Search This Blog

Monday, January 11, 2010

ရေကြည်ရာ မြက်နုရာ

ကမ္ဘာဦး အစတုန်းကတော့ လူသားတွေအတွက် စုပေါင်းနေထိုင်ဖို့ ကျောက်ဂူတစ်ခု ရှိမယ်။ အမဲလိုက်ဖို့အတွက် အနီးအနားမှာ တောအုပ်တစ်ခု ရှိမယ်ဆိုရင် ရှင်သန်နေထိုင်ရေး အတွက် အဆင်ပြေ ပါတယ်။ နေလို့ ထိုင်လို့ ဖြစ်ပါတယ်။ လူ့ယဥ်ကျေးမှု နည်းနည်းလေး ပိုပြီး တိုးတက်လာတော့ တိရိစ္ဆာန်တွေ မွေးမြူတတ်လာ ကြပါတယ်။ အဲဒီတော့ တိရိစ္ဆာန်တွေအတွက် စားကျက်ကောင်းကောင်း ရဖို့။ နောက်ပြီးတော့ လူသားတွေ အတွက် မရှိမဖြစ်လိုအပ်တဲ့ သောက်ရေ ရဖို့အတွက် ရေကြည်ရာ မြက်နုရာ ဆိုတဲ့ နေရာတွေကို ပြောင်းရွှေ့ပြိး ​နေထိုင်လာကြပါတယ်။ နောက်ပိုင်း စိုက်ပျိုးရေး လုပ်ငန်းတွေ ထွန်းကားလာတဲ့ အချိန်မှာတော့ မြေသြဇာကောင်းတဲ့ မြစ်ဝှမ်းဒေသတွေကို ပြောင်းရွှေ့ပြီး စုပေါင်း နေထိုင်ခဲ့ကြလို့ အိန္ဒုမြစ်ဝှမ်းမှာ ရှိတဲ့ အိန္ဒုမြစ်ဝှမ်း ယဥ်ကျေးမှု လူ့အဖွဲ့အစည်း၊ နိုင်းမြစ်ဝှမ်းမှာ ရှိတဲ့ အီဂျစ် ယဥ်ကျေးမှု လူ့အဖွဲ့အစည်း စတာတွေ ပေါ်ပေါက်လာ ခဲ့ကြပါတယ်။ လူသားမျိုးနွယ်စုတွေဟာ စားဝတ်နေရေး အဆင်ပြေဖို့ အလုပ်အကိုင် နဲ့ သင့်တော်တဲ့ နေရာဒေသတွေကို ပြောင်းရွှေ့ခဲ့ကြတာ ဟိုးလွန်လေပြီးသော အတိတ်ကာလတွေ ကတည်းကပါပဲ။

ငယ်ငယ်တုန်းက မင်းသားစိုးသူ သရုပ်ဆောင်တဲ့ ရတနာမြေ ဆိုတဲ့ ရုပ်မြင်သံကြား ဇာတ်လမ်း တစ်ပုဒ်ကို ကြည့်ခဲ့ဖူးပါတယ်။ အဲဒီ ဇာတ်လမ်းထဲမှာ စိုးသူက အမေရိကား သွားခါနီးမှ မင်္ဂလာဒုံ လေယာဥ်ကွင်း အဝင်လမ်းထိပ်က "အမိနိုင်ငံတော်ကို ချစ်မြတ်နိုးပါ။" ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို ဖတ်ပြီ: နိုင်ငံခြား မသွားတော့ပဲ လှည့်ပြန်သွားတာ မှတ်မိပါတယ်။ ကိုစိုးသူလည်း ဒီတစ်ခါတော့ ဆိုင်းဘုတ် မဖတ်မိတော့ဘူး ထင်ပါတယ်။ အမေရိကား ရောက်နေပါပြီ။ နောက်ပြီးတော့ မင်္ဂလာဒုံ လေဆိပ် အဝင်လမ်းမှာ "ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ဆီသို့" ဆိုတဲ့ ဆိုင်းဘုတ် ချိတ်ထားတာ မှတ်မိပါသေးတယ်။ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီကို သွားချင်ရင် လေယာဥ်ပျံကွင်းကနေ လေယာဥ်ပျံ တက်စီး သွားလို့ ရတယ်လို့ ပြောတာလားလို့ တစ်ချို့က မေးကြပါတယ်။ အခုတော့ အဲဒီဆိုင်းဘုတ် မရှိတော့ပါဘူး။

