Search This Blog

Friday, August 7, 2009

စူ့ထက်စူ လူစွမ်းကောင်းတွေ

ကျွန်တော်တို့နဲ့ မရှေးမနှောင်း စင်ကာပူ ရောက်ခဲ့ကြပြီး တစ်ကျောင်းတည်း အတူ တက်ခဲ့ကြတဲ့ မြန်မာကျောင်းသားတွေကတော့ စူ့ထက်စူ လူစွမ်းကောင်းတွေ ချည်းပါပဲ။ အနူတောမှာ လူချော ဖြစ်ကြတာလားတော့ မသိပါ။ :D ဒါပေမယ့် ထူးချွန်တာက တော့ အမှန်ပါပဲ။

ကျွန်တော်တို့ ကျောင်းစတက်တဲ့ နှစ်က ကျောင်းမှာ မြန်မာကျောင်းသား အယောက် ၈၀ လောက် ရှိပါတယ်။ ၇၀ ကျော်က ကျွန်တော်တို့နဲ့ တစ်နှစ်တည်း အတူတူ ရောက်တဲ့သူတွေပါ။ အဲဒီအထဲမှာမှ ရန်ကုန် စက်မှုတက္ကသိုလ်က တဝက်တပျက်နဲ့ ထွက်လာတဲ့သူက အယောက် ၅၀ လောက် ပါပါတယ်။

ကျောင်းနဲ့ ဝေးနေတာ ကြာပြီဆိုတော့ အားလုံးက ပညာကို အတော်လေး လိုလိုချင်ချင် ဖြစ်နေကြပါတယ်။ ကျွန်တော်တို့ကို ကွာလတီ ဘာသာ သင်တဲ့ မစ်(စ်) ကွမ် ဆိုတဲ့ ဆရာမကတော့ “မြန်မာကျောင်းသားတွေ knowledge hungry ဖြစ်နေကြတယ်။” လို့ မှတ်ချက် ပေးပါတယ်။ ပထမနှစ်မှာတော့ စာမေးပွဲတွေ ဖြေလိုက်တိုင်း အားလုံးလိုလိုရဲ့ အမှတ်တွေက ဝဲကားနေတာပါပဲ။

ကျောင်းက ဆရာဆရာမတွေကို မျက်လုံးပြူးအောင် လုပ်တဲ့သူတွေလည်း ပါပါတယ်။ မြို့ပြ အင်ဂျင်နီယာ ဘာသာက သူငယ်ချင်း တစ်ယောက်က ကျောင်းက သင်ပေးတဲ့ AutoCAD ကို လွယ်လွန်းတယ် ဆိုပြီး သူတို့ ဌာနမှာ ကွန်ပလိန်းတက်ပါတယ်။ အစကတော့ သူ့ကို ဌာနက လာနောက်နေတယ် ထင်တာပါ။ ဒါပေမယ့် သူက အတည်ပေါက် ပြောနေတော့ သူ့ကို နောက်ဆုံး အဆိုင်းမင့် တင်ရမယ့် ပုံနှစ်ပုံ ပေးပြီး ဆွဲခိုင်းပါတယ်။ သူက အဲဒီ ၂ ပုံကို တထိုင်တည်း တစ်နာရီအတွင်း ဆွဲပြလိုက်လို့ ဌာနက မင်းဒီလောက် တတ်ရင်လည်း သင်မနေနဲ့တော့ကွာ ဆိုပြီး Exemption ပေးလိုက်ပါတယ်။ ( AutoCAD အဲဒီလောက် ကျွမ်းတဲ့ ပုဂ္ဂိုလ်က အခုတော့ အမေရိကားမှာ စီးပွားရေးပညာ ဘာသာရပ်နဲ့ ပါရဂူဘွဲ့ စာတမ်းရေးနေပါတယ်။ :D )

နောက်ထပ် ကြားဖူးတာ တစ်ခု ရှိပါတယ်။ ဓာတု အင်ဂျင်နီယာ ဘာသာရပ် အတန်းမှာ ဆရာမက ညီမျှခြင်း တစ်ခု ပေးပြီး အဲဒီ ညီမျှခြင်းကို တနာရီ အတွင်း ညီအောင် ညှိပြနိုင် မလားလို့ ကျောင်းသားတွေကို စိန်ခေါ်ပါတယ်။ မြန်မာ ကျောင်းသား တစ်ယောက်က ၁၀ မိနစ်နဲ့ အဲဒီ ညီမျှခြင်းကို ညှိပြပါတယ်။ ဆရာမလည်း အတော်လေး ဖြုံသွားပါတယ်။ နောက်တော့ သူက မြန်မာ သူငယ်ချင်းတွေကို ဝန်ခံပါတယ်။ ဆယ်တန်း စာအုပ်ထဲက ညီမျှခြင်းကြီး ကွာ။ ငါအလွတ်ရနေတာ။ ချက်ချင်း အဖြေချရေးရင် မကောင်းလို့။ ၁၀ မိနစ်ကြာမှ ရေးတာလို့ ပါ။ သူကတော့ ကျွန်တော်တို့နှစ်က ဆယ်တန်း စာမေးပွဲမှာ မြန်မာ တနိုင်ငံလုံး ၁ ကနေ ၁၀ အတွင်း ဝင်တဲ့သူပါ။

