Search This Blog

Sunday, May 3, 2009

အယူသီးမှု နှင့် ထုံးတမ်းစဉ်လာ

၁၃ ဂဏန်းကို နိမိတ် မကောင်းဘူး ဆိုပြီး ပြောကြတဲ့သူ အတော်များ ပေမယ့် ဘာလို့ နိမိတ် မကောင်းတာလဲ ဆိုတာကို မေးရင်တော့ သိတဲ့သူ နည်းပါတယ်။ လူအများစု လက်ခံထားတဲ့ သီအိုရီကတော့ ခရစ်တော်ရဲ့ နောက်ဆုံး ညစာစားပွဲမှာ သစ္စာဖောက် တပည့်သာဝက ဂျူးဒပ်ဟာ ၁၃ ယောက်မြောက် နေရာမှာ ထိုင်ခဲ့ ပါတယ်။ အဲဒါကြောင့် အနောက် တိုင်းသားတွေက ၁၃ ဂဏန်းကို နိမိတ်မကောင်းတဲ့ ဂဏန်းအဖြစ် ယူဆကြ တယ်လို့ ဆိုပါတယ်။ အင်္ဂလိပ်စာမှာ ၁၃ ဂဏန်းကို ကြောက်တတ်တဲ့ ရောဂါ ကို Triskaidekaphobia လို့ ခေါ်ပါတယ်။ ဒါပေမယ့်လည်း လွှမ်းခြုံဆက်စပ်နေတဲ့ ကမ္ဘာ (Globalization) မှာ အတွေးအခေါ် ကူးစက်မှုတွေက အရမ်းကို မြန်ပါတယ်။ အနောက် တိုင်းသားတွေ ၁၃ ဂဏန်း မကောင်းဘူး ပြောတာနဲ့ အရှေ့တိုင်းက လူတွေပါ ၁၃ ဂဏန်း မကောင်းဘူးလို့ လိုက်ပြောကြ ပါတယ်။ ဘာမဆိုင် ညာမဆိုင် မြန်မာပြည်က လယ်တွင်း ကိုးခရိုင်မှာပါ ပေါင်းချင်း ၁၃ ခရီး မသွားကောင်းဘူး ဆိုပြီး ကွန့်တဲ့သူ တွေ ရှိပါတယ်။ အံ့သြစရာတစ်ခု အနေနဲ့ သတိထားမိခဲ့တာ ကတော့ ရန်ကုန်က ကုန်သည်ကြီးများ ဟိုတယ်မှာ ၁၃ ထပ် မရှိဘဲ ၁၂ ထပ်နဲ့ ၁၄ ထပ် ကြားက အထပ်ကို A လို့ ရေးထားတာပဲ ဖြစ်ပါတယ်။ ၁၃ ဂဏန်းကို ကံမကောင်းတဲ့ ဂဏန်းအဖြစ် ဘယ်လိုပဲ ပြောကြပေမယ့် တကမ္ဘာလုံးက လက်ခံကြတာတော့ မဟုတ်ပါဘူး။ အိန္ဒိယ နိုင်ငံမှာ ၁၃ ဂဏန်းကိုပဲ လပ်ကီးကောင်းတဲ့ ဂဏန်းလို့ ယူဆကြတဲ့ ဆစ်ခ် ဘာသာဝင် တွေ ရှိပါသေးတယ်။

တရုတ် ကိုရီးယားနဲ့ ဂျပန်ဘာသာစကားမှာ ၄ ဂဏန်းရဲ့ အသံထွက်ဟာ သေခြင်းတရားဆိုတဲ့ စကားလုံးရဲ့ အသံထွက်နဲ့ နီးစပ်ပါတယ်။ အဲဒါကြောင့် ထိုင်ဝမ်အပါအဝင် တရုတ်၊ကိုရီးယား၊ ဂျပန် နိုင်ငံတွေမှာ ၄ ဂဏန်းကို သေခြင်းတရားနဲ့ ဆက်စပ်နေတဲ့ ဂဏန်းတစ်ခု အနေနဲ့ ကြောက်ရွံ့ကြပါတယ်။ တရုတ်လူမျိုးတွေဟာ နှစ်သစ်ကူးနေ့မှာ ၄ ဆိုတဲ့ ဂဏန်းကို မပြောရဘူး ဆိုတဲ့ အထိ အယူသီးမှု ရှိပါတယ်။ ၄ ဂဏန်းကို ကြောက်ရွံ့တဲ့ ရောဂါကိုတော့ အင်္ဂလိပ်ဘာသာမှာ Tetraphobia လို့ ခေါ်ကြပါတယ်။

