Search This Blog

Monday, August 10, 2009

ဘဝလမ်းခွဲ

တခါတလေတော့လည်း ကျွန်တော်တို့ ဆယ်တန်း အောင်ခဲ့တဲ့ ၁၆ နှစ်ဆိုတဲ့ အရွယ်ဟာ တစ်ဘဝလုံးစာ အတွက် အသက်မွေး ဝမ်းကြောင်း လုပ်မယ့် အလုပ်ကို ရွေးချယ်ဖို့ စောလွန်း နေသေးသလားလို့ တွေးမိပါတယ်။ မြန်မာနိုင်ငံမှာ ဆယ်တန်းစာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့ အောင်ပြီး ရွေးချင်ရာ ရွေးခွင့် ရတယ်လို့ ပြောတဲ့ သူတွေ အတွက် တောင်မှ ရွေးချယ်စရာက သိပ်မများ လှပါဘူး။ ပတ်ဝန်းကျင်က ဖိအားတွေကြောင့် ဆရာဝန်လိုင်း၊ အင်ဂျင်နီယာလိုင်း၊ ကွန်ပြူတာ လိုင်း ဒီ ၃လိုင်း ထဲက တစ်လိုင်းကိုပဲ ရွေးဖြစ်ကြတာ များပါတယ်။ နိုင်ငံရပ်ခြား တိုင်းပြည် တွေမှာတော့ ကိုယ် ဝါသနာ ပါရာ ကိုယ်ရွေးတဲ့ လူငယ်တွေ အများအပြား ရှိကြပါတယ်။

အဲဒီ အကြောင်းကို စဉ်းစားရင်းနဲ့ ကျွန်တော်တို့ ဆယ်တန်းနှစ်က အတန်းထဲမှာ ဆရာ ပြောပြခဲ့ဖူးတဲ့ ဇာတ်လမ်း တစ်ပုဒ်ကို သွားပြီး သတိရမိပါတယ်။ ပုံမှန်အားဖြင့် ထူးချွန်တဲ့သူတွေ အကြောင်း ကြားရရင် ကျွန်တော့် စိတ်ထဲမှာ စွဲနေအောင် မှတ်မိတတ်တာမို့ ပြန်စဉ်းစားလိုက်တဲ့ အခါမှာ ဆရာ ပြောခဲ့ဖူးသမျှ အားလုံးလိုလို သတိရနေ ပါသေးတယ်။

ကျွန်တော် ဆယ်တန်းတက်ခဲ့တဲ့ အထက်တန်းကျောင်းက အ.ထ.က(၂) ကမာရွတ် ပါ။ ဆယ်တန်း ကျောင်းသား ဘဝရဲ့ နေ့တစ်နေ့ မှာတော့ ကျွန်တော်တို့ ကျောင်းရဲ့ ဒုကျောင်းအုပ်လည်းဖြစ် ကျွန်တော်တို့ရဲ့ ဇီဝဗေဒ ဆရာလည်း ဖြစ်တဲ့ ဆရာ ဦးပြည်သိမ်း အတန်းထဲကို ဝင်လာပါတယ်။ အဲဒီနေ့က သူ စာမသင်ပဲ ကျွန်တော်တို့ကို စကားတွေ ချည်းပဲ ပြောပါတယ်။ သူပြောခဲ့တဲ့ အကြောင်းအရာကတော့ ကျွန်တော်တို့ မကြာခင် ကြုံရတော့မယ့် အသက်မွေးဝမ်းကြောင်း ရွေးချယ်မှုနဲ့ ပတ်သက်တဲ့ အကြောင်းပါ။

ဆရာက ကျွန်တော်တို့ကို “မင်းတို့ ဆယ်တန်း (A) က ကျောင်းသား ကျောင်းသူတွေမို့ ဆရာ အခုလို တကူးတက အချိန်ယူပြီး စကား ပြောတာ။ ဒီကျောင်းမှာ (A) ခန်းရောက်ဖို့ တော်ရုံတန်ရုံ အရည်အချင်း ကြိုးစားမှုနဲ့ မရောက်ဖူးဆိုတာ မင်းတို့ ကိုယ်တိုင် သိပါတယ်။ အခု ဆယ်တန်း စာမေးပွဲ ဖြေပြီးရင် မင်းတို့ထဲက အတော်များများဟာ ဆေးတက္ကသိုလ် တက်ခွင့်ရမယ့် အမှတ်နဲ့ အောင်ကြမယ် ဆိုတာကိုလည်း ဆရာ သိထားတယ်။ ဒါပေမယ့်လည်း ဆရာ တွေ့လိုက်သမျှ ကျောင်းသား ကျောင်းသူတိုင်း လိုလိုက ဘာလုပ်မလဲလို့ မေးရင် ဆရာဝန်လုပ်မယ် လို့ပဲ ဖြေကြတယ်။ ဘာလို့ ဆရာဝန် လုပ်ချင်တာလဲ မေးရင်တော့ ဆရာဝန် အလုပ်က မွန်မြတ်လို့ပါလို့ ပြန်ဖြေကြတယ်။ မင်းတို့ အားလုံး မွန်မြတ်နေကြလို့ ငါတို့ နိုင်ငံ တိုးတက်လာမှာ မဟုတ်ဘူး။ နိုင်ငံ တိုးတက်ဖို့ အတွက် ငါတို့အနေနဲ့ ဘက်စုံ ကဏ္ဍစုံမှာ အသိပညာရှင် အတတ်ပညာရှင်တွေ အများကြီး လိုတယ်။ စိုက်ပျိုးရေးတို့ စီးပွားရေးတို့ စတဲ့ နေရာတွေမှာလည်း တကယ် ထူးချွန် ထက်မြက်တဲ့သူတွေ ရှိနေဖို့ လိုတယ်ကွ။ လူတော်တွေ အားလုံး ဆရာဝန် ဖြစ်နေကြရင်တော့ ငါတို့ နိုင်ငံအတွက် သိပ်မဟုတ်သေးဘူး လို့ ဆရာထင်တယ်ကွ။” လို့ အစချီပြီး ပြောပါတယ်။

