Search This Blog

Saturday, January 23, 2010

ပူနွေးလာတဲ့ ကမ္ဘာမြေကြီး

အခုအချိန် လူဖြစ်ရတာ မစားသာဘူး ဆိုရင် ပိုလာဘဲလ်လို့ ခေါ်တဲ့ ဝင်ရိုးစွန်း ဝက်ဝံတွေ ဖြစ်ရတာက ပိုပြီးတော့ မစားသာဘူးလို့ ပြောရလိမ့်မယ် ထင်ပါတယ်။ ပိုလာဘဲလ် တွေသာ လူတွေလို သတင်းစာဖတ် တီဗွီကြည့် လုပ်တတ်ကြမယ် ဆိုရင် အခုလောက်ဆို အတော် မျက်ခုံးလှုပ်နေလောက် ပါပြီ။ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် နောက်လာမယ့် ဆယ်နှစ်အတွင်းမှာ အာတိတ်ရေခဲပြင်ကြီး ပျောက်ကွယ်သွားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောနေကြတယ် မဟုတ်လား။ အာတိတ်ရေခဲပြင်ကြီးသာ ပျောက်သွားခဲ့ရင် ဝက်ဝံတွေ နေစရာ ရေခဲပြင် မရှိလို့ ရေပဲ ကူးနေကြမလား ဒါမှမဟုတ်ရင်လည်း ကမ္ဘာအရပ်ရပ်က တိရိစ္ဆာန်ရုံများကို ဂလိုဘယ် ဝမ်းမင်း ဘေးဒုက္ခသည် အနေနဲ့ပဲ ရောက်နေကြမလား မသိပါဘူး။

သဘာဝ ကတော့ သူ့ဘာသာသူ အားလုံးကို အချိုးညီအောင် လုပ်ပေးထားတာပါပဲ။ လူတွေက အောက်ဆီဂျင် ရှူသွင်းပြီး ကာဘွန်ဒိုင်အောက်ဆိုက်ဒ် ပြန်ထုတ်တယ်။ သစ်ပင်တွေက ကာဘွန်ဒိုင် အောက်ဆိုဒ် ကို လက်ခံပြီး အောက်ဆီဂျင် ပြန်ထုတ်ပေးတယ်။ ဒါပေမယ့် သဘာဝ ပတ်ဝန်းကျင်ကို ဖျက်တာက လူပါပဲ။ သက်ရှိထဲမှာ အဆင့်အမြင့်ဆုံး ဆိုတဲ့လူကပဲ သဘာဝကို ဇောက်ထိုးဖြစ်အောင် လုပ်နေကြတာပါ။ သဘာဝ အလျောက်ရှိနေတဲ့ သစ်တောတွေကို ရှင်းတယ်။ မြို့ပြတွေ ကျေးရွာတွေ အဖြစ် ပြောင်းလဲပစ်ကြတယ်။ အဲဒီလို လုပ်လိုက်တဲ့အတွက် ကာဘွန်ဒိုင်အောက်ဆိုဒ်ကို အောက်ဆီဂျင် ဖြစ်အောင် ပြောင်းပေးနိုင်တဲ့ သစ်ပင်တွေ နည်းသွားတယ်။ အခြားတစ်ဖက်မှာလည်း မြို့ပြတိုက်တာ အဆောက်အဦးတွေ အတွက်ကို လျှပ်စစ်ဓာတ်အား ပေးဖို့ လိုလာပါတယ်။ ကမ္ဘာအနှံ့အပြားမှာ သုံးနေတဲ့ လျှပ်စစ်ဓာတ်အားတွေက ကျွန်တော်တို့ မြန်မာနိုင်ငံက လောပိတ ရေအားလျှပ်စစ်လို သဘာဝက ရတာ မဟုတ်ပါဘူး။ လောင်စာသုံးတဲ့ ဓာတ်အားပေးစက်တွေနဲ့ ထုတ်လုပ် နေရတာပါ။ အဲဒီလို လောင်စာတွေ သုံးရတဲ့အတွက် ကာဘွန်တွေကို လောင်ကျွမ်း ပစ်ရတာကြောင့် ကာဘွန်ဒိုင်အောက်ဆိုဒ်တွေ ပိုထွက်လာပါတယ်။

