Search This Blog

Monday, June 1, 2009

ဟိုတစ်စ ဒီတစ်စ ဟာသများ

ကိစ္စမရှိဘူး

အဖိုးကြီးကို သူ့သူငယ်ချင်းက ပြောပါတယ်။
“ခင်ဗျားမိန်းမ ကားဒရိုင်ဘာနဲ့ လိုက်ပြေးသွားတယ် လို့ ကြားလိုက်ရတယ်။ စိတ်မကောင်းပါဘူးဗျာ။”
အဖိုးကြီးက ပြန်ပြောပါတယ်။
“ကိစ္စမရှိပါဘူး။ ကျွန်တော် ကားမောင်းနိုင်ပါသေးတယ်။”


သိပ်သိရင် မဖြစ်ဘူး

ကောင်လေးက သူ့အမေကို ပြောပါတယ်။
“အမေ။ ကျွန်တော်တော့ စာဆက်မသင်ချင်တော့ဘူး။”
သူ့အမေက အံ့သြတကြီးနဲ့ “ဘယ်လို ဖြစ်တာလဲ။” လို့ မေးပါတယ်။
အဲဒီတော့ ကောင်လေးက ဒီလို ပြန်ဖြေပါတယ်။
“ဟိုတစ်နေ့က ကျွန်တော် ကြားလိုက်ရတယ် အမေ။ လူတစ်ယောက်ဟာ သိတာတွေ များလွန်းလို့ သေနတ်နဲ့ ပစ်သတ် ခံလိုက် ရတယ်တဲ့။”

ဘယ်သူထင်လဲ


အမျိုးသမီးတစ်ဦးဟာ သူမရဲ့ အိမ်ထဲကနေ လမ်းမပေါ်ကို အထိတ်တလန့်နဲ့ ပြေးထွက်လာပြီး အော်ပါတယ်။ “ကယ်ကြပါဦး။ ကယ်ကြပါဦး။ ကျွန်မသားလေး အကြွေစေ့တစ်စေ့ကို မျိုချပြီး အသက်ရှူ လမ်းကြောင်းပိတ်နေလို့။ ကျွန်မလည်း မလုပ်တတ်တော့ဘူး။”

အနားမှာ ရှိတဲ့လူတွေ အားလုံး မျက်နှာလွှဲသွားကြပါတယ်။ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကပဲ အမျိုးသမီးရဲ့ အိမ်ထဲကို ပြေးဝင်သွားပါပြီး သူမရဲ့ သားကို ရှာပါတယ်။ နောက်တော့ အဲဒီကလေးကို ခြေထောက်ကနေ ဇောက်ထိုးကိုင်ပြီး လှုပ်ရမ်းပါတယ်။ နောက်ဆုံးတော့ အကြွေစေ့ဟာ ကောင်လေးရဲ့ ပါးစပ်ထဲကနေ ထွက်ကျလာပါတယ်။

အမျိုးသမီးကတော့ ဝမ်းသာအားရနဲ့ “ကျေးဇူးတင်လိုက်တာရှင်။ ရှင်ဟာ ဆရာဝန်လား။” လို့ မေးပါတယ်။

အမျိုးသား ကတော့ “မဟုတ်ပါဘူး။ ကျွန်တော် အမြတ်ခွန် ဌာန ကပါ။” လို့ ပြန်ဖြေလိုက်ပါတယ်။

အကြောင်းရင်း

နပ်စ်မချောချောလေးက ဆရာဝန်ကို ပြောပါတယ်။
“ဒေါက်တာ။ ဒီလူငယ်ကို ကျွန်မ သွေးခုန်နှုန်း စမ်းလိုက်တိုင်း ပိုပြီး မြန်မြန်လာတယ်။ သူ့ကို စိတ်ငြိမ်ဆေး ပေးလိုက်ရမလား။”
ဆရာဝန်က ပြန်ဖြေပါတယ်။
“မလိုပါဘူး။ နောက်တစ်ခါ စမ်းမယ်ဆိုရင် သူ့မျက်လုံးကိုသာ အဝတ်နဲ့ စည်းထားလိုက်ပါ။”

ဘာလုပ်စားမှာလဲ

ဆရာ။ ။ “မင်းလုပ်သမျှ အကုန်အမှားချည်းပဲ။ ဒီပုံအတိုင်းသာဆိုရင် ကျောင်းပြီးရင် မင်းဘာလုပ်စားမှာလဲ။”
တပည့်။ ။ “စိတ်မပူပါနဲ့ ဆရာ။ ကျွန်တော် မိုးလေဝသ သတင်း ကြေငြာတဲ့သူ လုပ်မှာပါ။”

