Search This Blog

Saturday, May 8, 2010

အကောင်ကိုက်ခြင်း

တခါတလေတော့ အဖွဲ့အစည်းတစ်ခုမှာ လူတစ်ယောက်ရဲ့ အရေးပါမှုဟာ မှေးမှိန်နေတတ်ပေမယ့် အဲဒီလူ မရှိတဲ့အချိန်ကျမှ သူ့ရဲ့တန်ဖိုးကို အားလုံးက သိရတာမျိုး ကြုံရတတ်ပါတယ်။ ကျွန်တော် ပြောပြချင်တာက System Administrator တစ်ယောက် အကြောင်းပါ။ ကျွန်တော် အရင် အလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီမှာ သူက တစ်ဦးတည်းသော System Administrator ပါ။ အိုင်တီမန်နေဂျာက ကုမ္ပဏီထဲမှာ သုံးတဲ့ In-house ဆော့ဖ်ဝဲလ်တွေ ရေးရင်းက မန်နေဂျာဖြစ်လာတဲ့သူဆိုတော့ System ပိုင်းမှာ သူ့လောက် မကျွမ်းပါဘူး။ အပေါ်ယံလောက်ပဲ သိပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီက Engineering ကုမ္ပဏီမို့ System Administrator ရဲ့အလုပ်က ကုမ္ပဏီက ဆာဗာတွေကို ပုံမှန် ထိန်းသိမ်းဖို့နဲ့ ကုမ္ပဏီတစ်ခုလုံးမှာ ရှိတဲ့ ကွန်ပြူတာသုံးတဲ့သူတွေကို အကူအညီပေးဖို့ပဲ ရှိပါတယ်။

ကုမ္ပဏီမှာ ထုတ်လုပ်ရေးပိုင်းက အလုပ်သမားတွေ ဖယ်လိုက်ရင် ကွန်ပြူတာ သုံးတဲ့သူ အယောက် ၅၀ နီးပါး ရှိပါတယ်။ ဆာဗာ ဆိုတာမျိုးကလည်း တချိန်လုံး ထိုင်ကြည့်နေရတာ မဟုတ်လို့ များသောအားဖြင့် သူ့ကို ကြည့်လိုက်ရင် အားနေတာ များပါတယ်။ ကျွန်တော် သူ့ဆီကို ကိစ္စတစ်ခုခု ရှိလို့ သွားလိုက်ရင် ချောင်ထဲက သူ့စားပွဲမှာ ထိုင်ပြီး Messenger ပေါင်း မြောက်များစွာနဲ့ Chatting လုပ်နေတာကို အမြဲတွေ့ရပါတယ်။ ကျွန်တော်တို့တော့ သူအတော်အားနေတာပဲ လို့ ထင်ကြပါတယ်။ ကုမ္ပဏီမှာ ၇ နှစ်ကျော်လောက် အလုပ်လုပ်ခဲ့ပြီးတဲ့နောက်တော့ သူအလုပ်ထွက်သွားပါတယ်။ အဓိကကတော့ ဒီမှာဆက်နေရင် သူ့အတွက် တက်လမ်း သိပ်မရှိလို့လို့ ထင်ပါတယ်။ သူထွက်သွားပြီးတဲ့ နောက်မှာ ပြသနာ စတော့တာပါပဲ။

တစ်နေ့ မနက်ခင်း ကျွန်တော်ရုံးရောက်တော့ ကျွန်တော့်စားပွဲနဲ့ မျက်နှာချင်းဆိုင် အခန်းထဲမှာ ထိုင်နေတဲ့ ပရော့ဂျက် မန်နေဂျာတစ်ယောက် သူ့ကွန်ပြူတာမှာ ဗိုင်းရပ်စ်ထိလို့ ညည်းနေပါတယ်။ အဲဒီနေ့ မတိုင်ခင်ညက သူ့လက်တော့ပ်ကို အိမ်သယ်သွားရင်း အင်တာနက်ကနေ တဆင့် ဗိုင်းရပ်စ်ထိလာတာပါ။ ဗိုင်းရပ်စ်ထိတာကို သိသိကြီးနဲ့ သူ့ကွန်ပြူတာကို ကုမ္ပဏီက ကွန်ယက်နဲ့ ချိတ်လိုက်ပါတယ်။ ဗိုင်းရပ်စ်က ကွန်ယက်ကနေ တဆင့် ပျံ့သွားပြီး ကွန်ပြူတာတွေ တစ်လုံးပြီး တစ်လုံး ထိတော့တာပါပဲ။ ကွန်ပြူတာ အားလုံးမှာ အက်ဒမင် အကောင့်တွေနဲ့ ဆိုတော့ လောက်တောင် မလောက်ပါဘူး။ Norton Antivirus ရှိပေမယ့်လည်း ဗိုင်းရပ်စ်ကို ဘယ်လိုမှ မတားနိုင်ပါဘူး။ နောက်ဆုံးမှာတော့ အိုင်တီဌာနက ဘာလုပ်ရမှန်း မသိတော့ ကွန်ပြူတာ ကွန်ယက် တစ်ခုလုံးကို ပိတ်ချပစ်လိုက် ရပါတယ်။

