Search This Blog

Thursday, June 4, 2009

ဂြိုဟ် ၈ လုံး ဖြစ်ရခြင်း အကြောင်း

ရစ်ချတ်ဖေးမင်း (Richard Feyman) လို ပေါက်တတ်ကရတွေး ပေါက်တတ်ကရမေးတတ်တဲ့ ကလေးဟာ တစ်ချိန်မှာ ကမ္ဘာကျော် ရူပဗေဒ ပညာရှင် ဖြစ်လာပါတယ်။ ကျွန်တော်လည်း ငယ်ငယ်တုန်းက ပေါက်တတ်ကရတွေး ပေါက်တတ်ကရမေး တတ်ပေမယ့် သိပ္ပံပညာရှင်တော့ ဖြစ်မလာပါဘူး။ :D

ကျွန်တော်တို့ သူငယ်တန်းတုန်းက ပတ်ဝန်းကျင် ဆိုတဲ့ ဘာသာရပ်တစ်ခု စာမေးပွဲမှာ ဖြေရပါတယ်။ သင်ရိုးညွှန်းတမ်း ထဲမှာ ပါတဲ့ ဘာသာရပ် မဟုတ်သလို စာသင်ခန်းထဲမှာလည်း သင်မပေးပါဘူး။ ကလေးတွေကို ပတ်ဝန်းကျင် လေ့လာမှု ဘယ်လောက် အားကောင်းသလဲ ဆိုတာကို စမ်းသပ်တဲ့ ဘာသာရပ်ပါ။ ကျောင်းအုပ် ဆရာကြီး နာမည် ဘယ်လိုခေါ်သလဲ၊ ခြေ ၄ ချောင်း ရှိတဲ့ သတ္တဝါတစ်ကောင်ကို ပြောပါ အစရှိတဲ့ မေးခွန်းတွေပါ။

အဲဒီ မေးခွန်းထဲမှာ ဆိုက်ကားမှာ ဘီး ဘယ်နှစ်ဘီး ရှိသလဲ ဆိုတဲ့ မေးခွန်းတစ်ခု ပါပါတယ်။ ကျွန်တော်က ၅ ဘီးလို့ ဖြေလိုက်ပါတယ်။ ဆိုက်ဂျဲရိုးကို နေ့စဉ်လိုလို မြင်နေ ရပေမယ့် သေသေချာချာ သတိထားပြီး မကြည့်မိ ပါဘူး။ ဘေးတွဲမှာ ဘီးတစ်ဘီးထဲ ပါပေမယ့် ကျွန်တော့် စိတ်ထဲမှာ ဘီးနှစ်ဘီး ပါတယ်လို့ ထင်နေပါတယ်။ အိမ်ပြန်ရောက်တော့ အိမ်က လူတွေအားလုံး ဆိုက်ကားမှာ ဘီး၅ဘီး ရှိတယ်ဆိုတဲ့ အဖြေကို ကြားတော့ အံ့သြကြ ပါတယ်။ ဆိုက်ကားမှာ ဘာလို့ ဘီး ၅ ဘီး ပါတာလည်း လို့ ဝိုင်းမေးကြပါတယ်။ ကျွန်တော်က ကျွန်တော့် အတွေးအတိုင်း စက်ဘီးမှာ ဘီးနှစ်ဘီး ပါတယ်။ ဘေးတွဲမှာ ဘီးနှစ်ဘီး ပါတယ် လို့ ပြောပါတယ်။ ဒါဆို နောက်တစ်ဘီးက ဘယ်က ရောက်လာတာလဲ မေးတော့ ဘီးပေါက်ရင် ဘယ်နှယ့်လုပ်မလဲ။ စပယ်ယာဘီး ပါရဦးမှာပေါ့ လို့ ပြန်ပြောတော့ အားလုံး ဝိုင်းရယ် ကြပါတယ်။

မကြာသေးတဲ့ အချိန်ကာလ တစ်ခုတုန်းက မူလတန်းတက်နေတဲ့ တူတူမတွေ နဲ့ စကားပြောဖြစ်ပါတယ်။ ပထမဆုံး ကျွန်တော့်တူကို ကောင်းကင်ပေါ်မှာ ဘာရှိသလဲ မေးတော့ လနဲ့တိမ် ၂ မျိုးရှိတယ် လို့ ပြန်ဖြေပါတယ်။ အဲဒါနဲ့ ကျွန်တော်က ကြယ်ရော မပါဘူးလား မေးတော့ သူက ဟင့်အင်း။ သူငယ်တန်းဆိုရင် ကောင်းကင်မှာ ၂ မျိုးပဲ ရှိတယ်။ အတန်းကြီးရင်တော့ များလာမှာပေါ့လို့ ပြန်ဖြေပါတယ်။