စက်မှု အင်ဂျင်နီယာ ဘာသာရပ် အတန်းကတော့ တကယ့်လူတော်တွေချည်း စုနေတာပါ။ ကျွန်တော့် စီပုံးမှာ လာလာ အော်တတ်တဲ့ KT တို့ အတန်းပါ။ ကျွန်တော်တို့ ကျောင်းရဲ့ ထုံးစံက အမှတ် ၈၀ ကျော်ရုံနဲ့ ဂုဏ်ထူး မပေးပါဘူး။ အမှတ် ၈၀ ကျော်တဲ့သူက A ရပြီး အဲဒီအထဲကမှ Top 5 percent ကို ဂုဏ်ထူးပေးပါတယ်။ သူတို့အတန်းမှာ မြန်မာကျောင်းသားတွေ အားလုံးလိုလို သင်္ချာ ၁၀၀ ရကြလို့ ၉၉ မှတ်ရတဲ့သူတောင် ဂုဏ်ထူး မထွက်ဘူး လို့ ဆိုပါတယ်။

ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော် လုပ်လိုက်ပါဦးမယ်။ ကျွန်တော် အင်ဂျင်နီယာ ကျောင်းသားပေမယ့် Programming ကို အတော် ဝါသနာ ကြီးပါတယ်။ ကျောင်းမှာ သင်တဲ့ Programming က ကျွန်တော့် အတွက်တော့ အတော့်ကို လွယ်လွန်းနေပါတယ်။ ကိုယ့်အတွက်တင် မဟုတ်ဘဲ တခြား ဘာသာရပ်က သူငယ်ချင်းတွေ အတွက်လည်း Programming အဆိုင်းမင့်တွေ ပရော့ဂျက်တွေ ကြုံရင် ကြုံသလို ရေးပေးတတ် ပါတယ်။ ဝါသနာ ပါလွန်းလို့ ရေးချင်လွန်းလို့ကို ရေးတာပါ။ အတန်းထဲမှာ C Programming ဖြေရင် ၁၀၀ ရတာများပါတယ်။ အမြဲတမ်းတော့ မဟုတ်ပါဘူး။ ၃ ခါလောက် ၁၀၀ ရပြီး နောက်တစ်ခေါက် စာမေးပွဲ စစ်တော့ ဆရာက မင်းအမှတ် မပြောတော့ဘူးကွာ။ ကိုယ့်ဘာသာကိုယ်ပဲ သိလိုက်တော့လို့ ပြောပါတယ်။ အဲဒါတောင်မှ နှစ်ဆုံးလို့ အမှတ်ပေါင်းတော့ ၉၀ ကျော်ပဲ ရတာကြောင့် Top 5 percent မဝင်လို့ ဂုဏ်ထူး မထွက် ပါဘူး။

သင်္ကြန်ပြဇာတ်ထဲမှာ “အမေရေ။ သားတို့ ဆီမှာတော့ ၄လသင်တဲ့ ဘာသာကို ၄ ရက်နဲ့ ကျက်ပြီး ဂုဏ်ထူးတွေ ထွက်နေကြတယ်။” ဆိုပြီး ကျောင်းကို ပြောင်ကြပါတယ်။ စာက လွယ်လွန်းနေတာလားတော့ မသိပါဘူး။ အချင်းချင်းတော့ “စာမေးပွဲကျတယ် ဆိုတဲ့ကောင်က မနက်ဖြန် စာမေးပွဲ ရှိတာကို ဒီည စာမကျက်လို့လည်း ဖြစ်ချင် ဖြစ်မယ်။ ဒါမှမဟုတ် တစ်နှစ်လုံး ရှိသမျှ စာမေးပွဲ အကုန်လုံး စုတ်ပြတ်နေအောင် ဖြေခဲ့လို့လည်း ဖြစ်ချင် ဖြစ်မယ်။” လို့ ပြောကြပါတယ်။