အဲဒီအချိန်မှပဲ ကျွန်တော်တို့ ကွန်ပြူတာ ကွန်ယက်ကို ဘယ်လောက်အထိ မှီခိုနေရသလဲ ဆိုတာကို သဘောပေါက်ပါတယ်။ ကွန်ပြူတာ ကွန်ယက် ပိတ်လိုက်တော့ တစ်ရုံးလုံးရဲ့ ရုံးလုပ်ငန်းတွေ ရပ်လုနီးပါး ဖြစ်သွားပါတယ်။ ကွန်ပြူတာ မသုံးရတဲ့ ထုတ်လုပ်ရေးပိုင်းက အလုပ်သမားတွေမှာ ပြသနာ မရှိပေမယ့် ကွန်ပြူတာ သုံးရတဲ့သူတွေ အကုန်လုံး အလုပ်လုပ်လို့ မရတော့ပါဘူး။ အဆိုးဆုံးကတော့ မက္ကင်နီကယ် အင်ဂျင်နီယာတွေပါ။ သူတို့က Solidworks သုံးပြီး ဒီဇိုင်း လုပ်ကြပါတယ်။ ကုမ္ပဏီမှာ ရှိတဲ့ Solidworks လိုင်စင်က ဆာဗာထဲမှာ ရှိပါတယ်။ အကယ်၍ အယောက် ၂၀ စာ လိုင်စင် ရှိတယ် ဆိုရင် သုံးတဲ့သူ အယောက် ၂၀ ပြည့်သွားတာနဲ့ ဆက်သုံးလို့ မရတော့ပါဘူး။ အဲဒီလို ကွန်ယက်ကြီး တစ်ခုလုံး ဒေါင်းသွားတော့ လိုင်စင်မရတာနဲ့ ဘယ်သူမှ ဆက်ပြီး ပုံဆွဲလို့ မရကြတော့ပါဘူး။ အီလက်ထရစ်ကယ် အင်ဂျင်နီယာတွေတော့ ကူးချင်တဲ့ ပရိုဂရမ်တွေ Drawing တွေကို ဆာဗာခန်းမှာ လူကိုယ်တိုင် သွားကူးပြီး ဆက်လုပ်ရပါတယ်။ အဲဒီလိုပဲ အဝယ်တော်တွေ စာရင်းကိုင်တွေလည်း ဘာမှ ဆက်လုပ်လို့ မရကြတော့ပါဘူး။