မြန်မာနိုင်ငံက ကျောင်းသုံးစာအုပ်တွေ ခေတ်ကို ဘယ်လောက် အမီလိုက်နိုင်သလဲ ဆိုတာကို ကျွန်တော် သိချင်ပါတယ်။ ကျွန်တော်တို့ ဆယ်တန်းတက်တော့ သင်ရိုးသစ် ပြောင်းတာ သိပ်မကြာသေးတဲ့ အချိန်ပါ။ ဒါပေမယ့် ပထဝီ ဘာသာရပ်မှာ သီးနှံအထွက်နှုန်း လူဦးရေ စတဲ့ ကိန်ုးဂဏန်းတွေကို လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်လောက်က ကိန်းဂဏန်းတွေ သုံးထားပါတယ်။ အစကတော့ အခုလက်ရှိ ကိန်းဂဏန်း သူတို့ဆီမှာ မရှိလို့ ထည့်မထားတာ လို့ ထင်ပါတယ်။ အမှန်ကတော့ အဲဒီလို မဟုတ်ပါဘူး။ စာမေးပွဲနီးလို့ ပထဝီ ဂျာနယ် ဝယ်ဖတ်တော့ ပထဝီ ဂျာနယ်ထဲမှာ လွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ်လောက်က ကိန်းဂဏန်းတွေ ပါပါတယ်။ အဲဒီတော့မှ သင်ရိုးအသစ်ဆိုတာ သင်ရိုးအဟောင်းကို ဖြတ်ညှပ်ကပ် လုပ်ထားပြီး ဘာမှ ပြင်ဆင်မှု လုပ်ထားတာ မဟုတ်တဲ့ အကြောင်း သဘောပေါက် သွားပါတယ်။ ဓာတုဗေဒ ဆိုရင်လည်း အတူတူပါပဲ။ တကမ္ဘာလုံး ဘယ်နေရာမှ မသုံးတော့တဲ့ အပြင် ခေတ်သစ်ရူပဗေဒ (Modern Physics) နဲ့လည်း ဆန့်ကျင်ဘက် ဖြစ်နေတဲ့ ဒေါ်တမ်ရဲ့ အက်တမ် သီအိုရီ (Dalton's Atomic Theory) ကို ကျွန်တော်တို့ သင်ရိုးသစ်ထဲမှာ ပြဌာန်းထားတုန်း ပါပဲ။ ကိုးတန်းနှစ်က ဒေါ်တမ်ရဲ့ အက်တမ် သီအိုရီထဲမှာ အက်တမ်တွေဟာ အမျိုးအစားတူရင် ဒြပ်ထုတူရမယ် လို့ သင်ရပြီး ဆယ်တန်းနှစ် ခေတ်သစ်ရူပဗေဒ မှာတော့ အမျိုးအစား တူပြီး ဒြပ်ထုမတူတဲ့ အက်တမ်ကို Isotopes လို့ ခေါ်တယ်လို့ သင်ရတော့ ကိုးတန်းစာ နဲ့ ဆယ်တန်းစာက ဆန့်ကျင်ဖက် ဖြစ်နေသလိုပါပဲ။

အခုတစ်ခါ မြန်မာ ကျောင်းသုံးစာအုပ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော် စိတ်ထဲမှာ သိချင်တဲ့ ကိစ္စကတော့ နေအဖွဲ့အစည်းထဲမှာ ဂြိုဟ် ၉ လုံး ရှိတယ် ရေးထားသလား ၈ လုံးရှိတယ် ရေးထားသလား ဆိုတာကိုပါ။ ၂၀၀၅ ခုနှစ်ထဲက နေအဖွဲ့အစည်း ထဲမှာ အဲရစ်(Eris) လို့ အမည်ရတဲ့ ဂြိုဟ်တစ်လုံးကို အာကာသ သိပ္ပံပညာရှင်တွေ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ အဲရစ် ရဲ့ ဒြပ်ထုဟာ လက်ရှိ ဂြိုဟ်အဖြစ် သတ်မှတ်ထားတဲ့ ပလူတိုဂြိုဟ်ထက် ၂၇ ရာခိုင်နှုန်းလောက် ပိုပြီးတော့ ကြီးနေပါတယ်။ အဲဒီတော့ အဲရစ်ကို တွေ့ခါစက နာဆာက နေအဖွဲ့အစည်း ထဲမှာ ၁၀ လုံးမြောက် ဂြိုဟ်ကို ရှာဖွေ တွေ့ရှိတယ် လို့ကြေငြာပါတယ်။