မြန်မာပြည်က အယူသည်းမှုတွေဟာ အခြား ပြည်ပက တင်သွင်းတဲ့ ပစ္စည်းများလိုပဲ နိုင်ငံပေါင်းစုံကနေ လာကြပါတယ်။ တစ်ခါတစ်လေတော့လည်း နိုင်ငံခြားက လာတဲ့ အယူအဆတွေကို ဘိုးစဉ်ဘောင်ဆက်ပဲ ရှိခဲ့ဖူးသလို ထင်ယောင်ထင်မှား ဖြစ်တတ်ကြပါတယ်။ မြန်မာ ရုပ်ရှင် ဗွီဒီယိုတွေထဲမှာ ရိုက်ပြတတ်တဲ့ အဖြစ်ဆိုးတစ်ခု နဲ့ ကြုံတဲ့ အခါတိုင်းမှာ ပန်းအိုး ကျကွဲတာတို့ မှန်ကျကွဲတာတို့ဟာ အနောက်တိုင်းက လာတဲ့ အယူသီးမှု တွေပဲ ဖြစ်ပါတယ်။ အနောက်တိုင်းမှာတော့ မှန်ကျကွဲရင် ၇ နှစ်တိတိ ကံမကောင်းဘူးလို့ ယူဆကြပါတယ်။ အဲဒါကို ပြန်ဖြေဖို့ ကျကွဲခဲ့တဲ့ မှန်ကို လရောင်အောက်မှာ မြေကြီးထဲ သွားမြှုပ်ရတယ်လို့လည်း ဆိုကြပါတယ်။ အဲဒီလိုပဲ ညဘက် လက်သည်းခြေသည်း မညှပ်ကောင်းဘူး ဆိုတာကလည်း တရုတ်လူမျိုး တွေရဲ့ တောက်တယ်ကျင်း ကျမ်းက လာတဲ့ အယူသီးမှုပဲ ဖြစ်ပါတယ်။ လက်ဖဝါး ယားရင် ပိုက်ဆံဝင်မယ်၊ ခြေဖဝါး ယားရင် ခရီးထွက်ရမယ်၊ ကြက်သွန်ဖြူက မကောင်းဆိုးဝါးတွေရဲ့ ရန်က ကာကွယ်ပေးနိုင်တယ်၊ ခွေးအူရင် လူမမာ သေခါနီးပြီ ဆိုတာမျိုး တွေကတော့ မြန်မာလူမျိုး တစ်မျိုးတည်းတွင်သာ မကပဲ လူမျိုးခြားတွေမှာပါ ရှိတတ်တဲ့ အယူသီးမှု တွေပဲ ဖြစ်ပါတယ်။

