Search This Blog
Wednesday, May 19, 2010
ဥုံဖွ စင်ကာပူနဲ့ မရီနာဘေးက အတွေးများ
ဆွေမျိုး မိတ်သင်္ဂဟတွေ စင်ကာပူကို အလည်လာရင် ဘယ်နားလိုက်ပို့ရမလဲလို့ စဥ်းစားရတာ အတော်ကို ခေါင်းစားတဲ့ ကိစ္စပါ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း အော့ချက်လမ်းမ၊ ပင်နီဆူလာပလာဇာ၊ ဒူးရင်းသီး ၊ East Coast ဆိုတာမျိုးက လွဲရင် ဘယ်မှ သွားလေ့သွားထ မရှိတော့ လာလည်တဲ့သူကိုလည်း ဘယ်နားပို့ရမယ် ဆိုတာ စဉ်းစားလို့ကို မရပါဘူး။ တစ်ခါက မိတ်ဆွေတစ်ယောက် လာတော့ တိရိစ္ဆာန်ရုံမှာ ညဖက်ပြတဲ့ ညဖက်တောတွင်း ခရီး (Night Safari) ကို လိုက်ပို့မယ်လို့ ကြံမိပါသေးတယ်။ ဒါပေမယ့်လည်း သူငယ်ချင်း တစ်ယောက် ပြောဖူးတဲ့ စင်ကာပူမှာ လူတင်မကဘူး။ တိရိစ္ဆာန်ပါ အိုဗာတိုင် ဆင်းရတယ်ဆိုတဲ့ စကားကို သတိရလို့ သတ္တဝါများကို ကိုယ်ချင်းစာတဲ့ အနေနဲ့ လိုက်ပို့မယ့် အကြံကို ဖျက်လိုက်ပါတယ်။
သွားစရာမရှိတော့လည်း ဒူးရင်းသီးနားပဲ ဟိုသွားဒီသွား သွားရပါတယ်။ ဒူးရင်းသီးဆိုရင် Esplanade ဇာတ်ရုံကို ရည်ညွှန်းမှန်း စလုံးက လူတိုင်း သဘောပေါက်ကြ ပါတယ်။ အဲဒီ ဇာတ်ရုံဆောက်တဲ့ ဗိသုကာ မှာတော့ သနားစရာပါ။ သူဆောက်ခဲ့တာ ဒူးရင်းသီး ပုံစံ မဟုတ်တာတော့ သေချာပါတယ်။ စပြီး ဒီဇိုင်း ထုတ်တုန်းက အာဖရိက တောထဲက သတ္တဝါနှစ်ကောင် မိတ်လိုက်နေတဲ့ပုံ ဒီဇိုင်းထုတ်တယ်လို့ ဆိုပါတယ်။ နောက်မဂ္ဂဇင်း တစ်စောင်ထဲမှာတော့ အင်းဆက် တစ်ကောင်ရဲ့ မျက်လုံးနှစ်လုံးနဲ့ တူအောင် ဆောက်တယ်လို့ ရေးထားပါတယ်။ ဒါပေမယ့် ဗိသုကာက ရှော်လွန်းလို့လား ကြည့်တဲ့သူတွေကပဲ တော်လွန်းလို့လား တော့ မသိပါဘူး။ လူအတော်များများက ဒူးရင်းသီးလို့ပဲ မြင်ကြပါတယ်။ စဉ်းစားကြည့်ပြန် တော့လည်း ဒူးရင်းသီး ဆိုရင် ဘာကိစ္စကြောင့် တစ်လုံးတည်း မဆောက်ဘဲ နှစ်လုံးတွဲ ဆောက်ရတာလဲ လို့ တွေးစရာပါ။ ကျွန်တော်တို့ ရွှေပြည်တော်ကြီးကလို ယတြာချေတာ ဆိုရင်တော့လည်း တစ်မျိုးပေါ့။
စလုံးလည်း တိုးတက်တာသာ တိုးတက်တာပါ။ သူလည်း ဥုံဖွတွေ ဝါသနာပါပါတယ်။ စင်ကာပူက ထုတ်တဲ့ ကျပ်စေ့က တခြားနိုင်ငံက အကြွေစေ့တွေလို အဝိုင်း သပ်သပ် မဟုတ်ဘဲ အထဲမှာ ရှစ်ထောင့်ပုံ ရှိပါတယ်။ စင်ကာပူ စီးပွားရေး မကောင်းလို့ ကျပ်စေ့ကို အဝိုင်း မလုပ်ဘဲ ဖုန်းရွှေပညာက ဘာဂွား (Ba Gua) အမှတ်တံဆိပ် ရှစ်ထောင့်ပုံ လုပ်ထားတယ်လို့ ဆိုပါတယ်။ ကျပ်စေ့ကို အဲဒီလို ထုတ်ပေမယ့်လည်း စီးပွားရေးက ကောင်းမလာပါဘူး။ အဲဒါနဲ့ မော်တော်ကား ဘီးခွန် ကောက်တဲ့ တံဆိပ်တွေပါ ရှစ်ထောင့်ပုံနဲ့ ထုတ်ပါတယ်။ ဆိုင်သလား မဆိုင်သလားတော့ မသိပါဘူး။ အဲဒီလိုလည်း ထုတ်ပြီးရော စလုံး စီးပွားတက်သွားတယ် ဆိုပါတယ်။