ဒါပေမယ့် ၂၀၀၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အာကာသ သမ္မဂ္ဂ (International Astronomical Union) ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်မှာ ဂြိုဟ်(Planet) ဆိုတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ပြောင်းလဲ သတ်မှတ်ခဲ့တဲ့ အတွက် အဲရစ်ကို ဂြိုဟ်လို့ မသတ်မှတ် နိုင်တဲ့အပြင် ပလူတိုကိုပါ ဂြိုဟ်စာရင်း ကနေ ပယ်ဖျက်ခဲ့ရ ပါတယ်။ ဂြိုဟ်ရဲ့ သွင်ပြင်လက္ခဏာ အဖြစ် အသစ် ပြင်ဆင်သတ်မှတ်တဲ့ အချက် (၃) ချက်ထဲက တတိယအချက် ဖြစ်တဲ့ “ဂြိုဟ်တစ်ခုဟာ သူ့ရဲ့ နေပတ်လမ်းကြောင်းထဲမှာ ရှိတဲ့ အခြား အရာဝတ္ထုတွေထက် သိသိသာသာ ဆွဲငင်အားကြီးမားရမယ်” ဆိုတဲ့ အချက်နဲ့ မကိုက်ညီလို့ပါ။ ပလူတို နဲ့ အဲရစ်ကို ဂြိုဟ်သိမ်ဂြိုဟ်မွှား (Dwarf Planet) အဖြစ် သတ်မှတ်လိုက်တဲ့ အတွက် နေအဖွဲ့အစည်း ထဲမှာ ဂြိုဟ် ၈ လုံး ပဲ ကျန်ပါတော့တယ်။

အဲဒါကြောင့် ကျွန်တော့်တူမကို နေအဖွဲ့အစည်းထဲမှာ ဂြိုဟ် ဘယ်နှစ်လုံး ရှိတယ်လို့ သင်ရသလဲ လို့ မေးကြည့်ပါတယ်။ သူက ၉ လုံး ရှိတယ် ပြောတော့ ကျွန်တော်က သူ့ကို အခု ၉လုံး မရှိတော့ဘူး ၈ လုံးပဲ ကျန်တော့တယ် လို့ ပြန်ပြောပြပါတယ်။ အဲဒီမှာ ကျွန်တော့်တူမ ပြန်မေးလိုက်တဲ့ စကားကြောင့် ကျွန်တော် ပါးစပ်မပိတ်နိုင်အောင် ရယ်မိပါတယ်။ သူ့မေးခွန်းကတော့ “ဘာလို့ ဂြိုဟ်က ၈ လုံးပဲ ကျန်ရတာလဲ။ တစ်လုံးက နာဂစ်မုန်တိုင်း တိုက်တုန်းက လွင့်ထွက်သွားလို့လား။” ပါတဲ့။

ကိုးကား။ ။ (၁) ပလူတို(မြန်မာဝီကီပိဒိယ)
(၂) အဲရစ် (ဂြိုဟ်သိမ်ဂြိုဟ်မွှား) (မြန်မာဝီကီပိဒိယ)
(၃) http://en.wikipedia.org/wiki/2006_definition_of_planet
(၄) http://en.wikipedia.org/wiki/Cleared_the_neighbourhood

17 comments:

ရွက်လွင့်ခြင်း said...

thanks for sharing n ur post

Taungoo said...

မြန်မာဗေဒင်နဲ့ နက္ခတ်မှာတော့ ဂြိုလ်ခွင်တွေကို ၉လုံးနဲ့ပဲ ဆက်တွက်မလား။ ၈လုံးပြောင်းတွက်ကြမလားပဲ။

မိုးခါး said...

တူမလေးအဖြေကြားရတာပဲ ရီချင်ပါတယ် .. း)))
ကိုတောင်ငူပြောတာလဲစဉ်းစားစရာ

ရွှန်းမီ said...

နောက်ဆို မုန်တိုင်းလာမယ်ကြားရင် ဂြိုလ်စောင့်နတ်တွေ မျက်ခုံးလှုပ်နေတော့မှာပဲ ..
:-D

kaungkinpyar said...

အမ ဒီပို့စ် ကို တော်တော် ကြိုက်တယ်၊ ရီလိုက်ရတာ

JuneOne said...