လူမိုက်ငှား

ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့အစည်းအဝေးမှာ ကုမ္ပဏီ ဥက္ကဌက ထပြီး စကားပြောပါတယ်။
“ငါ့ရဲ့ အတွင်းရေးမှူးမနဲ့ ရှုပ်နေတဲ့သူ ဘယ်သူ ရှိသလဲ။”
အားလုံးငြိမ်နေကြပါတယ်။ အဲဒီတော့ ဥက္ကဌက နောက်တစ်ခွန်း ထပ်မေးပါတယ်။
“ကောင်းပြီ။ ဒီလို ထားလိုက်။ ငါ့ရဲ့ အတွင်းရေးမှူးမနဲ့ မရှုပ်တဲ့သူ ဘယ်သူ ရှိသလဲ။”
ဒီတစ်ခါလည်း အားလုံး ငြိမ်နေကြ ပြန်ပါတယ်။ အချိန်အတော်လေး ကြာမှ တစ်ယောက်က ထပြောပါတယ်။
“ကျွန်တော် ရှိပါတယ်။”
ဥက္ကဌက ပြန်ပြောပါတယ်။
“ကောင်းပြီ။ မင်းသူ့ကို အလုပ်ဖြုတ်လိုက်။”

လေးချင်လေးပါစေ

ဝယ်သူ။ ။ “ဝတ္ထုစာအုပ် တစ်အုပ်လောက် ဝယ်ချင်လို့။ ကူညီပါဦး။”
စာအုပ်ဆိုင်ဝန်ထမ်း။ ။ “ရပါတယ် မဒမ်။ ဝယ်ချင်တဲ့ စာအုပ်နာမည် ဒါမှမဟုတ် စာရေးဆရာနာမည်လေး ပြောပါလား။”
ဝယ်သူ။ ။ “အင်း။ အဲဒီလိုမျိုးတော့ မရှိဘူး။ မင်းငါ့ကို သင့်တော်တဲ့ စာအုပ်တစ်အုပ်လောက် အကြံပေးလို့ ရမလား။”
စာအုပ်ဆိုင်ဝန်ထမ်း။ ။ “ရပါတယ်။ ဒါနဲ့ ပေါ့ပေါ့ပါးပါး စာအုပ်လိုချင်လား။ လေးလေးပင်ပင် စာအုပ် လိုချင်လား။”
ဝယ်သူ။ ။ “ပေါ့တာ လေးတာ ကိစ္စမရှိပါဘူး။ ငါ့ကားက ဆိုင်အပေါက်ဝမှာတင် ရပ်ထားတာပါ။”

အလှအပ နဲ့ အသိဉာဏ်

အမျိုးသား။ ။ “မိန်းမတွေ ဟာ ဘာဖြစ်လို့ အလှအပကို အသိဉာဏ်ထက် ပိုပြီး ဂရုစိုက်ကြသလဲ ဆိုတာကို ငါတော့ စဉ်းစားလို့ မရဘူး။”
အမျိုးသမီး။ ။ “ဒါကတော့ ရှင်းပါတယ်။ ယောက်ျားတွေက ဘယ်လောက်တုံးတုံး မျက်စိတော့ မကန်းကြဘူးလေ။”

ဘယ်သူရှိသေးလို့လဲ

ကျော်ကြားတဲ့ ရုပ်ရှင်မင်းသားတစ်ယောက်ကို စိတ်ပညာရှင်က မေးခွန်းမေးပါတယ်။
“ခင်ဗျားရဲ့ မိန်းမကို သစ္စာဖောက် ဖူးသလား။”
မင်းသားက ဒီလို ပြန်ဖြေပါတယ်။
“သူ့ကို သစ္စာမဖောက်ရင် ဘယ်သူ့ကို သွားပြီး သစ္စာဖောက်ရမှာလဲ။”

မယုံကြဘူး

တရားသူကြီး။ ။ “အရင်တစ်ခေါက် မင်းကိုငါ ဒီနေရာမှာ တွေ့တုန်းက မင်းကို ဒီနေရာမှာ ငါ ထပ်မမြင်ချင်ဘူးလို့ ပြောခဲ့တယ်။ မင်းမှတ်မိလား။”
တရားခံ။ ။ “မှတ်မိပါတယ် တရားသူကြီးမင်း။ ဒီရဲသားတွေကို ကျွန်တော် အဲဒီအတိုင်း ပြောပြပါတယ်။ ဒါပေမယ့် သူတို့က ကျွန်တော့်ကို မယုံကြဘူး။”

