Search This Blog

Saturday, April 11, 2009

အန်ကယ်လ်ဆမ်တို့ဆီမှာ လေယာဉ်ပျံစီးခြင်း

ကမ္ဘာပေါ်မှာ နာရီအကြာဆုံး တိုက်ရိုက် ပျံသန်းတဲ့ လေကြောင်းခရီးစဉ်က စင်ကာပူ ကနေ နယူးယောက်ကို ပျံသန်းတဲ့ စင်ကာပူ လေကြောင်းလိုင်းရဲ့ ခရီးစဉ် ဖြစ်ပါတယ်။ စုစုပေါင်း ၁၈ နာရီ ကြာပါတယ်။ ဒုတိယမြောက် နာရီအကြာဆုံး တိုက်ရိုက် ခရီးစဉ် ကတော့ စင်ကာပူ-လော့စ်အိန်ဂျယ်လိစ် ခရီးစဉ်ပါ။ ကျွန်တော် ပထမဆုံး ခရီးရှည် လေယာဉ်စီးဖူးတာ ကလည်း အဲဒီ ဖလိုက် ဖြစ်ပါတယ်။ ၁၅ နာရီ ဝန်းကျင်လောက် ကြာပါတယ်။ ဘာဖြစ်လို့ ခရီး အရှည်ဆုံး ဖလိုက်တွေမှာ စင်ကာပူ လေကြောင်းလိုင်း တစ်ခုတည်းက နံပါတ် ၁ နဲ့ ၂ ဖြစ်နေရတာလည်း ဆိုတာကို တွေးကြည့်ဖူး ပါတယ်။ ဖြစ်နိုင်ခြေ ရှိတာကတော့ အခြား လေကြောင်းလိုင်း တွေရဲ့ အလုပ်သမား သမ္မဂ္ဂတွေက အဲဒီလောက် အချိန်ကြာတဲ့ ခရီးစဉ်ကို ခွင့်ပြုမှာ မဟုတ်လို့ပါ။ စင်ကာပူမှာတော့ အလုပ်သမား သမ္မဂ္ဂ (NTUC) ဆိုတာ စူပါမတ်ကတ်လို့ပဲ လူအများက သိထားကြတော့ ဘယ်သူမှလည်း အာညောင်းခံ ကန့်ကွက်ကြတယ် မထင်ပါဘူး။

အမေရိကား ကတော့ ဖလိုက် အချိန်မမှန်တဲ့ နေရာမှာလည်း နံပါတ် ၁ စွဲမယ့် နိုင်ငံ ဖြစ်မလား မသိပါ။ ဥရောပမှာ လေယာဉ်ပျံ အချိန်မမှန်ဘူး ဆိုတာ ကြုံရခဲပါတယ်။ အမေရိကား မှာတော့ အထူးအဆန်း မဟုတ်သလို ပါပဲ။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလိုပဲ ပထမဆုံး အခေါက် ရောက်ရောက်ချင်း ပြောင်းစီးရမယ့် ဒင်န်ဗာကို သွားရမယ့် ဖလိုက်က ၁ နာရီ နောက်ကျပါတယ်။ နောက်အခေါက် တွေမှာလည်း လေယာဉ်ပျံ နောက်ကျတာ အချိန်မမှန်တာတွေ အမြဲလိုလို ကြုံရတတ် ပါတယ်။