နောက်တော့ ဆရာက “ဆရာ ဒီကျောင်းမှာ သင်လာတာ ကြာပြီ။ လူတော်ဆိုတဲ့သူတွေ တချိန်လုံး တွေ့နေရလို့ တော်ရုံတန်ရုံ တော်တဲ့သူလောက်ဆို ဆရာ့အတွက် ဘာမှ မထူးတော့ဘူးကွ။ ဥပမာ ပြောရရင် ဆရာ ဒီကျောင်းမှာ စသင်တဲ့ အချိန်ကတည်းက အခုအချိန်အထိ ဆယ်တန်း (A) ကနေ မြန်မာတစ်နိုင်ငံလုံး အဆင့် ၁ ကနေ ၁၀ အတွင်း တစ်ယောက်မှ မဝင်တဲ့နှစ်ဆိုတာ မရှိဖူးဘူးကွ။ အနည်းဆုံး တစ်ယောက်တော့ ဝင်တာပဲ။ မင်းတို့ မယုံရင် ပြန်ကြည့်လို့ ရတယ်။” လို့ ဆက်ပြောပါတယ်။ အရင်က မှတ်တမ်းတွေတော့ ပြန်မကြည့်မိလို့ မသိပါဘူး။ ကျွန်တော်တို့နှစ်ကတော့ မြန်မာတစ်နိုင်ငံလုံး ပထမ အပါအဝင် Top 10 မှာ ၅ ယောက် ဝင်ပါတယ်။

ဆရာက နောက်တော့ သူမှတ်မိနေတဲ့ တပည့်နှစ်ယောက် အကြောင်းကို ပြန်ပြောပြပါတယ်။ တစ်ယောက် ကတော့ မြန်မာတနိုင်ငံလုံး ပထမ ရခဲ့တဲ့ ကျောင်းသူ တစ်ယောက်ပါ။ ဆရာ့ ပြောပြချက်အရ မြန်မာ တစ်နိုင်ငံလုံး ပထမရတဲ့သူတွေ တစ်ယောက်မက သူသင်ခဲ့ဖူးပေမယ့် အဲဒီတစ်ယောက်ကတော့ အတန်းထဲမှာ စာကို လိုလိုချင်ချင် အာရုံစိုက် သင်ယူတတ်လို့ မှတ်မိနေတယ်လို့ ပြောပါတယ်။

နောက်တစ်ယောက် အကြောင်းကတော့ နည်းနည်းလေး ထူးခြားနေပါတယ်။ ဆရာက သူ့အကြောင်းကို ဒီလို ပြောပြပါတယ်။
“သူ့ကို ဆရာ မှတ်မိနေတာ Top 10 ဝင်လို့ မဟုတ်ဘူးကွ။ သူတော်တယ် ဆိုတဲ့ ပုံစံက တစ်မျိုး။ ဆရာ တွေ့ဖူးသမျှ ကျောင်းသားတွေ အားလုံး ထဲမှာ ရူပဗေဒ နဲ့ သင်္ချာမှာ ဒီကောင် အတော်ဆုံးပဲ။ ဆယ်တန်း ကျောင်းသား လို့သာ ပြောတယ်။ ဆယ်တန်းစာလောက်ကို ဒီကောင်က ဂရု မစိုက်ဘူး။ ဆယ်တန်းနှစ်မှာ သူတွက်နေတဲ့ ပုစ္ဆာတွေက တက္ကသိုလ် ပထမနှစ် ဒုတိယနှစ်မှာ သင်နေတဲ့ ပုစ္ဆာတွေ။ သူ့အဖေ အမေတွေက ပညာတတ် တွေဆိုတော့ သူ့ကို ကောင်းကောင်း လေ့ကျင့်ပေးထားတာ။ အိမ်မှာ ဆယ်တန်းစာ မသိလို့ မေးရင် ဒီလောက် လွယ်တဲ့စာ လာမေးရမလား ဆိုပြီး သူ့အဖေက ဆူတယ် လို့ ပြောတယ်။ ဆရာ သိပ္ပံခန်းထဲမှာ ထိုင်နေရင် ဒီကောင်က လာပြီး လကမ္ဘာကို အာကာသယာဉ်ဆင်းတာကို ရူပဗေဒမှာ ဘယ်လို တွက်တယ် ချက်တယ် ဆိုတာမျိုးတွေ လာဆွေးနွေးတတ် သေးတယ်ကွ။ တခါတလေ ဆရာ ကိုယ်တိုင်တောင် သူပြောသမျှ ပါးစပ် အဟောင်းသားနဲ့ နားထောင်နေရတာ။”

