မောင်ဇေ တစ်ယောက် မလေးရှားကို စတေးရှောင်မယ် ပြောတော့ ကျွန်တော်တို့ အားလုံး မျက်ခုံးလှုပ် ကြပါတယ်။ မောင်ဇေလို အေးတိအေးစက် မပွင့်တပွင့် ပုံစံနဲ့ စင်ကာပူမှာ နေရတာ ပြသနာ မရှိပေမယ့် မလေးရှားလို လုတယ် ယက်တယ် တချိန်လုံးကြားနေရတဲ့ နိုင်ငံကို တစ်ယောက်တည်း သွားမယ် ဆိုတော့ ကျွန်တော်တို့အားလုံး သူ့အတွက် စိုးရိမ်ကြတာပါ။ သူနဲ့ အတူနေတဲ့ သူငယ်ချင်း မောင်အုပ် တစ်ယောက်လည်း အတော် ခေါင်းကျိန်း နေပါတယ်။ ဒီကောင့်ပုံစံက မျက်နှာမြင် လုချင်ပါစေ ဆိုတဲ့ ပုံစံမျိုးလို့ မလေးရှားမှာ အနေကြာဖူးတဲ့ သူငယ်ချင်း တစ်ယောက်က မှတ်ချက်ပေး ပါတယ်။
အခုနောက်ပိုင်း စင်ကာပူမှာ အလည်အပတ်နဲ့ အလုပ်လာရှာရင် အရင်တုန်းကလို ဗီဇာ ၃ လ မရတော့ပဲ လေဆိပ် အဝင်မှာ တစ်လ နဲ့ သက်တမ်းတိုး တစ်လ စုစုပေါင်း နှစ်လ ပဲ ရပါတော့တယ်။ မောင်ဇေက တကမ္ဘာလုံး စီးပွားပျက်ကပ် ဆိုက်နေတဲ့ အချိန် စင်ကာပူကို ရောက်လာတော့ ဗီဇာ ၂ လပြည့်ပေမယ့် အင်တာဗြူးတွေပဲ သွားရပြီး အလုပ်မရ သေးပါဘူး။ သူဘွဲ့ရထားတဲ့ ယူကေ ကျောင်းက Employment Pass Eligible Certificate (EPEC) ခေါ်တဲ့ အလုပ်ရှာတဲ့ တစ်နှစ်ဗီဇာ လျှောက်တဲ့နေရာမှာ အကျုံးဝင် ပေမယ့် တကယ်တမ်း လျှောက်တော့ ရီဂျက်ထိပါတယ်။ ဗီဇာကလည်း ထပ်တိုးလို့ မရတော့ ရန်ကုန်ပြန်မလား၊ စတေးရှောင်မလား နှစ်လမ်းပဲ ရွေးစရာ ကျန်ပါတော့တယ်။
ကျွန်တော်တို့ အားလုံးက သူ့ကို ရန်ကုန်ပြန်ပြီး အေးအေးဆေးဆေးမှ ပြန်လာခဲ့ဖို့ အကြံပေးပါတယ်။ မောင်ဇေကတော့ တစ်ပတ်လောက် မလေးရှားကို ထွက်ပြီး ပြန်ဝင်ကြည့်မယ်။ မရတော့လည်း ပြန်တာပေါ့လို့ ပြောပါတယ်။ ဒီလိုနဲ့ မောင်ဇေတစ်ယောက် မလေးရှားကို စတေးရှောင်တဲ့ တစ်ပတ်အတွင်း ကွာလာလမ်ပူမှာ နေဖို့ ထိုင်ဖို့ ကိစ္စတွေအတွက် မောင်အုပ်က အပူတပြင်း စုံစမ်း ပါတော့တယ်။ စင်ကာပူကို ပြန်ဝင်ဖို့ Re-Entry Visa လျှောက်တော့ ရတာနဲ့ ဒါဆိုရင် မဆိုးသေးဘူးလို့ တွက်မိကြပါတယ်။ ကံကောင်းချင်တော့ အဲဒီအတော အတွင်းမှာပဲ စင်ကာပူ တစ်ဖက်ကမ်းက ဂျဟိုးမှာ နေတဲ့ ကျွန်တော့်ညီဝမ်းကွဲ ဇော်လတ်နဲ့ အဆက်အသွယ် ရပါတယ်။ ဇော်လတ်က မလေးရှား လာရင် ဘာမှ ပြသနာ မရှိဘူး။ နေချင်ရင် သူ့အိမ် လာနေလို့ ရတယ် ဆိုတာနဲ့ မောင်ဇေတစ်ယောက် ကွာလာလမ်ပူကို စတေးရှောင်မယ့် အစီအစဉ် ဖျက်ပြီး ဂျဟိုးပဲ သွားတော့မယ် ဆိုပြီး အစီအစဉ် ပြောင်းသွားပါတယ်။
ဇော်လတ်က ဟိုဘက်ကမ်းသာ ကူးလာခဲ့။ မလေးရှား အင်မီဂရေးရှင်း အထွက် စီးတီး စကွဲယားကနေ သူစောင့်နေမယ် လို့ ကျွန်တော့်ကို လှမ်းပြောပါတယ်။ မောင်ဇေကို လမ်းညွှန်ပေမယ့် သူလည်း ဝါးတားတား ဖြစ်နေပုံ ပါပဲ။ နောက်ဆုံးတော့ မထူးပါဘူးကွာ။ ငါကိုယ်တိုင် မင်းကို ဟိုဖက်ကမ်း လိုက်ပို့ပါမယ်လို့ ကျွန်တော် အာမခံလိုက်ပါတယ်။
ကုန်းမကြီးကို ကူးပြီ
ကျွန်တော်နဲ့ မောင်ဇေတို့ မလေးရှား ကို ခရီးဆန့်ဖို့ ခရန်းဂျီး (Kranji) ဘူတာရုံမှာ တွေ့ကြပါတယ်။ ကျွန်တော် ဘူတာရုံကို ရောက်ပြီး မကြာခင်မှာပဲ ခရီးရှည် ထွက်တော့မယ့် ပုံစံနဲ့ ခရီးဆောင် အိတ်ကြီး တစ်လုံး ဆွဲလို့ မောင်ဇေတစ်ယောက် ဘူတာရုံကို ရောက်လာပါတယ်။ ဘယ်လို ဖြစ်တာလဲ မေးတော့ ပြန်စရာ ရှိရင် တခါတည်း ပြန်ရအောင် အကုန် ထည့်လာတာလို့ ပြောပါတယ်။ ဒါတောင် မောင်အုပ်က တားလို့ အိတ်နှစ်အိတ်ထဲမှာ တစ်အိတ်ကို ထားခဲ့တယ်လို့ ဆိုပါတယ်။
