Search This Blog

Monday, June 8, 2009

အိုဘားမားရဲ့ စကားပြောခြင်း အတတ်ပညာ

အမေရိကန် သမ္မတ ဘာရတ် အိုဘားမား မိန့်ခွန်းပြောတာဟာ အလွန်ပဲ နားထောင်လို့ ကောင်းပါတယ်။ သူဟာ စကားပြော ကောင်းလွန်းလို့ အချို့က သူ့ကို ပြောချည်း ပြောနေတယ် ဘာမှလည်း ဖြစ်အောင် မလုပ်နိုင်ဘူးလို့ ဝေဖန်ကြပါတယ်။

ဇွန်လ ၄ ရက်နေ့က အိုဘားမားဟာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ အာရပ်နဲ့ မွတ်ဆလင် ကမ္ဘာကို ဦးတည်တဲ့ မိန့်ခွန်းတစ်ခုကို ပြောခဲ့ပါတယ်။ သူ့ရဲ့ မိန့်ခွန်းဟာ အလွန် ဆွဲဆောင်မှု ရှိတဲ့အတွက် အဲဒီမိန့်ခွန်း ပြောတဲ့အချိန်မှာ သူသုံးခဲ့တဲ့ နည်းစနစ်တွေကို လက်လှမ်းမီသလောက် လေ့လာကြည့်မိပါတယ်။ ကျွန်တော့်အနေနဲ့ အကြောင်းအရာပိုင်းကို မသုံးသပ်ချင် ပါဘူး။ နည်းစနစ်ပိုင်းကိုပဲ သုံးသပ်ချင် ပါတယ်။အောက်က သုံးသပ်ချက် အားလုံးဟာ ကျွန်တော့် အမြင်သာ ဖြစ်တဲ့အတွက် ပြည့်စုံမှု ရှိမှာ မဟုတ်သလို အားလုံးမှန်တယ် လို့လည်း ယူဆလို့ မရပါဘူး။ ကိုယ့်ဘာသာကိုယ် ချင့်ချိန် တွေးတောနိုင်ပါတယ်။

ပရိသတ်နဲ့ တသားတည်း ဖြစ်ကြောင်း ပြောခြင်း

အိုဘာမားဟာ သူနဲ့ အာရပ်တွေ တသွေးတည်း တသားတည်း ဖြစ်တယ်ဆိုတဲ့ သဘောမျိုး ပြောကြားပြီး ဆွဲဆောင်ပါတယ်။ အိုဘားမားရဲ့ “ဆလမ် မာလေးကွမ်း” ဆိုတဲ့ နှုတ်ဆက်စကားအပြီးမှာ သူဟာ ပရိသတ်ရဲ့ သြဘာပေးမှုကို မိနစ်ဝက်ကျော်အောင် ရရှိခဲ့ပါတယ်။ အမေရိကန် သမ္မတ ရွေးကောက်ပွဲ တစ်လျှောက်မှာ သူ ထုတ်မသုံးခဲ့တဲ့ သူ့ရဲ့ အလယ်နာမည် ဟူစိန်ကို ပထမဆုံးအနေနဲ့ ထုတ်သုံးပြီး သူ့ကိုယ်သူ ဘာရတ် ဟူစိန် အိုဘားမား အနေနဲ့ မိတ်ဆက်ခဲ့ခြင်းဟာလည်း သူရဲ့ နည်းပရိယာယ် တစ်ခုပါပဲ။ သူ့ အဖေရဲ့ ကင်ညာနိုင်ငံက ဆွေမျိုးတွေမှာ မွတ်ဆလင်တွေ ပါဝင်နေတာ၊ သူ့ရဲ့ ကလေးဘဝကို မွတ်ဆလင် နိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့ အင်ဒိုနီးရှားမှာ ဖြတ်သန်းခဲ့တာ၊ ရှီကာဂိုက မွတ်ဆလင် အဖွဲ့အစည်းမှာ ကျင်လည်ခဲ့တာ တွေကို ပြန်ပြောခြင်းဟာလည်း သူဟာ မွတ်ဆလင်တွေနဲ့ မစိမ်းကြောင်း ထုတ်ဖော် ပြသွားတဲ့ နည်းပရိယာယ် တစ်ခုပါပဲ။

