Search This Blog

Sunday, August 9, 2009

လက်တွေ့ကျလွန်းလို့

“မောင်ရေ။ မ ရှော့ပင် သွားချင်လို့ လိုက်ပို့စမ်းပါ။”
“လုပ်ပြန်ပြီ။ ဒီရှော့ပင်။ ဘာမှ ဝယ်တာလဲမဟုတ်။ ဟိုငေး ဒီငေး။ ဟိုဟာ ကိုင်ကြည့် ဒီဟာ ကိုင်ကြည့်နဲ့။ အလကားသက်သက် အချိန် ဖြုန်းတဲ့ အလုပ်။”
“မောင်ကလဲ။ ပစ္စည်းအဆန်းလေးတွေ တွေ့ရတာပေါ့။ နောက်ဝယ်ချင်ရင် ဘယ်ဟာ ဝယ်ရမလဲ သိရတာပေါ့။”
“အေး။ မင်းတို့ကတော့ အားအားရှိ ဒါပဲလုပ်နေ။ ခဏနေ ဝယ်ပြန်ပြီ အိတ်။ ခဏနေ ဝယ်ပြန်ပြီ ဖိနပ်။ ဖိနပ် နဲ့ အိတ်လည်း အိမ်မှာ များလွန်းလို့ ဖိနပ်နဲ့ အိတ်ဆိုင်တောင် ဖွင့်လို့ရတယ်။”
“အော်။ ဒါကတော့ မိန်းကလေးပဲ။ ဒီလောက်တော့ ရှိမှာပေါ့။ မက သူများတွေလို Prada တွေ LV တွေ ဝယ်တာမှ မဟုတ်တာ။ ဒီလောက်နဲ့ ဘာဖြစ်မှာလဲ။”
“ဘာဖြစ်မှာလဲ။ ဟုတ်လား။ ပိုက်ဆံ ကုန်တာပေါ့ကွ။ ပစ္စည်းပဲ လိုအပ်မှ ဝယ်ပေါ့။ မလိုအပ်ပဲ ဘာကိစ္စ လျှောက်ဝယ် နေရတာလဲ။”
“မောင်ကတော့ ပြောလိုက်ရင် ဒီအတိုင်း ချည်းပဲ။ သူများ အတွဲတွေ ကြည့်စမ်းပါဦး။ စန္ဒါ့ ကောင်လေး ဆိုရင် သူ ရှော့ပင် ထွက်တိုင်း နောက်က ပါတယ်။ ပြီးရင် သူ့ရည်းစားနဲ့ လိုက်မလိုက် သူကိုယ်တိုင် ရွေးပေးတယ်။ မောင်ကတော့ မတတ်သာလို့ ပါလာရင်တောင် နောက်ကနေ တဝါးဝါးနဲ့ သမ်းနေတာ။”
“ငါမှ စိတ်မဝင်စားတာကွ။ ဘယ်လိုလုပ်ရမှာလဲ။”
------------------------------------------------------------------------------------------------
“အခုတင်နေတဲ့ ရုပ်ရှင်ကောင်းတယ်။ မတို့ ဒီတပတ် စနေ တနင်္ဂနွေ သွားကြည့် ရအောင်နော်။”
“ဘာကား မို့လဲ။”
“အချစ်ဇာတ်လမ်းလေး လေ။ ဟိုတလောက Trailer ထဲမှာ ကြည့်လိုက်ရတာ အတော် ကောင်းမယ့် ပုံပဲ။”
“မသွားစမ်းပါနဲ့ကွာ။ ရုပ်ရှင်ရုံထဲ သက်သက်မဲ့ ၂ နာရီလောက်ထိုင်ပြီး အချိန်ဖြုန်းရမဲ့ အလုပ်။ အဲဒီ ၂ နာရီ တခြား အလုပ်လုပ်တာမှ အကျိုးရှိသေးတယ်။”
“တခါတလေ ကြည့်တာပဲ။ ဘာဖြစ်သေးလဲ။”