ကျွန်တော့်ကို အစ်ကို ကားလက်မှတ်က ဘယ်မှာ ဝယ်ရမှာလဲ။ အတော်ဝေးသလား လို့ မေးပါတယ်။ ဘာလက်မှတ်မှ မလိုဘူး။ စင်ကာပူထဲမှာ ဘတ်စ်ကားစီးသလို အီးဇီးလင့်ခ် ကတ်ဒ်သုံးပြီး ဘတ်စ်ကား တက်စီးသွားရုံပဲ။ ၁၅ မိနစ်လောက်ပဲ စီးရတယ် လို့ ကျွန်တော်က ပြန်ပြောလိုက် ပါတယ်။ ဒီလိုနဲ့ ရုံးဆင်းချိန် လူကြပ်တဲ့ နံပါတ် ၁၇၀ ဘတ်စ်ကားပေါ်ကို ကျွန်တော်တို့ နှစ်ယောက်သား ခရီးဆောင် အိတ်ကြီးတစ်လုံးနဲ့ ကိုးရိုးကားယား တက်ခဲ့ကြပါတယ်။ ခရန်းဂျီးကနေ ထွက်လို့ ဘတ်စ်ကား ၂ မှတ်တိုင် ၃ မှတ်တိုင်လောက် စီးပြီးတော့ စင်ကာပူ အင်မီဂရေးရှင်းကို ရောက်ပါတယ်။ စင်ကာပူ အင်မီဂရေးရှင်းနဲ့ မလေးရှား အင်မီဂရေးရှင်းမှာ ပြသနာ အထွေအထူးတော့ မရှိပါဘူး။ အင်မီဂရေးရှင်း အဆောက်အဦးထဲက ထွက်တော့ ကျွန်တော်ကိုယ်တိုင် နည်းနည်း ရွာလည်နေပါတယ်။ အဆောက်အဦး အသစ် ပြောင်းပြီးကတည်းက စီးတီးစကွဲယား ဘက်ကို မထွက်ဖြစ်လို့ အတော် ရှာယူလိုက် ရပါတယ်။ ဒါပေမယ့် အင်မီဂရေးရှင်း အဆောက်အဦး အသစ်က စီးတီး စကွဲယားနဲ့ ဆက်ရက် ပါပဲ။ စီးတီးစကွဲယားကနေ ထွက်ပြီးတော့ အပြင်ဖက်က ကျွန်တော်တို့ ထိုင်နေကျ မလေး စားသောက်ဆိုင်မှာ အသင့်စောင့်နေတဲ့ ဇော်လတ်နဲ့ တွေ့ပါတယ်။
ဇော်လတ်က ကျွန်တော့်ကို “စိတ်ချလက်ချသာ ထားခဲ့ ကိုဇက်တီ။ ပြန်မယ့်နေ့ ကျွန်တော်ကိုယ်တိုင် လာကင်း (Larkin) ဘတ်စ်ကားဂိတ်မှာ စင်ကာပူ ပြန်မယ့် ၁၇၀ ဘတ်စ်ကားပေါ် တင်ပေးလိုက်မယ်။” လို့ အာမခံပါတယ်။ မောင်ဇေကတော့ အဲဒီအချိန် ရောက်မှ “ သွားပြီ။ ကျွန်တော့် အိတ်ကို ခတ်ထားတဲ့ သော့တွဲ စင်ကာပူမှာ ကျန်ခဲ့ပြီ။ ကိစ္စတော့ မရှိပါဘူး။ သော့ဖျက်လိုက်မယ်” လို့ ပြောလို့ ကျွန်တော်တို့ အားလုံး ဝိုင်းရယ် ကြပါတယ်။ ဒါနဲ့ပဲ မောင်ဇေကို ဇော်လတ်နဲ့ ထားခဲ့ပြီး ကျွန်တော် စင်ကာပူ ပြန်လာခဲ့ပါတယ်။
ကျွန်းကို ပြန်လာခြင်း
မောင်ဇေ ဂျဟိုး ရောက်ပြီးတော့ အဲဒီ အပတ်ထဲမှာ ဇော်လတ်ဆီကို ဖုန်း တစ်ခါ နှစ်ခါ ဆက်ဖြစ်ပါတယ်။ အဆင်ပြေလား မေးတော့ အားလုံးအဆင်ပြေပါတယ်လို့ ဇော်လတ်က ပြောပါတယ်။ ကျွန်တော်လည်း မောင်ဇေကိစ္စ မေ့မေ့ပျောက်ပျောက် ပါပဲ။ ဒီလိုနဲ့ နောက်တစ်ပတ် တနင်္ဂနွေနေ့ မနက်ခင်း ကျွန်တော် အိပ်ရာထဲမှာ နှပ်နေတုန်း ဇော်လတ်ဆီက ဖုန်းလာပါတယ်။
“မောင်ဇေ ကို ကျွန်တော် အခုပဲ ကားပေါ်တင်ပေးလိုက်ပြီ။ ကျွန်တော် အိမ်တော့ မပြန်သေးဘူး။ မြို့လယ်ခေါင်မှာပဲ နည်းနည်း ပတ်လိုက်ဦးမယ်။ သူ စင်ကာပူထဲ ရောက်ပြီ ဆိုမှပဲ ကျွန်တော် ပြန်တော့မယ်။” လို့ ဇော်လတ်က ကျွန်တော့်ကို လှမ်းပြောတာပါ။
ကျွန်တော်လည်း ပြသနာ မရှိပါဘူး။ မောင်ဇေ စင်ကာပူထဲ ရောက်ရင်တော့ ဖုန်းဆက်မှာပဲ လို့ တွေးပြီး ပြန်အိပ်ပါတယ်။ နောက်ထပ် နာရီဝက်လောက်နေတော့ ဖုန်းထပ်လာပါတယ်။ ဒီတစ်ခါတော့ မောင်အုပ် ဆက်တာပါ။ “ကိုဇက်တီ။ မောင်ဇေတော့ မလေးရှားပြန်ရောက်သွားပြီ။” လို့ လှမ်းပြောပါတယ်။