အမှန်ကို ထုတ်ဖော် ချီးကျူးခြင်း

လူတိုင်းက မြှောက်ပြောတာကို မကြိုက်ပါဘူး။ ဒါပေမယ့် အမှန်အတိုင်း ဖြစ်ခဲ့ဖူးတဲ့ ကိစ္စတစ်ခုကို ထုတ်ဖော် ချီးကျူးပြောဆို တာကိုတော့ လူတိုင်းက သဘောကျပါတယ်။ အိုဘားမားဟာ ကမ္ဘာ့သမိုင်းထဲမှာ မွတ်ဆလင်တွေရဲ့ အရေးပါတဲ့ ကဏ္ဍ တစ်ခု ဖြစ်တဲ့ ယဉ်ကျေးမှု ပြန်လည်ထွန်းကားလာတဲ့ခေတ် (Renaissance) မတိုင်ခင်က အချိန်တွေကို ပြန်လည်ထုတ်ဖော်ပြီး ချီးကျူးပါတယ်။ အဲဒီခေတ်က အနောက်တိုင်းမှာ နည်းပညာတိုးတက်မှုတွေ နှောင့်နေး နေခဲ့ပေမယ့် မွတ်ဆလင် ကမ္ဘာမှာ ဆေးပညာ၊ အက္ခရာသင်္ချာ၊ စက္ကူနဲ့ ပုံနှိပ်ခြင်း အတတ်ပညာ စတာတွေမှာ တိုးတက်လာခဲ့ပါတယ်။ အဲဒါတွေကို ပြန်လည် ထုတ်ဖော် ချီးကျူးခြင်းနဲ့ သူ့ကို သဘောကျအောင် ဆွဲဆောင် ခဲ့ပါတယ်။ အဲဒါအပြင် အမေရိကန် ပြည်ထောင်စုကို ပထမဆုံး အသိအမှတ် ပြုခဲ့တဲ့ နိုင်ငံဟာ မွတ်ဆလင် နိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့ မော်ရိုကို ဖြစ်တဲ့အကြောင်းကိုလည်း သတိတရ ထုတ်ဖော် ပြောခဲ့ပါတယ်။ မွတ်ဆလင်တွေဟာ အမေရိကန်မှာ ပျမ်းမျှ အမေရိကန်တွေထက် ပိုပြီး လူနေမှု အဆင့်အတန်း မြင့်မားတဲ့ အကြောင်းကို ထုတ်ဖော် ပြောခဲ့တာဟာလည်း သူ့ရဲ့ ပစ်ချက် တစ်ခုပါပဲ။