အယူသီးတာက အချိန်ကြာလာရင် ထုံးတမ်းစဉ်လာ တစ်ခု ဖြစ်သွားတတ် ပါတယ်။ မင်္ဂလာဆောင်တွေမှာ သတို့သမီးကို မျက်နှာဖုံး အုပ်တာဟာ မကောင်းဆိုးဝါးတွေရဲ့ မျက်လုံးကနေ မမြင်နိုင်အောင် ကာကွယ်တဲ့ သဘောမျိုးနဲ့ စခဲ့တာ ဖြစ်ပါတယ်။ အခုတော့လည်း သတို့သမီးရဲ့ မျက်နှာဖုံးဟာ ဖက်ရှင် တစ်ခု ဖြစ်သွားပါပြီ။ အသုဘ အခမ်းအနား တွေမှာ ပြုလုပ်နေကျ ထုံးတမ်း စဉ်လာ တစ်ချို့ဟာ အယူသီးမှုကို အခြေခံခဲ့ ပေမယ့် အခုတော့ အယူသီးမှုု မဟုတ်တော့ဘဲ ထုံးတမ်းစဉ်လာ ဖြစ်နေပါပြီ။ ပန်းခွေဆိုတာ သေသွားတဲ့ သူတွေရဲ့ ဝိဉာဉ်တွေကို ချုပ်နှောင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စပြီး လုပ်ခဲ့တာပါ။ နှစ်ကာလ ကြာတော့ အယူသီးတာကို ဘယ်သူမှ သတိမရတော့ဘဲ အမှတ်တရ အနေနဲ့ ပို့တဲ့ လွမ်းသူ့ ပန်းခွေ ဖြစ်သွားပါတယ်။ အဲဒီလိုပဲ စစ်ဖက်ဆိုင်ရာ အသုဘ အခမ်းအနားတွေမှာ သေနတ်ဖောက်တာ သရဲတွေကို ခြောက်လှန့်ထုတ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စခဲ့တယ် လို့ သိရပါတယ်။ အခုခေတ် မှာတော့ ဂုဏ်ပြုတဲ့ အနေနဲ့ သေနတ်ဖောက်တဲ့ ထုံးတမ်းစဉ်လာ ဖြစ်သွားခဲ့ပါပြီ။

ပြောပါများ ကြားပါများတော့ အယူသီးတာကိုတောင် သတိမထားမိ သလို ဖြစ်တတ်ပါ သေးတယ်။ မွေးနေ့ကိတ် ပေါ်က ဖယောင်းတိုင်တွေကို တစ်ချက်တည်းနဲ့ မှုတ်ပြီး လိုရာ ဆုတောင်းရင် ပြည့်တယ် ဆိုတာမျိုး၊ ကြယ်ကြွေတဲ့အချိန် ဆုတောင်းရင် ပြည့်တယ် ဆိုတာမျိုး၊ လောင်းကစားလုပ်တဲ့နေရာမှာ စလုပ်တဲ့သူဟာ ကံကောင်းတတ်တယ် ဆိုတာမျိုးကို ကျွန်တော်တို့တစ်တွေ အယူသီးတာမှန်းတောင် တခါတလေ မေ့နေတတ်ကြပါတယ်။ အဲဒီလိုပဲ သမီးရည်းစားချင်း လက်ကိုင်ပုဝါ ရေမွှေးပုလင်း လက်ဆောင်ပေးရင်ကွဲမှာ စိုးရိမ်လို့ စတိသဘောနဲ့ ပိုက်ဆံ အနည်းအကျဉ်း ယူပြီး အရောင်းအဝယ် သဘောမျိုး ဖြစ်အောင် လုပ်ကြတာလည်း အယူအသီးမှု တစ်ခု ပါပဲ။ တစ်ခါတစ်လေတော့လည်း အယူသီးတာကို ကျွန်တော်တို့ မသိဘဲ တကယ်ဖြစ်သလို ထင်တဲ့ ကိစ္စတွေ လည်း ရှိတတ်ပါတယ်။ ရေနစ်တဲ့ သူတစ်ယောက်ဟာ မနစ်ခင် သုံးခါတိတိ ရေပေါ်ကို ပြန်ပေါ်တယ် ဆိုတာ တကယ် မဟုတ်ပဲ အယူသီးမှု တစ်ခု သက်သက်သာ ဖြစ်ပါတယ်။

