တစ်ခါတုန်းက ထင်ရှားတဲ့ သိပ္ပံပညာရှင်ကြီး တစ်ယောက်ဟာ ရိုးရိုးသာမန် ပြည်သူတွေကို နက္ခတ္တ ဗေဒနဲ့ ပတ်သက်ပြီး ဟောပြောခဲ့ ပါတယ်။ သိပ္ပံပညာရှင်ကြီးက ကမ္ဘာဟာ နေကို လှည့်ပတ် နေတဲ့အကြောင်း၊ နေကလည်း ဂယ်လက်ဆီလို့ ခေါ်တဲ့ ကြယ်အစုအဝေးကြီး တစ်ခုကို လှည့်ပတ်နေတဲ့ အကြောင်းတွေ ဟောပြောပါတယ်။ ဟောပြောပွဲ အပြီးမှာတော့ နောက်နားမှာ ထိုင်နေတဲ့ အဖွားကြီး တစ်ယောက်က “ဟေ့ သူငယ်။ မင်းရုပ်တည်နဲ့ လျှောက်ဖောမနေနဲ့။ ကမ္ဘာဆိုတာက အပြားကြီး။ အဲဒီကမ္ဘာကြီးကို ဧရာမ လိပ်ကြီး တစ်ကောင်က ကျောပေါ်မှာ ပိုးထားတာ။” လို့ ထပြောပါတယ်။ အဲဒီတော့ သိပ္ပံပညာရှင်ကြီးလည်း ငါးခူပြုံး၊ ငါးသလောက်ပြုံး၊ ငါးသလဲထိုးပြုံးမျိုး ပြုံးပြီးတော့ “ငွှားငွှား။ အဲဒီလို ဆိုရင် အဲဒီလိပ် ကြီးက ဘယ်ပေါ်မှာ ရပ်နေသလဲ။” လို့ ပြန်မေးပါတယ်။ အဲဒီအခါမှာတော့ အဘွားကြီးက “ကောင်လေး။ မင်းတော်တယ်။ ဒါပေမယ့် အဲဒီလိပ်က အခြားလိပ်တွေရဲ့ ကျောပေါ်မှာ တစ်ဆင့်ပြီး တစ်ဆင့် ထပ်ပြီး ရပ်နေတာပေါ့။” လို့ ပြန်ပြော ပါတယ်။ အဲဒီ ဟောပြောပွဲမှာပြောတဲ့ သိပ္ပံပညာရှင်ဟာ ဘာထရန် ရပ်ဆဲလ် (Bertrand Russell) ဖြစ်တယ်လို့ အချို့က ပြောကြပါတယ်။
ကမ္ဘာဆိုတာ လိပ်တွေ ဆင့်ကာ ဆင့်ကာ ထပ်ထားတဲ့ လိပ်မျှော်စင်ပေါ်က အပြားကြီး ဆိုတာ လူအများစု အတွက်တော့ ရယ်စရာ ကောင်းတဲ့ အတွေးအခေါ် တစ်ခု ဖြစ်မှာပါ။ ကမ္ဘာကြီးဟာ မပြားဘဲ လုံးနေတယ် ဆိုတဲ့ အယူအဆကိုတော့ ဂရိ တွေးခေါ်ပညာရှင် အရစ္စတိုတယ် (Aristotle) က စပြောခဲ့ပါတယ်။ ဘီစီ ၃၄၀ ဒါမှ မဟုတ် ခရစ်သက္ကရာဇ် မစခင် နှစ်ပေါင်း ၃၄၀ လောက်က သူ့ရေးခဲ့တဲ့ “ကောင်းကင်ဘုံပေါ်မှာ (On the Heaven) ” ဆိုတဲ့ စာအုပ်ထဲမှာ အရစ္စတိုတယ်က ကမ္ဘာဟာ လုံးဝန်းကြောင်း ပြနိုင်ဖို့အတွက် ငြင်းဆိုချက် နှစ်ခုကို ထည့်ရေးခဲ့ပါတယ်။
ပထမ အချက်ကတော့ လကြတ်တာနဲ့ ဆိုင်ပါတယ်။ ဘီစီ ၃၄၀ တုန်းက တီဗွီ မရှိ၊ ရုပ်ရှင်မရှိ ဆိုတော့ ဂရိတွေလည်း ညဖက် အားအားရှိတိုင်း ကောင်းကင်ကို မော့ကြည့် နေကြ သလားတော့ မသိပါဘူး။ အဲဒါကြောင့် ဂရိတွေဟာ လကြတ်တယ် ဆိုတာ နေ နဲ့ လကြားမှာ ကမ္ဘာက ခပ်တည်တည် ဝင်ရပ်လို့ လ ခမျာ ငုတ်တုတ်မေ့ပြီး အလင်းရောင် ပျောက်သွားတယ် ဆိုတဲ့ အချက်ကို သူတို့ လေ့လာ မိကြပါတယ်။ အဲဒီလိုပဲ လပေါ်မှာ ကျရောက်တဲ့ ကမ္ဘာရဲ့ အရိပ်ဟာ ဝိုင်းနေတယ် ဆိုတာကို လကြတ်တဲ့ အချိန်မှာ သူတို့ မြင်ရပါတယ်။ အကယ်၍ ကမ္ဘာသာ မလုံးဘဲ ပြားနေတယ် ဆိုရင် လပေါ်မှာ ကျတဲ့ ကမ္ဘာရဲ့ အရိပ်ဟာ ရှည်ရှည်မျောမျော ဘဲဥပုံကြီး ဖြစ်နေရမှာပေါ့လို့ အရစ္စတိုတယ်က ဆိုပါတယ်။ လကြတ်တယ် ဆိုတဲ့ အချိန်တိုင်းမှာ နေဟာ ကမ္ဘာရဲ့ အလယ်ခေါင်တည့်တည့် မှာချည်းပဲ ရှိမနေဘူး ဆိုရင်တော့ အဲဒီအချက်ဟာ မှန်မယ် လို့ သူက ဆိုပါတယ်။
နောက်တစ်ချက်ကတော့ ဂရိများဟာ အတော်ပဲ ခြေရှည်ကြပါတယ်။ အဲဒီလို သွားရင်း လာရင်းကနေ သူတို့ဟာ မြောက်ဖက်ကြယ် (North Star) ရဲ့ တည်နေရာကို လေ့လာ မိကြပါတယ်။ မြောက်ဖက်ကြယ်ရဲ့ တည်နေရာဟာ ကမ္ဘာရဲ့ မြောက်ဖက်ကျတဲ့ အပိုင်းကနေ ကြည့်တာထက်စာရင် တောင်ဖက်ကျတဲ့ အပိုင်းကနေ ကြည့်ရင် ပိုနိမ့်နေတယ် ဆိုတာကို ဂရိလူမျိုးတွေ သတိထားမိ ခဲ့ကြ ပါတယ်။ အကယ်၍ ကမ္ဘာသာ မလုံးဘဲ ပြားနေမယ် ဆိုရင် မြောက်ဖက်ကြယ်ရဲ့ တည်နေရာဟာ ဘယ်နေရာက ကြည့်ကြည့် အတူတူ ဖြစ်ရမှာပါ။ အရစ္စတိုတယ်ကတော့ ဂရိနဲ့ အီဂျစ်ကနေ ကြည့်ရင် မြောက်ဖက်ကြယ်ရဲ့ တည်နေရာဟာ မတူတဲ့ အတွက် ကမ္ဘာဟာ လုံးရမယ် လို့ ဆိုပါတယ်။
ကြုံတုန်း ကြိုက်တုန်း မြောက်ဖက်မှာ အလင်းဆုံးကြယ် အကြောင်းကို နည်းနည်း လေရှည် လိုက်ပါဦးမယ်။ အခုလက်ရှိ မြောက်ဖက်မှာ အလင်းဆုံးကြယ်ကတော့ ကျွန်တော်တို့ မြန်မာအခေါ်အဝေါ် ဓူဝံကြယ်လို့ ခေါ်တဲ့ ပိုလာရစ်စ် (Polaris) ကြယ်ပါ။ ပိုလာရစ်စ် ဟာ နက္ခတ္တဗေဒ အခေါ်အဝေါ် အာဆာမိုင်နာ ကြယ်တာရာစု (Ursa Minor Constellation) မှာ ရှိပါတယ်။ ကျွန်တော်တို့ ခုနှစ်စင်ကြယ်လို့ သိကြတဲ့ ကြယ် ၇ လုံးကတော့ အာဆာမေဂျာ ကြယ်တာရာစု (Ursa Major Constellation) မှာ ရှိပါတယ်။ ခုနှစ်စင်ကြယ်ကို အမေရိကန် ပြည်ထောင်စုနဲ့ ကနေဒါမှာ Big Dipper လို့ သိကြပြီး အင်္ဂလန် အိုင်ယာလန်စတဲ့ ဗြိတိသျှ ကျွန်းစုတွေမှာတော့ Plough လို့ သိကြပါတယ်။ ခရစ်သက္ကရာဇ် မပေါ်ခင် နှစ်ပေါင်း ၃၀၀၀ လောက်ကတော့ မြောက်ဖက်မှာ အလင်းဆုံးကြယ်ဟာ ပိုလာရစ် မဟုတ်ဘဲ ဒရာကို ကြယ်တာရာစု (Draco Constellation) မှာ ရှိတဲ့ သူဘန် (Thuban) ကြယ်ဖြစ်ပါတယ်။ သက္ကရာဇ် ၃၀၀၀ ပြည့်ရင်တော့ မြောက်ဖက်မှာ အလင်းဆုံးကြယ်ဟာ ပိုလာရစ်စ် မဟုတ်တော့ဘဲ စီးဖီးယပ်စ် ကြယ်တာရာစု (Cepheus Constellation) မှာ ရှိတဲ့ ဂမ်မာစီဖေး (Gamma Cephei) ကြယ် ဖြစ်လာလိမ့်မယ်လို့ ဆိုကြပါတယ်။
ဂရိတွေက တတိယမြောက် ငြင်းချက်တစ်ခုကိုလည်း ပြောကြပါသေးတယ်။ မိုးကုပ်စက်ဝိုင်းကနေ သင်္ဘောတွေ ရွက်လွှင့်လာတာကို မြင်ရတဲ့ အခါမှာ ရွက်တိုင်ကို အရင် မြင်ရပြီး ကိုယ်ထည်ကို နောက်မှ မြင်ရတာဟာလည်း ကမ္ဘာလုံးကြောင်း သက်သေပြချက် တစ်ခုပဲ ဖြစ်တယ်လို့ သူတို့က ဆိုကြပါတယ်။
အခုခေတ် အခါမှာတော့ အာကာသယာဉ်တွေ ဂြိုဟ်တုတွေ ပေါ်ကနေ ရိုက်ထားတဲ့ ကမ္ဘာရဲ့ ဓာတ်ပုံကို ကြည့်တာနဲ့ ကမ္ဘာဟာ လုံးတယ်ဆိုတဲ့ အချက်ကို ရှင်းရှင်းလင်းလင်း သိနိုင်ပါပြီ။ ဒါပေမယ့် အာကာသထဲကို ဂြိုဟ်တုတွေ မရောက်သေးခင် အချိန်တုန်းက လူတွေ ကမ္ဘာကြီး လုံးတယ် ဆိုတဲ့ အချက်ကို စဉ်းစားနိုင်ခဲ့တာကတော့ အတော်ကို အံ့သြချီးကျူးဖို့ ကောင်းတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
ကိုးကား
1. A Brief History of Time by Stephen Hawking
2. http://en.wikipedia.org/wiki/North_Star
12 comments:
အားပါးးးရုံးမှာများ ဘလော့ဂ်ရေးနေသလားဟင် ခုနတုန်းကမရှိပေါင်
ခုချက်ခြင်းထွက်လာတယ်ပို့စ်အသစ်
“ဟေ့ သူငယ်။ မင်းရုပ်တည်နဲ့ လျှောက်ဖောမနေနဲ့။ ကမ္ဘာဆိုတာက အပြားကြီး။ အဲဒီကမ္ဘာကြီးကို ဧရာမ လိပ်ကြီး တစ်ကောင်က ကျောပေါ်မှာ ပိုးထားတာ။” လို့ ထပြောပါတယ်။ အဲဒီတော့ သိပ္ပံပညာရှင်ကြီးလည်း ငါးခူပြုံး၊ ငါးသလောက်ပြုံး၊ ငါးသလဲထိုးပြုံးမျိုး ပြုံးပြီးတော့ “ငွှားငွှား။ အဲဒီလို ဆိုရင် အဲဒီလိပ် ကြီးက ဘယ်ပေါ်မှာ ရပ်နေသလဲ။” )))))) ဒီစာလေးကိုသဘောကျတယ်။ ငွှားငွှား...တဲ့ရီနည်းအသစ်ရပြီ
စတီဖင်ဟော့ကင်းရဲ့ အဲဒီ အချိန်ရဲ့ သမိုင်းအကျဉ်းချုပ် စာအုပ်သိပ်ကောင်းတယ်။
ဒီစာအုပ်ဟာ မက်ဒေါနားက လိင်အကြောင်းရေးထက်စာအုပ်ထက် ပိုအရောင်းသွက်တယ်လို့ အဆိုရှိတယ်။ း-)