လူတိုင်းသိသော အမှန်တရားကို ပြောကြားခြင်း

ဒီမိန့်ခွန်းတစ်ခုတည်းနဲ့တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး လို့ အိုဘားမားက ပြောပါတယ်။ ဒါကတော့ သူ မပြောလည်း လူတိုင်းသိပါတယ်။ ဒါပေမယ့် အဲဒီလို ပြောခဲ့ခြင်းကြောင့် သူ့ကို ရိုးသားတဲ့သူ တစ်ယောက် အနေနဲ့ နားထောင်တဲ့ သူတွေက ထင်မြင်သွားစေပါတယ်။ ဒါ့အပြင် အီရတ်စစ်ပွဲဟာ အမေရိကန်ရဲ့ အမှား တစ်ခုလို့ လူအတော်များများ လက်ခံထားပါတယ်။ အိုဘားမား ကိုယ်တိုင် ဆီးနိတ်လွှတ်တော် အမတ်ဘဝက အီရတ်ကို ကျူးကျော်မယ့် ကိစ္စကို ကန့်ကွက်ခဲ့ဖူး ပါတယ်။ အဲဒီ ကိစ္စဟာ အမေရိကန် ရဲ့ အလွန် ဖြစ်ကြောင်း သူ ဝန်ခံခဲ့ပါတယ်။ နောက်တစ်ခုကတော့ အမေရိကန်နဲ့ အစ္စရေး ဆက်ဆံရေးဟာ အလွန်ခိုင်မာတယ်။ ဖြတ်လို့ မရဘူးဆိုတာ လူတိုင်းသိပါတယ်။ အဲဒီ အမှန်တရား ကိုလည်း သူ ဝန်ခံခဲ့ပါတယ်။ အဲဒီလို လူတိုင်းသိတဲ့ အမှန်တရားတွေကို ဝန်ခံခဲ့ခြင်းအားဖြင့် အိုဘားမားဟာ သူ့ကိုယ်သူ ရိုးသားသူ တစ်ယောက်အနေနဲ့ ပုံဖော်ခဲ့ပြီး လူတွေကို သူ့ဘက်ပါအောင် ဆွဲဆောင်ခဲ့ပါတယ်။

စကားလုံး အသုံးအနှုန်း

သတင်းဌာနတွေရဲ့ သုံးသပ်ချက်အရ အိုဘားမားဟာ မိန့်ခွန်း တစ်ခုလုံးမှာ အကြမ်းဖက်သမား (terrorist) ဆိုတဲ့ စကားလုံးကို တစ်လုံးမှ သုံးမသွားပါဘူး။ အစွန်းရောက် ဝါဒီ (Extremist) ဆိုတဲ့ စကားလုံကိုပဲ အစားထိုး သုံးစွဲ သွားပါတယ်။ အိုဘာမားရဲ့ လက်သုံးစကား “ငါဒီနေရာကနေ နှိမ့်ချစွာ ပြောဆိုပါတယ်။” ဆိုတာကို လည်း ထည့်သွင်းပြီး ပြောသွားပါတယ်။

ကိုယ်ဟန် အမူအရာ

မိန့်ခွန်းပြောတဲ့သူဟာ စာရွက်ကိုင်ပြီး ပြောရင် ကြည့်ရတာ အလွန် အရုပ်ဆိုးသလို နားထောင်နေတဲ့သူရဲ့ ရင်ထဲကိုလည်း ရောက်ဖို့ မလွယ်ပါဘူး။ အိုဘားမားဟာ မိနစ် ၅၀ ကျော် ကြာတဲ့ မိန့်ခွန်းကို စာရွက် လုံးဝ မကိုင်ဘဲ လက်တန်း ပြောသွားပါတယ်။ သူ့ရဲ့လက်ဟာ မိန့်ခွန်းပြောတဲ့ အချိန်တစ်လျှောက်လုံးမှာ စကားနဲ့အညီ လိုက်ပြီး လှုပ်ရှားနေပါတယ်။ လက်နှစ်ဖက်ကို ဘေးကို ဖွင့်ပြီး ပြောတဲ့ ကိုယ်ဟန်အမူအရာဟာ သူ့မှာ ပွင့်လင်းမှု ရှိတယ် အားလုံးကို ကြိုဆိုနေတယ် ဆိုတဲ့ အမူအရာ မျိုးပါပဲ။ လက်ညှိုးတစ်ချောင်ကို ထောင်ပြီး လက်ကို တံတောင်ဆစ်အထက်မှာ မြှောက်ထားတဲ့ အမူအရာမှာတော့ သူဟာ သြဇာအာဏာရှိတဲ့ လူတစ်ယောက် ဖြစ်တယ်ဆိုတာကို ပြနေပါတယ်။

မှတ်သားစရာကောင်းတဲ့ စကားများ

အိုဘားမားရဲ့ မိန့်ခွန်းထဲက မှတ်သားစရာကောင်းတဲ့စကားတစ်ချို့ကို ရွေးထုတ် လိုက်ပါတယ်။