ကျွန်တော်က ဘယ်လို ဖြစ်တာလဲ မေးတော့ “သူက အင်မီဂရေးရှင်းမှာ စင်ကာပူကနေ ရန်ကုန် ပြန်မယ် ပြောတယ်။ အဲဒါ လေယာဉ်လက်မှတ် Confirm လုပ်ပြီးပြီလား မေးတော့ မလုပ်ရသေးဘူး ဆိုတာနဲ့ အဲဒီက အရာရှိက ဒါဆိုရင် မင်းမလေးရှားကို ပြန်တော့ ဆိုပြီး ပြန်လွှတ်လိုက်တာ။” လို့ ပြောပါတယ်။
သူ့ရဲ့မလေးရှား ဗီဇာက တစ်ကြိမ်ပဲ ဝင်လို့ရတဲ့ ဗီဇာပေမယ့် စင်ကာပူ အင်မီဂရေးရှင်းက စတေးမကုန်သေးဘူး။ ပြန်ဝင်လို့ ရတယ်။ ဆိုပြီး စာရွက်တစ်ရွက် သူ့ပတ်စ်ပို့စ် မှာ ညှပ်ပြီး သူ့ကို နောက်စာအိတ် တစ်အိတ်နဲ့ အတူ မလေးရှားကို ပြန်လွှတ်လိုက်တာပါ။ အဲဒီစာအိတ်ကိုတော့ မလေးရှားရောက်ရင် သူတို့ ရေးတဲ့ လိပ်စာအတိုင်း ပို့ပေးလို့ မှာလိုက်ပါတယ်။ ဇော်လတ်တစ်ယောက် သူ့ကို စိတ်မချလို့ မြို့ထဲမှာ စောင့်နေတာနဲ့ အတော်ပါပဲ။ အင်မီဂရေးရှင်း အထွက်မှာပဲ သူတို့ နှစ်ယောက် ပြန်တွေ့ပြီး ဇော်လတ်တို့ နေတဲ့အိမ်ကို ပြန်သွား ကြပါတယ်။
ခဏနေတော့ ဇော်လတ်က ဖုန်းဆက် လာပါတယ်။ သူတို့ အိမ်အပြန် တက်ကစီ စီးတော့ တက်စီ ဒရိုင်ဘာက စလုံး ကိုဝင်ဖို့ လမ်းကြောင်းရှိတယ်။ ရိုက်မလား လို့ မေးတယ် ဆိုပါတယ်။ စလုံးကို လမ်းကြောင်းနဲ့ ရိုက်ပြီး ဝင်လို့ရတယ် ဆိုတာကတော့ နည်းနည်း ထူးဆန်း နေပါတယ်။ ဒါမျိုးကလည်း တစ်ခါမှ မကြားဖူး ပါဘူး။ မောင်ဇေကတော့ မလုပ်ချင်ဘူး။ ဒီအတိုင်းပဲ နောက်တကြိမ် ကြိုးစားကြည့်မယ် လို့ ပြောပါတယ်။
ဒုတိယအကြိမ် ပြန်လာခြင်း
ဒီလိုနဲ့ နောက်ထပ် တစ်ပတ်လောက် ကြာသွားပါတယ်။ မောင်ဇေရဲ့ မလေးရှားမှာ နေထိုင်ခွင့် ၁၄ ရက် ရတာလည်း ကုန်ခါနီးပါပြီ။ မောင်အုပ်နဲ့ တိုင်ပင်တော့ မောင်အုပ်က ကျွန်တော် သူ့ လေယာဉ်ပျံ လက်မှတ်ကို ဝင်မယ့် နေ့နဲ့ တစ်ပတ်လောက် ခွာပြီး Confirm လုပ်ပေးလိုက်မယ်။ အဲဒါဆိုရင်တော့ သူဝင်လို့ ရမယ် ထင်ပါတယ် လို့ ပြောပါတယ်။ ဒါပေမယ့် ပြသနာက တက်ပါတယ်။ Confirm လုပ်ပေးလိုက်တဲ့ လေယာဉ်ပျံလက်မှတ် မောင်ဇေဆီကို အီးမေးလ်နဲ့ လှမ်းပို့လိုက်ပေမယ့် သူတို့နားက အင်တာနက်ဆိုင်မှာ ထုတ်စရာ ပရင်တာ မရှိပါဘူး။ ဒါနဲ့ ဘယ်လို လုပ်ရမှန်း မသိ ဖြစ်နေပါတယ်။
ဒီတစ်ခါလည်း မောင်ဇေကံကောင်းပါတယ်။ ကျွန်တော် ဂျဟိုးမှာ ဧည့်ခံပွဲ တစ်ခု သွားရဖို့ အကြောင်း ပေါ်လာ ပါတယ်။ ဇော်လတ်ကို လှမ်းပြောတော့ ဇော်လတ်က ကျွန်တော် သွားမယ့် နေရာကို သူသိတယ်။ လေယာဉ်ပျံလက်မှတ် အဲဒီမှာ သူတို့ လာယူမယ် လို့ ပြန်ပြောပါတယ်။ ဒီလိုနဲ့ မောင်အုပ်ဆီက လေယာဉ်ပျံလက်မှတ်ကို ယူပြီး ဂျဟိုးကို လစ်ခဲ့ပါတယ်။ ဒါပေမယ့် ရေးကြီး သုတ်ပြာနဲ့ ထွက်ခဲ့ရတော့ လေယာဉ်လက်မှတ်က အိမ်မှာ ကျန်နေခဲ့ပါတယ်။ လမ်းတဝက်ရောက်မှ သတိရလို့ တစ်အိမ်တည်း အတူနေတဲ့ ဖိုးလ ကို အကူအညီတောင်ပြီး လိုက်ပေးခိုင်းရပါတယ်။ ဒီလိုနဲ့ အဲဒီညက ဇော်လတ်နဲ့ မောင်ဇေတို့ နှစ်ယောက်ကို ဧည့်ခံပွဲ လုပ်တဲ့ စားသောက်ဆိုင် နေရာမှာ ချိန်းပြီး လေယာဉ်လက်မှတ်ကို ပေးလိုက် ပါတယ်။ မောင်ဇေတော့ မနက်ဖြန် စင်ကာပူ ပြန်ဝင်ရမှာမို့ တက်ကြွနေပါတယ်။
အဲဒီညက ဧည့်ခံပွဲက နောက်ကျမှ ပြီးလို့ ကျွန်တော် စင်ကာပူကို ညသန်းခေါင်ကျော်မှ ပြန်ရောက်ပါတယ်။ အဲဒါနဲ့ နောက်တစ်နေ့ မနက်ရောက်တော့ တော်တော်နဲ့ မထတော့ပါဘူး။ အိပ်ရာကနိုးတော့ ဖုန်းထဲမှာ Miss Call တွေွ တွေ့ပါတယ်။ မောင်အုပ် နဲ့ ဇော်လတ် ခေါ်ထားတာပါ။
