စင်ကာပူမှာ သင်္ကြန်ကျရတာလည်း ကျွန်တော်တို့လို ရေဆော့ချင်တဲ့သူမျိုး အတွက်တော့ သိပ်မမိုက် ပါဘူး။ ကျောင်းတွေမှာ လုပ်တဲ့ သင်္ကြန်ပွဲတွေ သွားရင် ပြဇာတ်၊ စတိတ်ရှိုး တမေ့တမောကြည့်၊ အားလုံးပြီးလို့ ရေဆော့မယ်ဆိုရင် အချိန်က အများဆုံး ၂နာရီလောက်ပဲ ကျန်တာ များပါတယ်။ ပင်နီဆူလာ ပလာဇာမှာ သင်္ကြန် သွားကျ ပြန်တော့လည်း ကောင်မလေးတွေ ရေမလောင်းခင် မြန်မာမလား စလုံးမလား ကွဲအောင် အရင် ခွဲရတာက အလုပ် တစ်ခုပါပဲ။ စလုံးတွေက သင်္ကြန်မကျပဲ သူတို့ဘာသာ သူတို့ သွားလာနေကြတာ ဆိုတော့ စလုံးမ ကို မြန်မာမ မှတ်လို့ ရေမှားလောင်း မိပြီး ပြသနာတက် ကြတာကလည်း နှစ်တိုင်းပါပဲ။ အခုလို မြန်မာ ကောင်မလေးတွေ စလုံးမနဲ့ ပိုတူလာပြီဆိုရင် ဒီနှစ် ပိုတောင် မှားကြလိမ့်ဦးမယ် ထင်ပါတယ်။ တိုပါးယိုး ဘုန်းကြီးကျောင်း သင်္ကြန် မှာကတော့ အားလုံး မူးရူးပြီး လုပ်ချင်ရာ လုပ်နေကြတာ သူတို့ကို လိုက်လို့ကို မမီပါဘူး။
ဒါပေမယ့် စင်ကာပူမှာ ထူးထူးခြားခြား သတိရစရာ သင်္ကြန်ပွဲ ကလေးတစ်ခု ကြုံခဲ့ဖူး ပါတယ်။ မှတ်မှတ်ရရ ၂၀၀၃ ခုနှစ်ကပါ။ အဲဒီနှစ်က စင်ကာပူမှာ SARS လို့ခေါ်တဲ့ ကူးစက်မြန် ပြင်းထန် တုတ်ကွေးရောဂါ ဆိုတာကြီး ပျံ့နှံ့နေပါတယ်။ မိတ်အင် ချိုင်းနား SARS ရောဂါဟာ လူကို သေစေလောက်တဲ့ အထိ ဒုက္ခပေးနိုင်ပါတယ်။ တံတွေး သလိပ် စတာတွေကနေ တဆင့် အလွယ်တကူ ပျံ့နှံ့နိုင်တာကြောင့် လူစုလူဝေးနဲ့ လုပ်တဲ့ အခမ်းအနားတွေ အားလုံးကို မလုပ်ပဲ ရပ်ထားကြ ပါတယ်။ နိအန်း ပေါ်လီကတော့ စောစောစီးစီး သင်္ကြန်လုပ်လိုက်တဲ့ အတွက် လွတ်သွားပါတယ်။ တခြားကျောင်း တွေကတော့ အားလုံး စီစဉ်ပြီးမှ သင်္ကြန်ပွဲ လုပ်ခွင့် မရကြ ပါဘူး။
ကျွန်တော်တို့ကျောင်းမှာလည်း သင်္ကြန်အတွက် အားလုံးစီစဉ် ပြီးခါမှ လုပ်ခွင့်မရတဲ့ အတွက် အားလုံး စိတ်ပျက်လက်ပျက် ဖြစ်နေကြပါတယ်။ အဲဒီတော့ ဖျော်ဖြေမယ့် အစီအစဉ်တွေ ထဲမှာ ပါတဲ့သူတွေ အားလုံး စုပြီး တစ်နေရာမှာ သင်္ကြန် သွားကျဖို့ စီစဉ်ခဲ့ကြပါတယ်။ ပါဆားရစ် (Pasir Ris) ကမ်းခြေက