“ကျွန်တော်တို့ရဲ့ လတ်တလော အတွေ့အကြုံတွေက သင်ခန်းစာရခဲ့တာက နိုင်ငံတစ်နိုင်ငံရဲ့ ငွေကြေးစနစ်ဟာ မခိုင်မာဘူး ဆိုရင် နေရာအနှံ့အပြားမှာ ရှိတဲ့ ကြွယ်ဝမှုတွေကို အကျိုးသက်ရောက်စေတယ်။ အဖျားရောဂါ အသစ်တစ်ခုဟာ လူတစ်ယောက်မှာ ဖြစ်ပြီ ဆိုရင် လူသား အားလုံးအတွက် အန္တရာယ်ရှိတယ်။ နိုင်ငံတစ်နိုင်ငံက နျူးကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးစားတယ် ဆိုရင် နိုင်ငံအားလုံးမှာ နျူးကလီးယား တိုက်ခိုက်ခံရမှု အတွက် အန္တရာယ်ရှိတယ်။ ကြမ်းတမ်းတဲ့ အစွန်းရောက်ဝါဒီတွေဟာ တောင်တန်းတစ်ခုမှာ အခြေပြု လှုပ်ရှားတယ် ဆိုရင် သမုဒ္ဒရာ တစ်ဖက်ကမ်းက လူတွေမှာ အန္တရာယ် ရှိတယ်။ ဒါဖာနဲ့ ဘော့စနီးယားမှာ အပြစ်မဲ့တဲ့သူတွေ အသတ်အဖြတ်ခံရတယ် ဆိုရင် ကျွန်တော်တို့အားလုံးရဲ့ စိတ်ဝိဉာဉ်တွေကို အစွန်းအထင်း ဖြစ်စေတယ်။ အဲဒါဟာ ၂၁ ရာစုမှာ ကျွန်တော်တို့ ကမ္ဘာကို ဝေမျှ နေထိုင် ကြတယ် ဆိုတဲ့ အဓိပ္ပါယ်ပဲ။”

“စစ်ပွဲတစ်ခုကို စရတာ လွယ်ပေမယ့် အဆုံးသတ်ဖို့ခက်တယ်။ အခြားလူတွေကို ထဲထဲဝင်ဝင် မြင်အောင် ကြည့်ရတာထက် အပြစ်တင်ရတာက ပိုလွယ်တယ်။ အခြားလူတစ်ယောက်နဲ့ ကိုယ်နဲ့ ကွဲပြားခြားနားတဲ့ အချက်ကို ရှာကြည့် ရတာက ကိုယ်နဲ့တူညီတဲ့အချက်ကို ရှာဖွေရတာထက် ပိုလွယ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ မှန်ကန်တဲ့ လမ်းကိုပဲ ရွေးသင့်တယ်။ လွယ်ကူတဲ့ လမ်းကို မရွေးသင့်ဘူး။”

ဂျော့ရှ်ဘုရှ်တုန်းကတော့ သတင်းစာ ဆရာ တစ်ယောက်က ဖိနပ်နဲ့ ပေါက်ခဲ့ပါတယ်။ အိုဘားမား အလှည့်မှာတော့ မိန့်ခွန်း ပြောနေတဲ့ အချိန်မှာ ပရိသတ်ထဲကနေ “ဘားရတ် အိုဘားမား။ we love you. ” လို့ အော်ဟစ်ပြီး အားပေးခံရတဲ့ အထိပါပဲ။ အိုဘားမားရဲ့ မိန့်ခွန်းစာသား အပြည့်အစုံနဲ့ ဗွီဒီယိုကို အောက်က လင့်ခ်မှာ ကြည့်နိုင်ပါတယ်။

Links:
Original Speech
အိမ်ဖြူတော်မှ ထုတ်ပြန်တဲ့ မိန့်ခွန်း ဗွီဒီယို

22 comments:

sin dan lar said...

စိတ်ဝင်စားပါတယ်... သေချာဖတ်သွားတယ်..။

Anonymous said...

ဒီလို ဖတ်လို့ကောင်းတဲ့ဘာသာပြန်ပို့စ် အတွက် ကျေးဇူးတင်ပါတယ်....ဘယ်ဘာသာဘဲဖြစ်ဖြစ် ဖြောင့်မတ်မှန်ကန်တဲ့ ခေါင်းဆောင်ကောင်းတယောက် ဖြစ်မယ်ဆိုရင် လူသားအားလုံးက ချစ်ခင်လေးစားကြမှာပါ....အိုဘားမားကိုတော့ စောင့်ကြည့်ရဦးမှာပေါ့......( ma mie nge )

နေညိုရင့် said...

ဘာသာပြန်ပြီး မျှဝေတဲ့အတွက် ကျေးဇူးဗျာ..။

Rita said...

ဒီ post အတွက် ကျေးဇူးတင်မိပါတယ်

ZT said...

အောက်ဆုံးတပိုဒ်က လွဲလို့ ဘာသာပြန် မဟုတ်ရပါ။ အသစ်စက်စက် ပင်ကိုယ်ရေးပါ။ :P

ကိုယ်တိုင်ကြည့်ပြီး ရေးထားပါတယ်။

khin oo may said...

လှပါတယ်ဆိုမှ...

sin dan lar said...

ဒါတောင်ရေမချိုးရသေးဘူးတဲ့.. မမကေအိုအမ်
:))

JuneOne said...

ဟုတ်ပ။တော်ပါတယ်ဆိုနေ။

ZT said...

ဘာသာပြန်လို့ ပြောကြလို့ ဖြေရှင်းချက်ကလေး ထုတ်ပေးတာပါ။ :P

MrDBA said...

သြော် ကိုယ်တိုင်ရေးလဲ ကောင်းတယ်နော်။ (တိန်!)

အိုဘားမား မိန့်ခွန်းတွေတော့ နားထောင်ပြီး ကြိုက်တယ်ဗျ။ ကိုကိုဖူး ရေးထားတာ ဖတ်ရတော့လဲ ကောင်းတာဘဲ။

Thant Zin (UCSM) said...

ကိုကိုZT သေချာကို လေ့လာပြီး ရေးထားတာပဲ..
Thanks ဗျာ..

ခင်မင်စွာဖြင့်
သီဟသစ်

Anonymous said...

ကိုzt,

အခုလို မိန့်ခွန်းကောင်းကောင်းတစ်ခုကိုနားထောင်ပြီး မိမိထင်မြင်ယူဆချက်ကိုချပြသွားတဲ့ အတွက်ရော
လူငယ်တစ်ယောက်အနေနဲ့ အချက်ချချ သုံးသပ်သွားတဲ့ကိုZTကိုလေးစားပါတယ် နောင်မှာလည်း ဒီလို အမြင်လေးတွေဝေမျှပါအုံးလို့တောင်းဆိုပါတယ်
ခင်မင်အားပေးလျက်
စန္ဒီမိုးမြင့်
မန္တလေး

Heartmuseum said...

ကို ZTရဲ့ သုံးသပ်ချက်လေး ကောင်းတယ်ဗျာ။ အိုဘားမားရဲ့ လက်ဟန်အနေအထားက သမတ္တရွေးပွဲ ဝင်ကတည်းက ကြိုက်တာဗျ။ ဟောနည်းပြောနည်း ကတော့ ဦးနုရေးတဲ့ မိတ္တဗလဋီကာ စာအုပ်ထဲက နည်းတွေကို အတော်များများ သုံးထားတာဗျ။ အချိန်ရရင် ပြန်ရှာဖတ်ကြည့်ပါ့လား။

မီယာ said...