ကျွန်တော် ပြန်ခေါ်တော့ မောင်အုပ်က “ကိုဇက်တီ။ မောင်ဇေတော့ မလေးရှား ပြန်ရောက်သွားပြန်ပြီ။” လို့ ပြောပါတယ်။
ဘယ်လို ဖြစ်တာလဲ မေးတော့ “အရင်တစ်ခါ လိုပဲ။ လေယာဉ်ပျံလက်မှတ်က Confirm လုပ်ထားပေမယ့် တစ်ပတ် ကွာနေလို့ ပေးမဝင်ဘူး။ သူ့အိတ်တွေ အားလုံးကို ဖွင့်ရှာပြီး အလုပ်လျှောက်တဲ့ စာရွက်တွေ တွေ့လို့ မင်း စင်ကာပူမှာ အလုပ်လာရှာတာ။ နောက်တစ်ခေါက်ထပ် ဝင်ခွင့် မပေးနိုင်ဘူးလို့ ပြောလိုက်တယ်။ အခု မလေးရှားဖက် ပြန်လွှတ်လိုက်ပြီ။” လို့ မောင်အုတ်က ပြောပါတယ်။
“သူ့မလေးရှား ဗီဇာက ဒီနေ့ကုန်ပြီလေ။ ဘယ်လို လုပ်မှာလဲ။” လို့ ကျွန်တော်က မေးတော့ “အခု သူ မလေးရှား အင်မီဂရေးရှင်းမှာ ရောက်နေပြီ။ ဟိုက သူက ခဏ ထိုင်စောင့်ခိုင်းထားတယ်။ ဗီဇာထပ်ပေးဖို့ စဉ်းစားနေတယ် ပြောတယ်။” လို့ မောင်အုတ်က ပြောပါတယ်။ တစ်နာရီလောက် ကြာတော့ ဇော်လတ်ဆီကနေ “မောင်ဇေကို ဗီဇာ ၃ ရက် ထပ်ပေးလိုက်တယ်။ ကျွန်တော်တို့ အိမ်ပြန်ရောက်နေပြီ။” ဆိုပြီး ဖုန်းလာပါတယ်။
ဇော်လတ်က သူတို့နှစ်ယောက် အင်မီဂရေးရှင်း အထွက်မှာ စင်ကာပူက အစ်မကြီးတစ်ယောက်နဲ့ တွေ့ခဲ့ကြောင်းနဲ့ အဲဒီအစ်မကြီးက သူတို့ကို အတော်များများ ရှင်းပြလိုက်တဲ့ အကြောင်းလည်း ပြောပါတယ်။ ဇော်လတ် ပြောလို့ ဆက်စပ်ကြည့်မိတော့ အဲဒီ အစ်မကြီးကလည်း စင်ကာပူက ဘလော့ဂါ တစ်ယောက် ဖြစ်နေပါတယ်။ အဲဒီ အစ်မကြီးက စာအုပ်ထဲမှာ စင်ကာပူ အင်မီဂရေးရှင်းက အနီရောင်တုံး ထုလိုက်ရင် နောက်တစ်ခေါက် ပြန်ဝင်ဖို့ အတော်ကိုု မလွယ်ဘူး လို့ ပြောလိုက်ပါတယ်။ မောင်ဇေက တော့ သူ့စာအုပ်ကို လှန်ကြည့်ပြီး အနီရောင်တုံး တွေ့သွားလို့ စိတ္တဇ ဖြစ်နေပါတယ်။ အနီတုံး ထိသွားပြီ။ ရန်ကုန်ပဲ ပြန်တော့မယ် လို့ ပြောနေပါတယ်။
ညနေရောက်မှ ဇော်လတ်နဲ့ ဖုန်းပြောဖြစ်တော့ ဇော်လတ်က “ ကိုဇက်တီ ကျွန်တော် သူ့စာအုပ်ကို ယူကြည့်ပြီးပြီ။ အနီတုံးဆိုလို့ မလေးရှား အထွက် အင်မီဂရေးရှင်းက ထုပေးတဲ့ အနီတုံးပဲ ရှိတယ်။ စလုံးက အနီရောင်တုံး မရှိဘူး။ မောင်ဇေ သေချာ မကြည့်ပဲ ပြောတာ။ ” လို့ ပြောမှ နည်းနည်း စိတ်အေး သွားရပါတယ်။
ပြည်တော်ပြန်တော့မယ်
ကျွန်တော်နဲ့ မောင်အုပ်တို့ မောင်ဇေကိစ္စကို ဘယ်လို လုပ်မှာလဲ ဆိုတာ ခေါင်းချင်းရိုက်ပြီး တိုင်ပင်ကြ ပါတယ်။ မောင်အုပ်ကတော့ ကွာလာလမ်ပူကနေပဲ ရန်ကုန် ပြန်ဖို့ လက်မှတ် ဝယ်ပေး လိုက်တော့မယ် လို့ ပြောပါတယ်။ ကျွန်တော်ကတော့ သူ့မှာ စင်ကာပူ လက်မှတ်ကြီး ရှိနေတာပဲ။ ကွာလာလမ်ပူ ကနေ စင်ကာပူ ထရန်စစ်နဲ့ ရန်ကုန် ပြန်ခိုင်းလိုက်ပေါ့ လို့ အကြံပေးပါတယ်။ ဒါနဲ့ ကျွန်တော်တို့ နှစ်ယောက်သား ပင်နီဆူလာကို ကွာလာလမ်ပူကနေ စင်ကာပူ လာတဲ့ လေယာဉ်လက်မှတ် ဝယ်ဖို့ ထွက်ခဲ့ကြ ပါတယ်။ ပင်နီဆူလာမှာ မေးတော့ အဲယားအေးရှား လက်မှတ်ကို ဒေါ်လာ ၁၀၀ ကျော်လောက် ရှိမယ် ပြောပါတယ်။ ဒါနဲ့ အဲဒီမှာ မဝယ်ဖြစ်တော့ပဲ အွန်လိုင်းကနေပဲ ဂျက်စတား လက်မှတ် ဝယ်လိုက်ကြပါတယ်။ ဂျက်စတား လက်မှတ်က ကွာလာလမ်ပူကနေ စင်ကာပူ အထိ ဒေါ်လာ ၅၀ တောင် မကျပါဘူး။