“အဲဒီလို ကားမျိုး ကြည့်မယ့် အစား Science Centre သွားပြီး Documentaries တွေ ကြည့်တာမှ ဗဟုသုတ ရသေးတယ်။”
“လာပြန်ပြီ လား ဒီဗဟုသုတ။ အဲဒီ ဗဟုသုတတွေ ရှင့်ခေါင်းထဲမှာ ပြည့်နေလို့ ဘာသွားလုပ်မှာလဲ။ မ လည်း တခါတလေတော့ ကိုယ့်ရည်းစားနဲ့ကိုယ် ရိုမန်းတစ် ဖြစ်တဲ့ ရုပ်ရှင်လေး ဘာလေး ကြည့်ချင်သေးတာပေါ့။”
“ဟာကွာ။ ဒီအရွယ်ကြီးတွေ ရောက်နေပြီ။ ကလေးမဟုတ် သူငယ်မဟုတ် မကြီးမငယ်နဲ့ ရိုမန်းတစ် ချင်သေးတယ်။”
“ချစ်တာပဲ။ ဘယ်အရွယ်မှ ရိုမန်းတစ် ဖြစ်ရမယ် ဆိုတာ ရှိသေးလို့လား။ သူများတွေ အဖိုးကြီး အဖွားကြီး ဖြစ်တာတောင် ရိုမန်းတစ် ဖြစ်ကြတုန်း။”
“တော်စမ်းပါကွာ။ အရူးမထ စမ်းပါနဲ့။”
------------------------------------------------------------------------------------------------
“မောင်ရေ။ မတို့ ရှန်ဂရီလာမှာ မင်္ဂလာဆောင် ကြမယ်နော်။”
“အင်း။ မောင် တွက်ပြမယ်။ သေသေချာချာ စဉ်းစားကြည့်။ ရှန်ဂရီလာမှာ ဝိုင်း ၃၀ ဆိုရင်ကို ဒေါ်လာ သုံးသောင်းလောက် ဖြစ်နေပြီ။ အဲဒီ ဒေါ်လာ ၃ သောင်းကို တခြားနေရာမှာ ရင်းနှီးမြှုပ်နှံလိုက်ရင် ခဏအတွင်း ပိုက်ဆံတွေ အများကြီး ပွားလာနိုင်တယ်။”
“ဟာ။ မောင်ကလဲ။ မတို့ မိန်းကလေးတွေက တသက်မှာ တခါ မင်္ဂလာဆောင်ရတဲ့ ဥစ္စာ။ ခမ်းခမ်းနားနားတော့ လုပ်ချင်တာပေါ့။”
“အပိုတွေ မလုပ်စမ်းပါနဲ့ကွာ။ မင်္ဂလာဆောင်တဲ့ ကိစ္စက စိတ်ပင်ပန်း လူပင်ပန်း။ ပြီးရင် ဟိုလူ့ ရယ်ပြရ ဒီလူ့ရယ်ပြရနဲ့။ အဓိပ္ပါယ် မရှိတဲ့ အလုပ်တွေပါ။ ဘုန်းကြီးကျောင်း ဆွမ်းကွေျးလိုက်ရင် ပြီးနေတဲ့ ကိစ္စ။ ဘာဖြစ်လို့ ချဲ့ကားချင် နေရတာလဲ။”
“သူများတွေလည်း ကြည့်စမ်းပါဦး။ ဟိုလူ ကြည့်ရင် ရှန်ဂရီလာ။ ဒီလူ ကြည့်ရင် Fullerton။ အားလုံး ဟိုတယ် ကောင်းကောင်းတွေမှာ မင်္ဂလာဆောင်တာ ချည့်ပဲ။”
“ပကာသန တွေပါကွာ။ ကိုယ်တင် ဒုက္ခရောက်တာ မဟုတ်ဘူး။ မင်္ဂလာဆောင် လာတဲ့သူလည်း ဒုက္ခ ရောက်သေးတယ်။ ဝတ်ရ စားရ။ ပြီးရင် လက်ဖွဲ့ကိုလည်း ဟိုတယ်နဲ့ လိုက်အောင် လိုက်ပေးရ။ ဘာလုပ်မှာလဲကွာ။”
