Search This Blog

Sunday, April 19, 2009

စမ်းတဝါးဝါး စင်ကာပူနေ့များ

စင်ကာပူကို မလာခင် အချိန်တုန်းက ရန်ကုန်မှာ ကျွန်တော်နဲ့ အမြဲတမ်း တွဲဖြစ်တဲ့ သူငယ်ချင်းက ကြယ်ငါးပွင့် သင်္ဘောသားပါ။ အမြဲတမ်းလိုလို စင်ကာပူကို သွားလိုက် ပြန်လိုက် လုပ်နေပါတယ်။ ကျွန်တော်က သူ့ကို စင်ကာပူမှာ ရထားက မြေပေါ်က သွားလား မြေအောက်က သွားလား မေးတော့ သူက မြေအောက်က သွားတယ် လို့ ဖြေပါတယ်။ အဲဒီလိုပဲ ကျွန်တော့် အိမ်နားမှာ စင်ကာပူကို အလုပ်ကိစ္စနဲ့ ခဏတဖြုတ် သွားဖူးတဲ့ အစ်ကိုကြီး တစ်ယောက်လည်း ရှိပါတယ်။ သူကတော့ စင်ကာပူမှာ ရထားဆိုတာ မိုးပေါ်ကပဲ သွားတယ်လို့ ပြောပါတယ်။ ကျွန်တော့်မှာ သူတို့ နှစ်ယောက် တစ်ယောက် တစ်မျိုးစီ ပြောတဲ့ စကားမှာ ဘယ်သူ့စကားကို ယုံရမလဲ မသိပါဘူး။ နှစ်ယောက်စလုံး ကလည်း စင်ကာပူ ရောက်ဖူးနေတာ သေချာတော့ ဇဝေဇဝါနဲ့ ဖြစ်နေပါတယ်။

စင်ကာပူကို စရောက်တဲ့ နေ့က ယူးနို့စ် (Eunos) ဘူတာရုံကနေ ကလယ်မန်တီ (Clementi) အထိ ရထားစီး လိုက်တော့မှ စင်ကာပူမှာ ရထား ဆိုတာ မြေပေါ်ကရော မြေအောက်ကပါ သွားတယ် ဆိုတာ သိလိုက် ရပါတယ်။ နောက်တော့မှ ဇာတ်ရည်လည် ပါတယ်။ ကျွန်တော့် သူငယ်ချင်း ကြယ်ငါးပွင့် သင်္ဘောသားက သင်္ဘောဆိပ်ကမ်း ရှိတဲ့ တန်ဂျွန်ပါဂါ (Tanjong Pagar) ကနေ အဟောင်းတန်း ရှိတဲ့ ဘူဂစ်စ် (Bugis) အထိပဲ ရထား စီးဖူးတော့ ရထားဆိုတာ မြေအောက်က သွားတယ် လို့ပဲ သိပါတယ်။ အဲဒီ ဘူတာတွေကြားမှာ ရထားက မြေအောက်ကပဲ သွားပါတယ်။ ကျွန်တော့် အိမ်နားက အစ်ကိုကြီးကတော့ လေဆိပ်နားက တန်းပနိစ်(Tampines) ဘူတာကနေ အယ်လ်ဂျူးနိ (Aljunied) အထိပဲ ရထားစီးဖူးတော့ ရထားဆိုတာ မိုးပေါ်က သွားတယ် လို့ပဲ သိပါတယ်။ အဲဒီ ဘူတာတွေ ကြားမှာ ရထားက မိုးပေါ်ကပဲ သွားပါတယ်။ နှစ်ယောက်စလုံး ကိုယ့်အတွေ့အကြုံနဲ့တော့ ကိုယ်မှန်ကြပါတယ်။ မေးမိတဲ့ ကျွန်တော့် အမှားပါ။