တစ်ခါက အလုပ်ထဲမှာ design review လုပ်တော့ U.S. က ဆော့ဖ်ဝဲလ်အင်ဂျင်နီယာတစ်ယောက်က protocol layer တွေ တစ်ခုနဲ့ တစ်ခု independent ဖြစ်အောင်ရေးထားတဲ့ သူရဲ့ဒီဇိုင်းကို ရှင်းပြတယ်။ အဲဒီမှာ “ခင်ဗျားရဲ့ ဒီဇိုင်းတွေက အတော်လေးကောင်းပါတယ်။ ဒါပေမယ့် ဒီ ဒီဇိုင်းတစ်ခုလုံးရဲ့ အသက်ဖြစ်တဲ့ function ရဲ့ နာမည်ကို Turtle လို့ပေးထားတာကို ဘာလို့လဲလို့ စဉ်းစားမရပါဘူး”လို့ လူတစ်ယောက်က ကောက်မေးတယ်…။ ဒီအခါမှာ ဒီဇိုင်းနာက ရယ်ရယ်မောမောနဲ့ လိပ်တွေတစ်ကောင်ပေါ် တစ်ကောင်ဆင့်ထားတဲ့ ပုံပြင်ပြောပြပြီး ဖြေသွားတယ်။
Aristotle was a student of Plato. Alexander the Great was a student of Aristotle. As in Buddhism, Aristotle believed that Universe is made up of five elements - fire, earth, air, water and aether. Such idea in Greek was first recorded by Thales (600BCE) which is much more early than Buddha.
Greeks received "the habits of looking at the sky" from Babylonians (3000BC?).
အဲလိုလား အစကထင်တာ ကမာ္ဘကြီးက ပြားသလားလို့။ ဟိဟိ
စတာပါ။
ကိုဂုတ်တီကတော်တယ်တော်။
မေလေးတို့များ တစ်ခါမှမတွေးမိဘူး။
တော်တဲ့အတွက် ဆိုင်မှာ(ကိုဂုတ်တီ အကိုဆိုင်မှာ အုန်းနို့ခေါက်ဆွဲ)ကျွေး
15 Aug 09, 14:25
kom: တို့့ပုသကွယ။် ဖတ်လို့တော့ကောငး်သား
ဒါပေမယ့် စတီဖင်ဟော့ကင်းက အဲသည် လိပ်ပုံပြင်ကို ရေးပြအပြီးမှာ ဒီလိုပြောသွားသေးသဗျ။ စကြ၀ဠာကြီးအကြောင်းကို ခင်ဗျားတို့ ကျနော်တို့ သိသမျှဟာ အဲသည် လိပ်တွေ တကောင်ပေါ်တကောင်ဆင့်နေတယ်ဆိုတဲ့ အဖွားကြီး သိတာထက် ဘာမှ သိပ်ထူးခြားပြီး ပိုမသိလှဘူးဆိုပဲ။ း-)
Ko Paw -> ဟုတ်မှာပါ။ ကျွန်တော်တော့ Big Bang, Quantum Physics နဲ့ Relativity ဖတ်ပြီး အတော် ရွာပတ်သွားတယ်။ :D
Can,t read..:(
same with photo vigor,,, can't read :(
Please download Font package here, unzip it and copy to your C:\WinNT\Fonts.
http://www.mediafire.com/?dnm0ayn0whw
I am using Unicode 5.1 fonts right now. Sorry for inconveniences caused. :D
Post a Comment