သိပ်မကြာသေးတဲ့ အချိန်က ပင်နီဆူလာက စာအုပ်ဆိုင်မှာ သွားမွှေရင်း စာအုပ်တစ်အုပ် သွားတွေ့ပါတယ်။ အဲဒီစာအုပ်ကို ရေးတဲ့စာရေးဆရာက ကျွန်တော့်ထက် အသက် ၅ နှစ်ကျော် ငယ်တဲ့ ကျွန်တော်နဲ့ တစ်မြို့တည်းသား စာရေးဆရာကလေး တစ်ယောက်ပါ။ အဲဒီစာအုပ်ထဲမှာ ဆရာသမားကလေးက အမေကျော် ဒွေးဒေါ်လွမ်းတဲ့သူများ နိုင်ငံခြား သွားအလုပ်လုပ်တယ်လို့ ရေးထားလို့ ပြုံးမိပါတယ်။ အမိနိုင်ငံတော်ကို မချစ်လို့တော့ မဟုတ်ပါဘူး။ အခြေအနေအရ နိုင်ငံခြားမှာ နေနေရပေမယ့် မြန်မာနိုင်ငံကို ချစ်ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာဦး အစကလူတွေ လိုပါပဲ။ ရေကြည်ရာ မြက်နုရာ ရှာရင်း နိုင်ငံခြား တိုင်းပြည်မှာ နေထိုင်ရင်း အလုပ်လုပ်နေရပါတယ်။

နိုင်ငံခြားကို စထွက်လာကတည်းက တချိန်ကျရင် မြန်မာနိုင်ငံ ပြန်မယ် စဥ်းစားလာခဲ့ပါတယ်။ ကိုယ့်နိုင်ငံပြန် အကျိုးပြုမယ်လို့တော့ စကားကြီး စကားကျယ်တွေ မပြောချင်ပါဘူး။ ကိုယ်မွေးဖွားကြီးပြင်းလာခဲ့တဲ့ မြေကို ခင်တွယ်တာတော့ အမှန်ပါပဲ။ အခုလည်း အခါအခွင့်သင့်ရင် သင့်သလို မြန်မာပြည် ပြန်ဖို့ စဥ်းစား မိပါတယ်။ မြန်မာပြည်မှာ စင်ကာပူက Ne Water လို အိမ်သာထဲက ရေ ပြန်သောက်ရတာ မဟုတ်တဲ့ အတွက် ရေပိုကြည်ပါတယ်။ မြက်ကလည်း စင်ကာပူလို တကူးတက စိုက်ထားရတာ မဟုတ်တဲ့ အတွက် ပိုနုပါတယ်။ ဒါပေမယ့် ကိုယ်ရဲ့ အသက်မွေး ဝမ်းကြောင်းက မွေးမြူရေး မဟုတ်တော့ ရေကြည်ရုံ မြက်နုရုံနဲ့လည်း မြန်မာနိုင်ငံ ပြန်ဖို့ မဖြစ်နိုင်သေးပါဘူး။ အဓိက အကြောင်းရင်း ကတော့ ကိုယ်သင်ယူလာခဲ့တဲ့ အသက်မွေးဝမ်းကြောင်းနဲ့ အလုပ်လုပ်ကိုင် စားသောက်ဖို့အတွက် လုံလောက်တဲ့ အခြေခံ အဆောက်အအုံ (Infrastructure) မရှိသေးတာကြောင့်လိုပဲ ပြောရပါလိမ့်မယ်။

မြန်မာပြည်က သူငယ်ချင်းများက ဘယ်တော့ အပြီးပြန်လာမလဲ မေးရင် မီးလာဖို့ စိတ်မပူရတဲ့နေ့ ပြန်လာခဲ့မယ်လို့ ပြန်ဖြေတတ်ပါတယ်။ ကွန်ပြူတာနဲ့ တချိန်လုံး အလုပ်လုပ်နေရတဲ့သူ မီးမလာရင် ဘာမှ လုပ်မရပါဘူး။ အချိန်ပြည့် မီးစက်မောင်းဖို့ ဆိုတာကလည်း သိပ်ပြီးတော့ ကျိုးကြောင်းသင့်လျော်တဲ့ ဖြေရှင်းနည်း မဟုတ်ပါဘူး။