အဲဒီမှာ နောက်ထပ် ပြသနာ တစ်ခု က စပါတယ်။ မောင်ဇေကို တစ်ယောက်တည်း ကွာလာလမ်ပူကို လွှတ်လိုက်ဖို့ ကျွန်တော်တို့ နည်းနည်း မျက်ခုံးလှုပ် နေပါတယ်။ ဇော်လတ်ကလည်း အလုပ်ရှိသေးတော့ ကွာလာလမ်ပူ အထိ လိုက်မပို့ နိုင်ပါဘူး ။ ဒါနဲ့ KL မှာနေတဲ့ သူငယ်ချင်းတွေဆီ ဖုန်းဆက်ပြီး အကူအညီ တောင်းရပါတယ်။ ကျွန်တော့် အစ်ကိုတွေရဲ့ သူငယ်ချင်း ၂ ယောက် ရှိပေမယ့် သူတို့ နှစ်ယောက်စလုံးကို ဖုန်းခေါ်လို့ မရပါဘူး။ ကျွန်တော့်အစ်ကို ကိုဖြိုးကတော့ နောက်ဆုံး မဖြစ်ဘူး ဆိုရင် သူလိုက်ပို့ပေးမယ် လို့ ပြောပါတယ်။ ဒီတစ်ခါလည်း မောင်ဇေကံကောင်းပါတယ်။ ကျွန်တော့် အစ်ကိုလေးရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း တစ်ယောက်ဖြစ်တဲ့ ကိုသိန်းနဲ့ ချိတ်မိပါတယ်။ ကိုသိန်းက ကူညီပေးမယ် ပြောတာနဲ့ မောင်ဇေကို KL သွားတဲ့ ဘတ်စ်ကားပေါ် တင်ပေးလိုက်ပါတယ်။ ကိုသိန်းက မောင်ဇေကို KL ကားဂိတ်မှာ လာကြိုပြီး သူနေတဲ့ အိမ်ခေါ်သွားပါတယ်။ နောက်တစ်နေ့ မနက်ကျမှ သူ့ကို ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ် (KLIA) သွားတဲ့ ကားပေါ် တင်ပေး လိုက်ပါတယ်။
ကျွန်တော် မောင်ဇေကို သေသေချာချာ မှာလိုက်ပါတယ်။ KL မှာ Check-in လုပ်တဲ့အချိန် ရန်ကုန် ပြန်မယ့် လေယာဉ်လက်မှတ် ပြပြီး စင်ကာပူ ထရန်စစ်နဲ့ ရန်ကုန် ပြန်မယ်ပြော။ ပြီးရင် Baggage ကို တစ်ခါတည်း ရန်ကုန်အထိ တံဆိပ် ကပ်ခိုင်းလို့ မှာလိုက်ပါတယ်။ အဲဒါဆိုရင် စင်ကာပူမှာ Baggage ရွေးစရာ မလိုတော့ဘူး။ ရန်ကုန်ရောက်မှပဲ ရွေးလို့ရတယ် ဆိုတာ ပြောပြ လိုက်ပါတယ်။ အဲဒီနေ့မနက် ရုံးရောက်ပြီးတော့ သတိရလို့ မောင်ဇေကို ဖုန်းခေါ်ပါတယ်။ မောင်ဇေက “ကျွန်တော် ချန်ဂီ လေဆိပ်မှာ ရောက်နေပြီ အစ်ကို။ အခု အိတ်လိုက်ရှာ နေတယ်။” လို့ ပြောတော့ ဖြစ်ပြန်ပြီဟ လို့ တွေးမိပါတယ်။
“KL မှာ ရန်ကုန် တစ်ခါတည်း ပို့ပေးဖို့ မပြောလိုက်ဘူးလား။” လို့ မေးတော့ “ကျွန်တော် ထရန်စစ် လို့တော့ ပြောတယ် အစ်ကို။ သူတို့က လေယာဉ်လက်မှတ် တောင်းကြည့်ရုံပဲ ကြည့်တယ်။” လို့ ပြန်ပြောပါတယ်။
“အခု လက်ထဲက Baggage လက်မှတ်မှာ YGN ဆိုတဲ့ လက်မှတ်ပါလား။” လို့ ပြန်မေးတော့ “မပါဘူး အစ်ကို။ SIN ဆိုတာပဲပါတယ်။ အဲဒါနဲ့ ချန်ဂီက အင်ဖော်မေးရှင်း ကောင်တာ သွားမေးတော့ အိတ်က အပြင်ရောက်သွားပြီ။ အင်မီ ဂရေးရှင်းကို သွားပြောပါ။ လို့ ပြန်ပြောလိုက်တယ်” ဆိုပြီး မောင်ဇေက ပြန်ပြောပါတယ်။
“အခု ဘာလုပ်နေသလဲ။” မေးတော့ “ အင်မီဂရေးရှင်းက White Card ဖြည့်ပါ ဆိုလို့ ဖြည့်နေတယ်။” လို့ မောင်ဇေ ကပြောပါတယ်။
အဲဒါနဲ့ ကျွန်တော်လည်း စောင့်ကြည့်ဦးမယ် ဆိုပြီး ဒီအတိုင်း ထားလိုက်ပါတယ်။ ခဏနေတော့ မောင်ဇေ ဆီက Miss Call တွေ့ပါတယ်။ ပြန်ခေါ်တော့ ခေါ်လို့ မရပါဘူး။ အဲဒါနဲ့ မောင်အုပ်ဆီကို လှမ်းဆက်တော့ မောင်အုပ်က “ကျွန်တော်လည်း ဒီကောင့်ကို ခေါ်နေတာ အစ်ကို။ ဖုန်းပိတ်ထားတယ်။ လုံးဝ ခေါ်လို့ မရဘူး။” လို့ ပြောပါတယ်။
အဲဒီလိုနဲ့ စင်ကာပူက SilkAir မထွက်ခင် ၂နာရီခွဲ လောက်အထိ ကျွန်တော်နဲ့ မောင်အုပ်တို့ တစ်ယောက်တစ်လှည့် ဖုန်းခေါ်ကြပေမယ့် ဘာမှ မထူးပါဘူး။ ဇော်လတ်ကလည်း မောင်ဇေ ဖုန်းပိတ်ထားလို့ အခြေအနေ သိချင်လို့ ကျွန်တော့်ကို လှမ်းမေးပါတယ်။ ကိုသိန်းကလည်း ဇော်လတ်ဆီကို မောင်ဇေတစ်ယောက် အခြေအနေ ဘယ်လိုရှိလဲလို့ ဖုန်းဆက်ပြီး မေးပါတယ်။ အားလုံးက စိတ်ပူနေပေမယ့် မောင်ဇေ တစ်ယောက်တော့ အစအနတောင် ရှာမရဘဲ ပျောက်ချင်းမလှ ပျောက်နေပါတယ်။