အဲဒီမှာ မှန်လုံအိမ် အကျိုးသက်ရောက်မှု (Green House Effect) ဆိုတာ စဖြစ်လာပါတယ်။ အအေးပိုင်းဒေသ ပြင်ဦးလွင်လို နေရာမျိုးမှာတော့ မှန်လုံအိမ် စိုက်ခင်းတွေကို မြင်ဖူးကြမှာပါ။ မှန်လုံအိမ် (Green House) ဆိုတာက မှန်တွေနဲ့ အမိုးမိုးထားပြီး နေရောင်ခြည်က လာတဲ့ အပူရှိန်ကို အထဲမှာ သိုလှောင် အပြင်ဖက်ကို ပြန်မထွက်အောင် ထိန်းထားတဲ့ အဆောက်အအုံ မျိုးပါ။ ပုံမှန်အားဖြင့်တော့ ကမ္ဘာကြီးကို နေရောင်ခြည်တွေ ဝင်လာပြီးရင် အဲဒီ နေရောင်ခြည်က အပူဓာတ်တွေက ကမ္ဘာရဲ့ အပြင်ဘက်ကို ပြန်ထွက်သွားပါတယ်။ ဒါပေမယ့် ကာဘွန်ထုတ်လွှတ်မှုတွေ များလာတဲ့အတွက် ကမ္ဘာ့လေထုထဲမှာ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေက အလွှာတစ်ခုအနေနဲ့ တားထားပြီး မှန်လုံအိမ်နဲ့ အလားသဏ္ဌန်တူတဲ့ အကျိုးသက်ရောက်မှု တစ်မျိုးကို ဖြစ်စေပါတယ်။ နေရောင်ခြည်က လာတဲ့ အပူရှိန်တွေက ကမ္ဘာထဲကို ဝင်လာပြီးရင် အပြင်ကို ပြန်မထွက်နိုင်တော့ပဲ အထဲမှာပဲ ပိတ်မိနေကြပါတယ်။ အကျိုးဆက်ကတော့ ကမ္ဘာကြီး အပူရှိန်မြင့်တက်လာတာပါ။ ကမ္ဘာကြီး အပူရှိန်မြင့်တက်လာတဲ့ အတွက် ဝင်ရိုးစွန်းမှာ ရှိတဲ့ ရေခဲတွေ အရည်ပျော်ကျ ကုန်ပါတယ်။

ဝင်ရိုးစွန်းက ရေခဲတွေ အရည်ပျော်တဲ့ အချိန်မှာ တကမ္ဘာလုံးကို ဆက်စပ်လွှမ်းခြုံထားတဲ့ သမုဒ္ဒရာရေပြင်ရဲ့ မျက်နှာပြင်လည်း မြင့်တက်လာပါတယ်။ အဲဒီ အကျိုးဆက် တွေကို ချက်ချင်းလက်ငင်း ခံစားရတာက ကမ္ဘာပေါ်မှာ ကာဘွန်အများဆုံး ထုတ်လွှတ်တဲ့ တရုတ်တို့ အမေရိကားတို့လို စက်မှု ထွန်းကားတဲ့ နိုင်ငံတွေ မဟုတ်ပါဘူး။ တူဗာလူ (Tuvalu) နိုင်ငံလို ပစိဖိတ် သမုဒ္ဒရာထဲက ပင်လယ်ရေမျက်နှာပြင် အနိမ့်ပိုင်းမှာ ရှိတဲ့ ကျွန်းနိုင်ငံတွေက မဆီမဆိုင် ခံရပါတယ်။ အဲဒီနိုင်ငံတွေရဲ့ ကမ်းရိုးတန်းဒေသတွေ ရေအောက် ရောက်ကုန်ကြတယ်။ ကုန်းမြေထဲကို ဆားငံရေတွေ စိမ့်ဝင်လာတဲ့ အတွက် သူတို့ သုံးစွဲစရာ ရေတွင်းတွေ သုံးမရ ဖြစ်ကုန်ကြတယ်။ စိုက်ပျိုးမြေ တွေလည်း စိုက်ပျိုးလို့ မရလောက်အောင် ပျက်စီးကုန်ကြတယ်။ ပင်လယ်ရေမျက်နှာပြင် ဒီထက်ပိုပြီး မြင့်တက်လာရင် အဲဒီလို နိုင်ငံမျိုးတွေ တစ်နိုင်ငံလုံး ရေအောက်ကို ရောက်သွားဖို့ ရှိပါတယ်။ နယူးဇီလန် နိုင်ငံလို လူသားချင်း စာနာတတ်တဲ့ နိုင်ငံအချို့ကတော့ အဲဒီလိုမျိုး တနိုင်ငံလုံး ရေအောက်ထဲ ရောက်သွားခဲ့ရင် အဲဒီနိုင်ငံတွေက နိုင်ငံသားအချို့ကို သူတို့နိုင်ငံသား အဖြစ်လက်ခံပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။