ကြားရတာတော့ အားကျစရာ အံ့သြစရာ ပါပဲ။ ဆရာက သူ့တပည့်အကြောင်းကို ဆက်ပြောပါတယ်။
“တစ်နေ့တော့ ဆရာ ဒီကောင့်ကို စမ်းဖို့ အခွင့်အရေး ပေါ်လာတယ်ကွ။ အဲဒီနေ့က ဆရာ အတန်းထဲမှာ ပုစ္ဆာတစ်ပုဒ်ကို ရှင်းပြနေတာ။ ရှင်းပြလို့ ပြီးတော့ ဆရာက နားလည်သလားလို့ ကျောင်းသားတွေကို မေးတော့ ကျောင်းသူတစ်ယောက်က သူ နားမလည်ဘူး လို့ ပြောတယ်ကွ။ အဲဒါနဲ့ ဆရာ နောက်တစ်ခေါက် ထပ်ရှင်းပြတယ်။ ပြီးတော့ အဲဒီကျောင်းသူကို နားလည်သလားလို့ ထပ်မေးတယ်။ အဲဒီ ကျောင်းသူကလည်း နားမလည်ဘူးလို့ ထပ်ပြောတယ်ကွ။ ဆရာလည်း အတော် အကြံရခက်သွားတယ်။ အဲဒီအချိန် ဆရာလည်း ဒီကောင့်ကို စမ်းချင်တာနဲ့ ဟေ့ကောင်။ လာဦး။ မင်းလာရှင်းပြလိုက် ဆိုပြီး သူ့ကို ရှင်းခိုင်းလိုက်တယ်။ ဒီကောင်က ဆရာ ရှင်းပြတဲ့ နည်းအတိုင်း မဟုတ်ဘဲ သူ့နည်းသူ့ဟန်နဲ့ နောက်တစ်မျိုး ရှင်းပြတယ်။ သူလည်း တစ်ခေါက် ရှင်းပြပြီးရော။ အဲဒီ ကျောင်းသူက သူ နားလည်သွားပါပြီလို့ ဆရာ့ကို ပြောတယ်။”

အဲဒီ ကျောင်းသားကို သဘောကျ သွားသလို ကိုယ့်တပည့်ကို အဲဒီလို ပွင့်ပွင့်လင်းလင်း ချီးကျူးရဲတဲ့ ဆရာ့ကိုလည်း လေးစားသွားပါတယ်။ ဆရာက သူ့ဇာတ်လမ်းကို ဆက်ပါတယ်။
“အောင်စာရင်းထွက်တော့ ဘယ်လို ဖြစ်တယ်ထင်သလဲ။ သူ စာရှင်းပြလိုက်တဲ့ ကောင်မလေးက ဘာသာစုံဂုဏ်ထူး ထွက်တယ်ကွ။ သူကတော့ လေးဘာသာ ဂုဏ်ထူးပဲ ပါတယ်။ သူ့အိမ်က သူ့ကို တက္ကသိုလ်မှာ ကိုယ်ကြိုက်တဲ့ ဘာသာတက်ဖို့ လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့် ပေးတယ်။ အဲဒီမှာ သူက ဆရာဝန် အင်ဂျင်နီယာ လိုင်း တစ်ခုမှ မရွေးဘဲ ရူပဗေဒ အထူးပြုကို ရွေးသွားတယ်။”