အိုင်တီဌာနက ဗိုင်းရပ်စ်ကို ကြိုးစားပြီး သတ်ကြပါတယ်။ တစ်ရက်လောက် ကြိုးစားသတ်ပြီး ရှင်းလောက်ပြီ ထင်တဲ့ အချိန်မှာ ကွန်ယက်ကို ပြန်ဖွင့်လိုက်ပါတယ်။ ဒါပေမယ့် သူတို့ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ကွန်ယက် အကြောင်းကို ထဲထဲဝင်ဝင် မသိကြဘူး ထင်ပါတယ်။ ဒီတစ်ခါမှာ ပိုဆိုးသွားပါတယ်။ ကွန်ပြူတာ တစ်လုံးနှစ်လုံးထဲမှာ ကပ်သတ်ကျန်နေခဲ့တဲ့ ဗိုင်းရပ်စ်တွေက တစခန်း ထပြီး ကွန်ယက်ထဲမှာ ပျံ့သွားပါတယ်။ သိသိချင်း အိုင်တီဌာနက ကွန်ယက်ကို ပြန်ပိတ်လိုက်ပါတယ်။ အဖြစ်ကတော့ ရန်ကုန်မှာ မီးလာလို့ ဟေး ဆိုထအော်ကြပြီးမှ ခဏနေတော့ မီးပြန်ပြတ်သွားတဲ့ ပုံစံမျိုးပါ။ အခြေအနေက အတော် ဆိုးတာမို့ ကုမ္ပဏီရဲ့ ကွန်ယက်ကို ပိတ်ထားတာ ၁ ပတ် နီးပါးလောက် ကြာသွားပါတယ်။ ပရော့ဂျက်တွေ အားလုံး နောက်ကျ၊ အားလုံးလည်း အလုပ်လုပ်ရတာ ကသိကအောက် ဖြစ်နဲ့ အတော်ကို ဆိုးပါတယ်။ အင်ဂျင်နီယာတွေ အားလုံး လုပ်စရာမရှိလို့ အလုပ်ချိန် ဝပ်ရှော့ထဲမှာ ဟိုမော့လိုက် ဒီမော့လိုက် လပ်လျားလပ်လျား လျှောက်သွားနေတာပဲ မြင်နေရပါတယ်။ နောက်ဆုံးတော့ ကုမ္ပဏီက ကွန်ပြူတာတွေ အားလုံးမှာ အဲဒီအချိန်က နာမည်စကြီးလာတဲ့ Kaspersky Antivirus ကို ပြောင်းတင်ပါတယ်။ ဒီဗိုင်းရပ်စ်ကို Norton, McAfee ရော ဘယ်ဟာမှ မနိုင်ပဲ Kaspersky တစ်ခုပဲ နိုင်တာမို့ Kaspersky က ကောင်တွေများ ရေးပြီး ဖြန့်လိုက်သလားလို့တောင် စိတ်ထဲမှာ သံသယ ရှိမိပါတယ်။

နောက်တစ်ဆင့်ကတော့ အိုင်တီ ပေါ်လစီ ပြောင်းတာပါ။ ကုမ္ပဏီ တစ်ခုလုံးက ကွန်ပြူတာ သုံးတဲ့သူတွေ အားလုံးရဲ့ User Name တွေ အားလုံးကိုပါ ပြောင်းပစ်ပါတယ်။ အဓိကကတော့ ကွန်ပြူတာတွေ အားလုံးမှာ ရှိတဲ့ အက်ဒမင် အကောင့်တွေကို ပိတ်ချင်လို့ပါ။ ဘာလို့ User Name ပြောင်းတာလဲ ဆိုတာတော့ စဥ်းစားလို့ မရပါဘူး။ အက်ဒမင် အကောင့်ကို ပိတ်လိုက်တာ တခြားသူတွေ အတွက် သိပ်မသိသာပေမယ့် ကျွန်တော်တို့ ဆော့ဖ်ဝဲလ် ရေးတဲ့သူတွေတော့ အတော် ထိပါတယ်။ ကွန်ပြူတာထဲမှာ ကိုယ်ကြိုက်တဲ့ ဆော့ဖ်ဝဲလ် အင်စတောလ် လုပ်မရဘူး ဆိုတော့ ကိုယ့်ဘာသာကိုယ် ရေးထားတဲ့ Installer တွေတောင် ပြန်စမ်းလို့ မရပါဘူး။ Windows Service တွေ ဆိုရင် ပိုဆိုးပါတယ်။

နောက်နေ့ကျတော့ ဆော့ဖ်ဝဲလ်ရေးတဲ့သူတွေ ဆီကနေ ကွန်ပလိန်းတွေ လာပါတယ်။ ကျွန်တော်က ကွန်ပလိန်း မတတ်ပဲ ငြိမ်နေပါတယ်။ မင်းရော အဆင်ပြေလား ဝိုင်းမေးတော့ ပြေပါတယ် ငါ့မှာ အက်ဒမင် အကောင့် ရှိသေးတာပဲ ပြောတော့ အားလုံးက ဘယ်လိုရသလဲလို့ မေးကြပါတယ်။ အဖြစ်မှန်က ဒီလိုပါ။ ကုမ္ပဏီ ကွန်ယက်တစ်ခုလုံးမှာ အက်ဒမင် Password ရှိတဲ့သူ ၄ ယောက်ရှိပါတယ်။ အဲဒီအထဲမှာ မြန်မာ ကောင်မလေး တစ်ယောက် ပါပါတယ်။ သူက ကျွန်တော့်ကွန်ပြူတာမှာ အကောင့်အသစ် လာဖွင့်ပေးတာဆိုတော့ သူ့ဆီက Local Admin Account တစ်ခု ကပ်ပြီး တောင်းထား လိုက်တာပါ။ မန်နေဂျာကတော့ ငါက ပြသနာမရှိဘူး။ မင်းနဲ့ အိုင်တီဌာန အဆင်ပြေရင် ပြီးတာပဲ။ ငါမသိချင်ယောင် ဆောင်နေပေးမယ် လို့ပြောပါတယ်။