ကမ္ဘာမြေကြီးကို အပူချိန် ဆက်ပြီးတော့ တက်မလာအောင် ထိန်းထားနိုင်ဖို့အတွက်ကတော့ လေထုထဲမှာ ရှိတဲ့ ကာဘွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့ပမာဏကို လျှော့ချဖို့ လိုအပ်ပါတယ်။ ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှု ကို လျှော့ချဖို့ အတွက် ကာဘွန်ပါတဲ့ ဓာတ်ဆီလို ဒီဇယ်လို လောင်စာတွေကို သုံးတဲ့ စက်သုံးယာဥ်တွေရဲ့ အသုံးပြုမှု ကို လျှော့ချဖို့နဲ့ လျှပ်စစ်ဓာတ်အား အသုံးပြုမှု ကို လျှော့ချဖို့ လိုအပ်ပါတယ်။

လွန်ခဲ့တဲ့ ၃-၄ နှစ်က ခရီးသွားရင်းနဲ့ ဥရောပက လေကြောင်းလိုင်း တစ်ခုပေါ်မှာ ကာဘွန် အော့ဖ်ဆက် လုပ်မလားလို့ မေးလာတာ ကြုံဖူးပါတယ်။ လေယာဥ်ပျံနဲ့ ခရီးသွားရတဲ့အတွက် ကာဘွန် ပါဝင်တဲ့ လောင်စာတွေကို လောင်ကျွမ်းပစ်ရပါတယ်။ အဲဒီအတွက် လေထုထဲမှာ ကာဘွန်ဒိုင်အောက်ဆိုဒ် ပမာဏကို ပိုများလာစေပါတယ်။ ကာဘွန် အော့ဖ်ဆက် ဆိုတာက ကိုယ့်ပယောဂနဲ့ လေထုထဲကို ရောက်သွားစေတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ကို လေထုထဲကနေ ပြန်ဖယ်ထုတ်ဖို့ ငွေအားနဲ့ တတပ်တအား ကူညီမလားလို့ မေးတာပါ။ အဲဒီပိုက်ဆံကို သစ်ပင်စိုက်တဲ့နေရာနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ လေအားသုံး နေရောင်ခြည်အားသုံး စွမ်းအင်ထုတ်လုပ်တဲ့ ပရော့ဂျက်တွေမှာ ပြန်သုံးဖို့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

စင်ကာပူလို အီကွေတာ ရာသီဥတု ရှိတဲ့ နိုင်ငံမျိုးမှာတော့ ဘယ်အချိန်ပဲ ဖြစ်ဖြစ် ဒီအပူချိန်ပဲ ရှိတာကြောင့် ကမ္ဘာကြီး ပူနွေးလာတာကို အတော်များများက သတိမပြုမိ ကြပါဘူး။ ဆိုးဆိုးရွားရွား ဆောင်းရာသီ ရှိတဲ့ ဒေသတွေမှာတော့ အခုဆိုရင် ဆောင်းရာသီတွေမှာ အရင်ကလောက် မအေးတော့ဘူးလို့ ပြောကြပါတယ်။ ကျွန်တော် မီချီဂန်ြပည်နယ်ကို ဆောင်းရာသီမှာ ရောက်သွားတော့ အပူချိန်က ရေခဲအမှတ်အောက် ရောက်နေတာမို့ ခိုက်ခိုက်တုန်အောင် အေးပါတယ်။ သူတို့ကတော့ အရင်နှစ်တွေက ဒီထက် ပိုအေးတယ်။ ဒီနှစ်က သိပ်မအေးဘူးလို့ ပြောကြပါတယ်။ ပိုလန်မှာလည်း အဲဒီလိုပါပဲ။ အနှုတ် ၈ ဒီဂရီလောက် ရှိတဲ့ နေရာမှာ ကျွန်တော့်လို အီကွေတာက လာတဲ့ သတ္တဝါက မေးချင်း တဂတ်ဂတ် ရိုက်နေပေမယ့် သူတို့ကတော့ အေးအေးဆေးဆေးပါပဲ။ အရင်နှစ်က အနှုတ် ၂၀ ဒီဂရီ ကျော်တယ်လို့ ပြောကြပါတယ်။