ထူးထူးခြားခြား လက်ဖျားခါလောက်အောင် ဉာဏ်ကောင်းတဲ့သူများလည်း ရှိပါတယ်။ ဉာဏ်ကောင်းပေမယ့် စာမလုပ်တဲ့သူ တွေပါ။ ကျွန်တော်နဲ့ တအိမ်တည်း အတူ နေခဲ့ဖူးတဲ့ သူငယ်ချင်းတစ်ယောက် ရဲ့ အဖြစ်တစ်ခု ကို မှတ်မိနေပါတယ်။ အဲဒီတုန်းက သူဟာ နောက်တစ်နေ့ မနက် ဖိုင်နယ် စာမေးပွဲ ရှိတာကို စာမကျက်ဘဲ စောစောစီးစီး ဝင်အိပ်နေပါတယ်။ ည ၁၂ နာရီလောက် ရောက်တော့ နာရီ နှိုးစက်မြည်လို့ ထလာပါတယ်။ ကျွန်တော်ကတော့ စာထကျက်တယ် ထင်တာပါ။ မဟုတ်ပါဘူး။ ဘောလုံးပွဲ ထကြည့်တာပါ။ ဘောလုံးပွဲ ပြီးမှ စာအုပ်ရှာပါတယ်။ ပြီးမှ စာကျက်ပါတယ်။ အဲဒါလည်း သိပ်မဆိုးတဲ့ ဂရိတ်နဲ့ အောင်တာပါပဲ။

ကျွန်တော်နဲ့ ၃ နှစ်စလုံး ဘာသာရပ် အတူတူ တစ်တန်းတည်း တက်ခဲ့တဲ့ အစ်ကိုကြီး တစ်ယောက်လည်း ရှိပါတယ်။ ကျွန်တော်တို့ နောက်ဆုံးနှစ်မှာ သင်ရတဲ့ Control အင်ဂျင်နီယာ ဘာသာရပ်က ခက်လွန်းလို့ ကျောင်းသား အတော်များများ မလိုက်နိုင်ကြပါဘူး။ ကျွန်တော်တို့လည်း ထူးမခြားနားပါပဲ။ ကျွန်တော်ကတော့ Mid-term ဖြေခါနီးမှ ဒီအတိုင်းတော့ မဖြစ်သေးဘူးလို့ သတိရတာနဲ့ စာကြည့်တိုက်မှာ တစ်ပတ်လောက် အသည်းအသန် စာအုပ်ရှာဖတ်ပြီး အဲဒီဘာသာကို နားလည်အောင် လုပ်ပါတယ်။ ကျွန်တော့် ဘော်ဒါကြီးကတော့ အေးအေးဆေးဆေးပဲ သူ့အိမ်မှာ နှပ်နေပါတယ်။ တခန်းတည်း အတူတက်တာ ဆိုတော့ သူလည်း မရမှန်း ကျွန်တော် သိပါတယ်။ စာမေးပွဲ မဖြေခင် တရက်အလိုမှ သူက ဟေ့ကောင်။ ငါ့ကိုလည်း သင်ပေးဦး ဆိုလို့ ကျွန်တော်လည်း တတ်သလောက် မှတ်သလောက် ရှင်းပြလိုက်ပါတယ်။ စာမေးပွဲ ဖြေတော့ ကျွန်တော်က အောင်မှတ်နားမှာ ကပ်ကျပြီး သူကတော့ လွတ်လွတ်ကျွတ်ကျွတ်ကို အမှတ် ကောင်းကောင်းနဲ့ အောင်ပါတယ်။ အတန်းထဲမှာ ဆရာက ကျွန်တော့်ကို “မင်းနားမလည်ရင်လည်း မင်းသူငယ်ချင်းကို သင်ခိုင်းပေါ့ကွာ။” လို့ လာပြောလို့ ကျွန်တော်တို့ နှစ်ယောက် အားရပါးရ ရယ်ခဲ့ကြ ပါတယ်။

KT ၊ photovigor နဲ့ ဟန်သူ အပါအဝင် Singapore Polytechnic မှာ တစ်ကျောင်းတည်း အတူတက်ခဲ့ကြတဲ့ မြန်မာ သူငယ်ချင်းတွေ အတွက် အမှတ်တရ ရေးလိုက်ပါတယ်။

14 comments:

Anonymous said...

poly ဆိုတာ YIT ခတ်က GTI အဆင့်ပဲရှိတာပါ။ Singaporeans ဆိုလဲ Junior Colleges အမှတ်မမှီတဲ့သူတွေ တက်တာလေ။ စက်မှုတက္ကသိုလ်က တဝက်တပျက်နဲ့ ထွက်လာတဲ့သူတွေဆိုတော့ စာကလွယ်မှာပေါ့။ နောက်ပိုင်း မြန်မာတွေ ဆိုးတာ စာမေးပွဲကျတာ များလို့ semester တခု တရာလောက်ခေါ်တာ လျှော့ပြီး ဆယ်လေး ငါးရောက်လောက်ပဲ့ ခေါ်တော့တယ်။

မီယာ said...