ရှလေး (Chalet) တစ်ခုမှာ အခန်းငှားပြီး ကျွန်တော်တို့ လက်သိပ်ထိုး သင်္ကြန်ပွဲ လုပ်ခဲ့ပါတယ်။ အဓိကကတော့ သင်္ကြန်ပွဲအတွက် ဖျော်ဖြေရေး အစီအစဉ်မှာ တက်တက်ကြွကြွ လုပ်နေကြတဲ့ သူတွေပါ။ ကျွန်တော်တို့ကတော့ ကျောင်းပြီး သွားပေမယ့် ကဲရမယ် အသံကြားတော့ မနေနိုင်လို့ သွားကြ ပါတယ်။ တိုးတိုးတိတ်တိတ် ကြိတ်လုပ်တာတောင် လူက လေးငါးဆယ်လောက် ရှိပါတယ်။
ကျွန်တော်တို့ ငှားထားတဲ့ အခန်းတွေက ရှလေးရဲ့ အပေါ်ထပ် မှာပါ ။ ယောက်ျားလေးတွေ အတွက် တစ်ခန်း၊ မိန်းကလေးတွေ အတွက် တစ်ခန်းဆိုပြီး နှစ်ခန်း ငှားထားပါတယ်။ အခန်း တစ်ခန်းစီမှာ အိပ်ခန်း နှစ်ခန်းနဲ့ ဧည့်ခန်း ထမင်းစားခန်း ပါတဲ့ အတွက် အတော်ကို ကျယ်ကျယ်ဝန်းဝန်း ရှိပါတယ်။ နှစ်ခန်းကို ကပ်ရက် ငှားထားပြီး စရောက်ကတည်းက အလယ်ခေါင်က ဆက်ထားတဲ့ တံခါးကို ဖွင့်ထားလိုက်တော့ နေရာက ပိုပြီး ကျယ်ကျယ် လွင့်လွင့် ဖြစ်သွားပါတယ်။ ဟိုဘက်ဒီဘက်လည်း လွတ်လွတ်လပ်လပ် ကူးလို့ သန်းလို့လည်း အဆင်ပြေ ပါတယ်။ စီစဉ်ထားတဲ့ အတိုင်းပဲ ညနေပိုင်းက စပြီး အားလုံး ကိုယ့်အစီအစဉ်နဲ့ကိုယ် အလျှိုလျှို ရောက်လာကြ ပါတယ်။
ဘာဘီကျူး လုပ်တဲ့ နေရာက အဆောက်အဦး အပြင်ဖက်က မြက်ခင်းပြင်မှာပါ။ အဲဒီမှာ ရေဘုံဘိုင်ခေါင်း ရှိပြီး လွတ်လွတ်လပ်လပ် ရေဆော့ လို့ ရပါတယ်။ ညနေစာ စားသောက် နေတုန်းမှာပဲ ခွက်တွေ ပုံးတွေနဲ့ ဝုန်းဒိုင်းကြဲပြီး ရေ စလောင်းကြ ပါတော့တယ်။ အနီးအနားမှာ စားသောက်နေတဲ့ သူတွေ တစ်ယောက်မှ မကျန်ပါဘူး။ ရေလောင်း မခံချင်တဲ့ သူတွေက အပေါ်ထပ် အခန်းကို ပြန်တက်ပြေး ကြပါတယ်။ သူတို့လည်း ရေသာ မဆော့ကြတယ်။ မကြည့်ပဲလည်း မနေနိုင် ပါဘူး။ တခြားသူတွေ ရေဆော့တာကို အပေါ်ထပ် တက်တဲ့ လှေခါးကနေ လှမ်းပြီး ကြည့်ကြပါတယ်။ ကျွန်တော်တို့လည်း တစ်ယောက်မကျန် ရေစိုရမယ် ဆိုတဲ့ စီမံကိန်းနဲ့ တစ်ခြား လှေခါးကနေ အပေါ်ထပ်ကို ပတ်ပြီးတက် နောက် လှေခါးမှာ ကြည့်နေတဲ့ သူတွေအားလုံးကို အရှေ့အနောက် ညှပ်ပိတ်ပြီး ရွှဲအောင် လောင်းကြပါတယ်။ ဝရန်တာမှာ ကြည့်နေတဲ့ သူတွေလည်း အလစ်အငိုက် ဖမ်းပြီး လောင်းကြ ပါတယ်။ အခန်းထဲ ဝင်ပုန်းနေတဲ့ သူတွေကိုလည်း အခန်းအပြင် မထွက်ထွက်အောင် ညာခေါ်ပြီး လောင်းကြပါတယ်။ သိပ်မကြာခင်မှာပဲ အားလုံးနီးပါး ရေစိုကုန်လို့ ပွဲက ပိုပြီး စည်သွားပါတယ်။
