Search This Blog

Wednesday, June 3, 2009

စင်ကာပူမှာ စားဖို့ ဝါးဖို့

တစ်ချိန်တုန်းက စင်ကာပူမှာ မြန်မာနိုင်ငံလိုပဲ အစားအသောက်ကို အထမ်းနဲ့ လှည့်ရောင်းတဲ့ ဈေးသည်တွေ၊ လမ်းဘေးမှာ ချရောင်းတဲ့ ဈေးသည်တွေ ရှိခဲ့ဖူး ပါတယ်။ အဲဒီလိုလူတွေကို ဟော့ကာ(Hawker) လို့ ခေါ်ပါတယ်။ နောက်တော့ အစိုးရက လမ်းဘေးမှာ အစားအသောက် ရောင်းတဲ့သူတွေကို စုစည်းပြီး တစ်နေရာထဲမှာ ဆိုင်တန်းအနေနဲ့ ဖွင့်ပေးပါတယ်။ အဲဒါကြောင့် စားသောက်တန်းတွေကို ဟော့ကာ စင်တာ (Hawker Centre) လို့ ခေါ်တယ်လို့ ကြားဖူးပါတယ်။ နှစ်ကာလ ရွေ့လျားလာတော့လည်း စားသောက်ဆိုင် အသေးစား ကလေးတွေ တစုတစည်းတည်း ရှိတဲ့ ဆိုင်တိုင်းကို ဟော့ကာစင်တာ လို့ပဲ ခေါ်ကြပါတော့တယ်။

စင်ကာပူက အင်္ဂလိပ်စကား ပြောတဲ့ နိုင်ငံ ဖြစ်ပေမယ့် အစားအသောက်ကိုတော့ အင်္ဂလိပ်လိုသာမကပဲ တရုတ်စကား၊ မလေးစကား၊ ဟောက်ကျန့်(Hokkien)တရုတ်စကား၊ ဗန်းစကား အခေါ်အဝေါ် အမျိုးမျိုးနဲ့ ခေါ်ကြပါတယ်။ ကော်ဖီဆိုင် တွေမှာတောင် ကော်ဖီနဲ့ လက်ဖက်ရည်ကို အင်္ဂလိပ်လို မဟုတ်ဘဲ ဒေသသုံး စကားတွေ ရောသမမွှေပြီး ခေါ်လေ့ ရှိပါတယ်။ အင်္ဂလိပ်လို မှာလို့ ရပေမယ့် အင်္ဂလိပ်လို ကောင်းကောင်း မတတ်တဲ့ စားပွဲထိုးတွေနဲ့ တွေ့ရင်တော့ ကိုယ်လိုချင်တာ မရဘဲ တိုင်ပတ် နေတတ်ပါတယ်။ ဒါပေမယ့် သူတို့ သုံးလေ့ သုံးထ ရှိတဲ့ အသုံးအနှုန်းတွေကို သိရင်တော့ ကိုယ်ကြိုက်တဲ့ အရသာ မှာလို့ ရနိုင်ပါတယ်။ စားပွဲထိုးတိုင်း နားလည်တဲ့ ကော်ဖီဆိုင် အသုံးအနှုန်းတွေကတော့ ဒီလိုပါ။

Kopi (ကိုပီ) - ကော်ဖီ
Teh (တေ) - လက်ဖက်ရည်
Kopi-C (ကိုပီစီး) - နို့စိမ်းနဲ့ ဖျော်ထားတဲ့ ကော်ဖီ
Teh-C (တေစီး) - နို့စိမ်းနဲ့ ဖျော်ထားတဲ့ လက်ဖက်ရည်
Kopi-Kau (ကိုပီကောင်း) - ကော်ဖီခါးခါး
Kopi Peng (ကိုပီပိန်း) - ကော်ဖီအေး
Teh Peng (တေပိန်း) - လက်ဖက်ရည်အေး
Kopi Siew Tai (ကိုပီရှူးတိုင် - ကော်ဖီ သကြားနည်းနည်း
Teh Siew Tai (တေရှူးတိုင်) - လက်ဖက်ရည် သကြားနည်းနည်း
Kopi Ka Tai (ကိုပီကတိုင်) - ကော်ဖီ သကြားများများ
Teh Ka Tai (တေကတိုင်) - လက်ဖက်ရည် သကြားများများ
Kopi-O (ကိုပီအို) - ဘလက်ကော်ဖီ
Teh-O (တေအို) - လက်ဖက်ရည် နို့ဆီမပါ
Kopi-Kosong (ကိုပီကိုဆုန်) - ဘလက်ကော်ဖီ သကြားမပါ
Teh-Kosong (တေကိုဆုန်) - လက်ဖက်ရည် နို့ဆီမပါ သကြားမပါ