သူများတွေလို အသက်မွေး ဝမ်းကြောင်းလိုင်းကို မရွေးဘဲ ရူပဗေဒကို ရွေးသွားတယ် ဆိုတာ တော်ရုံတန်ရုံ ခံယူချက်နဲ့တော့ ဖြစ်လိမ့်မယ် မထင်ပါ။ အဲဒီမှာ ပိုပြီး အံ့သြစရာ ကောင်းတဲ့ အကြောင်းတွေကို ဆရာက ဆက်ပြောပါတယ်။
“ဒီလိုနဲ့ သူ ရူပဗေဒ မေဂျာမှာ တက်နေရင်းနဲ့ ဒုတိယနှစ် စာမေးပွဲ ပြီးတော့ ဂုဏ်ထူးတန်း မဝင်လို့ သူ့ အဖေနဲ့ အကြီးအကျယ် ပြသနာ တက်ကြတယ်ကွ။ သူ့အဖေက ရူပဗေဒ ဆိုတာ မင်းရွေးခဲ့တဲ့ဘာသာ။ အခုတော့ ဂုဏ်ထူးတန်းတောင် ဝင်အောင် မဖြေနိုင်ဘူးလား ဆိုပြီး ဆူတာပေါ့ကွာ။ အဲဒီတော့ သူက သူ့အဖေကို ဂုဏ်ထူးတန်း မဝင်တာ ကျွန်တော် ညံ့လို့ မဟုတ်ဘူး။ ကျွန်တော့် အဖြေလွှာကို စစ်တဲ့ ဆရာက ညံ့လို့ ဆိုပြီး ပြန်ပြောတယ်ကွ။ သူ့အဖေကလည်း တက္ကသိုလ် အသိုင်းအဝိုင်းထဲကပဲ ဆိုတော့ ရူပဗေဒ ပါမောက္ခကို ကိုယ်တိုင် သွားတွေ့ပြီး ပြောတာပေါ့ကွာ။ ဆရာကြီး။ ကျွန်တော့်သားကတော့ သူဂုဏ်ထူးတန်း မဝင်တာကို သူညံ့လို့ မဟုတ်ဘူး။ သူ့အဖြေလွှာကို စစ်တာမှားလို့ လို့ ပြောနေတယ်။ ကျွန်တော်တော့ မယုံဘူး။ ဒါပေမယ့် ဆရာကြီး ပြန်ကြည့်ပေးလို့ ရမလားဆိုပြီး တော့ပေါ့ကွာ။ အဲဒါနဲ့ ရူပဗေဒ ပါမောက္ခကလည်း နည်းနည်းတော့ ထူးခြားနေတယ် ဆိုပြီး သူ့အဖြေလွှာတွေကို ပြန်ယူကြည့်တယ်ကွ။ အဲဒီတော့ သူပြောတာ အမှန်ပဲကွ။ သူဖြေထားတာတွေကို စာစစ်တဲ့ ဆရာက နားမလည်ဘူး။ ပါမောက္ခကတော့ နားလည်တယ်။ အဲဒါနဲ့ ပါမောက္ခက စာစစ်တဲ့ ဆရာကို ကျောင်းသားလောက်တောင် မသိဘူးလား ဆိုပြီး ခေါ်ဆူတော့တာပဲ။ သူ့ကိုလည်း ဂုဏ်ထူးတန်း တက်ဖို့ ပြောတယ်ကွ။ ဒါပေမယ့် သူက မြန်မြန် ကျောင်းပြီးအောင်ပဲ လုပ်ပြီး နိုင်ငံခြား ထွက်တော့မယ် ဆိုပြီး ဂုဏ်ထူးတန်း မတက်တော့ဘူး။ အခုတော့ အမေရိကားမှာ ရူပဗေဒနဲ့ ဒေါက်တာဘွဲ့ ယူပြီး တက္ကသိုလ် တစ်ခုမှာ ဆရာ လုပ်နေတယ်လို့ ကြားတယ်ကွ။”

ဆရာက သူ့တပည့်အကြောင်းကို အဲဒီလို ပြောပြီး အဆုံးသတ်ပါတယ်။ နောက်တော့ ကျွန်တော်တို့ကို “မင်းတို့လည်း ကိုယ်ဝါသနာပါတဲ့ လိုင်းမှာ တကယ်ထူးချွန်အောင် ရေဆုံးရေဖျား လိုက်နိုင်မယ် ဆိုရင် မဖြစ်နိုင်စရာ မရှိပါဘူး။ တကယ် ခံယူချက်ရှိဖို့နဲ့ ကြိုးစားဖို့ပဲ လိုတယ်။” လို့ ပြောပါတယ်။

ဆယ်တန်း စာမေးပွဲ ပြီးတဲ့ အခါမှာတော့ ကျွန်တော့် အတန်းဖော်တွေ ထဲမှာ ဆရာ ပြောခဲ့ဖူးတဲ့ ဆရာ့တပည့်လို အသက်မွေး ဝမ်းကြောင်း လိုင်းတွေ မရွေးဘဲ ကိုယ်ဝါသနာ ပါပြီး ပရော်ဖက်ရှင်နယ် မဟုတ်တဲ့ လိုင်းကို ရွေးသွားတယ် ဆိုတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ အမှတ်ကောင်းတဲ့သူ အားလုံး နိုင်ငံခြား ထွက်သွားတဲ့ သူတွေ ကလွဲလို့ အားလုံး ဆေးတက္ကသိုလ်၊ စက်မှု တက္ကသိုလ်၊ ကွန်ပြူတာ တက္ကသိုလ်နဲ့ စီးပွားရေး တက္ကသိုလ် တွေကိုပဲ ကိုယ်စီ ကိုယ်စီ ရောက်သွား ကြတာပါပဲ။ စက်မှုတက္ကသိုလ် တက်ခွင့်ရရဲ့ သားနဲ့ စီးပွားရေး တက္ကသိုလ် ရွေးသွားတယ် ဆိုတာလောက်ပဲ ကြားရတာ ရှိခဲ့ပါတယ်။