ဆိုင်ဘာခေတ်ရဲ့ အယူသီးမှုကတော့ ဆက်တွဲ အီးမေးလ် (Chain E-mail) တွေကို အပြန်အလှန် ပို့ကြတာမျိုးပါ။ အခုချက်ချင်း ဘယ်နှစ်ယောက်ကို မပို့ရင် ရည်းစားနဲ့ ကွဲမယ် ဆိုတာမျိုး၊ ဆွေမျိုးသားချင်းထဲက တစ်ယောက်သေမယ် ဆိုတာမျိုးတွေနဲ့ ခြိမ်းခြောက်ပြီး အီးမေးလ်တွေကို ဖော်ဝပ် လုပ်ခိုင်း ကြပါတယ်။ တစ်ခါတစ်လေတော့လည်း ရုပ်ပုံကလေး တစ်ပုံကို ဖော်ဝပ်လုပ်ပြီး ဒီရုပ်ပုံက ကံကောင်းခြင်းတွေ ယူဆောင်လာတယ် ဆိုတာမျိုးလည်း လုပ်တတ်ကြပါသေးတယ်။ အံ့သြစရာ ကောင်းလောက်အောင်ပဲ ပညာတတ် ကွန်ပြူတာ အသုံးပြုသူ အတော်များများက ချိန်း အီးမေးလ်တွေရဲ့ အကြောင်းကို သေသေချာချာ မစဉ်းစားပဲ မဆင်မခြင် ဖော်ဝပ် လုပ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် အခု စိတ်ချရတာက နောက်မှ နောင်တရ တာထက် ကောင်းတယ် ဆိုတာမျိုး တွေးကြပါတယ်။ ဘယ်လိုပဲ တွေးသည်ဖြစ်စေ အီးမေးလ်တစ်ခုက ကိုယ့်ကံကြမ္မာကို ပြောင်းလဲ သွားနိုင်တယ် ဆိုတဲ့ အယူသီးမှုမျိုးကိုတော့ ခေတ်ပညာတတ် တစ်ယောက်မှာ လုံးဝ မရှိသင့်ဘူး လို့ပဲ ယူဆမိပါတယ်။

26 comments:

ThuHninSee said...

ဟုတ်..မှတ်သားသွားပါကြောင်း ။

နေညိုရင့် said...

ခုခေတ်မှာ တကယ် စဉ်းစားသင့်တဲ့ အချက်တွေပါဗျာ။ ၁၃ ဂဏန်းဆို လူအတော်များများ unlucky ပဲ ပြောကြတယ်ဗျာ။ တကယ်တော့ ဘာမှ မမြင်ရသေးတဲ့ အရာကို အယူစွဲတွေနဲ ့ ကြိုပြီး စိုးရိမ်နေကြတာပါပဲ။ ဗဟုသုတ ရတယ်ဗျာ။

ပုံရိပ် said...

ဟုတ်ပါရဲ့ တချို့ ဓလေ့တွေဆို သိတောင်မသိဘူး။ အားလုံးက လိုက်နာ နေကြတာပဲ။

pm said...

မယုံကြည်လွန်းလို့ ခက်နေတယ် ဘယ်လိုလုပ်မလဲ။

Bino said...

I never never.
This right, Every body told me Bino is a stupid idiot.

Bino

အပြုံးပန်း said...

အယူသီးမူတွေထဲမှာ
နောက်ဆုံးတခုက အသုံးဝင်လှတယ်၊
အဲဒီလို အီးမေးလ်တွေက နှောင့်ယှက်လွန်းလှတဲ့ အတွက် လူတိုင်းဖတ်မိရင် ကောင်းမယ်

Yan Yan said...

အဲဒါတော့ ဟုတ်တယ်ဗျို့
တစ်ချို့နိုင်ငံတွေမှာ ကားနံပါတ်ကို ၈ ပါရင် ဈေးကောင်းရတယ်
အဲ့ တစ်ချို့ကြတော့ ၉ တဲ့ဗျာ
အဲ့တစ်ချို့လည်း ၄ ကို မှ ဈေးကြီးပေးပြီး ရှာရှာဖွေဖွေ သုံးသဗျာ
ကားနံပါတ်တင်လားဆိုတော့ မဟုတ်ပြန်ဘူး
နိုင်ငံကူးလက်မှတ် ၊ တယ်လီဖုန်းနံပါတ် က အစ အကုန်အကြခံလို့
သုံးကြတာ တွေ့ရပါတယ်ခင်ညာ

megumi said...