ဒန်အိုးတွေကလည်း ပါလာသေးတော့ ဒန်အိုးကနေ ရတဲ့ အိုးမည်းတွေနဲ့ တစ်ယောက် မျက်နှာ တစ်ယောက် သုတ်ကြပါတယ်။ ဒါပေမယ့် လူက များတော့ အိုးမည်းက မလောက် ပါဘူး။ အဲဒီတော့ မုန့်လုံးရေပေါ် လုပ်ဖို့ ယူလာတဲ့ ဂျုံမှုန့် အထုပ်တွေ ဖောက်ပြီး တစ်ယောက်မျက်နှာ တစ်ယောက် လိုက်သုတ် ကြပါတယ်။ အဲဒီ ဂျုံမှုန့်က ရေနဲ့ ရောလိုက်တော့ အိုးမည်းထက် ပိုပြီး သုတ်ရတာ လွယ်ပါတယ်။ ခဏအကြာ မှာတော့ အဲဒီ အနားမှာ ရှိတဲ့သူ အားလုံး မျောက်ဖြူတွေလို မျက်နှာတွေ ဖွေးဖွေးဖြူ နေကြပြီး တစ်ယောက်နဲ့ တစ်ယောက် ကြည့်ပြီး ရယ်နေကြ ပါတော့တယ်။
အားရအောင် ရေဆော့ ကြပြီးမှ အားလုံး အခန်းထဲမှာ ပြန်ပြီး အဝတ်လဲကြ ပါတယ်။ အားလုံး အဝတ်လဲ ပြီးတော့မှ အခန်းတံခါး ပိတ်ပြီး အခန်းထဲမှာ ကိုယ့်ဘာသာကိုယ် ဖျော်ဖြေရေး အစီအစဉ် စကြ ပါတယ်။ ကျောင်းက သင်္ကြန်ပွဲ အတွက် အက တိုက်ထားတဲ့ သူတွေလည်း အလကား မဖြစ်အောင် ဆိုတဲ့ အကြံကလည်း တစ်ခုပေါ့။ နောက်တော့ ကျောင်းမှာ ကဖူးတဲ့ သူမှန်သမျှ အကုန်လုံး မရမက အတင်းခေါ်ပြီး ကခိုင်းပါတယ်။
အားလုံးပြီးတော့ အပြင်ဖက် မြက်ခင်းပြင်ကို ထွက်ပြီး တီးဝိုင်း စပါတယ်။ တီးဝိုင်း ဆိုပေမယ့်လည်း ကီးဘုတ် တီးတဲ့သူက တစ်ယောက် ဂစ်တာ တီးတဲ့သူက နှစ်ယောက်နဲ့ အပြင်မှာ ဆိုချင်ရာ သီချင်း အော်ဆို ကြတာပါ။ မှတ်မှတ်ရရ အဲဒီအချိန်က လေးဖြူရဲ့ “အရေးမကြီးဘူး” စထွက်ခါစ အချိန်ပါ။ သောက်ချင်တဲ့ သူတွေက ဘေးမှာသောက် မသောက်ချင်လည်း အဲဒီမှာ သီချင်း ဝင်အော်ကြနဲ့ ဆူညံ ပွက်လောရိုက် နေတာပါပဲ။ နောက်တော့ ကျွန်တော်တို့က ဂစ်တာ ဆက်တီးရင်း ကျန်ခဲ့ပေမယ့် တစ်ဖွဲ့က အခန်း ပြန်ပြီး ဂိမ်းဆော့ ကြပါတယ်။ ခဏကြာတော့ အခန်းထဲမှာ ဂိမ်းဆော့လို့ အားမရ တာနဲ့ ပင်လယ်ကမ်းခြေဖက် ထွက်ပြီး ဆက်ဆော့ ကြပါတယ်။ ကျွန်တော်တို့လည်း သူတို့နဲ့ အတူ ပင်လယ်ကမ်းခြေဖက် ပါသွား ပါတယ်။ ကျွန်တော်တို့ အုပ်စုက သူတို့ဘေးမှာ ထိုင်ပြီး ဂစ်တာ ဆက်တီးကြ ပါတယ်။ ည ၂ နာရီလောက် ရောက်တော့ အားလုံးလည်း အတော်ပြိုင်း ကုန်ကြပါပြီ။ အဲဒါနဲ့ အခန်းကို ပြန်လာခဲ့ ကြပါတယ်။