ယောကျာ်းလေးတွေမို့ ထင်ပါတယ် ZT ရယ်။ မိန်းကလေးတွေကတော့ ပုံမှန် စာကျက်ကြတယ် မဟုတ်လား။ အမတို့ ခေတ်နဲ့တော့ တကယ် မတူတဲ့ လူစွမ်းကောင်းတွေပါပဲ။ တော်ကြပါပေတယ်။

khin oo may said...

7 Aug 09, 06:14
kom: မြတ်နိုးလေ သံက ဆွဲခိုငး် ချင်တဲ့လေသံဘဲ။

7 Aug 09, 06:12
kom: ဒါဘာဖြစ်လို့ဖြစ်ရတာလဲ။ ဆက်မတွေးဘဲရ့ပ်လို်က်ရင်ကောင်းပါလိမ့်မယ်။

7 Aug 09, 06:12
kom: ရင်ထဲမှာ မကောငး်ဖြစ်လိုက်တာ။

7 Aug 09, 06:11
kom: တော်မှာပေါ့ top ten တွေလာတာ ကိုး။ no wonder.

7 Aug 09, 06:11
kom: စိတ်မကောင်းဖြစ်မိတယ်။ ဆရာဝန်အချို့ဆရာဝန် ဘွဲ့ရပြီးကာမှ ကျောင်းတစ်ချို့ပြန်တက်တာ ကြားတော့ကြားလို့မယုံးနိုင်အောင်ဖြစ်မိတယ်။ ဘာဘဲဖြစ်ဖြစ် ကိုယ့်မြန်မာ ကျောငး်သားတွေ တော်တာကိုတော့ ဂုဏ်ယူမဆုံးပါဘူး။ တော်မှ

7 Aug 09, 06:10
kom: ဒါ brain drain ပါ။ စက်မှူတက္ကသိုလ် အဆင့်ရှိတဲ့ကျောင်းသားတစ်ယောက်က polyအဆင့်ကို တော်တာ အံသြစရာမရှိပါဘူး။ တက္ကသိုည်ကကျောင်းသားက ဆယ်တန်းဝင်ဖြေသလိုဘဲခံဏားရပါတယ်။ brain darin ဆိုပြီး တိုင်းပြည်အတွက် စိတ််မကေ

7 Aug 09, 05:52
မြတ်နိုး: အခုရော ပရိုဂရမ် ကို စိတ်ဝင်စားသေးလားဟင်

Angel Shaper said...

ဝမ်းသာဂုဏ်ယူရမှာလား၊ ဝမ်းနဲရမှာလား ကိုဇက်တီရယ်.....
စိတ်တော့မကောင်းဘူး။ တချို ့ကိုနှမြောလို့။

vista said...

ဝမ်းမသာပါဘူး YIT ခေတ် က Top Ten လူတွေ Poly မှာတော်တာဘာမှဆန်းဘူး NTU, NUS မှာတောင် အရမ်းတော်တဲ.လူတွေရှိတယ် ..အရင် ခေတ်ကပြောပါတယ် အခုတော.သိပ်မဝင်ကြတော.ဘူးတဲ. ။ YIT ့က ရိုးရိုး ပြီးလာလို. NTU, NUS မှာ Master ဆက်တက်တဲ. လူတွေကျတော.လည်း Major ဘာသာရပ်ပေါ်မှုတည်ပြီး ယူတဲ. Subjects အနည်းအများ ပေါ်မှူတည်ပြီး ပြာတဲ.လူ အေးဆေးတဲ.လူကွဲပါသေးတယ် ပုံသေ ပြောမရပါဘူး (သတင်းအချက်အလက် များကို NTU မှPrecision Engineering Master ကိုကို. ထံမှရယူပါသည် ) ကိုယ်တိုင် Master ဘွဲ.ရတာ မဟုတ်ပါ အထင်ကြီးကုန်မှာစိုးလို. ဟိဟိ .....

မီးမီးချစ် said...