(ဆရာ ပြောတဲ့ ဆရာတပည့်ရဲ့ နာမည်ကို မှတ်မိပေမယ့် သူ့ရဲ့ Privacy အတွက် ထည့်မရေးဖြစ်တာ ခွင့်လွှတ် စေချင်ပါတယ်။ )

33 comments:

ThuHninSee said...

ဝါသနာပါတာလား ဖဲရိုက်တာပဲ။
း)

မီယာ said...

လူတော်တွေ အားလုံး ဆရာဝန် ဖြစ်နေကြရင်တော့ ငါတို့ နိုင်ငံအတွက် သိပ်မဟုတ်သေးဘူး လို့ ဆရာထင်တယ် ... ဟုတ်တယ်နော်

Angel Shaper said...

ဆရာ ဦးပြည်သိမ်းနဲ့ ကိုကျောင်းသားလေးကို လေးစားသွားပါတယ်။ ဆရာ ဦးပြည်သိမ်း လို ဆရာမျိုး အများကြီးပွားပြီး မြန်မာပြည်ကကျောင်းတိုင်းမှာ ဆရာဖြစ်စေချင်တယ်။ ကလေးတွေ့ရဲ့ စိတ်ဓာတ်ကအစ တိုးတက်မှုတွေ အင်မတန် ပြောင်းလဲလာလိမ့်မယ် ထင်တယ်နော်။ အောင်မြင်မှုရဖို့ ဝါသနာလေးတွေ မလွဲမချော်နဲ့ တစိုက်မတ်မတ်လေး ကြိုးစားပြီး လုပ်ဆောင်သွားဖို့ လိုအပ်တယ်ဆိုတာလေး ရလိုက်တယ်။
ကျေးဇူးပါ ကိုတီဇက်ရေ...

Anonymous said...

Ko ZT... i like ur posts. i just found out that u r from August. may be u r my senior from 96 batch.
i m from 97 batch. the top 5 students from ur batch are ma sann yu mon, ma thida aye, i forgot the other 3.

TZA said...

ဒီနေ့မနက် စာမေးပွဲနဲ့ပတ်သက်တဲ့ပို့စ်ချည်း ၂ ပုဒ်ဆက်တိုက် ဖတ်လိုက်ရတယ်၊ ၂ ပုဒ်လုံးကို အရမ်းကြိုက်တယ်ဗျာ။

http://khinmamamyo.blogspot.com/2009/08/blog-post_09.html

Law Shay said...

http://www.lawshay.com/2008/01/blog-post.html
http://www.lawshay.com/2008/02/blog-post.html

သက်ဆိုင်တဲ့ ပို့စ်လင့်ကလေးတွေ လာပေးတာပါ။

zue said...

ဒီပို့စ်လေးဖတ်ပြီး အဲဒီကျောင်းသားလေးကို အားကျလိုက်တာနော... ဒီလိုရွေးချယ်ရဲတဲ့ သူရဲ ့ ခံယူချက်ကို လေးစားမိတယ်..

ZT said...

Anonymous-> Yes, I am from 96 batch. Nice to meet my schoolmates here. :D

Anonymous said...

I really envy you,Ko ZT...I get the encouragement and inspiration from your blog and Ko Andy's Blog.Thank you for sharing your knowledge.

Rita said...

အပေါ်က Anonymous ပြောသလိုပါပဲ။

ဂရုတစိုက်ဖတ်ရတဲ့ blog တွေ ထဲမှာ ဒီ blog ပါပါတယ်။

မီးမီးချစ် said...

အားကျလိုက်တာ မီးချစ်တော့ ဆယ်တန်း ဘယ်လိုအောင်လာမှန်းကို မသိဘူး..

ကြည်ဖြူပိုင် said...

ကိုဇက်တီရေ ဒီစာလေးတွေဖတ်လိုက်ရတာ နဲနဲအားတက်လာတယ်။ ကျောင်းမတက်ချင်တဲ့စိတ်တွေကို အနည်းငယ်ဖြေဖျောက်ပေးနိုင်လို့ စိတ်သက်သာမှုတွေရသွားတယ်။ သိပ်တော်တဲ့လူတွေအကြောင်းကိုဖတ်ပြီးတော့
လည်းအားကျစိ်တ်တွေပေါက်သွားတယ်။
ဘာပဲဖြစ်ဖြစ် စူ့ထက်စူလူစွမ်းကောင်းနဲ့ ဒီပို့စ်လေးကြောင့် အနော့် စိတ်တွေညစ်နေတာ နည်းနည်းပြေလျော့သွားတယ် ဆိုတာ
လာပြီးတော့ဝန်ခံပါတယ်။

ပြီးတော့ မှန်တယ်လို့ပြောချင်တာ တစ်ခုက ၁၆ နှစ်မှာကိုယ့်အသက်မွေးလမ်းကြောင်းရွေးဖို့ စောလွန်းသေးတယ်ထင်တာပဲ။

ကျေးဇူးအကို အနော် follower လုပ်လိုက်ပြီနော်.....