အခန်းပြန်ရောက်တော့ အခန်းထဲမှာ ဖဲဝိုင်းက အကြီးအကျယ် ကောင်းနေပါပြီ။ လူများလွန်းလို့ နှစ်ဝိုင်းတောင် ခွဲထား ရပါတယ်။ ကျွန်တော်တို့ ကျောင်းရဲ့ ဂုဏ်ဆောင် ပရော်ဖက်ရှင်နယ် ဖဲသမားတွေ အများကြီး ပါပေမယ့် အဲဒီနေ့ကတော့ ဝိုင်းက သိပ်မကြမ်း ပါဘူး။ အပျော်ဆော့တာ ဆိုတော့ အားလုံး ထိန်းပြီး ဆော့ကြ ပါတယ်။ ကျွန်တော်ကတော့ ဖဲမရိုက်နိုင် တော့ပါဘူး။ ပင်ပန်းတာနဲ့ ဘေးမှာပဲ အသာလေး ခွေနေပါတယ်။ မနက် ၄ နာရီ ကျော်တဲ့ အထိ အခန်းထဲမှာ ဝင်အိပ်တဲ့သူ မရှိပါဘူး။ ဖဲသမားများ ကလည်း အတော် ဇွဲကောင်းကြ ပါတယ်။ မိုးလင်းမှပဲ ဝိုင်းသိမ်း ကြပါတယ်။
နောက်တစ်နေ့ ပြန်ခါနီး အခန်းပြန်အပ်တော့ ဟိုတယ် မန်နေဂျာနဲ့ အတော်ကို စကားပြောလိုက် ရပါတယ်။ ပြသနာက ညနေဖက်က တစ်ယောက်နဲ့ တစ်ယောက် ဂျုံမှုန့်တွေနဲ့ သုတ်ရင်း ဟိုတယ်ထဲ ပတ်ပြေး ထားတော့ ဟိုတယ် ကော်ရစ်ဒါတွေ လှေခါးတွေမှာ ဂျုံမှုန့်တွေ ပေပွပြီး ဖွေးဖွေးဖြူ နေပါတယ်။ ဟိုတယ် မန်နေဂျာ ဘွားတော်က အဲဒါတွေ လှည့်ပတ်ကြည့်ပြီး ကျွန်တော်တို့ကို ပွစိပွစိနဲ့ မကျေမနပ် ပြောပါတယ်။ ဒါ လူတွေ လုပ်တာ မဟုတ်ဘူး မကောင်းဆိုးဝါးတွေ လုပ်တာ ဘာညာနဲ့ အတော်ကို ရစ်နေပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးတော့ ဘွားတော်ကို ဖောရှော လျှောက်ရိုက်ပြီး ပြီးသွားပါတယ်။
နောက်နှစ်တွေတော့ အဲဒီလို သင်္ကြန်မျိုး ထပ်မလုပ်ဖြစ်ပါဘူး။ SARS ပြသနာ မရှိတော့လို့ သင်္ကြန်ကို ကျောင်းမှာပဲ လုပ်ဖြစ်ပါတယ်။ ဒါပေမယ့် နောက်နှစ်တွေ စင်ကာပူမှာ သင်္ကြန် ကျရတာ အဲဒီနှစ်ကလောက် ပျော်စရာ ကောင်းတယ်လို့ကို မထင်တော့ ပါဘူး။
9 comments:
ပျော်စရာကြီးပါလား....... ကို ဇက်တီ ရေ။
Sars တုန်းက ဒီမှာဆိုပိုဆိုးတာပေါ့..