စင်ကာပူမှာ ဆေးလိပ် ဈေးကြီးတယ် သတင်းကြားလို့ စင်ကာပူ မလာခင်က ဟိုရောက်ရင် ဆေးလိပ် မသောက်တော့ ဘူးကွာ ဆိုပြီး ဆုံးဖြတ်ပါတယ်။ အိမ်ကနေ လေဆိပ်ကို ထွက်တော့ ဆေးလိပ်ဘူးကို လုံးဝ ယူမလာခဲ့ ပါဘူး။ ဒါပေမယ့် လေဆိပ် ပြည်ပထွက်ခွာ အဆောက်အဦးထဲအထိ လိုက်ပို့တဲ့ ကျွန်တော့်မိတ်ဆွေ လေယာဉ်မှူး က “ဟေ့ကောင်။ စင်ကာပူမှာ ဆေးလိပ် ဈေးကြီးတယ်။ မင်းမားသားကြီး မသိအောင် ငါ့ဆေးလိပ်ဘူး ယူသွား။” ဆိုပြီး သူ့အိတ်ထဲက လန်ဒန် စီးကရက်ဘူးကို ကျွန်တော့် အိတ်ကပ်ထဲ ထည့်ပေးလိုက် ပါတယ်။ အဲဒီလိုနဲ့ စီးကရက်ဘူး တစ်ဘူးနဲ့ စင်ကာပူကို ရောက်လာခဲ့ပါတယ်။ ဆေးလိပ်ဘူး အိတ်ကပ်ထဲမှာ ပါလာတော့လည်း မနေနိုင်ပါဘူး။ သောက်ချင်တာ ပါပဲ။ ဒါပေမယ့် မီးခြစ်က ပါမလာတော့ တိုင်ပတ်နေပါတယ်။ စားသောက်ဆိုင်တန်းတွေမှာ မီးအလကားညှိလို့ ရတယ် ဆိုတာလည်း အဲဒီတုန်းက မသိပါဘူး။ ကျွန်တော်က မြန်မာနိုင်ငံမှာလိုပဲ ယမ်းမီးခြစ် ဝယ်ရင် ဈေးသက်သာမယ်။ ဂက်စ်မီးခြစ် ဝယ်ရင်တော့ ဈေးကြီးလိမ့်မယ် လို့ တွေးမိပါတယ်။ အဲဒါနဲ့ပဲ ကုန်စုံဆိုင်မှာ ယမ်းမီးခြစ် ဝယ်တော့ တစ်ဒေါ်လာ ပေးလိုက်ရပါတယ်။ စိတ်ထဲမှာတော့ ယမ်းမီးခြစ် တောင်မှ တစ်ဒေါ်လာ ပေးရရင် ဂက်စ်မီးခြစ် ဆိုရင်တော့ အတော် ဈေးကြီးမှာပဲလို့ တွေးမိပါတယ်။ ကျွန်တော် မသိတာက စင်ကာပူမှာ ယမ်းမီးခြစ်က ရှားပြီး ဂက်စ်မီးခြစ်က ပေါပါတယ်။ ဂက်စ်မီးခြစ် ဝယ်ရင် ၅၀ ဆင့် ပဲ ပေးရတယ် ဆိုတာ မသိပါဘူး။ အဲဒီလိုနဲ့ ကောင်းဘွိုင်လိုလို ဘာလိုလို ယမ်းမီးခြစ် တရှဲရှဲနဲ့ ဆေးလိပ်ခဲရင်း စင်ကာပူရဲ့ ပထမပတ် ကို ကျော်ဖြတ်ခဲ့ ရပါတယ်။

ကျွန်တော်တို့ စင်ကာပူ ရောက်လာခါစက အရက်ကို လုံးဝနီးပါး မသောက်ကြပါဘူး။ ဘယ်မှာ ဝယ်ရမှန်း မသိတာလည်း ပါပါတယ်။ မှတ်မှတ်ရရ သူငယ်ချင်း တစ်ယောက် အသည်းကွဲလာလို့ တစ်အိမ်လုံး စုပြီး ဂျော်နီဝေါ့ကား သောက်ဖြစ်ကြတဲ့ တစ်ခါက လွဲရင် မသောက်ဖြစ်ကြ ပါဘူး။ အဲဒီလိုနဲ့ပဲ ခရစ်စမတ် အချိန် ရောက်လာပါတယ်။ အိမ်က သူငယ်ချင်းတွေ စုပြီး ခရစ်စမတ် အထိမ်းအမှတ် အရက်သောက်ကြမယ်လို့ တိုင်ပင်ကြ ပါတယ်။ အဓိက အကြောင်းကတော့ မသောက်ရတာ ကြာလို့ သောက်ချင်လို့ ခေါင်းစဉ်တပ် တာပါ။ ရန်ကုန်မှာဆို ခေါင်းစဉ်တပ်စရာ မရှိရင် မနက်ဖြန်ကို ကြိုဆိုတဲ့ အထိမ်းအမှတ်ဆိုပြီးတော့တောင် ခေါင်းစဉ်တပ် ကြ ပါသေးတယ်။