တူမလေးက သွက်လိုက်တာ။
ငယ်ငယ်တုန်းကဂြိုလ်တွေအကြောင်းသင်ရင် ကာတွန်းထဲက ဂြိုလ်သားတွေပဲပြေးမြင်မိတယ်။ပထဝီတော့လုံး၀မတော်ဘူး။

JuneOne said...

ဆောဒီး မတော်တာမဟုတ်ဖူး။ညံ့ကိုညံ့တာ။ပထဝီ ၃၃မှတ်ဖိုး ကို ၁ဝမှတ်အောက်အမြဲရအောင်ဖြေခဲ့တာ။

Anonymous said...

ပြီးခဲ့တဲ့အပတ်က သားကလေးကျောင်းတက်တဲ့ public school(New South Wale ထဲမှာပါပဲ )မှာ
ပွဲတစ်ခုလုပ်တယ်။ကလေးတွေကို Trivia Questions တွေမေးပါတယ်။ဂြိုဟ်ကြီးဘယ်နှစ်လုံး ရှိ လဲလည်းပါတယ်။ကလေးတစ်ယောက်က ၈ လုံးလို့ ဖြေတော့ ဆရာမက မှားတယ်လို့ပြောတယ်။တစ်ယောက်
က ကိုးလုံး ဆိုတော့ လက်ဆောင်ရသွားတယ်။ပြန်လာ လို့သားတော်မောင်ကိုမေးတော့ သူတို့အတန်းထဲမှာ တော့ ၈ လုံးလို့ပဲသိပါတယ်တဲ့ Space ဆိုတဲ့စာအုပ် ထဲမှာ သူဖတ်တာလည်း ၈ လုံး..ပလူတိုက dwarf planet ဖြစ်နေပြီ လို့ သားကပြောပေမယ့် ဆရာမတစ်ယောက်ကဖြင့် ၉လုံးဆိုတဲ့သူကို ဆုပေးလိုက်တုန်းပါပဲ။
mnhy

khin oo may said...

သူများပြောတာ. ရေးထားတာတွေ ကိုဘဲဖတ်သွားပါတယ။်

ကိုလူထွေး said...

နာဂစ်မုန်တိုင်းက ဂြိလ်ကြီးတစ်လုံးကိုတောင် လွင့်သွားအောင် တိုက်နိုင်တယ်လား...

အဲလောက်ကြီး တောင်လား...

^_°

megumi said...

ဂြိုလ်က ၈လုံးပဲရှိတော့တာကိုး။ မှတ်သွားဦးမှ။

စကားမစပ်၊ ဂြိုလ်က လသတ်လား (လ်)၊ ဟသတ်လား။ (ဟ်)

Sanchaung said...

ကျွန်တော်အဒေါ် ပြောခဲဖူးတဲ့စကားတစ်ခုရှိတယ်။
“ငါတို ့၁၀ တန်းလောက်ကတည်းက စမ်းသပ်ပညာရေး စခဲ့တာ။ ငါအခု ဆရာမ ဖြစ်နေပြီး စမ်းသပ်ပညာရေး က မပြီးသေးဘူး။”
အခုထိ ဒီပေါ်လစီရှိတုန်းပဲ-
စမ်သပ်ပညာရေးစနစ်ပြီးသွားရင်တော့ ဂြိုဟ်ကြီး 8 လုံးပဲကျန်တော့မှာပါ။
စောင့်လိုက်ပါဦးလို ့-

သီဟသစ် said...

ကိုကိုZTကလည်း

တို့ရွှေနိုင်ငံက ဂန္တဝင် ပညာရေးတွေ သင်ပေးနေတာကို မပြောပါနဲ့ဗျ...

:D

ခင်မင်စွာဖြင့်
သီဟသစ်

Winkabar said...

အဲဒီတူမတော့ ကြီးလာရင် သိပ္ပံပညာရှင်ဖြစ်တော့မယ်။ ပေါက်ပေါက်ရှာရှာ တော်တော်တွေးတတ်တယ်။

မီးမီးချစ် said...

ဂြိုလ် ၈လုံး ဖြစ်ဖို ့လား.... မန် ့မန် ့တန်
လာမှာပေါ့..ကြာမှာပေါ့..ဒါအရေးမကြီးပါဘူးလေ..ပေါ်လစီသစ်တွေ ရေးနေလို့ မအားဘူး....

Heartmuseum said...

ကြံကြံဖန်ဖန်ဗျာ.....
တွေးစရာတော့ ရသွားတယ်။
တွေးသွားတယ်ဗျာ။

Anonymous said...

ဂြိုဟ် အမည်များ