၂၀၀၃ သင်္ကြန်တုန်းက ဒီမှာဘယ်လိုပြီးသွားမှန်းတောင်မသိပါဘူး..
တခြားနှစ်တွေလဲ မသွားတော့ ဘာမှမသိပါဘူး..
ဟိဟိ..
တစ်နှစ်ကတော့ သွားဖူးတယ်..တိုက်ပေါ်ကနေကြည့်ပြီးပြန်လာတာ..
မြန်မာတန်းတစ်ဖက်တစ်ချက်ကိုပိတ်ပြီး လုပ်ပေးတာ..
မီးသတ်ကားက ရေပန်းနဲ့ ပက်တယ်..
ပျော်စရာကြီးပါလား
ကိုယ့်သူငယ်ချင်းတွေ အချင်းချင်းပျော်ရတာဆိုတော့လည်း ဘယ်မေ့နိုင်ပါ့မလဲ
ပျော်စရာကောငး်လိုက်တာ။ ဒါမျှီူပြန်ရဘို့မလွယ်တော့ဘူး။ ဘဝတစ်သက်တာမှာ။
တော်တော်ပျော်စရာကောင်းတာပဲနော်..
တစ်ခါလောက်တော့ အဲ့လို သင်္ကြန်မျိူး စင်ကာပူမှာ ကြုံဖူးချင်တယ်
ကို ZT ရေ ထပ်ကြုံဖူးချင်ရင် SP ကျောင်း organizer ကို သွားပြောလေ audi တို့ conven တို့ မငှားနဲ့ pasir မှာ ခြံကျယ်ကျယ်နဲ့ ၂ထပ်ခန်းငှား bbq လုပ် အသေရေပက် အေးရော... :D sponsor လည်း တအားလိုက်ရှာနေစရာမလိုဘူး
ကာယကံရှင်တွေတော့မသိ ကိုယ်တောင်ပျော်သွားတယ်။ ကြံကြံဖန်ဖန်လည်း လုပ်တတ်ပါပေ့။ ဟိုတယ်က ပြောလို့အဆင်ပြေသွားတာ တော်သေးနော်။
ကလေးတွေ အန္တရာယ် ကင်းကင်း ပျော်ကြတာ ဖတ်ရင်းနဲ့တောင် အပျော်လေးတွေ ကူးတယ်... တို့တွေများတော့ လူတကာကို ကြောက်နေရတာနဲ့ အဲ့သလို မပျော်ခဲ့ရဘူး... အခုတော့ စင်ကာပူက ပျော်စရာကြီး... မြန်မာတွေ အများကြီးနဲ့ အသိုင်းအဝန်းရှိတယ်
အင်းနော် ရေးထားတာကို ဖတ်ရတာနဲ့တင်ပျော်စရာကြီး :D
Post a Comment