အဆိုးရွားဆုံးကတော့ အင်တာနက်သုံးတဲ့ အကောင့်တွေ ယာယီ ပိတ်ပစ်လိုက်တာပါ။ ဆော့ဖ်ဝဲလ်ရေးတဲ့သူနဲ့ ဂူဂဲလ်ဟာ နှစ်ချောင်းပေါင်းမှ တစ်ချောင်းဖြစ်တဲ့ အီကြာကွေးလိုပါပဲ။ အင်တာနက် မရှိရင် ဆော့ဖ်ဝဲလ်ရေးရတာ လက်တစ်ဖက် ကျိုးနေသလို ခံစားရပါတယ်။ ဒီနေရာလည်း ကျွန်တော့် မန်နေဂျာ အတော်အားကိုး ရပါတယ်။ ငါ့လူတွေ အင်တာနက် မရှိရင် အလုပ်လုပ်ရတာ အခက်အခဲ ရှိတယ်။ အဲဒီတော့ ငါ့ဌာနကလူတွေကို အင်တာနက် မပိတ်ပါနဲ့ လို့ သူက ပြောလို့ ကျွန်တော်တို့ ဌာနတစ်ခုပဲ အင်တာနက် သုံးခွင့်ရပါတယ်။ ကျွန်တော်တို့နဲ့ အတူ ရောယောင်ပြီး ကျွန်တော်တို့ ဌာနက မက္ကင်နီကယ် အင်ဂျင်နီယာတွေရော အီလက်ထရစ်ကယ်လ် အင်ဂျင်နီယာတွေပါ အင်တာနက် သုံးခွင့်ရကြပါတယ်။

အိုင်တီဌာနက လူတွေအားလုံးလည်း သနားစရာပါ။ ကျွန်တော်တို့ ဥရောပကို Technical Support လုပ်နေတဲ့အချိန် ည ၁၁ နာရီ ၁၂ နာရီ အထိ ရုံးက မပြန်ရပါဘူး။ ကျွန်တော်တို့နဲ့ သူတို့ပဲ ရုံးမှာ နောက်ဆုံးကျန်ခဲ့ကြပါတယ်။ အားလုံးကတော့ အရင်က System Administrator သာ ရှိရင် ဒီလောက် အခြေအနေဆိုးမှာ မဟုတ်ဘူးလို့ မှတ်ချက်ပေးကြပါတယ်။ ကျွန်တော်လည်း တခြားသူတွေလိုပဲ ထင်ပါတယ်။ သူရှိတုန်းက မသိသာပေမယ့် သူမရှိတော့မှပဲ သူ့တန်ဖိုးကို ကုမ္ပဏီတစ်ခုလုံး သိကြတော့တယ်လို့ ကျွန်တော်တို့ အချင်းချင်း ပြောကြပါတယ်။

7 comments:

Vista said...

ဟဲဟဲ.. အခုတော့သိပီမှလား ..

Andrew said...

အရမ်းကို ကြိုက်တယ် ..
Thanks you, bro..

Andrew( System Admin )

khin oo may said...

သေချာအချိန်ယူထားတယ်ဆိုလို့သေချာဖတ်ပါတယ်။

ရွှေရတုမှတ်တမ်း said...

ဘာကောင်ကိုက်ကိုက်..ပရုပ်ဆီသာလိမ်းလိုက်ပါ

ကိုအောင် said...

ဗဟုသုတ ရစရာတွေ မှတ်သားသွားပါတယ်။

ရေတမာ said...

သေချာတာပေါ့အကိုရာ ဒီကုမ္ပဏီမှာ ကျနော်မရှိလို့ မဖြစ်ဘူး။ (ကျနော်ရှိလည်း ဘာမှမဖြစ်ဘူးးP)

ကိုလူထွေး said...

နောက်တခါအကောင်ကိုက်လို့ Norton တို့ McAfee တို့နဲ့ မနိုင်ရင် “POLO” ဂျပိုးသတ်ဆေးနဲ့ ပြောင်းသတ်ကြည့်ပါလား...

းဝ)