တစ်ခေါက်ဆိုရင် အတော် ဆိုးရွားပါတယ်။ အဲဒီအခေါက်က တိုကျို နာရီတာ ကနေ စီးလာတဲ့ လေယာဉ် ရှီကာဂို လေဆိပ်ကို ရောက်တော့ လေယာဉ်ပျံ ပြောင်းစီးဖို့ အချိန်က အတော်စော နေပါတယ်။ ညနေ ၅ နာရီခွဲ မီချီဂန်ကို ဆက်စီးရမယ့် လေယာဉ်ပျံက ၈ နာရီ ကျော်မှ ထွက်မယ်ဆိုပြီး ကြေငြာထားပါတယ်။ ခရီးကလည်း ပန်းလာတာနဲ့ယူနိုက်တက် လေကြောင်းလိုင်းရဲ့ နားနေခန်းထဲမှာ အေးအေးဆေးဆေး နားပြီး စောင့်နေ ပါတယ်။ ၇ နာရီ ကျော်လောက်မှ ဆေးလိပ် ထွက်သောက်မယ် ဆိုပြီး အပြင်ကို ထွက်လာခဲ့ပါတယ်။ အပြင်ရောက်တော့ ကျွန်တော် စီးရမယ့် လေယာဉ်ပျံက ထွက်သွားပါပြီ။ အဲဒီတော့မှ ယူနိုက်တက်ရဲ့ ကောင်တာကို သွားပြီး ပြသနာ သွားရှာ ပါတယ်။ ကောင်တာက ဒီနေ့တော့ လေယာဉ်ပျံ မရှိတော့ဘူး နောက်နေ့မနက် အစောဆုံး လေယာဉ်ပျံနဲ့ စီစဉ်ပေးမယ်။ အခုညတော့ ဟိုတယ်မှာ တည်းဖို့ Discount ဘောင်ချာတစ်ခု ယူသွားဆိုပြီး ပေးလိုက်ပါတယ်။ ခရီးစဉ်ကိုလည်း အခမဲ့ ပြောင်းပေး လိုက်ပါတယ်။ အဲဒီညက အူကြောင်ကြောင်နဲ့ပဲ ရှီကာဂို လေဆိပ်နားက ဟိုတယ်မှာ တစ်ယောက်တည်း သွားအိပ် နေရပါတယ်။ အခုတော့ မသိတော့ပါ။ အဲဒီတုန်းက အမေရိကားမှာ လေယာဉ်ခရီးစဉ် အချိန်ရွှေ့ရင် ဒေါ်လာ ၁၀၀ ပေးရ ပါတယ်။ ကျွန်တော်တို့ အတွက်တော့ မပေးချင်ရင် အကြံအဖန် လုပ်လို့ရတဲ့ နည်းတစ်နည်း ရှိပါတယ်။ စင်ကာပူ ကိုဖုန်းဆက်ပြီး စင်ကာပူက ခရီးသွား အေးဂျင့်ကနေ တဆင့် လှမ်းပြောင်းခိုင်း တာပါ။ စင်ကာပူ အေးဂျင့်က လှမ်းပြောင်းပေးရင် ဒေါ်လာ ၁၀၀ ပေးစရာ မလိုပါဘူး။

အမေရိကန်မှာ လေယာဉ်ပျံစီးရင် ကိုယ့်ဘေးနားက အတူတူ စီးလာတဲ့ သူတွေနဲ့တော့ အမြဲလိုလို စကားလက်ဆုံ ကျလေ့ ရှိပါတယ်။ ကိုယ်က စမပြောရင်တောင် သူတို့က လာပြောတတ်ပါတယ်။ ဂျပန်မှာ ဖျော်ဖြေရေး လုပ်ပြီး ပြန်လာတဲ့ ရှီကာဂိုက လူမည်း ဂီတသမား၊ အလက်စကာမှာ တောရိုင်း တိရိစ္ဆာန်တွေကို ကာကွယ်ဆေး သွားထိုးပြီး ပြန်လာတဲ့ လူမှု ဝန်ထမ်း အမျိုးသမီး၊ အရှေ့တောင် အာရှနိုင်ငံတစ်ခုက အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့ မျက်နှာဖြူ အမျိုးသမီး ၊ ဆီလီကွန် တောင်ကြားက ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုမှာ စီမံခန့်ခွဲရေး ဝန်ထမ်း ဖြစ်နေတဲ့ အိန္ဒိယလူမျိုး စတဲ့ လူအမျိုးမျိုးနဲ့ ကြုံခဲ့ဖူး ပါတယ်။ သူတို့နဲ့ မဟုတ်ရင်တောင် လေယာဉ်မယ် အဖွားကြီးတွေနဲ့ အမြဲလိုလို စကားပြော ဖြစ်ပါတယ်။ စင်ကာပူ လေကြောင်းလိုင်းက ဝန်ထမ်းတွေက မျက်နှာက အမြဲပြုံးနေ တတ်ပေမယ့် တရင်းတနှီး စကားပြောလေ့ မရှိပါဘူး။ ယူနိုက်တက် လေကြောင်းလိုင်းက ဘွားတော်ကြီး များကတော့ မျက်နှာက ပြုံးမနေ ပေမယ့် သူတို့ကိုယ်တိုင် ဖော်ဖော်ရွေရွေ စကားတွေ ဖောင်နေအောင် ပြောတတ်ကြ ပါတယ်။ တစ်ခါတစ်လေ လေယာဉ်မယ် တစ်ယောက်တည်း ပါတဲ့ လေယာဉ်ပျံမျိုး စီးရရင် လုံခြုံရေး သရုပ်ပြရင်း နောက်ပြောင် ပြောတာမျိုးလည်း ကြားဖူးပါတယ်။