ဒူးရင်းသီးကနေ ပင်လယ်ဖက်ကို မျက်နှာမူရင် ညာဖက် ခပ်ကျကျလောက်မှာ မာလိုင်းယွန်း အသေးတစ်ကောင် ရှိပါတယ်။ အဲဒီအရုပ်ရဲ့ ပါးစပ်ကနေ ပန်းထွက်နေတဲ့ ရေပန်း ရှိပါတယ်။ အဲဒီမာလိုင်းယွန်းကလည်း ဥုံဖွ လုပ်ထားတာလို့ ဆိုကြပါတယ်။ ဟိုတလောက သိကြားမင်းက မိုးကြိုးနဲ့ ပွတ်လိုက်လို့ အဲဒီအရုပ် ထိပ်ပေါက်သွားပါတယ်။ ကျွန်တော်တို့ မြန်မာအယူ ဆိုရင်တော့ နိမိတ်မကောင်းဘူး ပြောကြမှာပါ။ စလုံးကတော့ စင်ကာပူရဲ့ မကောင်းတဲ့ ကံကြမ္မာတွေ အတွက် မာလိုင်းယွန်းကနေ ရှေ့က ဝင်ခံပေးလို့ သက်သာရာ ရသွားတယ်လို့ သတင်းတွေထဲမှာ ရေးကြပါတယ်။ အခုတော့ အဲဒီ မာလိုင်းယွန်းလည်း ထိပ်မပေါက်တော့ဘဲ အကောင်းပကတိ ပြန်ဖြစ်နေပါပြီ။ စင်ကာပူမှာ ပလတ်စတစ် ဆာဂျရီက လူတင်မကဘူး ရုပ်ထုပါ လုပ်ပေးပါတယ်။
အဲဒီ မာလိုင်းယွန်းတို့ ဒူးရင်းသီးတို့နားမှာ မရီနာဘေး (Marina Bay) လို့ ခေါ်တဲ့ မြစ်ကမ်းပါး တစ်ခု ရှိပါတယ်။ မရီနာဘေးဆိုတဲ့ နာမည်ကလည်း လျှော့တွက်လို့ မရပါဘူး။ ဒေါ်လာ ၄သိန်းတန်ပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်လောက်တုန်းက မရီနာဘေးကို နာမည်ပြောင်းဖို့ အတွက် စင်ကာပူ အစိုးရက ဥရောပ ကုမ္ပဏီတစ်ခုကို ငှားပါတယ်။ အဲဒီ ကုမ္ပဏီက စစ်တမ်းတွေကောက် ခွဲခြမ်းစိတ်ဖြာမှုတွေ လုပ်ပြီး နောက်ဆုံးမှာ သူတို့ ပေးလိုက်တဲ့ အမည်က မရီနာဘေး ပါပဲ။ မရီနာဘေးကနေ မရီနာဘေးလို့ နာမည်ပြောင်းဖို့ ဒေါ်လာ ၄ သိန်းတောင် အကုန်ခံရတယ် ဆိုတော့ မရီနာဘေးဆိုတာ အတော် အဖိုးတန်တဲ့ နာမည်လို့ ပြောလို့ရပါတယ်။ ဒါတောင် သတင်းစာထဲ ဝဲလ်ဒမ်း လုပ်လိုက်ပါသေးတယ်။ ကျွန်တော်လည်း ကုမ္ပဏီထောင်ရင်တော့ အဲဒီလို သက်သက်သာသာ ပိုက်ဆံရတဲ့ အလုပ်မျိုးပဲ လက်ခံချင်ပါတယ်။
မရီနာဘေး (Marina Bay) မှာအခုလောလောလတ်လတ် အသစ် ဖွင့်ထားတဲ့ ကက်စီနိုရှိပါတယ်။ သူတို့အခေါ်တော့ Integrated Resort ဒါမှမဟုတ်ရင် အိုင်အာရ်ပေါ့။ အိုင်အာရ်ကြီး ဖွင့်ပြီဆိုလို့ ဘာများရှိမလဲ သွားကြည့်တာ ကက်စီနိုနဲ့ ဟိုတယ်ကလွဲပြီး ဘာမှ မတွေ့ခဲ့ရပါဘူး။ ဒါပေမယ့် စိတ်ထဲမှာတော့ ဟောင်ကောင် ရုပ်ရှင်တွေကို သတိရစရာပါ။ မရီနာဘေး ကက်စီနိုမှာရော ဟိုတယ်မှာပါ အပေါက်စောင့်တွေက အစ ဟောင်ကောင် ရုပ်ရှင်တွေထဲကလို ဝတ်စုံအနက်တွေ ဝတ်ပြီး ကြောင်လျှာသီး လည်ပင်းမှာ ပတ်ထားကြပါတယ်။ ရုပ်ရှင်ထဲကလို မျက်မှန် အမည်းကြီးတွေ တပ်မထားတာ တစ်ခုပါပဲ။