ကြည်ဖြူပိုင် said...

အဲတော့ ။...မွှားသွားဘီ။ follower ကအစောကြီးထဲက လုပ်ပြီးသားကြီး။ ဟီးဟီး....အမြဲလာဖတ်မှာလို့ရေးတာ။။။ တွတ်ပီကံမကောင်းပါလားနော်။ မှားတင်မိပြီ။ အဟီး။။။

khet myint myint said...

ကျွန်တော်လဲ St.Augustine ကျောင်းထွက်ပါပဲ။ အစ်ကိုတို့ ​ကျောင်းအုပ်ဆရာမကြီး ဒေါ်အမာကြည် ကိုကြုံခဲ့မယ်ထင်တယ်။ ကျွန်တော်က ၂၀၀၃ ဆယ်တန်းအောင်ဆိုတော့ အများကြီးငယ်ပါတယ်။

ခင်မင်းဇော် said...

အင်း သာမန်လူတွေဆိုရင် သူတော်တာကို သိတောင်သိပါ့မလား။ ခုက သူ့အဖေကြောင့် သူတော်ရက်နဲ့ ဂုဏ်ထူးတန်းမဝင်တာကို သိကြတာ။ သာမန်လူတွေထဲက တော်တဲ့လူတွေမှာ ခုလိုအဖြစ်ကြောင့် စိတ်ဓာတ်ကျသွားတာ ထွက်သွားရတာ ရှိနိုင်မယ်ထင်တယ်။
ဆင့်ပွားတွေးသွားတာပါ။

သီဟသစ် said...

ကိုZT ရေ

အဲလိုရဲရဲဝံ့ဝံ့ရွေးရဲတာ သူတော်တာလည်းပါသလို ပတ်ဝန်းကျင်ကောင်းတာလည်းပါတယ်လို့ ထင်ပါတယ်။

ခင်မင်စွာဖြင့်
သီဟသစ်

Anonymous said...

ဟုတ်ပါတယ်
ဒါပေမယ့် ၁၀ တန်းအောင်လို့ နိုင်ငံခြားထွက်လာပြီး Poly လာတက်သော်လည်းပဲ မိမိရွေးခဲ့သော Engineering ကို ယခ ုအလွန်းမုန်းတီးမိနေပါတယ်
း'(
မြန်မြန်ကျောင်းပြီးပါတော့

ZT said...

Anoymous 10:53 PM

Poly နဲ့တော့ Engineering ကို စိတ်မပျက ်ပါနဲ့ဦး။ :D တကယ့် Engineering က အဲဒီထက်မက စိတ်ဝင်စားစရာ ကောင်းပါတယ်။ University ရောက်ရင် ဒီထက်ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာတွေ တွေ့ရဦးမှာပါ။ အစ်ကို ကိုယ်တိုင်ကြုံခဲ့ဖူးလို့ ပြောတာပါ။

တကယ် စိတ်ပျက်သွားပြီ ဆိုရင်လည်း အချိန်ရှိပါသေးတယ်။ အစ်ကိုနဲ့ ရင်းနှီးတဲ့ သူငယ်ချင်း တစ်ယောက် Poly က ကျောင်းပြီးလို့ သုံးနှစ် အလုပ်လုပ်ပြီးမှ U.S သွားပြီး သူစိတ်ဝင်စားတဲ့ ဘာသာကို အစအဆုံး ပြန်ယူတာလည်း တွေ့ဖူးပါတယ်။ စိတ်ဓာတ် ရှိဖို့ပဲ အရေးကြီးပါတယ်။

kaungkinpyar said...

တော်သူများအားလုံးကို လေးစားပါတယ်၊ တို့တော့ တော်တော်ပိန်းတယ်း)

မေလေး said...

ရွေးချယ်ခွင့် ရခဲ့တာ ကံကောင်းတာပေါ့

Ko Paw said...

ကိုဇက်တီ… ကျနော့်နာမည်ကို ဖော်ပြလို့ရပါတယ်။ ကိစ္စမရှိပါဘူး။

(ဟဲဟဲ…. လူအထင်ကြီးအောင် လာပြီး ပုံမှားရိုက်ကြည့်တာဗျ။)

kiki said...