ကျွန်တော်နဲ့ နောက်သူငယ်ချင်း တစ်ယောက်က မြို့ထဲ ထွက်ပြီး အရက်ဝယ်ကြပါတယ်။ ဈေးလည်း သက်သာမယ်။ မူးလည်း မူးရမယ် ဆိုတဲ့ အရက်မျိုးကို လိုက်ရှာကြပါတယ်။ အမှန်တကယ်ကတော အိမ်နားက ဈေးထဲမှာ မဲခေါင် လို ကြောင်နက်လို အရက်မျိုးကို ဈေးပေါပေါနဲ့ ဝယ်သောက်လို့ ရပါတယ်။ အဲဒါကို မသိတော့ မြို့ထဲက စူပါမတ်ကတ် တွေမှာ အရက်ပုလင်း လိုက်ရှာကြပါတယ်။ ဝိုင်က ဈေးပေါပေါနဲ့ ရပေမယ့် ဝိုင်သောက်ရင်လည်း မူးမှာ မဟုတ်ဘူး ဆိုပြီး အယ်လ်ကိုဟော ရာခိုင်နှုန်းများတဲ့ အရက်ကို တွေ့အောင် ရှာကြပါတယ်။ နောက်ဆုံးမှာတော့ ဗော့ဒ်ကာ တစ်ပုလင်း ဝယ်ဖြစ် သွားပါတယ်။ အဲဒီညက ခရစ်စမတ် အကြို ဆိုပြီး အိမ်မှာ ဗော့ဒ်ကာ ပုလင်း ကို ဝိုင်းဖြို ကြပါတယ်။ ဗော့ဒ်ကာကို တစ်ယောက်မှ မသောက်ဖူးကြတော့ ဘယ်လို စပ်ရမယ် ဆိုတာလည်း မသိကြပါဘူး။ ဒီအတိုင်းပဲ ရေခဲရေနဲ့ ရောပြီး သောက်ကြပါတယ်။ ညကျတော့ အတော်ကို ခံစားရ တာပါပဲ။ စင်ကာပူ ရာသီဥတုကပူ အိမ်မှာ အဲယားကွန်း မရှိ သောက်ထားတဲ့ ဗော့ဒ်ကာ ကလည်း ရင်ဘတ်ထဲကနေ လှိုက်ပူတော့ ကျွန်တော်တို့ အားလုံး အဲဒီညက တော်တော်နဲ့ အိပ်မရ ကြပါဘူး။

10 comments:

ဇနိ said...

Vodka သောက်နည်းပြောဦးမယ်
ရေမရောနဲ့ ဒီတိုင်းသောက် ပြီးမှ မနေနိုင်မှ ရေနည်းနည်းသောက်လိုက်
ရေမသောက်ဘဲနဲ့ အမြည်းကို စားတာ ပိုအရသာရှိတယ်

စူးနွယ် said...

အမြည်းပဲစားတော့မယ်နော်။ ဝိုင်ချိုချိုလေးဆိုရင်တော့ ကြိုက်တယ်။

MrDBA said...

Vodka သောက်နည်း ခုတော့သိသွားပြီလား။ ဟီးဟီး။ ကျွန်တော်လဲမသိ။ ခရစ်စမတ်တုန်းက ရုံးကပါတီမှာ တစ်ယာက်ကသောက်ရအောင်ဆိုပြီး သူသင်ပေးလို့ Vodka တစ်ကြိုက် လီမွန်စိတ်ကလေး စုတ်စုတ်ပြီး သောက်ရတာကို သိသွားတာ။ တစ်ခါထဲ ကြိုက်သွားတာဘဲ ဟေးဟေး။ ကျွန်တော်လဲ ရောက်စက စမ်းတစ်ဝါးဝါးပါဘဲ ခုလဲ တစ်ချို့မကျွမ်းကျင်တဲ့ နေရာတွေမှာလဲ စမ်းတစ်ဝါးဝါးပါဘဲဗျာ ..။

Phyo Maw said...

ရေလေးနဲ့ ရောသောက်တာကိုး...
အဲ ကိုဒီဘီကြီး နည်းက လန်းပါ့။ လိမ်မော်နဲ့ တွဲစုတ်ရတာကိုး
ဂျူတီဖရီး ရန်ကုန်က ပြန်လာသူတွေကို မှာတာ ပိုသက်သာမယ်ထင်တယ်။
vodka ကောင်းကောင်း မသောက်ဖူးသေးဘူး
စလုံးရောက်မှ rumcode, taquila ဒီနှစ်မျိုးပဲ သောက်ဖူးသေးတယ်။ :D

Phyo Maw said...

*tequila
ဖတ်ပြီးပြီးချင်း စိတ်ထဲ ကလိကလိပေါ်လာလို့ ကောက်မန့်လိုက်တာ စာလုံးပေါင်း လွဲသွားတယ်။ :D

နွေးနေခြည် said...

စလုံးမှာ ကောင်းဘွိုင်လာလုပ်နေတာကိုး...

megumi said...

စမ်းတဝါးဝါးအတွေ့အကြုံတွေ မိုက်တယ်။ ဗဟုသုတရတယ်။ နောက်လည်း ရေးပေးပါဦးရှင့်။

သဥ္ဇာ - Thinzar said...

အဲဒီလူနှစ်ယောက်ကို ပေးတွေ့ပြီး စင်ကာပူရထားအကြောင်း ငြင်းခိုင်းချင်လိုက်တာ။ :D

မောင်မျိုး said...

စလုံးအတွေ့ကြုံလေးပေါ့ မရောက်ဖူးတော့ မသိဘူးရယ် း) မြေကြီးကလျှို နောက်တော့ မိုးပေါ်လည်းထောင်တက်သွားတာပဲ အဲ့လိုမဟုတ်လား ။

T T Sweet said...

စင်ကာပူအကြောင်းရေးထားတာ ဖတ်ရင်း ပြုံးသွားပါတယ် ... ယမ်းမီးခြစ်တရှဲရှဲနဲ့ ကောင်းဘွိုင်ကြီးရေ ...