အမေရိကားမှာ လေယာဉ်ပျံစီးရင် အတော် စိတ်ကသိကအောက် ဖြစ်တဲ့ ကိစ္စကတော့ Random လုံခြုံရေး စစ်ဆေးတဲ့ ကိစ္စပါ။ ကျွန်တော်တို့ အင်ဂျင်နီယာ ဝေါဟာရ မှာတော့ Random ဆိုတာ အားလုံးအတူတူ ဖြစ်နိုင်ခြေ ရှိတယ် (Equally Likely) လို့ အဓိပ္ပါယ် ရပါတယ်။ ဒါပေမယ့် သူတို့ Random က အဲဒီလို ဟုတ်ဟန် မတူပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော် အမြဲတမ်းလိုလို Random အရွေးခံရတတ် လို့ပါ။ မဲနှိုက်ရင် တစ်ခါမှ မပေါက်တတ်တဲ့ကောင်က Random Security Check မှာ အမြဲတမ်း အရွေးခံ နေရတာတော့ သွေးရိုးသားရိုး မဖြစ်နိုင်ပါ။ လူဖြူမဟုတ်သူများ အင်္ဂလိပ်နာမည် မဟုတ်သူ များကို Random လို့ ခေါ်တယ် ထင်ပါတယ်။

လေဆိပ်များ ရောက်ရင် စင်ကာပူပြန် လက်ဆောင်ပေးဖို့ အမှတ်တရ ပစ္စည်း အမြဲလိုလို ဝယ်လေ့ ရှိပါတယ်။ အမှတ်တရ ပစ္စည်းကလည်း Made in China ပါပဲ။ ကျွန်တော့် မိတ်ဆွေ တစ်ယောက်ကတော့ Made in USA လက်ဆောင်ပေးချင်ရင် အမေရိကန် ဒေါ်လာသာ လက်ဆောင်ပေးလိုက်ကွာ အဲဒီထက် စစ်တာတော့ မရှိဘူးလို့ ပြောပါတယ်။

11 comments:

နေညိုရင့် said...

ကျွန်တော့်သူငယ်ချင်းတယောက်လဲ Made In USA ရူးဖူးတယ်...။ U.S က သူငယ်ချင်းကို U.S Jean လိုချင်လို ့ လှမ်းမှာတာ။ ဟိုက ပို ့လိုက်ပါတယ်။ Made In Mexico တဲ့.....။ :P

တောရိုင်းနှင်းဆီ said...

ဟဲဟဲ ကိုZT Made In USA လက်ဆောင်ပေးဖို့ဝယ်မယ်ဆိုရင် ဟာလီဒေးဗစ်ဆင် ဆိုင်ကယ်မျိုးဝယ်ပေးလိုက်ရင်ရပါတယ်ဗျ ... ဒါပေမဲ့ တရုတ်လုပ် ပစ္စည်းအစိတ်ပိုင်းအချို့ ထည့်ထား မထားတော့ မသိဘူးနော် ...
Made In USA စစ်စစ်တွေတော့ ရှိပါတယ် ... ဈေးပိုကြီးလိမ့်မယ်ဗျ ....

စူးနွယ် said...

ဖတ်၊ မှတ်သား သွားပါတယ်။

Anonymous said...

သိပြီ..ဇက်တီကိုလဲ လာလည်ရင် ယူအက်စ်လက်ဆောင် တစ်ဒေါ်လာပေးမယ်။
း)
mm

MrDBA said...

နောက်တစ်ခါသွားရင် အမေရိကားမြေက မူရင်း ဘာဂါဝယ်ခဲ့ပါ။ ဒါဘဲ။

khin oo may said...

ပို့စကဒ်ဘဲ ဝယ်နိုင်ပါတယ။်

TZA said...

မှတ်သားသွားပါတယ်ဗျား

Anonymous said...

Hi bro,

can you create feeds for your site. I think we can not fetch with feeds reader from phone. Thanks

B

Moe Cho Thinn said...

Made in USA လား။ မျက်လုံးပြာလေးတွေ ရှိတယ်လေ။ :)

မီယာ said...

Made in Myanmar စပို့ရှပ်တွေ Nine West မှာ တွေ့ဖူးတယ်... random အဓိပ္ပါယ် ဖွင့်ဆိုချက်ကို သဘောကျတယ်

Yan Yan said...

လုပ်ပြီ ချစ်ကိုကြီးကတော့
ကန်ဒေါ်လာကို ခု စီလုပ်မှာ ရိုက်ခိုင်းတာထင်တယ်နော်
ငဲငဲငဲ