေါင်းချဖို့ စဉ်းကိုမစဉ်းစားဘူး
နေနိုင်မယ်မထင်လို့ပါ

Phyo Maw said...

အပြာလဲ မကိုင်ဘူး ပန်းရောင်လည်း မကိုင်ဘူး ခုတော့ အစိမ်းပဲ ကိုင်ထားတယ်
(ကဒ်ကို ပြောတာပါ။)

Phyo Maw said...

လေးစားတယ်။
မွေးတဲ့နေရာလေးတော့ ခေါင်းသွားပြန်ချချင်မပေါ့ :)

nyimuyar said...

bravo Bro!

ပုံရိပ် said...

မှတ်သားရပါတယ်။

ဘာတွေတုန်း said...

ဟုတ်တယ်..ဒီနိုင်ငံမှာ အသက်ထက်ဆုံးနေမယ်လို့တော့ တစ်ခါမှမစဉ်းစားဘူး

နွေးနေခြည် said...

အရမ်း လေးစားသွားပြီအကို
ခံယူချက်ချင်း တူတယ်

မဇနိ said...

ပန်းရောင်ကဒ်၊ အပြာရောက်ကဒ်၊ ပီအာရ်၊ တတိယနိုင်ငံကူးဖို့ ။ အင်း အင်း ဒါတွေမှတ်သားသွားပါတယ်။

Anonymous said...

I don't think you cann't stay in Burma more than 1 yr because...... .

Anonymous said...

idea တူတူပဲ။ ထောက်ခံတယ်။

ရွက်လွင့်ခြင်း said...

Yes I agree with you, even our country so bad. One day we have to go back to our homeland and pleasure through the life untill 'last leaves'. Anyway now we earn more money in s'pore and try to save for our feature (as s'pore gov. policy), then we can do something our last minute.

megumi said...

လေးစားပါတယ်။
ဘယ်သူတွေဘာပဲပြောပြော၊ ဘာတွေပဲလုပ်လုပ် မြန်မာဟာ မြန်မာပါဘဲ။
မြန်မာစစ်စစ်မဟုတ်ပေမယ့် ကျမကတော့ မြန်မာပြည်ကို ချစ်တယ်။

စူးနွယ် said...

ကျမလည်း ဒီလိုပါပဲ။ ဘာပဲဖြစ်ဖြစ် Myammar passport တော့ မစွန့်လွှတ်နိုင်သေးဘူး။

နေညိုရင့် said...

လူတိုင်းကတော့ ကိုယ့်အယူအဆနဲ ့ကိုယ် ပါပဲ။ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒအတိုင်း ထပ်တူကျချင်တဲ့သူတွေပါပဲ။ ပြီးတော့ အဆင်ပြေမယ့်နေရာဆီမှာ ဘဝကို ရပ်တည်ချင် ကျတဲ့သူချညး်ပါပဲ။
မြန်မာပြည်ကြီး မကောင်းလို ့ ကောင်းတဲ့ နေရာတွေကို တိုးဝှေ ့ဝင်သွား ကျတဲ့သူတွေကို ဘာမှပြောစရာ မရှိပါဘူး။ တခုပါပဲ ကိုယ့်လူမျိုးကို ပိတ်အထူနဲ ့ မပိတ်ခဲ့ဖို ့ပါဘဲ။ ဖြစ်နိုင်ရင် ဇာပဝါလေးလိုခြားထားပေမယ့် ကိုယ့်ဇာတိပြည်ကို တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီဖို ့ပါပဲ။ ( လွတ်လပ် ဖွံ ့ဖြိုး တိုးတက်ပြီးသည်အထိပေါ့ )
ထို ့အတူ မြန်မာဟာ မြန်မာပဲလို ့ ခံယူသူများ (ကျွန်တော်အပါအဝင်) ထိုနည်း၄င်း လုပ်ဆောင်ကြဖို ့ပါပဲလို ့ ကျွန်တော် မြင်မိပါတယ်။
ကို ZT... ဒီ post အတွက် ကျေးဇူးတင်ပါတယ်။

နေဒေးသစ် said...

ခံယူချက် ကောင်းပါတယ်ဗျာ ... အခြေအနေ အကြောင်းကြောင်းကြောင့် စွန့်ခွာခဲ့ရတယ် ဆိုပေမယ့်လည်း မြန်မာတစ်ယောက်အတွက်တော့ မြန်မာနိုင်ငံဆိုတာ နွေးထွေးမှု အရှိဆုံး နိုင်ငံဖြစ်လိမ့်မယ်လို့ ထင်မိတာပါပဲ ...

သီဟသစ် said...

ကိုZTရေ
ကျွန်တော်လည်း အဲလိုမျိုးကိုပဲ သဘောတူပါတယ်။
တစ်ခုတော့ ရှိတယ်ဗျ 2 နိုင်ငံသား ခံယူလို့ ရတာမျိုးဆိုရင်တော့ မဆိုးဘူး။
ကိုယ့်နိုင်ငံကိုတော့ မစွန့်နိုင်ဘူးဗျ.

khin oo may said...

ဖတ်တာ မနက်တစ်ခေါက် ညတစ်ခါက်။

မီယာ said...

ZT လေးစားအားကျပါတယ်

hteinlin said...

good.

Banyar said...

ကိုZTရေ အရမ်းကောင်းတယ်ဗျာ။လေးစားတယ်။

Anonymous said...

ur CPF reason is a bit irrelevant now :)
6 figure S$ can do nothing in YGN

မလိခ said...

ကျွန်မနဲ့ စိတ်ကူးတူတယ်.. :).. ကိုသီဟသစ်ပြောသလို ၂နိုင်ငံသားလုပ်လို့ရမယ့်နိုင်ငံမျိုးကို ပိုစိတ်ဝင်စားတယ်. :P