ကျမကတော့ အယူသီးတာကို မကြိုက်ဘူး။
ဆက်တွဲ အီးမေးလ် (Chain E-mail)ကို ဖြစ်ချင်တာဖြစ် ကိုယ့်ဆီမပို့နဲ့လို့ သူငယ်ချင်းတွေကို မှာထားတယ်။
ဖော်ဝပ် လည်း ထပ်မလုပ်ပေးဘူး။ ဘယ်ဂဏန်းမကောင်းဘူးလို့လည်း အယူမရှိဘူး။

ဥပမာ၊ ၁၃ ဂဏန်း ၊ ၄ ဂဏန်း ကမကောင်းဘူးဆိုတာနဲ့ စာမေးပွဲမှာ ကိုယ်က အဲဒီခုံနံပါတ်ကျရင် နိမိတ်မကောင်းဘူးဆိုပြီး စာမေးပွဲမဖြေတော့ဘူးလား။ စာကောကောင်းကောင်းမကျက်တော့ဘူးလား။ အမှတ်မကောင်းဘူးလို့ကော ပြောနိုင်မလား။

တကယ်တော့ အယူသီးမှုဟာ ဥပါတ်ဒါန်ကြောင့် ဥပါတ်ရောက်တယ်လို့ပဲ ထင်တယ်။

နေဒေးသစ် said...

စာရေးကောင်းသူ ... လေ့လာအားကောင်းသူ ... တင်ပြရဲသူ ...
သဘောကျမိပါရဲ့ ....

T T Sweet said...

၁၃ဂဏန်းကြောက်တဲ့အထဲ ကိုယ်လဲပါတယ်။ ဒါပေမဲ့ ဟိုတလောက စာမေးပွဲတစ်ခုမှာ ခုံနံပတ်၁၃ ရတယ်။ အတော်စိတ်ပျက်သွားတယ်။ ဒါပေမဲ့ စာမေးပွဲမှာ အရင်ဆုံးပြီးပြီး အောင်ပြီး ထွက်လာခဲ့တယ်။ ဖြေပြီးပြီးချင်း အအောင် အကျသိရတဲ့ စာမေးပွဲပေါ့။ ဒါပေမဲ့ ခုချိန်ထိ အယူသီးတုံးပဲ။ ပို့စ်လေးဖတ်လို့ကောင်း ဗဟုသုတလဲရပါတယ်။ ကျေးဇူး။

မိုးခါး said...

lucky ဂဏန်းရယ်လို့လဲ သတ်သတ်မှတ်မှတ်မရှိပါဘူး
ဘယ်ဂဏန်းက unlucky လို့လည်း အယူမရှိဘူး
ဖော်ဝပ်မေးတွေအတွက် စိတ်အနှောင့်အယှက်တော့ဖြစ်မိတယ်
ဒါပေမယ့် သူများကိုတော့ ဆက်ပြီး စိတ်အနှောင့်အယှက်ဖြစ်အောင်မလုပ်တော့ဘူး
lucky ဆိုတဲ့ ရုပ်ပုံမျိုးတွေကိုတော့ ဖော်ဝပ်လုပ်ပေးလိုက်တယ်..
အစွဲအလန်းသိပ်မထားတတ်တော့လည်း လူသက်သာပါတယ် .. း)

တောင်ငူသား said...

၁၃ နဲ့ ၄ ဂဏန်းကို ကျွန်တော်ကတော့ ဘယ်လိုမှ မနေပါဘူး။ ကျွန်တော်က ၁၃ ရက်နေ့ဖွားလေ။ အဲလိုတိုင်းသာဆို မသေမချင်း ထိုင်ပြီး စိတ်ဆင်းရဲနေဖို့ပဲ ရှိတော့တယ်။ ကိုဇက်တီရေးထားတာ အချက်အလက်တွေ တော်တော်စုံတယ်ဗျာ။

ဖော်ဝပ် ကိစ္စနဲ့ ပက်သက်လို့တော့ ပို့လာတဲ့သူကို ပြောထားတဲ့ အရေတွက်တိုင်း သူ့လိပ်စာကိုပဲ ပြန်ပို့ပေးလိုက်တယ်။ နောက်ထပ်မပို့တော့ဘူး။ အားတော့ နာပေမယ့် တစ်ကြိမ်နဲ့ ရောဂါအမြစ်ပြတ်ကရောပဲ။

chocothazin said...