မတတ်နိုင်ဘူး

ဆရာဝန်တစ်ယောက်ဟာ ဂွကျတဲ့ လူ့မလိုင် တစ်ယောက်ကို စမ်းသပ်ဖို့ အခြေအနေ ဖြစ်လာပါတယ်။
“ကောင်းပြီ။ ခင်ဗျား ဘာဖြစ်သလဲ ကျွန်တော့်ကို ပြောပါ။” လို့ ဆရာဝန်က ပြုံးပြုံးရွှင်ရွှင်နဲ့ မေးပါတယ်။
“ကျွန်တော် ဘာဖြစ်သလဲ ဆိုတာကို ရှာဖွေဖို့က ခင်ဗျား အလုပ်ပဲလေ။” လို့ လူ့ဂွစာက ပြန်ပြောပါတယ်။
ဆရာဝန်က ခဏ စဉ်းစားပြီး ပြောပါတယ်။
“ကောင်းပြီ။ ကျွန်တော့်ကို တစ်နာရီလောက် အချိန်ပေးပါ။ ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကို သွားခေါ်ချင်လို့ပါ။ သူက တိရိစ္ဆာန် ဆရာဝန်လေ။ ကျွန်တော် သိသမျှ လူထဲမှာ မေးခွန်းမမေးပဲ ရောဂါရှာနိုင်တဲ့ သူဆိုလို့ သူတစ်ယောက်တည်းပဲ ရှိတယ်။

စာလုံးပေါင်းမှားရခြင်း

ဝယ်သူ။ ။ “ခင်ဗျားဆိုင် ပြတင်းပေါက်က ကြော်ငြာထားတဲ့ စာတမ်းမှာ ဘာလို့ စာလုံးပေါင်းရော သဒ္ဒါရော အမှားတွေ အများကြီး ဖြစ်နေရတာလဲ။”
ဆိုင်ရှင်။ ။ “ဒါက ဒီလိုပါ။ အဲဒီစာတမ်းကို တွေ့တော့ လူတွေက ကျွန်တော့်ကို ငတုံးငအ လို့ ထင်ပြီး ကျွန်တော့်ဆီက ဝယ်ရင် ပေါချောင်ကောင်း ရမယ်လို့ ထင်ရတယ်။ အဲဒီ ကြော်ငြာ ချိတ်လိုက်တဲ့အချိန်က စပြီး ကျွန်တော့်ဆိုင် ရောင်းကောင်းလာတော့ တာပါပဲ။”

(Reader Digest Best Jokes ထဲက ဟာသတွေကို ဘာသာပြန်ထားတာပါ။)

7 comments:

ကိုလူထွေး said...

"လူတစ်ယောက်ဟာ သိတာတွေ များလွန်းလို့ သေနတ်နဲ့ ပစ်သတ် ခံလိုက် ရတယ်တဲ့။”

ဒါမြန်မာပြည်မှာ ဖြစ်သွားတာမဟုတ်လား..မြန်မာပြည်မှာလေ...



နောက်ဆုံးက ဈေးသည်က idea ကောင်းတယ်...

Moe Cho Thinn said...

ဒီလို ပေါ့ပေါ့ပါးပါး ဟာသလေးတွေ ဖတ်ရတာ သဘောကျမိတယ်။ လေးလေးပင်ပင်မဟုတ်လို့ ကားကို ဆိုင်ပေါက်၀ ရပ်ထားစရာ မလိုဘူးလေ။

megumi said...

အလှအပ နဲ့ အသိဉာဏ်

အဲ့ဒါအကြိုက်ဆုံးပဲ။ ဟ ဟား။ ကျန်တာတွေလည်း ရယ်ရတယ်။ :P :P

မီးမီးချစ် said...

ဥက္ကဌက သူကိုယ်တိုင် လဲ မဖြုတ်ရဲ ဘူးထင်တယ်..း)

ksanchaung said...

`လှ´တာက ချက်စားလို့မရဘူး။ `၀´တာက ဖက်ထားလို့ရတယ် ဆိုသလိုပေါ့။ အမှန်တွေချည်း ပြောနေရင်တော့ ဘောလုံးပွဲသတင်းသာ ကြေငြာခိုင်းလိုက်ပါ။

ဒါ့ထက် ကျွန်တော်ကို သွေးခုန်နှုံးတိုင်းမယ်ဆိုရင်လည်း မျက်လုံးကို အဝတ်နဲ့ အရင်စည်းပေးကြပါဦး။

Taungoo said...

နောက်ဆုံးတစ်ခုက ဘလော့လောကနဲ့များ ဆိုင်နေမလားပဲ။ း)

Taungoo said...

နောက်ဆုံးတစ်ခုက ဘလော့လောကနဲ့များ ဆိုင်နေမလားပဲ။ း)