“ဘာပဲ ပြောပြော သူများတွေ လုပ်ပြီး ကိုယ်မလုပ်ရင် မျက်နှာငယ်တာပေါ့ကွာ။”
“ဘာမျက်နှာ ငယ်စရာ ရှိသလဲ။ ပကာသန မလုပ်လို့ မျက်နှာငယ်ကြေးဆိုရင်လည်း ငယ်ပေ့စေပေါ့ကွာ။ အဲဒီလိုမျိုးတွေ အထင်ကြီးစရာ မရှိပါဘူး။”
-------------------------------------------------------------------------------------------------
“မောင်ရေ။ စန္ဒါ့ ရည်းစားကတော့ Toyota Altis လေး ဝယ်လိုက်ပြီ။ သိလား။ အရမ်းမိုက်တာပဲ။”
“ဟုတ်လား။ အလကား သက်သက်ကွာ ပိုက်ဆံဖြုန်းတဲ့ အလုပ်တွေ လုပ်ပြန်ပြီ။”
“ဘာ ပိုက်ဆံဖြုန်းတာလဲ။ ကားဝယ်တော့ ပွဲနေပွဲထိုင် စီးရတာပေါ့။”
“မကလည်းကွာ။ ဒီနိုင်ငံမှာ တက်ကစီတွေ ရထားတွေ ဘတ်စ်ကားတွေ ဒီလောက် ပေါနေတဲ့ ဥစ္စာ။ ကိုယ်ပိုင်ကား ဆိုတာ စင်ကာပူမှာ မရှိမဖြစ် လိုအပ်တဲ့ အရာမှ မဟုတ်တာပဲ။ ယူအက်စ်တို့ သြစတေးလျတို့လို နိုင်ငံမျိုးမှာ ဆိုရင် မဝယ်မဖြစ်လို့ ဝယ်ရတယ် ဆိုရင် ထားပါတော့။ နောက်ပြီး ကားက ဆယ်နှစ်စီးပြီးရင် ဖျက်ပစ်ရမှာ။ ဒီဆယ်နှစ်အတွင်း ပေးလိုက်ရတဲ့ ပိုက်ဆံက ကိုယ့်အိတ်ထဲက ထွက်သွားမှာပဲ။ Robert Kiyosaki ရဲ့ Rich Dad Poor Dad ထဲကလို ဆိုရင် အဲဒီ ပိုက်ဆံက ကိုယ့်အိတ်ထဲကနေ လစဉ် ပေးနေရမယ့် ပိုက်ဆံ။ အဲဒီ ပိုက်ဆံကို ရင်းနှီးမြှုပ်နှံထားရင် ကိုယ့်အတွက် အပိုဝင်ငွေရတယ်။ ကိုယ့်လခရော ရင်းနှီးမြှုပ်နှံ ထားတာကနေ ရတဲ့ ပိုက်ဆံရော ဝင်ငွေ နှစ်ခု ဖြစ်လို့ ခဏ အတွင်း ကြီးပွားနိုင်တယ်။ နို့မဟုတ်ရင် ကိုယ့်လခက ကားဖိုး အကြွေးပဲ ဆပ်နေရတာမို့ အလဟသ ကုန်သွားမှာ။”
“သူများတွေ ကားစီးနေတော့ မ လည်း စီးချင်တာပေါ့။”
“ဝယ်မပေးဘူး မပြောပါဘူးကွာ။ ကိုယ်ပိုက်ဆံရှိရင် မ စီးဖို့ BMW Convertible ဝယ်ပေးမယ် ဟုတ်ပြီလား။”
-----------------------------------------------------------------------------------------------