မှတ်သားသွားပါတယ်။ သတိပြုဖို ့ကောင်းဖို ့အချက်တွေပါပဲ။

မဇနိ said...

အယူသည်းတာတော့ မရှိသလောက်ပါ။ အိမ်မှာ မှန်အကွဲကို ဒီတိုင်းကြည့်နေတာ အမတယောက်ကပြောတယ်။ မဇနိမောင်လေးကို မှန်အကွဲ လွှင့်ပစ်လိုက်တဲ့ မင်းအမ အပျိုကြီးဖြစ်စေချင်လို့ ထားထားတာလားတဲ့လေ။ အခုထိလည်း အဲမှန်ကွဲ ရှိသေးတယ်။ အယူသည်းတာတွေ တဖက်စွန်းရောက်ကုန်ရင်တော့ အတော်ဆိုး။ အဲဒီမေးလ်ပို့တာလည်း ဘယ်တော့မှမလုပ်ဘူးဗျ။ ကိုဇနိကတော့ ၁၃ ဂဏန်းက သူ့ကို ကောင်းကျိုးပေးသတဲ့။

khin oo may said...

တို့ှှှှှှဆီ အဲဒီလိုမျိူးအီးမေး်လ်ရောက်လာရင် တို့ဆီမှာဘဲ ဖျက်လိုက်တော့တယ် ရှေ့ဆက်မသွားဘူး။

khin oo may said...

ကိုယ်လုံးပေါာ်မှန်တစ်ချက်ကွဲသွားဘူးတယ်။ လွတ်ပစ်ရမှာနှမျောလို့ တစ်ချို့ကို အမေ့ကုတင်အောက်ထိုးခဲ့တယ။် လပိုင်းအတွင်းအမေ ရုတ်တရက် ဆု့ံးသွားတယ။် ဆိုင်လားမဆိုင်လားဆိုတာကိုတော့သိချင်လိုက်တာ.

လက်ဖဝါးယားရင် ပိုက်ဆံရတယ်ဆိုတာ ကိုယ့်အတွက် အတော်လေးတိုက်ဆိုင်ပါတယ်

ခြေဖဝါးယားရင်ခရီးထွက်ရမယ်ဆိုတာလည်းတိုက်ဆိုင်ပါယတ်။

ခွေးတွေ ကတော့တစ်ကောင်အူတာနဲ့ ကြားသမျှအကောင်လုုုိုက်အူတော့တာပါဘဲ။။

khin oo may said...

မှန်အကွဲကလေးကိုတော့လှွတ်ပစ်စေချင်တာဘဲ မဇနိ.။ ဘာဘဲဖြစ်ဖြစ်.. မြန်မြန် အိမ်ထာင်ကျတာပေါ့. ဆိုင်ဆိုင် မဆိုင်ဆိုင်..ဒါအရေးကြီးတယ်။ လူကြီးတွေပြောရင်နားထောင်ရတယ။်

wai said...

So informative and thoughtful post.
I am not so superstitious and I always argue for such stuffs with my family. For me, if I have to go somewhere but I have no mood or lazy to pack, this trip always be cancelled.
I also dislike forwards mail. I never give trouble to others and I delete them.

Anonymous said...

ရှေးထုံးလည်း မပယ်နဲ ့ ဈေးသုံးလည်း မလွယ်နဲ ့ တဲ့ း)

ဆောင်း said...

ပန်းခွေဆိုလို ့သတိရသွားတယ် မြန်မာပြည်မှာ ပန်းခွေကို အသုဘ မှာဘဲ ပေးလေ့ရှိပေမဲ့ တရုတ်ကားတွေ အိနိယကားတွေ မှာ ပန်းခွေကို မင်ဂလာ ရှိ ကျက်သရေရှိ လူကြီးလူကောင်းတွေ ဧည့်သည်တွေ လာရင် စွပ်ပေးတာ တွေ ့ရတယ် နော် ရယ်လဲ ရယ်ချင်တယ် ကိုယ့်နိုင်ငံဓလေ့နဲ့ မတူတော့ ကွဲလွဲတာ တွေ က ရယ်စရာ ဖြစ်ရရော

avocado said...