စင်ကာပူမှာ ပီအာရ်ဖြစ်ရတာ ဒီတစ်ခါ အနာဆုံး ပါပဲ။ ကက်စီနိုထဲ ဝင်မယ်ဆိုရင် ပီအာရ်နဲ့ နိုင်ငံသားက ဒေါ်လာ ၁၀၀ ပေးရပါတယ်။ နိုင်ငံခြားသားက အလကားဝင်လို့ ရပါတယ်။ မဆော့ခင်ကတည်းက ၁၀၀ ရှုံးနေပြီဆိုတော့ အဖွင့်မကောင်းဘူးလို့ ဆိုရမှာပါပဲ။ နိုင်ငံကူးလက်မှတ်ပြပြီး နိုင်ငံခြားသား အယောင်ဆောင် ဝင်လို့ရတယ် ဆိုပေမယ့် မိရင် ဒဏ်ကြေးက ဒေါ်လာ တစ်ထောင် ဆိုတော့ နားကား သွားနိုင်ပါတယ်။ ဆစ်ဒနီလို ကိုယ်မြို့မဟုတ်တဲ့နေရာမှာတောင် မင်န်ဘာဝင်ထားတဲ့ သူငယ်ချင်းတွေနဲ့ ကက်စီနိုထဲ ကပ်လိုက်သွားပြီး ကော်ဖီစက်မှာ ကော်ဖီ အလကားသောက်ခဲ့ ရပါသေးတယ်။ အခု ကိုယ်ေနတဲ့ စင်ကာပူမှာတော့ ၁၀၀ ပေးမှ အထဲဝင်ရမယ် ဆိုတော့လည်း စင်ကာပူက ကက်စီနိုဆိုတာ ဘာကြီးလဲလို့ ဝင်မကြည့်ဖြစ်တော့ပါဘူး။
အခုတလော မရီနာဘေးနဲ့ ဒူးရင်းသီးဘေး မကြာခဏ ရောက်ြဖစ်ရင် စိတ်ကူးထဲပေါ်လာတဲ့ အတွေးတွေကို ချရေးထားတာပါ။ ကိုယ်တိုင် ရိုက်လာတဲ့ ဓာတ်ပုံတွေ တစ်ပုံမှ မကောင်းလို့ ဝီကီထဲကနေပဲ ယူပြီး တင်လိုက်ပါတယ်။
(Image Source: Wikipedia)
Labels:
စင်ကာပူ,
ပေါက်တတ်ကရ
Subscribe to:
Post Comments (Atom)
8 comments:
စလုံးကိုမရောက်တာကြာလို့ ဒူးရင်းသီးလဲမသိဘူး..casinoလဲမသိတော့ဘူး
စန်ဆိုဆာ. birdpark. မူစဆာဖာ. zoo.. ဟစ်စထရီလေးကော သိပရစေလား။
စိတ်တွေရွင်နေပုံရတယ်။ အဟစ်နေကောင်းလေား။ စာထဲမှာရွင်တာ ဒီတစ်ခါဘဲသတိပြူမိသေးတယ်။
ward verification ဖြုတ်ပေးပါ. သိတ်နစ်သက်ရင်တော့ထားပါ။
(အာဖရိက တောထဲက သတ္တဝါနှစ်ကောင် မိတ်လိုက်နေတဲ့ပုံ ဒီဇိုင်းထုတ်တယ်လို့)
အေတာ္ဝါသနာႀကီးတဲ့ ဗိသုကာပါလား။ ကြုံဖူးပေါင်။
ပုံတွေကောင်းတယ်ပြောမို့ နောက်ဆုံးမှ တွန့် သွားဒယ်
လုပ်တော့မယ်။။။ ကျနော်လည်း ကာစီနိုမသွားဘူး သတ်ချင်သတ် ၁၀၀ ဆိုတာနည်းလား။ ဖိနပ်ပဲဝယ်စီးမယ်။
၁၀၀ အကောက်ကောက်တာ ကျနော်တော့ ထောက်ခံတယ်။ ခုထိ အဲဒီ ၁၀၀ ကြောင့် ဝင်ကို မဝင်ဖူးသေးဘူး၊ နို့မို့ဆို အထဲရောက်နေတာ ကြာလှပေါ့။ ဟားဟား။
သွားဘူး.တစ်ရာဆိုလို့။
အင်း... မသိသေးတာတွေ သိသွားရတယ်...
သူတို့တွေလဲ ဥုံဖွတွေ ဘာတွေ အတော်လုပ်ကြတယ်လို့ ကြားဖူးတယ်...။
ဓါတ်ပုံတွေ လှတယ်လို့ ပြောမလို့ကို....းD
ဟုတ်တယ် ဒီတခါတော့ နာသွားဘီဗျာ
Post a Comment