ကိုလက်တွေ့ကြီးရေ
ကျွန်မနှုတ်ဆက်ခဲ့ပါတယ်။
ရှင်က နေရာတကာ လက်တွေ့ကျပေမယ့် ကျွန်မကတော့ နေရာတကာ လက်တွေ့ မကျနိုင်ဘူး။
ကျွန်မလည်း အခြား မိန်းကလေးများနည်းတူ ရှော့ပင် ထွက်ချင်တယ်။ ကိုယ့်ရည်းစားနဲ့ကိုယ် ရုပ်ရှင် သွားချင်တယ်။ အတူတူ လျှောက်လည်ချင်တယ်။ ဒါပေမယ့် ရှင်က မိန်းကလေးတွေရဲ့ စိတ်ကို နားမလည်ဘူး။
ရှင်လုပ်ချင်တာပဲ တစ်ခုတည်းပဲသိတယ်။
အခု ကျွန်မ နောက်တစ်ယောက်ကို အဖြေပေးလိုက်ပြီ။
သူက ကျွန်မကို အစစ အရာရာ ဂရုစိုက်တယ်။ ကျွန်မ ရှော့ပင်သွားမယ် ဆိုရင်လည်း သူကိုယ်တိုင် လိုက်ပို့ပေးတယ်။ ဘေးနားကနေ အကြံပေးတယ်။ ရုပ်ရှင် ကြည့်ဖို့ ဆိုရင်လည်း ကျွန်မကတောင် စပြောစရာ မလိုဘဲ သူကပဲ ကျွန်မကို ဦးဆောင်ပြီး ခေါ်သွားတယ်။ ရှင်နဲ့တော့ တခြားစီပဲ။
နောက်ပြီး ရှင့်လို သူများ သားသမီးကို ပစ္စလက္ခတ် လုပ်ဖို့ မစဉ်းစားဘူး။ ကျွန်မ ကို ဟိုတယ်မှာ တင့်တောင့်တင့်တယ် မင်္ဂလာဆောင်ယူမယ် ပြောတယ်။
ရှင့်ရဲ့ လက်တွေ့ကျတဲ့ အစီအစဉ်တွေ ရေရှည်မှာ ကောင်းလာနိုင်တာ မှန်ပေမယ့် ကျွန်မကတော့ ရှင့်ကို သည်းမခံနိုင်တော့ဘူး။ အဲဒီတော့ ကျွန်မနဲ့ လိုက်ဖက်မယ့် အိမ်ထောင်ဖက်ကိုပဲ ရွေးချယ် သွားပါတယ်။
ရှင်လည်း ရှင့်ရဲ့ စိတ်နဲ့ကိုက်မယ့် ရှင့်ရဲ့ လက်တွေ့ကျတဲ့ စီမံကိန်းတွေကို လက်ခံမယ့် အိမ်ထောင်ဖက်ကို ပဲ ရှာပါတော့။