မောင်အုပ်ကတော့ “ကျွန်တော် ဒီညနေ ရန်ကုန် အိမ်ကို ဖုန်းဆက်ကြည့်မယ်။ ပြန်မရောက်သေးဘူး ဆိုရင်တော့ ချန်ဂီကို လိုက်သွားပြီး စုံစမ်းကြည့်မယ်။” လို့ ကျွန်တော့်ကို ပြောပါတယ်။ ည ၈ နာရီလောက်မှ မောင်အုပ်ဆီက ဖုန်းလာပါတယ်။ “မောင်ဇေတော့ ရန်ကုန် ရောက်နေပြီ။ ” လို့ လှမ်းပြောပါတယ်။ နေ့လည်က ဘယ်လို ဖြစ်တာလဲ မေးတော့ မောင်ဇေရဲ့ ဇာတ်လမ်းကို ကျွန်တော့်ကို ပြန်ပြောပြပါတယ်။
မောင်ဇေတစ်ယောက် အင်ဖော်မေးရှင်း ကောင်တာ မှာ သူ့အိတ် ကို သွားစုံစမ်းတော့ ကောင်တာက အင်မီဂရေးရှင်းကို သွားပါလို့ ညွှန်လိုက်ပါတယ်။ အင်မီဂရေးရှင်း ရောက်တော့ သူက စင်ကာပူ ဝင်ချင်တယ်လို့ တစ်ခွန်းမှ မပြောပဲ ကျွန်တော့် အိတ် အပြင်ရောက်သွားလို့ ကူညီပါ ဆိုပြီး အကူအညီ တောင်းပါတယ်။ အင်မီဂရေးရှင်း အရာရှိက White Card ဖြည့်ပါ လို့ သူ့ကို ပြောပါတယ်။ အဲဒါနဲ့ သူလည်း ဘုမသိ ဘမသိ White Card ဖြည့်လိုက်ပါတယ်။ White Card ဖြည့်ပြီးတော့ အင်မီဂရေးရှင်း ကောင်တာကို ပြန်ရောက် သွားပါတယ်။ အဲဒီမှာ ပြသနာက စတော့ တာပါပဲ။ အင်မီဂရေးရှင်းက သူ့ပတ်စ်ပို့စ် နံပါတ်ကို ကွန်ပြူတာထဲ ရိုက်ထည့်ပြီးတာနဲ့ သူ့ကို သီးသန့်ခန်းထဲ ခေါ်သွားပါတယ်။ နောက်သူ့ကိုု မင်းဝင်လို့ မရဘူး လို့ ပြောလို့ သူက မဟုတ်ဘူး။ ကျွန်တော် ဝင်ချင်လို့ မဟုတ်ဘူး။ ကျွန်တော် ထရန်စစ် ဝင်တာ။ နေ့လည် ၂ နာရီခွဲ လေယာဉ်နဲ့ ရန်ကုန် ပြန်မှာ လို့ ပြောပါတယ်။ သူ့ဆီက လေယာဉ်လက်မှတ် တောင်းကြည့်တော့ သူဆီမှာ နောက်ဆုံး Confirm လုပ်ထားတဲ့ လက်မှတ် ပါမလာပါဘူး။ အဲဒီတော့ မင်းလက်မှတ် နေ့စွဲက စနေနေ့မှပဲ။ ဆိုပြီး အင်မီဂရေးရှင်းက ရစ်ပါတယ်။ သူက မဟုတ်ဘူး။ ပြောင်းပြီးပြီ။ မယုံရင် စစ်ကြည့်ပါ ဆိုတော့ သူတို့က စစ်ကြည့်တော့ သူ့လက်မှတ်က ဒီနေ့ နေ့လည် ၂ နာရီ Confirm လုပ်ထားတာ ဟုတ်တဲ့အကြောင်း တွေ့ပါတယ်။ ဒါပေမယ့် သူ့ကို ရဲအစောင့်အကြပ်နဲ့ အခန်းတစ်ခန်းထဲ ခေါ်သွားပါတယ်။ ခဏနေတော့ Sky Train နဲ့ နောက်တာမင်နယ် တစ်ခုကို ခေါ်သွားပါတယ်။ ကျွန်တော် မှန်းကြည့်ရသလောက်တော့ သူ့ကို ဆွဲစိသွားတာ Terminal 1 မှာ ဖြစ်ပြီးတော့ သူ့ကို ခေါ်သွားတာက Terminal 2 မှာပါ။
နောက်တာမင်နယ်ကို ရောက်တော့ သူ့ကို အခန်းတစ်ခန်း ထဲ ခေါ်သွားပါတယ်။ အဲဒီမှာ သူ့ရဲ့ ပတ်စ်ပို့ အပါအဝင် ကိုယ်နဲ့ အတူ ပါလာတဲ့ ပစ္စည်းတွေ အားလုံးကို လော့ကာ တစ်ခုထဲ ထည့်ပြီး သော့ခတ်ခိုင်းပါတယ်။ အဲဒီ လော့ကာမှာ သော့ နှစ်ခု ရှိပြီးတော့ အင်မီဂရေးရှင်းက အရာရှိနဲ့ သူနဲ့ တစ်ယောက်ကို သော့တစ်ချောင်း စီ သိမ်းရပါတယ်။ မောင်ဇေက သူ နေ့လည် ဖလိုက်နဲ့ ပြန်ရမှာ။ ဘယ်လို လုပ်မှာလဲ မေးတော့ စိတ်မပူနဲ့။ အဲဒီဖလိုက် ပေါ် တင်ပေးမယ်လို့ သူတို့က ပြန်ပြောပါတယ်။ မောင်ဇေလည်း သူဘာမှ မလုပ်ရဘဲ သူ့ကို ရာဇဝတ်သားလို ဆက်ဆံလို့ အတော်ကို တင်းနေပါတယ်။ အင်မီဂရေးရှင်း အရာရှိကို ငါထရန်စစ် ဝင်တာ။ ဘာဖြစ်လို့လဲ မေးတိုင်း အရာရှိက မင်း record တွေ ငါတို့မှာ အကုန်ရှိတယ် ချည်းပဲ နင်းကန် ပြောနေပါတယ်။ ကျွန်တော်တို့ကို လှမ်းအကြောင်းကြားဖို့ ဖုန်းထုတ်တော့လည်း မင်းနောက်တစ်ခါ ဖုန်းထုတ်ရင် ငါနဲ့ တွေ့မယ်လို့ အင်မီဂရေးရှင်းက သူ့ကို ကြိမ်းတယ်လို့ ဆိုပါတယ်။ အိမ်သာသွားရင်တောင်မှ အစောင့်အကြပ်နဲ့ သွားရတယ်လို့ ဆိုပါတယ်။
