Search This Blog

Sunday, August 22, 2010

ဂန္တဝင်မြောက် ဟင်းချက်နည်းများ

ကျွန်တော့် မိတ်ဆွေ တစ်ယောက်က ပြောဖူးပါတယ်။ အစားအသောက် ကောင်းကောင်း စားတတ်တဲ့သူက ကောင်းကောင်း ချက်တတ်တယ်။ မချက်တတ်တဲ့သူကလည်း ကောင်းကောင်းစားချင်တော့ ဟင်းချက်တတ်အောင် သင်ရင်းနဲ့ တတ်သွားကြတာပဲ ဆိုပြီးတော့ပါ။ သူပြောတဲ့ စကားက ကျွန်တော့်အတွက်တော့ မမှန်ပါဘူး။ ကျွန်တော်က အစားအသောက် ကောင်းကောင်း ကြိုက်တတ်ပေမယ့် ကောင်းကောင်း မချက်တတ်ပါဘူး။ စိတ်ကူးပေါက်ရင် တခါတလေ ထချက် ဖြစ်ပေမယ့်လည်း ဒီလက်ရာက ဒီလက်ရာပါပဲ။ တိုးတက် မလာပါဘူး။ ကောင်းကောင်း စားချင်ရင်တော့ တခြားသူ ချက်ထားတာပဲ စား ဖြစ်ပါတယ်။

တစ်ခါက အိမ်မှာ သူငယ်ချင်း တစ်ယောက်နဲ့အတူ ဝက်သားဟင်းချက် ကြပါတယ်။ အသားကို အပြားလိုက် လှီးထားပြီးသား အထုပ်ကို ချက်ကြတာပါ။ ဟင်းချက်နေရင်း ဆီက ထွက်မလာလို့ ဘယ်လိုဖြစ်တာပါလဲလို့ စဥ်းစားမရ ဖြစ်နေပါတယ်။ ဟင်းကျက်သွားပြီး စားကြည့်တော့မှ ချက်လိုက်တာ ဝက်သားမဟုတ်ဘဲ ကြက်သား ဖြစ်နေမှန်း သိရပါတယ်။ ဒါပေမယ့်လည်း ဆိုးတော့ မဆိုးပါဘူး။ ဟင်းဆိုတော့ စားလို့တော့ ဖြစ်ပါသေးတယ်။ ဒီလောက်ကတော့ ပါးပါးလေး ရှိပါသေးတယ်။ ကျွန်တော်တို့ စလုံးကို ရောက်ခါစက ဒီထက် အများကြီး ဆိုးတာတွေ ကြုံခဲ့ဖူးပါတယ်။

ပထမဆုံး ပြောပြချင်တာက စင်ကာပူကို ရောက်ခါစက တအိမ်တည်း အတူတူ နေဖူးတဲ့ သူငယ်ချင်း တစ်ယောက် အကြောင်းပါ။ ကျွန်တော်တို့ အဲဒီအချိန်က နိုင်ငံခြားရောက်ခါစဆိုတော့ ချွေတာရေး အနေနဲ့ အပြင်မှာ ဝယ်မစားပဲ အိမ်မှာပဲ ချက်စားဖြစ်တာ များပါတယ်။ အိမ်မှာ ထမင်းနဲ့ ဟင်းကို အလှည့်ကျ ချက်ကြပါတယ်။ ဟင်းဆိုတာ တခြား မဟုတ်ပါဘူး။ ကြက်ဥနဲ့ ကြက်အူချောင်းကို တစ်နေ့ တစ်မျိုး မရိုးရအောင် ကြော်တာပါ။ ကြက်ဥကို မွှေကြော်၊ မကျက်တကျက်ကြော် တစ်ခါတစ်လေတော့ ကြက်အူချောင်းကို တောက်တောက်စင်းပြီး ကြက်ဥနဲ့ ရောကြော် ဆိုတာမျိုး လုပ်ကြပါတယ်။ အဲဒီတုန်းက အတူနေဖူးတဲ့ သူငယ်ချင်း တစ်ယောက်ကတော့ ကြက်အူချောင်းကို အကြီးအကျယ် မုန်းသွားလို့ အခု အချိန်ထိ Hot Dog တောင် မစားတော့ပါဘူး။