တစ်ချိန်က ရှင့်ရဲ့

21 comments:

ThuHninSee said...

အဟား.... ဟုတ်ပါရဲ့။
မယူခင်ကတောင် ဒီလောက်ဆို ယူပြီးရင်
ဆီနဲ့ဆားနဲ့ပဲ ကျွေးမလားမသိ။
ဒါနဲ့စကားမစပ်...ဇက်တီကရော လက်တွေ့ကြလားဟင်
း)

Anonymous said...

လက်တွေ့ကျလွန်းတဲ့မောင် လက်တွေ့ပြခံလိုက်ရတာ
ရီရတယ်...မယူခင်ထဲက ဒီလိုဖြစ်နေတဲ့ မောင့်ကို ချန်ရစ်ခဲ့တဲ့ မ ရဲ ့ လုပ်ရပ်မှန်တယ်လို့ ယူဆရမလားဘဲ...

mie nge

subuueain said...

ဒီလောက်လက်တွေ့ကျတဲ့ သူ ဒီလိုခံရမှမှတ်မယ်။

ခင်မင်းဇော် said...

ဝင်းဒိုးရှော့ပင်ထွက်တာတော့ တို့လဲကြိုက်တယ် ။ မဝယ်ပဲ လိုက်ကြည့်ထားပြီး သူများမေးရင် ပြောပြတတ်တယ်။ ခုတော့ အဲလိုတောင် မထွက်ဖြစ်ပြန်ဘူး။ ဒါပေမယ့် ကျန်တာတွေဖြစ်တဲ့ ရုပ်ရှင်ကြည့်တာ၊ မင်္ဂလာဆောင်တာ ကားဝယ်တာတော့ တို့လဲ အဲဒီတိုင်းတွေးထားတယ် ဟိဟိ။ တခုကောင်းသွားတာက ၂ ယောက်လုံး အတူတူမို့ တော်ပါသေးရဲ့ နို့မို့ မလက်တွေ့ကြီး ကျန်ခဲ့မယ် ထင်ပါရဲ့။

Anonymous said...

ဒီလိုအဖြစ်က အပြင်မှာ တကယ်ဘဲရှိပါတယ်။ ကျွန်မထားခဲ့တဲ့ ရည်းစားလဲတကယ် အဲဒီလိုဘဲပြော တတ်တယ်။ ပညာတွေ တတ်ပြီး ဘယ်အရာကိုမှ လေးလေးနက်နက်မရှိ ဘဝကို ခပ်ပေါ့ပေါ့တွက်တဲ့ သူနဲ့ လမ်းခွဲခဲ့ရတယ်။

မီးမီးချစ် said...

ဟီးဟီး..မှန်လိုက်တာ..မီးချစ် နဲ ့ကိုကိုချစ် အကြောင်းရေးထား သလို ပဲ.. း))
ကိုကိုချစ် က မယူခင်က လက်တွေ ့ မကျဘူး..
ခုမှလက်တွေ ့တွေ စွတ်ကျနေတယ်.. ယောက်ကျားမာယာ ပေါ့ ဟင်းးးး

Robert Kiyosaki said...

အချစ််flow နဲ ့ cashflow အဲသလိုကြီး ပေါ်တင်ကြီး သွားမရောရဘူး လေဗျား။ ရော်….ခက်ပါ့။ ယောက်ျား မာယာကြီးများ ဘယ်သွားထား ပါလိမ့်။ အ ဟတ် ဟတ်။

မီယာ said...

ကြောက်စရာကြီး မယူခင်ကတောင် အဲ့သလို ပြောနေတာ ZT အဲ့ဒါ သူငယ်ချင်းတယောက်ရဲ့ ဇာတ်လမ်းမဟုတ်လား သင်ခန်းစာ ယူနော်

Yu Wa Yi said...

အသွင်တူမှ အိမ်သူဖြစ်တာကောင်းပါတယ်။

ကြည်ဖြူပိုင် said...

မ မှန်တယ် မ မှန်တယ်

အဲဒါနဲ့ကိုဇက်တီကြီးက ကျန်ရစ်ခဲ့ရောပေါ့နော်။ဟုတ်လား? :P

ဒိုင်ကြောင်ချစ်ဇာတ်လမ်းရဲ့အဆက်လား

khin oo may said...

ဘာသာပြန်နဲ့တူတယ်။ နဲနဲထောင့်နေတယ်။ဖတ်ရတာ။

ZT said...

ဘာသာမပြန်ပါဘူး။ ၂ နာရီအတွင်း အပြီး ရေးထားလို့ပါ။ :D

Anonymous said...

ဝင်ပြောကြည့်ဦးမယ်......
တတ်လဲတတ်နိုင်ကြဘာသည်
မင်းဖြစ်ချင်တာနဲ့ ငါ့အချစ်တွေမတူတဲ့အခါ......
ခုလိုစောစောစီးစီးပြီးသွားတာပဲကောင်းဘာတယ် ။

Yan Yan said...