ကိုဆုန် ဆိုတာက သုညကို မလေးလို ပြောတာပါ။ သူများပြောတာ နားထောင်ပြီး နည်းနည်း ကျင့်ပြော ကြည့်ပါ။ ကျွန်တော်တော့ ကော်ပီစီး ကို မပီမသ ပြောမိလို့ ကော်ဖီတစ်ခွက် တီးတစ်ခွက် ရတာ နှစ်ကြိမ် မကပါဘူး။ :D

မလေး အစားအစာ စားဖို့ကတော့ မလေးစကား နည်းနည်းပါးပါး နားလည်ထားရင် မှာရတာ ပိုပြီး အဆင်ပြေပါတယ်။ မလေး အစားအသောက် နာမည် အတော်များများက ဒီနားမှာပဲ ပတ်လည်ရိုက် နေပါတယ်။ ဂိုရင် (Goreng) ဆိုတာ အကြော်ကို ခေါ်ပါတယ်။ မီး(Mee) ဆိုတာက ခေါက်ဆွဲ၊ ဘီးဟွန်း(Bee Hoon) ဆိုတာက ကြာဇံ ၊ နာဆီ (Nasi) က ထမင်း လို့ အဓိပ္ပါယ် ရပါတယ်။ အဲဒီတော့ ခေါက်ဆွဲကြော် ဆိုရင် မီးဂိုရင်၊ ကြာဇံကြော် ဆိုရင် ဘီးဟွန်း ဂိုရင်၊ ထမင်းကြော် ဆိုရင် နာဆီဂိုရင် ခေါ်ပါတယ်။ ကြက်ကို အာရမ် (Ayam) ခေါ်ပြီး ငါးကို အိကန်း (Ikan) ခေါ်ပါတယ်။ ထမင်းကြော်ထဲ ကြက်သားကြော် ထည့်ချင်ရင် နာဆီ ဂိုရင် အာရမ် (Nasi Goreng Ayam) လို့ မှာလို့ ရသလို ငါးသေးသေးလေးတွေနဲ့ ကြော်ထားတဲ့ ထမင်းကြော် စားချင်ရင်တော့ နာဆီ ဂိုရင် အိကန်း ဘေလိစ်(Nasi Goreng Ikan Billis) လို့ မှာလို့ ရပါတယ်။

ဆိတ်ကို ကမ်ဘင်း ( Kambing) လို့ ခေါ်ပြီး အမဲသားကိုတော့ ဒါဂင်း(Daging) လို့ ခေါ်ပါတယ်။ စွတ်ပြုတ်ကတော့ စွပ်(Sup) ပါပဲ။ ဆိတ်စွတ်ပြုတ် သောက်ချင်ရင် ကမ်ဘင်းစွပ် လို့ မှာလို့ ရပြီး အမဲသား စွတ်ပြုတ် သောက်ချင်ရင်တော့ ဒါဂင်းစွပ် လို့ မှာလို့ ရပါတယ်။ ကမ်ဘင်းစွပ်က ကိုလက်စထရောများလို့ ဆိုပြီး စလုံးမှာ ရောင်းတဲ့ဆိုင် နည်းသွားပါပြီ။

စင်ကာပူက တရုတ်အစားအစာ အချို့မှာ ခရု (Cockle) ကို ထည့်တတ်ကြပါတယ်။ ကွေးတျောင် လို့ ခေါ်တဲ့ ခေါက်ဆွဲအပြားကို ကြော်ထားတဲ့ ချာကွေးတျောင် (Char Kway Teow) နဲ့ စင်ကာပူ အုန်းနို့ ခေါက်ဆွဲ (Laksa) တို့မှာ ခရု ထည့်တတ်ကြပါတယ်။ ကျွန်တော်က ခရု မကြိုက်ပါဘူး။ ခရု မစားချင်ရင် မိုက်ဟမ် (Mai Hum) လို့ မှာလို့ ရပါတယ်။ မိုက်ဟမ်က ဟောက်ကျန့် စကားပါ။ ခရု မလိုချင်ဘူး ဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။

တခါကတော့ အလုပ်မရှိ အကိုင်မရှိ အင်တာနက်ထဲမှာ စင်ကာပူမှာ နာမည်အကြီးဆုံး ဟော့ကာ စင်တာတွေကို ရှာကြည့်မိတော့ ဒီလင့်ခ် မှာ သွားတွေ့ပါတယ်။

http://www.visitsingapore.com/publish/stbportal/en/home/where_to_eat/f_b_experiences/uniquely_singapore/where_to_find_local.html