ZT ရေ စိတ်ဝင်စားစရာ ကောင်းတယ်နော်။ ကျေးဇူးတင်ပါတယ်။ အတုယူစရာတွေပေါ့။ ZT သုံးသပ်ချက်တွေကပဲ မှတ်သားစရာကောင်းနေပြီ။

T T Sweet said...

ကိုယ့်အိမ်ကလူကတော့ အဲဒီမိန့်ခွန်းကို အပြန်ပြန် အလှန်လှန်ကြည့်လိုက် သမတ အိုဘားမားကို ချီးကျူးလိုက်လုပ်နေတာ။ ကိုယ်ကတော့ ကျွဲပါးစောင်းတီးဆိုသလိုဖြစ်နေတာ။ ခု ကို ZT ရဲ့ ပို့စ်ကို သေချာဖတ်ပြီး မိန့်ခွန်းကို ပြန်ကြည့်ဖြစ်တယ်။ ကျေးဇူးပါ။ သုံးသပ်ချက်လေး အရမ်းကောင်းပါတယ်။

မီးမီးချစ် said...

အိုဘားမား က စကားပြောကောင်းတယ်..
နဲနဲတော့ ပဲများတယ်..
သူ ့ကိုယ်သူမင်းသားကျနေတာပဲ..

နွေးနေခြည် said...

သုံးသပ်ချက်လေး ကောင်းလိုက်တာ...
ဒါလေးတွေ သေချာမှတ်ထားနော် နောင်တချိန် အိုဘားမားမရှိတော့ရင် ကိုဇက်တီတက်ပြောပေါ့

mabaydar said...

ကိုဇက်တီရဲ့ သုံးသပ်ချက်လေးကို သဘောကျပါတယ်.. ဒီလိုစကားပြောသင့်တယ်ဆိုတာ မှတ်သားသွားပါတယ်..
ဒါပေမဲ့ အိုဘားမားအပေါ်သုံးသပ်ရရင်တော့.. သူ့ကြည့်ရတာ မွတ်စလင်တွေကို အရမ်းဖားနေသလိုပဲ... ဘွတ်ရှ်တုံးကလို မဖြစ်ရလေအောင်လို့ တတ်နိုင်သလောက် ပြေလည်အောင်လုပ်နေတာပဲလား... သူကိုယ်တိုင်ကိုက မွတ်စလင်ကို မြတ်နိုးလေးစားသလားဆိုတာတော့ မသိပါဘူး... ဘာပဲပြောပြော သူက အမေရိကန်သမ္မတဆိုတော့ ကိုယ့်လို ပါမွှားလေးက သူဘာတွေးလဲ ဘယ်သိမလဲနော်...

PAUK said...

အိုဘားမားအကြောင်းသေချာဖတ်ဖူးတာ..
ဒါပထမဆုံးထင်တာပဲ..
ဖတ်လို့ကောင်းပါတယ်..
အားလုံး အေးချမ်း ငြိမ်းချမ်းတာ အကောင်းဆုံးမဟုတ်လား...
(ရန်ပွဲတွေ စစ်ပွဲတွေ လိုလားနေတယ်ဆိုရင်တော့
တမျိုးပေါ့)

Moe Cho Thinn said...

ZT တော်တယ်။

ဧရာ said...

သုံးသပ်ပုံရော ရေးသာပုံရော အတော်လေး ကောင်းပါတယ်။

Oo Zin said...

အော်...ကိုကြီးက ဒါမျိုးလဲ ရသကိုး ...လာရောက် အားပေးသွားပါတယ်ခင်ဗျ....
သုံးသပ်ချက်ထဲ မှာ စာရွက်မကိုင်ပဲ မိနစ်၅၀ လောက်ပြောသွားနိုင်တယ် ဆိုတဲ့ အချက် ကို အကြိုက်ဆုံးပဲ...ဒို ့လူကြီးတွေ နဲ ့တော့ကွာပါ့ဗျာ....နော ့