ကျေးဇူးတင်ပါတယ် ... ဗဟုသုတရသွားလို့ပါ .. email forward လုပ်တာတွေကိုတော်တော်မုန်းပါတယ် ... ဘယ်တော့မှပြန် forward မလုပ်ဘူး.. ဖြစ်ချင်တာဖြစ်... သူငယ်ချင်းတွေလည်းပြောထားတယ် .. အဲ့ဒါတွေမပို့နဲ့လို့ ...

Anonymous said...

i took 10th grade exam with roll no 13 and i could go to medical school.

Anonymous said...

excellent, I also agree and never send this kind of forward mail. They are trying to make fool.
So Why we do it like this.

Anonymous said...

Waa, but you should do because it is our traditional :)

နုသွဲ့ said...

ဟုတ်ပ။ Chain email တွေဟာ သိပ်စိတ်ပျက်စရာ ကောင်းတယ်။ အယူသည်းတယ်ဆိုတာ အကြောက်တရားကို အခြေခံတဲ့၊ အခြေအမြစ် မခိုင်မာတဲ့ တိုက်ဆိုင်မှုတွေလို့ပဲ မြင်ပါတယ်။
မြန်မာပြည်က ဆေးရုံတွေမှာ လူနာကုတင်ကို လက်နဲ့ပုတ်ရင် အသည်းအသန်လူနာ လာတတ်တယ်တို့၊ ကလေး နှလုံးခုန်သံ နားထောင်တဲ့ ကိရိယာလေး လွတ်ကျရင် မွေးရခက်ခဲတဲ့ လူနာ လာတတ်တယ်တို့ အယူသည်းကြပါတယ်။ အလုပ်သင် ဆရာဝန် ဘဝတုံးက emergency operation မကြုံဖူးလို့ ခွဲစိတ်ဆောင်က လူနာကုတင်အလွတ်တွေကို လက်နဲ့ ပုတ်၊ ခွဲစိတ်ခန်း တံခါးကြီးကို ကိုင်လှုပ်နဲ့ စမ်းသပ်ကြည့်တာ တစ်ခါမှ အထမမြောက်ခဲ့ပါဘူး။ အဲဒီကတည်းက အယူသည်းမှုတွေကနေ လွတ်မြောက်သွားတာပဲ။ ကောင်းလေစွလို့ မှတ်တယ်။

မလိခ said...

chain mail တွေကိုတော့ အမုန်းဆုံးပဲ... အမြဲ delete လုပ်ပစ်တယ်...။ ညဖက် လက်သည်းခြေသည်းညှပ်တာကတော့ ငယ်ငယ်ကတည်းက အမေနဲ့ အမြဲစကားအခြေအတင်ပြောရတဲ့ကိစ္စ.. နောက်တော့ အမေ့ကိုအားနာလို့ အမေ့အိမ်မှာဆို မညှပ်ဖြစ်တော့ဘူး..။ ဒီမှာတော့ နေ့နေ့ညညမရှိဘူး သတိရတဲ့အချိန်ညှပ်တယ်..။ ကျွန်မက အဲဒီအယူသီးတာတွေကို မယုံပေမဲ့ ယုံတဲ့လူတွေကိုနောက်ရတာတော့ သဘောကျတယ်... ဟဲဟဲ.. အကျင့်ပုပ်တာလေ..။ ဒီကိုရောက်ပြီး ၂နှစ်လောက်နေတော့ ခင်တဲ့ စလုံးတရုတ်မလေးကို နင့်ပုခုံးပေါ်သူများလက်လာတင်ရင် နင့်ကို နောင်တော်ရမဲ့ ယောက္ခမကနိုင်လိမ့်မယ်လို့ ငါတို့ဆီမှာ အယူရှိတယ်လို့ နောက်လိုက်တာ... အဲဒီကောင်မလေးက ခုထိ သူများ သူ့ပုခုံးပေါ်လက်တင်မခံတော့ဘူး...။