နေ့လည် ထမင်းစားချိန် ရောက်တော့ သူ့ကို ပန်းသီးတစ်လုံးနဲ့ အသားနည်းနည်း အရွက်ကြော်နည်းနည်း ပါတဲ့ ထမင်းဘူး တစ်ဘူး သူ့ကို လာပေးပါတယ်။ မောင်ဇေလည်း မစားဘူးကွာ ဆိုပြီး မစားပါဘူး။ ဒါပေမယ့် အခန်းထဲက လူတွေ အားလုံးကလည်း စားနေ အင်မီဂရေးရှင်းကလည်း သူ့ကို ပြူးတူးပြဲတဲ ဝိုင်းကြည့်နေ ဆိုတော့ နည်းနည်း ကျွတ်လာပြီး တစ်လုပ်နှစ်လုပ်လောက်တော့ ဟန်ပြ ဖွင့်စားလိုက်ပါတယ်။ နေ့လည် ၂ နာရီ ထိုးခါနီးတော့ သူက ငါ့လေယာဉ်ပျံ ထွက်တော့မယ်။ ဘယ်လို လုပ်မှာလဲ လို့ မေးပါတယ်။ အင်မီဂရေးရှင်း ကတော့ လေယာဉ် မထွက်ခင် ပို့ပေးမယ် ပြောပါတယ်။ အဲဒီလိုနဲ့ နေ့လည် ၂ နာရီ ကျော်မှ သူ့ကို လေယာဉ်ပျံပေါ် လိုက်တင် ပေးလိုက်ပါတယ်။ လေယာဉ်မယ်တွေ လက် သူ့ကို အပ်လိုက်ပြီး ရန်ကုန် အင်မီဂရေးရှင်းကို ပေးဖို့ ဆိုပြီး စာအိတ်တစ်လုံး ပေးလိုက်ပါတယ်။ သူ့ပတ်စ်ပို့မှာ တံဆိပ်မနှိပ်လိုက်ပေမယ့် မလေးရှားကို ပြန်ပို့တုန်းကလိုမျိုး လျှောက်လွှာစာရွက် တစ်ရွက် ညှပ်ပေးလိုက်ပါတယ်။
ရန်ကုန် ရောက်မှ အင်မီဂရေးရှင်းက အော်ဖစ်ဆာ အစ်မကြီးကို စာအိတ်နဲ့ အတူ သွားတွေ့ရပါတယ်။ ဟို အစ်မကြီးက စာအိတ်ဖွင့်ကြည့်ပြီး ဘယ်လို ဖြစ်လာတာလဲ။ မေးပါတယ်။ သူကတော့ ဖြစ်ကြောင်းကုန်စင် ပြန်ပြောပြပြီး ဘာပြသနာ ရှိသလဲ မေးတော့ ဟိုအစ်မကြီးက ဘာမှ ပြသနာ မရှိဘူး။ ရတယ် လို့ ပြောပါတယ်။ မောင်ဇေရဲ့ Baggage ကတော့ စင်ကာပူမှာ ကျန်ခဲ့ပါတယ်။ မောင်ဇေကတော့ စိတ်မလျှော့သေး ပါဘူး။ အစ်မ ကျွန်တော် စင်ကာပူ ပြန်သွားရင် ပြသနာ ရှိနိုင်သေးလား လို့ မေးပါတယ်။ ရန်ကုန် အင်မီဂရေးရှင်းကတော့ သူတို့လည်း အတိအကျ မသိဘူး။ ရန်ကုန်က စင်ကာပူ သံရုံးကိုပဲ သွားစုံစမ်းပါ လို့ ညွှန်လိုက်ပါတယ်။ မောင်ဇေကတော့ စလုံးကို နောက်တစ်ခေါက် ပြန်လာဦးမယ် လို့ ပြောပါတယ်။
မောင်အုပ်က ကျွန်တော့်ကို ကိုဇက်တီ မောင်ဇေရဲ့ အတွေ့အကြုံက နောက်လူတွေအတွက် အကျိုးရှိနိုင်တယ်။ ပို့စ်တစ်ခုလောက် ရေးပြီး တင်ပါလားလို့ မြှောက်ပေးလို့ အစကတည်းက ရေးဖို့ စဉ်းစားနေတဲ့ ကျွန်တော့်အတွက် အတော်ပဲ ဖြစ်သွားပါတယ်။
20 comments:
ပိုစ်ကောင်းလေးတခုပါ zt ရေ့
အစအဆုံး စိတ်ဝင်စားအောင်ရေးထားပြီး...
နောက်လူတွေ အသိတခုရအောင် ဖော်ပြပေးတဲ့စာမို့ လေးစားမိပါရဲ့...
ကိုဇေကိုတော့ မှာလိုက်ပါ "တနေ့တလံ စလုံးဘယ်မရွေ့ပါ" လို့...
ဇွဲရှိရှိနဲ့ ကြိုးစားတတ်တဲ့ ကိုဇေကို တနေ့ ဘလော့စာမျက်နှာပေါ်မှာ ပြန်တွေ့ရမယ်လို့ မျှော်လင့်ပါတယ်...
ခင်တဲ့
းဝ)
good ha..... !!!
Oke
ကိုဇေများ ရန်ကုန်ပြန်ရောက်ပါ့မလားလို့ .. တော်ပါသေးရဲ့ ပြန်ရောက်သွားလို့
တကယ်မှတ်သားစရာတွေပါပဲ ကျေးဇူးပါ ကိုzt
အရှည်ဆုံးပို့စ်ပေမယ့် ကိုဇေတစ်ယောက် ဘာများဆက်ဖြစ်မလဲ ဆိုပြီး ဖတ်ရင်း ဖတ်ရင်း အဆုံးရောက်သွားတာဘဲ။ ဗဟုသုတ ရပါတယ်။
so many people name include in that posts hee hee. have lots of knowledges .
Oh Gosh! Huuu so tired to read.