ကိုဇက်တီရေ..
အမလဲ သြဂတ်စ်တင်း ထွက်ပါဘဲ ..
ဆရာ ဦးပြေသိန်း က အလွန်တော်တဲ့ဆရာပါ..
ဘိုင်အိုမှာထိုင်မငို ရအောင် သင်ပြပေးနိုင်တယ် ..
ပုံဆွဲတာလဲ သိပ်လှတယ်လေ .. ပိုးဟပ် . ဖား ။ ပဲစေ ့အပင်ပေါက်တဲ့ ပုံလေးတွေ မြင်ယောင်မိနေသေးတယ်။
စိတ်မကောင်းစရာ တခုကတော့ ဆရာက လွန်ခဲ့တဲ့ ၃- ၄ နှစ်လောက်မှာ ဆုံးရှာပြီ လို့ သိရတယ် ။ တော်တဲ့ဆရာတယောက် ချို ့ချို ့တဲ ့တဲ ့နဲ ့ဆုံးသွားရ မှန်းသိရလို ့ ပို ဝမ်းနည်း မိပါတယ် ..

Rita said...

(ဆရာ ပြောခဲ့ဖူးတဲ့ ဆရာ့တပည့်လို အသက်မွေး ဝမ်းကြောင်း လိုင်းတွေ မရွေးဘဲ ကိုယ်ဝါသနာ ပါပြီး ပရော်ဖက်ရှင်နယ် မဟုတ်တဲ့ လိုင်းကို ရွေးသွားတယ် ဆိုတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ အမှတ်ကောင်းတဲ့သူ အားလုံး နိုင်ငံခြား ထွက်သွားတဲ့ သူတွေ ကလွဲလို့ အားလုံး ဆေးတက္ကသိုလ်၊ စက်မှု တက္ကသိုလ်၊ ကွန်ပြူတာ တက္ကသိုလ်နဲ့ စီးပွားရေး တက္ကသိုလ် တွေကိုပဲ ကိုယ်စီ ကိုယ်စီ ရောက်သွား ကြတာပါပဲ။ စက်မှုတက္ကသိုလ် တက်ခွင့်ရရဲ့ သားနဲ့ စီးပွားရေး တက္ကသိုလ် ရွေးသွားတယ် ဆိုတာလောက်ပဲ ကြားရတာ ရှိခဲ့ပါတယ်။)

အဲဒါ ရွေးရဲတဲ့ သတ္တိရှိ မရှိ ဆိုတာထက် ကိုယ့်ဘာသာ ဘာဝါသနာပါလို့ပါမှန်း မသိကြတာကြောင့်က ဘယ်နှစ်ယောက်ပါမလဲမသိ။

ပြီးတော့ ၁၆ နှစ်က ကိုယ်သွားမယ့် လမ်းကြောင်းကို ရွေးဖို့စောတာလဲ မှန်ပေမဲ့ ဒီ့ထက်နောက်ကျပြီးမှ ရွေးခိုင်းလဲပဲ မြန်မာပြည်မှာတော့ ဘာမှ များများစားစား မရှိပါဘူး ထင်မိတယ်။

Rita said...

မြန်မာပြည်က ဂုဏ်ထူးတန်းမဝင်တဲ့လူက နိုင်ငံခြားက ဒေါက်တာဘွဲ့ရသွားတယ်ဆိုတာပဲ ခဏခဏ စဉ်းစားနေမိတော့တယ်။

ဘာပဲပြောပြော သူ့မှာ အသိုင်းအဝိုင်း ကံကောင်းလို့ တော်ပါသေးရဲ့။

ရွာသားလေးဝိုင်တီယူ said...

ရေခံမြေခံကောင်းတယ်ဆိုတဲ့ စကားလေးသတိရသွားမိတယ်ဗျာ။ ကျနော်တို့ resistor value တွေကျက်နေတဲ့အချိန်မှာ အဲ့ဒီပစ္စည်းတွေ ထိတွေ့ဖူးတဲ့ လူက မျက်စိမှိတ်ရွတ်ပြနိုင်တဲ့အချိန်လေးတွေပေါ့။ ဆယ်တန်းအောင်ရင် အသက်မွေးမှုတစ်ခုခုတက်ရမှဆိုတဲ့ အယူအဆကိုလည်း လက်မခံမိဘူး။ ပြီးတော့ ကိုယ်လျှောက်မယ့် ကိုယ့်ဘဝလမ်းကို မိဘဆွေမျိုးအသိုင်းအဝိုင်းတွေ ဂုဏ်ယူဖို့အတွက် ဆရာဝန်လိုင်းလိုက်ရတယ်ဆိုတဲ့အဖြစ်တွေ မြင်တွေ့ဖူးပါတယ်။ အခုလိုဝေမျှပေးတာ ကျေးဇူးပါခင်ဗျာ...

Anonymous said...

သိပ်မှန်တာပေါ့ မြန်မာ နှိင်ငံမှာ ဆရာ ဝန် မလုပ်ရင်ပဲ ဂုဏ်ငယ်တယ်ထင် နေ ကြတယ်. ပြီးတော့ တကယ်လဲဖြစ်အောင်မလုပ်ကြဘူး။ ပေါ်ပင်ပဲ ။

စူးနွယ် said...