ဟိုတစ်လောက ကိုပင်ဟေဂင်မှာ ရာသီဥတု အပြောင်းအလဲ အတွက် လုပ်တဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ အစည်းအဝေးကလည်း ဟိုလိုလို ဒီလိုလိုနဲ့ပဲ ပြီးသွားပါပြီ။ အစကတော့ ဆင်ဖမ်းမယ် ကျားဖမ်းမယ်နဲ့ ကာဘွန်ထုတ်လုပ်မှု ကို အခုပဲ လျှော့ချတော့ မလိုလို ဘာလိုလို လျှောက်အော်နေကြပြီး နောက်ဆုံးတော့လည်း ဘာရလာဒ်မှ မည်မည်ရရ ထွက်မလာဘဲ ဒီအတိုင်း ပြီးသွားပါတယ်။

ကမ္ဘာကြီး ပူနွေးလာတဲ့ အကြောင်းကို ရေးရင်း စဥ်းစားမိတာက အခု ကျွန်တော်ထိုင်နေတဲ့ အခန်းထဲမှာ ဖွင့်ထားတဲ့ လေအေးစက်နဲ့ မီးချောင်းတွေ ကလည်း ကမ္ဘာကြီး ပူနွေးလာဖို့ကို သွယ်ဝိုက်သောနည်းနဲ့ အထောက်အကူပေးနေတယ် ဆိုတာပါပဲ။

5 comments:

မီယာ said...

တိုက်တိုက်ဆိုင်ဆိုင် အခုပဲ ဒီအကြောင်း စာတပိုဒ် ထိုင်လုပ်နေတာ...မေးခွန်း တခုမေးထားတာက what practical measures should be undertaken to combat climate change တဲ့...လေအေးစက်နဲ့ မီးချောင်းတွေ မလိုရင် မဖွင့်ရ လို့ ဖြေလိုက်မယ် :)ZT ရေ ကော်မန့်တွေကို ZT လို စာလုံးနဲ့ ရေးချင်ရင် ဘယ်လို လုပ်ရမလဲ

Phyo Maw said...

အဆောင် အခန်းမှာ ၂ ပေ နဲ့ ၄ ပေ မီးချောင်း ၂ ချောင်းပဲရှိဒယ်
အဲယားကွန်းဆိုတာ ဝေလာဝေး
အများနဲ့ယှဉ်ရင် နည်းသေးတယ် ဆိုရမလား... =D

ZT said...

မမီယာ
http://phoonuthit.blogspot.com/2009/08/blog-post_1149.html
ဒီပို့စ်ထဲမှာ အသေးစိတ် ရေးထားပါတယ်။ အကူအညီ လိုအပ်ရင် ပြောပါ။

Ko Boyz said...

ဘင်္ဂလားမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ထုတ်တာ နည်းလို့ သူတို့ နိုင်ငံကို နိုင်ငံကြီးတွေက ကာဗွန်ကိုတာ လာဝယ်ဆိုလား ကြားဖူးတယ်။ လေကို အလကား ရောင်းပေးတဲ့သဘော...။
ကြည့်ရတာ အများ သတ်မှတ်ထားတဲ့ စံနှုန်းအောက်သူတို့လျော့လို့နေမယ်။

ရွှန်းမီ said...

အဆုံးထိဖတ်ဖို့ ကြိုးစားတာ ၂ခါရှိပြီ.. ခုတော့ အောင်မြင်စွာ ပြီးဆုံးသွားပါပြီ..
ကာဗွန်ထုတ်လုပ်မှု လျှော့ချင်ရင် အကောင်းဆုံးကတော့ အင်တာနက်အသုံးတွေကို ကန့်သတ်လိုက်တာပဲ..
ဟဲဟဲ.. ဘယ်သူမှကြိုက်မှာတော့ မဟုတ်ဘူး။