တချို့ကတော့ စင်ကာပူလို ရေတောင် ဝယ်သောက်နေရတဲ့ နိုင်ငံ ဘာမှ အရင်းအမြစ် မရှိတဲ့ နိုင်ငံမှာ အလုပ်လာလုပ်နေရတာ ရင်နာတယ်လို့ ညည်းတတ်ကြပါတယ်။ စလုံးမှာ ဘာမှ မရှိဘူး ဆိုတာတော့ မမှန်ပါဘူး။ သူတို့ဆီမှာ ကျွန်တော်တို့ ဆီမှာ မရှိတဲ့ အခြေခံ အဆောက်အအုံ ခိုင်ခိုင်မာမာ ရှိပါတယ်။ စင်ကာပူမှာ ကျွန်တော် နေထိုင်လာတဲ့ ဆယ်နှစ်အတွင်း မီးပြတ်တယ်ဆိုတာ တစ်ခါပဲ ကြုံဖူးပါတယ်။ မြို့ ဟိုဘက်ထိပ်ကနေ ဒီဘက်ထိပ်ကို ၂ နာရီအတွင်း ရထားစီးသွားလို့ ရပါတယ်။ အင်တာနက် ဆိုတာ နေရာတကာမှာ ကြိုက်သလို သုံးလို့ရပါတယ်။ အခုနောက်ပိုင်း ဆိုရင် ကိုယ့်ရဲ့ မိုဘိုင်းဖုန်းကနေ ရောက်လေရာနေရာ အင်တာနက် သုံးနေလို့ ရပါသေးတယ်။

ဒါတင် ပဲလား ဆိုတော့ မကသေးပါဘူး။ ဥပမာ ပြရရင် ကျွန်တော်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ စက်ပစ္စည်း တပ်ဆင်ရောင်းချတဲ့ စီးပွားရေး လုပ်ငန်းမျိုး အတွက် စင်ကာပူမှာ သင့်လျော်တဲ့ ဝန်ဆောင်မှုတွေ အလုံအလောက် ရှိပါတယ်။ စက်ပစ္စည်း တပ်ဆင်ရောင်းချတဲ့ လုပ်ငန်းတွေမှာ အချိန်ဟာ အသက်ပါပဲ။ ဘယ်သူကမှ စက်တစ်လုံးကို ဆင်ဖို့ တစ်နှစ် အချိန်မပေးပါဘူး။ အဲဒီတော့ ကျွန်တော်တို့ ရတဲ့အချိန် အတွင်းမှာ ပရော့ဂျက်ကို အမြန်ဆုံးပြီးအောင် တက်သုတ်ရိုက်ရပါတယ်။ စလုံးမှာ ကိုယ်လိုချင်တဲ့ ပစ္စည်းတစ်ခု ရှိရင် အချိန်မရွေး ဖုန်းဆက် အီးမေးလ်ပို့ပြီး မှာလိုက်လို့ ရပါတယ်။ ရွေးချယ်စရာ ပစ္စည်းရောင်းတဲ့သူတွေလည်း အများကြီး ရှိပါတယ်။ ပစ္စည်း ဝယ်ပြီးလို့ နည်းပညာ ဆိုင်ရာ အခက်အခဲ ရှိနေရင် နားလည်တတ်ကျွမ်းတဲ့သူကို ချက်ချင်း ဖုန်းဆက်ခေါ်ပြီး အကူအညီတောင်းလို့ ရပါတယ်။ ကိုယ်လိုချင်တဲ့ ပစ္စည်း စင်ကာပူမှာ မရှိဘူး ဆိုရင်တောင် DHL ၊ FedEx စတဲ့ ချောပို့ လုပ်ငန်း တွေနဲ့ ရက်ပိုင်းအတွင်း စင်ကာပူကို အရောက်မှာလို့ ရပါတယ်။ စက်တွေ ဆင်တာ အချိန်မှီ မပြီးရင် စက်ကို သင်္ဘောနဲ့ မပို့ဘဲ လေယာဥ်နဲ့ပို့ဖို့ ရွေးချယ်ခွင့် ရှိပါတယ်။ စင်ကာပူက နေ့စဥ်ထွက်နေတဲ့ ကုန်တင်လေယာဥ်တွေ အများကြီးပါပဲ။ ဒီစီးပွားရေး လုပ်ငန်းတစ်ခုတည်းတင် မကပါဘူး။ တခြားစီးပွားရေး လုပ်ငန်းတွေမှာလည်း သူတို့နဲ့ သက်ဆိုင်တဲ့ ဝန်ဆောင်မှုတွေကို အလွယ်တကူ ရနိုင်ပါတယ်။ ဒါမျိုး အထောက်အကူ ပေးနိုင်မယ့် ဝန်ဆောင်မှုတွေ ရှိနေတဲ့အတွက် စင်ကာပူမှာ စီးပွားရေး လုပ်ငန်းတွေ ကျွန်တော်တို့ နိုင်ငံထက် ပိုပြီး အလုပ်ဖြစ်ပါတယ်။

တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ ဆိုသလိုပဲ ကျွန်တော်တို့လည်း တစ်နေ့တော့ ဒီလို ဖြစ်လာမှာပါ။ ပုဂံက ဘယ်မှ မရွေ့ပေမယ့် တစ်နေ့တစ်လံ သွားနေဖို့တော့ လိုအပ်ပါသေးတယ်။ ဖေ့စ်ဘွတ်ထဲမှာ ဖိုရမ်ထဲမှာ မြန်မာပြည်ကြီးကို ချစ်တယ်။ မြန်မာပြည်ကနေ ဘယ်မှ မခွာနိုင်ဘူး ပြောပြီး နိုင်ငံခြားရောက်နေတဲ့ အစ်ကိုအစ်မများကို တစောင်းမြင်နေတဲ့ ညီငယ် ညီမငယ်တွေ ဒီပို့စ်ကို ဖတ်မိရင် နောင်တော် အစ်မတော်တွေ ဘာလို့ မြန်မာနိုင်ငံ ပြန်မလာသေးဘဲ နိုင်ငံခြားမှာ နေနေရသလဲ ဆိုတဲ့ အကြောင်းရင်းကို နားလည် သဘောပေါက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

10 comments:

naychi said...

Yes, I agree with you.

Pho Chit said...

It's true.

Vista said...

100 % True..

ကြည်ဖြူပိုင် said...

မှန်ပေ၏ အကိုတော်
အပြည့်အ၀ကို ထောက်ခံပေ၏
အနော်လဲတချိန်ကျရင်တော့ပြန်မှာပဲ
အခြေအနေအရသာလာနေပေမယ့်
ကိုယ့်တိုင်းပြည်တော့ချစ်ကြတာချည်းပဲနော့်
ဘယ်သူကမချစ်လို့စွန့်လာတာဟုတ်မလဲ
(စကားချပ်။ အလုပ်ဖြစ်နေတယ်သိလား
စာလုံးပြောင်းဖတ်လိုက်။ စာလုံးပြောင်းမန့်လိုက်
ဒါလဲ စိတ်ဝင်စားစရာကစားနည်းတစ်မျိုးပဲ :))

ရှေ့ဘရူနိုင်း said...

အင်း....မှန်လိုက်လေ....

ုkaungkinpyar said...

အဲ့လို မြင်နေသူတွေ ရှိသလား..း)

ကိုပေါ said...

ဒီဆောင်းပါး ဖတ်ရင်း မြန်မာ့အသံက သီချင်းတပုဒ်ကို သတိရမိလို့ ပြုံးရသေးတယ်။

“အမေကျော်ဒွေးတော်လွမ်းကာ... ချောင်းကိုပစ်...မြစ်ကို မရှာသင့်ပေ.... မြစ်ကို မရှာသင့်ပေ” ဆိုတဲ့ သီချင်း။

ကိုယ်နဲ့ဆိုင်တဲ့ အလုပ်မရှိပေမယ့် ရိုးရိုးသားသား တခြားအလုပ်ကို အေးအေးလူလူ လုပ်ကိုင်စားသောက်လို့ ရနိုင်ရင် လူတွေ ဒီလောက် နိုင်ငံခြားကို ထွက်ဖြစ်ကြမှာ မဟုတ်ဘူး။ အခုက ကြံ့ဖွံ့ကြောက်ရ၊ ရယက ကြောက်ရ၊ အမျိုးသမီးရေးရာကြောက်ရ၊ စွမ်းအားရှင်ကြောက်ရ၊ ယူနီဖောင်းမြင်ရင် ကြောက်ရ၊ ဟိုလူ့ကပ်ရ၊ ဒီလူ့ကပ်ရ၊ နေရာတကာ ပေးရကမ်းရ...... ဒီတော့လည်း ဘယ်နေနိုင်တော့မလဲဗျာ။

လွတ်လပ်မှုရှိရင် ကျိကျိတက်အောင် မချမ်းသာလည်း နေပါစေ။ ကိုယ့်မြေမှာကိုယ် နေလိုပါတယ်။

Rita said...

ကိုယ့်မှာရှိမှ သူများကို ပေးနိုင်တာ။

Anonymous said...

Totally Agree with u

ဧပရယ်လ်ပူး@ပူးတေ said...

ကိုပေါပြောတာကော၊ ကိုဇက်တီပြောတာကော လုံးဝကို ထောက်ခံပါတယ်။ ပူးတေလဲ အဆင်ပြေရင် ပြန်ဖို့ချောင်းနေတာ။
ပူးတေမေမေဆို ပူးတေကို အမြဲမေးတယ်။ သမီးဘယ်တော့ အပြီးပြန်လာမှာလဲတဲ့။ လောလောဆယ် အဖြေမရှိသေးတော့ ပူးတေလဲ နှစ်ကူးအမှီပြန်လာမှာပေါ့လို့။ နှစ်တိုင်း နှစ်ကူးဆို ပြန်နေကျလေ။ :D မဟုတ်ဘူးလေတဲ့ အပြီးဘယ်တော့ ပြန်လာမလဲတဲ့။ ဘာပြောရမှန်းကို မသိတော့ဘူး။ :(