၁၆နှစ်တုန်းက ဘာဝါသနာပါမှန်းကို မသိခဲ့ဘူး။ ထုံးစံအတိုင်း ကောင်းတာလေးတွေ ရွေးလျှောက်တော့ လျှောက်တဲ့လိုင်းကလည်း ၅မှတ်လိုတာနဲ့ မရလိုက်ဘူး။
ဒီမှာတော့ ၄တန်းကတည်းက စောစောစီးစီး လိုင်းခွဲသွားကြတယ်။ စာတော်တဲ့ ကလေးက တက္ကသိုလ်ဝင်လို့ရတဲ့ ကျောင်းကိုသွားတယ်။ စာမလိုက်နိုင်တဲ့ ကလေးက အသက်မွေးဝမ်းကျောင်းတခုခုသင်မယ့် ကျောင်းဖက်ပြောင်းကြတယ်။ ကလေးမိဘနဲ့ ဆရာတွေက တူတူဆုံးဖြတ်ကြတယ်။

khin oo may said...

ကွန်မက်တွေ ပြန်လာဖတ်တယ်။ထပ်လာဖတ်တယ်။

myatmon said...

ko zaw thet gyi sar yae kaung tal taut.

စန္ဒီမိုးမြင့် said...

အဲဒီ ဖီဆစ်မေဂျာကိုဘဲ ရွေးသွားတဲ့ အစ်ကို ကြီး ဖြစ်ရပ်က ညီမ ဦးလေးဖြစ်ရက်နဲ့တူနေသလားလို့ ဟုတ်ချင်မှလဲ ဟုတ်မှာပါ။တိုက်တိုက်ဆိုင်ဆိုင်မို့ပါ ။


ဘာဘဲဖြစ်ဖြစ်ပါ ဘ၀မှာ ကိုယ်ဝါသနာပါရာကို သတ္တိရှိရှိရင်ဆိုင်ရဲ ပြောရဲ ဆိုရဲ ပြီးယုံကြည်ချက်အပြည့်နဲ့လျှောက်လှမ်း ရဲ့ တဲ့သူတစ်ယောက် မို့ လူတော်တစ်ယောက်လို့ မြင်ပါတယ်။နောက်ပြီး သားတစ်ယောက်ရဲ့ ဖြေရှင်းချက် အပေါ်မှာ ယုံကြည်ချက်အပြည့်ရှိတဲ့ ဖခင်တစ်ယောက်ကိုလည်းလေးစားမိပါတယ်။
ခင်မင်လျက်
စန္ဒီမိုးမြင့်
မန္တလေး

Dr.Nay Oo (Burma) said...

ပထမ - မြန်မာနိုင်ငံလိုနေရာမျိုးမှာ လွတ်လပ်ပွင့်လင်းစွာ တိုးတက်သော အတွေးအခေါ် ရှိရှိဖြင့် သားဖြစ်သူကို ပြုစု ပျိုးထောင်ပေးသော မိဘ နှစ်ပါးကို အထူးလေးစား ရပါ တယ်။
ဒုတိယ- ပတ်ဝန်းကျင်လွှမ်းမိုးမူကို တွန်းလှန် ဖြိုဖျက်နိုင်ပြီး မိမိယုံကြည်မြတ်နိုးရာကို ရဲဝံ့စွာ ဆုတ်ကိုင် ချီတက်နိုင်ခဲ့ သော ကျောင်းသားကို လေးစားပါတယ်။
တတိယ- တပည့်ဟာ ဆရာထက်တော်ရမယ်ဆိုတာကို တကယ်လက်ခံ ကျင့်သုံးခဲ့ပြီး အမှန်ကို ဝန်ခံရဲ၊ဖေါ်ထုတ်ရဲ ပြီး၊ တပည့်အပေါင်းကို လမ်းကြောင်းအမှန်ကို ညွှန်ပြခဲ့ သော ဆရာ ဦးပြည်သိမ်းကို အထူးလေးစား ဂုဏ်ပြုပါတယ်။

နောက်ဆုံးအနေနဲ့ ဒီလို ဖြစ်ရပ်မျိုးကို သိသင့်သိထိုက် သည့် ဖြစ်ရပ်အနေဖြင့် ပို့စ်တင်ပေးသူ ဖူးနုသစ်ကို လေးစားပါကြောင်း။

Anonymous said...

nice post. thanks.

Anonymous said...

ဆယ်တန်းမှာ physics definations တွေကို အလွတ်ကျက်ခိုင်းပြီး
အတန်းမတက်ခင် chapter 1 to current chapter ထိ ဆိုခိုင်းတဲ့
ကျူရှင်ဆရာနဲ့ ကြုံဖူးပါတယ်...၊ but don't
think so much at that time and just by heard.
Then later when I attend foreinging uni, I was dying and suffering
in the whole academic year.....