Raffles Place ဘူတာရုံနားက လောပါဆပ် (Lau Pa Sat) နဲ့ ဒူးရင်းသီးနားမှာ ရှိတဲ့ ဂလပ်တွန်ဘေး (Glutton Bay) ကိုတော့ စင်ကာပူမှာ နေတဲ့သူ အတော်များများ ရောက်ဖူးကြမှာပါ။ အဲဒီတော့ အကျယ် မပြောတော့ပါဘူး။ အဲဒီစာရင်းထဲ ပါတဲ့ အခြား ဟော့ကာစင်တာတွေထဲမှာ Maxwell Food Centre က အစားအသောက် အတော်စုံပါတယ်။ ဈေးလည်း ပေါပါတယ်။ Tanjong Pagar ဘူတာရုံကနေ လမ်းလျှောက်ပြီး သွားလို့ ရသလို တရုတ်တန်းကနေ ဘတ်စ်ကားစီးသွားရင်လည်း ရောက်ပါတယ်။ တခြား စားသောက်တန်း တွေတော့ အစုံ မရောက်ဖူးသေးလို့ မသိပါဘူး။ အဲဒီစာရင်းထဲ မပါတဲ့ အခြား နာမည်ကြီး ဟော့ကာစင်တာ တစ်ခုကတော့ Old Airport Road မှာ ရှိပါတယ်။ မြို့လယ်ခေါင်နဲ့ မနီးမဝေးပါ။ အဲဒီမှာ အစားအသောက် အတော်စုံသလို သမ္မတတောင် မှာစားရတယ်လို့ နာမည်ကြီးတဲ့ ရိုဂျတ် (Rojak) ဆိုင် နဲ့ ရောင်းမလောက် ငှက်ပျောကြော် (Pisang Goreng ) ဆိုင် ရှိပါတယ်။

စလုံးမှာ ရှိတဲ့သူများ ဝါးတီးကောင်းကောင်း ဆွဲနိုင်ဖို့ ရည်ရွယ်ပါတယ်။ ကျန်ခဲ့တာလေးများ ရှိရင် ဖြည့်စွက်ပေးနိုင်ပါတယ်။ :D

22 comments:

Taungoo said...

လက်ဖက်ရည်ရော ကော်ဖီရော လာချတော့ နှစ်ခွက်လုံးသောက်ခဲ့ရရောလားဗျ

နွေးနေခြည် said...

Saragoon Garden မှာ အကင် ကောင်းပါတယ်။ ဆာတေး ကြက်၊ဝက်၊ဆိတ်၊ ကြက်တောင်ပံကင်၊ ငါးကင် နဲ့ ဘီယာဂျားလောက်ရှိတဲ့ ကြံရည်ခွက်ကြီးတွေရပါတယ်။ ခရုကြိုက်သူများအတွက် ခရုသီးသန့်လည်းရပါတယ်။

Moe Cho Thinn said...

မလေး တရုတ်မလေး ဆီက အတော်ကပ်သင်ထားပုံ ရတယ်။ :)

ZT said...

ကိုတောင်ငူ -> ပြန်ပေးတာပေါ့။ ဘယ်တစ်ခွက် ညာတစ်ခွက် သောက်လို့မှ မဖြစ်တာ။ :D

နွေးနေခြည် -> Serangoon Garden တော့ မရောက်ဖူးသေးဘူး။ သွားစားကြည့်ဦးမယ်။ Info အတွက် ကျေးဇူး။

မမိုးချိုသင်း -> မလေး တရုတ်မလေး ဆီကသာ ကပ်သင်လိုက်ရင် ဒီထက်တောင် ပိုတတ်ဦးမယ်။ ဟဲဟဲ။ :P

Phyo Maw said...

တေပိန်း = ice milk tea
သိတာ တစ်ခုတည်းရှိတာ ဝင်ပြောတာ။ :)

WWKM said...

လာရောက်မှတ်သားသွားပါတယ်. း)

megumi said...

အစားအစာတွေကို မှတ်သွားတယ်။ ချက်ချင်းအသုံးချလို့ရအောင်။ :)

ကျေးဇူး အကိုကြီး။

Heartmuseum said...

လာလည်ရင် သုံးရအောင်လို့ မှတ်သွားတယ်ဗျာ။

Anonymous said...

ကျွန်တော်တို့ ရုံးနားက ဟော်ကာ မှာတော့ တေးကတိုင်၊ ကော်ပီကတိုင် ဆိုရင် နို့ဆီများများလက်ဖက်ရည် ၊ နို့ဆီများများကော်ဖီ ကိုပြောတာပဲ။

ZT said...

နည်းတာနဲ့ များတာနဲ့ ပြောင်းပြန် ဖြစ်သွားတယ်။ ကျေးဇူးပဲ။ ဒါပေမယ့် နို့ဆီတော့ မဟုတ်ဘူး။ သကြား။ :D

စုချစ် said...

ပရာတာ ကိုဆုန် လို့ ပြောရင် ပလိန်းပရာတာလို့ပြောတာ။
မိုင်လို လို့ ပြောတာ နားမလည်လို့ မေလု ဆိုမှ နားလည်တယ်တော့...