ဒါလေးပဲ ကိုယ့်မြန်မာတွေ အတွက် ဂုဏ်ယူနေရတယ်..လက်မထပ်ခင် အရင်ရုံးက လူတွေက ပြောကြတယ်..စကာင်္ပူရီးရန်းကို ယူတဲ့...မယူဘူး ငါတို ့ မြန်မာတွေ ဒီမှာ ပိုလီ တို ့ ntu တို ့လာတက်နေတဲ့ လူ အများကြီးလို ့..အနဲဆုံးတော့ အင်ဂျင်နီယာ ရတယ်လို့..
ကိုယ်တက်တာ လဲ မဟုတ်ဘဲနဲ့ ဟိဟိ
အင်ဂျင်နီယာ များစိတ်မဆိုး ကြပါနဲ့
သဘောပြောတာပါ.. း))

ရွှန်းမီ said...

စီနီယာ့ စီနီယာ ဆရာကြီးတွေကိုး =)

PAUK said...

မနက်ကတည်းက..လူစွမ်းကောင်းတွေ
အကြောင်း ဖတ်မိပေမယ့်..
ဘာမှ မပြောရဲလို့ တိတ်တိတ်လေး ပြန်သွားပါတယ်..
သြော်..
တော်လိုက်ကြတာ..

သစ်သစ် said...

တော်လိုက်ကြတာ ကွာလိုက်တာနော်....

KT said...

ZT.. thanks for the post :D

tz said...

ဟင်းးးးး စူ့ထက်စူ တွေထဲမှာ တို့တွေ မပါတာတော့ သေချာတယ်

ကြည်ဖြူပိုင် said...

တော်လိုက်ကြတာ..တော်လိုက်ကြတာ...တကယ်ကိုလေးစားပါရဲ့။
ခုပို့စ်လေးကိုဖတ်ပြီး စူ့ထက်စူ လူစွမ်းကောင်းတွေကို လေးစားအထင်ကြီး အားကျသွားပါတယ် ကိုဇက်တီ။

By the Way

ပရိုဂရမ်းမင်းမှာဆရာကြီးဆိုတော့ အတော်စိတ်ဝင်
စားသွားတယ်ဗျ။အကူအညီလိုရင်တောင်း
လို့ရမလားဟင်။ အနော်ခု ပရိုဂရမ်းမင်းသင်ရတော့မှာမို့ နားမလည်ရင်ရှင်းပြပေးမယ့်သူလိုနေလို့ အကူအညီလိုရင်တောင်းချင်တယ်။။။ဖြစ်နိုင်မှပါ။ :D

Rita said...

တော်တော်ကြိုက်ပါတယ် (post ကိုပြောတာပါ)

အဲလိုမျိုး အားနေ ဘောလုံးကန်လိုက်၊ ဘောလုံးပွဲကြည့်လိုက်၊ ဖဲထိုင်ရိုက်လိုက် အနားနီးမှ သူများစာအုပ်နဲ့ ကပ်ကြည့်ပြီး အချိန်တန်တော့ roll 1 ပဲ ဆိုတဲ့ လူမျိုးတွေကို အင်မတန်ကို လေးစားပါတယ်။
programming တော်တဲ့လူမျိုးကိုလဲ လေးစားပါတယ်။ (စာကျက်စရာမလိုတဲ့ ဘာသာတွေမှာတော်တဲ့လူတွေကို လေးစားပါတယ်)

လေးစားတာတွေ တော်တော် များသွားပြီ။
AutoCAD ဆရာကြီး business ပိုင်းလိုက်သွားတာလဲ လေးစားတာပါပဲ။ (အကြံတူနေလို့ပါ)

အဲလို နေချင်သလိုနေ လုပ်ချင်တာလုပ်ပြီး အချိန်တန်တော့ result မှာ အကောင်းဆုံး ဆိုတဲ့ လူမျိုးတွေကို သဘောကျနေတတ်လို့ "သူလိုလူ" က ဦးချစ်မောင်ကို လုံးးးးးး၀၀၀ ခံစားလို့ မရခဲ့တာ ဖြစ်မယ်။

ခုမှ conclusion ဆွဲမိတာ။

(ဒါပေမဲ့ ဦးချစ်မောင်လဲ လုပ်ချင်ရာလုပ်တဲ့ လူမျိုးပါပဲလေ)

သီဟသစ် said...

လူစွမ်းကောင်းကြီး ကိုZTရေ
စူ့ထက်စူတွေအကြောင်းဖတ်ပြီး သဘောကျသွားပြီ

ခင်မင်စွာဖြင့်
သီဟသစ်