ရင်မောတယ်ဗျာ။ ဘာကြောင့် ဒီလိုတွေဖြစ်နေတာလဲဆိုတာ မသိရဘူးလား။
ကိုဇေကို ပြောပြလိုက်ပါ။ နောက်တခေါက် စင်ကာပူ မလာပါနဲ့တော့ လေယာဉ်လက်မှတ်ပဲ ကုန်လိမ့်မယ်။ မြန်မာက စင်ကာပူ သံရုံးကတော့ ဗီဇာ ပေးပါလိမ့်မယ်။ စင်ကာပူ လေဆိပ်လည်း ရောက်ရော ပေးမဝင်ပဲ အပြန် လေယာဉ်နဲ့ တင်ပေးလိုက်ပါလိမ့်မယ်။ ကိုယ့်တွေ့မို့လို့ သတိပေးတာပါ။ သူ့နာမည် သူ့ ပါတ်စပို့ နံပါတ်က စင်ကာပူ လ၀က ကွန်ပြူတာစာရင်း ဝင်သွားပီလေ။
သက်ပြင်းချကာ ဖတ်သွားသည်။ အဲလေ ဖတ်သွားကာ သက်ပြငး်ချသွားသည်။ သေချာဖတ်သွားပါသည်။ ပြီးတော့ အဖြေမသိပါ။
ကိုZTရေ
လျှို့ဝှက်သည်းဖို ဝတ္ထူဖတ်လိုက်ရသလိုပဲဗျာ..
မှတ်သားစရာတွေလည်းမှတ်သွားပါတယ်
ခင်မင်စွာဖြင့်
သီဟသစ်
ညီမ အသိ ကောင်မလေး ဆို ညတောင် မအိပ် ဘူး တရက်ထဲ နဲ ့ပြန်ဝင်တာ ရတယ်..ကိုဇေ တော့ ပိုက်ဆံ တော်တော်ကုန်သွားမှာပဲ..
Anyway...Dont give up. Go ahead !!
အဲဒါတွေကြားရရင် မောတယ်။ မျက်စေ့ရှေ့မှာတင် နီးနီးစပ်စပ်လူတစ်ယောက် ဖြစ်ထားလို့ ပိုဆိုးတယ်။
အတော် ခက်တာပဲ။ ကျွန်တော်ဆို နှစ်ခေါက်ပြန်ရှောင်ဖူးတယ်။ နည်းနည်းတော့ မျက်နှာပြောင်ရတာပေါ့လေ။ နောက်ဆုံး ပြန်ရခါမှ ပြန်ရရော၊ အင်မီဂရေးရှင်းတော့ ပြဿနာ မတက်စေရဘူးဆိုပြီး မောင်းတင်သွားတာ။ သူတို့ မျက်စိလည်သွားပုံပဲ။ စလုံးနဲ့ မဟုတ်ဘဲ မလေးအင်မီဂရေးရှင်းက ရစ်သဗျ။ မောတာတော့ အသက် နှစ်နှစ်လောက် တိုသွားတယ် မှတ်တယ်။ ရေးဦးမယ်။ အတိတ်ကို ပြန်ရောက်သွားလို့။
ကျနော့် သူငယ်ချင်းတစ်ယောက်လဲ အဲဒီလိုပဲ ဂျိုဟိုးကို စတေးသွားရှောင်တာ ပထမတစ်ခေါက်က ပြန်လွှတ်ခံရတယ်.. အဲဒါနဲ့ နောက်တစ်ခေါက်တော့ ကိုယ်တိုင်သွားခေါ်တာ အဲဒါကိုဗျာ.. မောင်ဇေအတိုင်းပဲ လေယာဉ်လက်မှတ်ကို ၁ ပတ် ခွာထားလို့ ဆိုပြီး ထပ်ရစ်တယ်.. အဲဒါနဲ့ ကျနော်ပါဝင်ပြီး သူက တကယ်ပြန်မှာပါ ဆိုပြီး အတင်းဝင်ပြောမှာ တော်တော်လေးတောင်းပန်မှ ဝင်ခွင့်ရသွားတယ်.. ကျနော်တို့နိုင်ငံကြီး လွတ်လပ်ရေးရတာနဲ့ အခုအလုပ်ကို ထွက်ပြီး Immigration မှာ သွားလုပ်ဦးမယ်.. စလုံးက ကောင်တွေ လာလို့ကတော့နော်.. ဟင်းဟင်း.. တခုသတိပေးချင်းတာကတော့ စတေးရှောင်သူများ ငါကတော့ re-try ရထားတာပဲဆိုပြီး စိတ်အေးလက်အေး မနေပါနဲ့. သူတို့နဲ အပြိုင်ပြောနိုင်ဖို့ ပြန်ငြင်းနိုင်ဖို့ ဒီဖက်ကို ရောက်မှသာ စိတ်ဒုံးဒုံးချနိုင်ကြောင်းကို သတိပေးချင်ပါတယ်..
စလုံးမှာ stay တိုးခါနီးအချိန်တွေ စိတ်လှုပ်ရှားရတာကို သတိရတယ်။ ငါတို့တိုင်းပြည် သူတို့လာရင် reject ထိုင်ထုမယ်လို့ ပြောတတ်တဲ့ သူငယ်ချင်းတယောက်ကတော့ အခု စလုံးဖြစ်နေပြီ
အကိုရေ
ကိုဇေ ကို ပြောလိုက်ပါနော် လုံးဝ အားငယ်စရာ လက်လျော့စရာ မလိုပါဘူးလို့ စလုံးကို အရှုံးနဲ့ ဝင်လာရတဲ့ မေလေး တောင် အနိုင် ပြန်ရသေးတာဘဲ..ကိုဇေ ကြုံရတာ ဘာမှ မဟုတ်တဲ့ သေးသေးလေးပါ လို့ ..ရအောင် ပြန်လာစေချင်ပါတယ်
လိုအပ်ရင်လဲပြောပါနော်
မေလေးတတ်နိုင်သလောက်ကူညီပေးပါ့မယ်
ခင်တဲ့
မေလေး
nice post zt,
i got a lot of knowledge from your post :)
ဘာမဟုတ်တဲ့ နိူင်ငံလေးက မြန်မာနိူင်ငံသားတွေကို နှိမ်တာဖတ်ရတော့ စိတ်မကောင်းဘူးဗျာ။ ဒေါသလဲထွက်မိတယ်။
ဟူးးးးးးးး သက်ပြင်းရှည်တွေ ချသွားတယ်ဗျာ.. မောင်ဇေတယောက် အတွေ့အကြုံတွေ ရသွားပြီကိုးး နောက်တခါဆို အဆင်ပြေမှာပါ လာတာလာခဲ့ဗျာ..
လေးစားလျက်
တောင်ပေါ်သား
Post a Comment