JuneOne said...

အလွတ်ကျက်ထားလိုက်မယ်။

choco thazin said...

ဟုတ်တယ် တစ်ခါတစ်ခါ လက်ပေါက်ကပ်တယ်နော်။ တစ်ခါက Tom yam sea food bee hoon မှာစားပါတယ်။ အဲဒီထဲမှာ ပါတဲ့ငါးကိုမစားချင်လို ့ i don't want fish slice လို့ပြောတာဘယ်လိုမှမရဘူး။ ချာလည်လည်နေတယ်။ နောက်ဆုံးကြားဖူးနားဝ တရုတ်စကားနဲ ့i don't wantယွီလို ့ပြောတော့မှ အိုကေတော့မယ်။ ငါးကို ယွီလို ့ခေါ်တယ်ထင်တာပဲ။ သေချာမသိပေမယ့် လိုချင်တာတော့ ရလိုက်တယ်။

PAUK said...

သေချာမှတ်ထားဦးမှပဲ...

ကိုလူထွေး said...

ကိုပိစိတွေ သောက်နေပြန်ပြီလား...

full moon ဘက်ကို ပြန်လွမ်းတယ်...

မီယာ said...

မလေး တရုတ် အားလုံး တတ်ရင်တော့ ကောင်းကောင်း မှာစားလို့ ရမယ်ထင်တယ်နော်

ZT said...

Full Moon မရှိတော့ဘူး ပြောတယ် ကိုလူထွေး။ ကျွန်တော်လည်း အင်းလျားလမ်း မရောက်ဖြစ်တာ ကြာပြီ။

nu-san said...

အတော်အသုံးဝင်တဲ့ ပို့စ်.. သေချာမှတ်ထားရမယ်..:) စင်ကာပူမှာက အစားအသောက်ကောင်းတယ် စားချင်တာ စားလို့ရတယ်ပြောပေမယ့် အခေါ်လေးလည်း တတ်ဦးမှနော်... စင်ကာပူလာလည်ဖြစ်ရင် ကို ZT ရဲ့ ဒီ ပို့စ်ကိုအရင်ဆုံး print ထုတ်လာရမယ်.. :D

ဆုံနိုင်ခွင့် said...

ရေးသားမှုများအားမှတ်သားသွားပါတယ်.....
ကျေးဇူးပါ.......
ပိုပြီးကျေးဇူးတင်အောင်..တကယ်လိုက်ဝယ်ကျွေးရင်ပိုကောင်းမယ်နော်..
ခင်တဲ့
မေလေး

Mae said...

NUS နောက်က Feng San (စာလုံးပေါင်းမသေချာပါ) မှာ ပလာတာကောင်းကောင်းနဲ့ မလေးစာ 24hrs ရပါတယ်၊ အဲ့ဒီနားမှာ Beauty World (Bukit Timah) နဲ့ မျက်နှာချင်းဆိုင်က ဆိုင်တမ်းတွေမှာ chicken rice နဲ့ ကုလားစာတွေ ကောင်းပါတယ်၊

စင်္ကာပူထဲက မလေးရှားပိုင်နက်ဖြစ်တဲ့ tanjong pagar က ရထားဘူတာရုံမှာလဲ မလေးစာ ကောင်းကောင်းရပါတယ်၊ Jalan Kayu ကတော့ ပလာတာ နာမည်ကြီးပါ၊

နောက်တစ်နေရာက Queensway Ikea နားက ABC Market ပါ၊ တရုတ်စာ ဘိုစာ ကောင်းပါတယ်၊

East Coast Food Centre ကတော့ တရုတ်စာ နဲ့ အကင်တွေ satay စသဖြင့်ပေါ့၊ နောက်ကျရင် နေရာခက်ပါတယ်၊ နေ့လယ်ဘက်တော့ လူရှင်းတတ်ပါတယ်၊

Newton Circus ကတော့ hokkien mee နဲ့ carrot cake ကောင်းပါတယ်၊ အူတူတူနဲ့ Tourist ရုပ် ပေါက်ရင် ပင်လည်စာ ရောင်းတဲ့ ဆိုင်တွေက နှပ်ချတတ်လို့ သတိတော့ထားရတယ်

mabaydar said...

ကိုဇက်တီရေ info တွေကတော့ မသိသေးတဲ့သူတွေအတွက် အတော်အသုံးဝင်ပါတယ်... ဒါနဲ့ အဲဆိုင်တွေကို လိုက်ကွေျးမယ်ဆိုတော့.. ကျေးဇူးပဲနော်.. ဟတ်.. ဟတ်...

မီးမီးချစ် said...

မှတ်သွားလိုက်ပါပြီ...နို ့မို ့ဆို တိုင်ပတ်လွန်းလို့...ပြည်ကြီးတရုတ်တွေဆိုပိုဆိုး