ဟားဟားဟား

မင်္ဂလာဆောင်ပြီးမှာ ဘာနဲ့သွားစားကြမလဲ
လက်တွေ့ဘဝဆိုတာအဲ့လောက်မလွဲသလို ပိုက်ဆံဆိုတာလဲ တွင်းထဲက ထွက်လာတာမဟုတ်ဖူး

ရိုးသားကြိုးစား ရှာဖွေ ဓနကို အဲ့သလို သုံးဖြစ်လိုက်တော့ နှစ်ယောက်တစ်ဘဝက မစရသေးဖူး ရင်နှီးစရာ က ကုန်ပြီပေါ့

ထားသွားတဲ့အတွက်ကျေးဇူးတင်ဖို့ကောင်းတယ်
ယူလိုက်တဲ့ငနာလေးတော့ များမကြာခင်မှာ ဟီးဟီးဟီး
ကြွေးဝယ်စရင် ဘဏ်ကပို့လို့ ဗျာများရမယ် ဟားဟားဟား

သီဟသစ် said...

တို့ကိုZTကြီးတော့ အဲလောက်ကြီး လက်တွေ့ကျမယ်မထင်

ပြုံးပြုံးနဲ့ နောက်ကနေ လိုက်သွားမှာ မြင်ယောင်သေး

:D

ခင်မင်စွာဖြင့်
သီဟသစ်

kaungkinpyar said...

သီဟ ပြောတာမှန်မယ်ထင်တယ်:P

Anonymous said...

ကောင်းမလေးတွေ ရှော့ပင် ထွက်တာကို စိိတ်မရှည်နိုင် ပါဘူး. ကောင်းမလေးတွေ စိတ်ကူးနှင့် လုပ်ချင်တာတွေကို အလိုမလိုက်ပါနဲ့. အကျင့်ပါတယ်

Anonymous said...

ကျွန်တော် ဈေးကွက် ရှာဖွေသူပါ

ကျွန်တော်အတွက် ဝမ်းသာစရာပါ
အချဉ်ဖမ်းစရာ ဝယ်သူတွေရှိနေတယ် ငဲငဲငဲ

Anonymous said...

ဟီး ကျွန်တော် ဈေးကွက် ထုတ်လုပ်သူပါ

ကျွန်တော်အတွက်ကတော့ အဟောင်းနှစ်ခုပေါင်းလို့
အသစ် ဒီဇိုင်ဖြစ်လာပြီး

ပြိုင်ဆိုင် ကြွားဝါ တက်သော ဝယ်သူကို စောင့်နေပါတယ် ( အချဉ်ဖမ်းဖို့)

မင်းညို said...

တိုက်ဆိုင်မှှုတွေ သိပ်များနေတာလား အားလုံးပဲ အဲဒီလိုလားဗျာ....။ တသဝေမတိမ်းပါပဲ...။

Anonymous said...

ဒီလောက်ကြီးလက်တွေ့ကျတဲ့သူနဲ့ ... ဒီလောက်ကြီး သုံးတာနဲ့ဖြုံးတဲ့သူနဲ့ တွေ့သွားကြတာပေါ့ဗျာ.. လက်တွေ့ကျလွန်းတော့လဲ ပျော်စရာ ရှားနေသပေါ့.. မိန်းကလေးဘက်ကလဲ သုံးတာနဲ့ ဖြုံးတာကို ခွဲခြားမသိရင်တော့ .. စောစောစီးစီး လက်လွတ်လိုက်ကြတာပဲ ကောင်းပါတယ်.. နောက်က အဖြေရသွားသူကတော့ ... ... ရှာပေအုန်းတော့... နှဖူးကချွေး ခြေမကျပြီး နှဖူးပေါ်ပြန်စင်တဲ့အထိ ပေါ့.. ^_^