သူ ကြက်ဥကြော်တာ ပထမဆုံး တွေ့ဖူးကတည်းက ကျွန်တော် သူ့ကို အကြီးအကျယ် လေးစားသွားပါတယ်။ အဲဒီလို ကြော်တာမျိုး တစ်ခါမှ မမြင်ဖူးလို့ပါ။ ဒယ်အိုးထဲ ဆီနည်းနည်းထည့် ကြက်ဥထည့် ဆိုတဲ့ အထိတော့ ပုံမှန်ပါပဲ။ ပြီးတော့ ဘာမပြော ညာမပြောနဲ့ ရေတစ်ခွက်ခပ်ပြီး လောင်းထည့်လိုက်ပါတယ်။ ပူနေတဲ့ ဆီထဲကို ရေလောင်းထည့်တော့ ဆီပေါက်တာ အမှန်ပါပဲ။ ဒီကောင်က မဟုတ်တရုတ်သာ လုပ်ပေမယ့် လူကတော့ လူလည်ပါ။ သူ့ကို ဆီပေါက်တော့မယ် ဆိုတာ ကြိုသိထားတဲ့ အတွက် လက်တစ်ဖက်က ဒန်အိုးဖုံး အသင့် ကိုင်ထားပါတယ်။ ရေထည့်ပြီးတာနဲ့ ဒယ်အိုးကို မျက်နှာ လွှဲပြီး ဒန်အိုးဖုံးကလေး ကို မြှောက်ပြီး ကာထားပါတယ်။ လက်တစ်ဖက်က ယောင်းမကိုင် နောက်တစ်ဖက်က ဒန်အိုးဖုံးကို မြှောက်ကာ မြှောက်ကာနဲ့ သူ ကြက်ဥကြော်တဲ့ ပုံစံက သိုင်းကစားနေတာနဲ့ ပိုဆင်ပါတယ်။

ကျွန်တော်က "ဟေ့ကောင်။ မင်းဘာလို့ ကြက်ဥထဲ ရေထည့်ကြော်တာလည်း" မေးတော့ "မင်းဘာသိ လို့လဲ။ ငါရန်ကုန်မှာတုန်းက အပူဖု ပေါက်လို့ ဆရာဝန်နဲ့ သွားပြဖူးတယ်။ ဆရာဝန်က မင်းဆီနဲ့ ကြော်တဲ့ အစားအစာတွေ စားတာများလို့ အပူကြီးလို့ ဖြစ်တာလို့ ပြောတယ်။ နောက်မဖြစ်အောင် ရေများများပါတာ စားလို့လည်း ပြောတယ်။ အဲဒီကတည်းက ငါ အပူမကြီးအောင်လို့ ဘာကြော်ကြော် ရေထည့်ပြီးမှ စားတယ်။" လို့ ပြန်ပြောပါတယ်။ သူပြောတဲ့ အတိုင်းလည်း တကယ် လုပ်ပါတယ်။ ကျွန်တော် သတိထားမိသလောက် သူဘာပဲကြော်ကြော် ရေထည့်ပြီး ကြော်ပါတယ်။ ကြက်အူချောင်း ကြော်ရင်ဖြစ်ဖြစ် အသီးအရွက် ကြော်ရင် ဖြစ်ဖြစ် ရေတစ်ခွက် အမြဲတမ်း လောင်းထည့်ပြီးမှ ကြော်တာကို တွေ့ရပါတယ်။ ထုံးစံအတိုင်း ဒန်အိုးဖုံးကတော့ အမြဲတမ်း လက်တစ်ဖက်က ကိုင်လျက် ပါပဲ။ ကျွန်တော်တို့တော့ စားစရာ မရှိလို့ သူ့ရဲ့ အပူနည်း ရေများ လက်ရာတွေကို ကြိတ်မှိတ်ပြီး စားရ ပါတယ်။

အိမ်မှာ အတူနေတဲ့ သူငယ်ချင်း နောက်တစ်ယောက်ကတော့ "ဟေ့ကောင်။ ဒီကောင့်ကို လွှတ်ထားလိုက်။ ဟိုနေ့က ငါဒီကောင့်ထက် ဆိုးတဲ့သူ တွေ့ခဲ့ပြီးပြီ" လို့ ပြောပါတယ်။ ကျွန်တော်က "ဒီကောင့်ထက် ဆိုးတဲ့ကောင်ရော ရှိသေးလို့လား။" လို့ မေးတော့ " အေး။ ရှိတယ်။ ဟိုနေ့က တွေ့တဲ့ကောင်က ကြက်ဥကို ဆားမထည့်ပဲ ငံပြာရည်လောင်းထည့်ပြီး ကြော်တယ်။ ဘယ်လို အရသာ ရှိမလဲ ဆိုတာ မင်းစဉ်းစားကြည့်။" လို့ ပြန်ပြောပြ ပါတယ်။

ဒီလိုနဲ့ တစ်နေ့တစ်နေ့ ကြက်ဥနဲ့ ကြက်အူချောင်းချည်းပဲ စားနေရတော့ ငြီးငွေ့လာလို့ အသားဟင်း ချက်ဖို့ ကြံကြပါတယ်။ ဈေးသွားပြီး ကြက်တစ်ကောင်ဝယ် ချက်ဖို့ ပြင်ကြပါတယ်။ ဒါပေမယ့်လည်း ဟင်းချက်ဖို့ ဘယ်သူမှ မလှုပ်ကြတာနဲ့ ကြက်က ရေခဲသေတ္တာထဲမှာ ၃ ပတ်လောက် အနားယူနေပါတယ်။ ၃ ပတ်လောက် ကြာမှ ချက်ဖို့ စိတ်ကူးပေါက်တာနဲ့ ရေခဲသေတ္တာထဲကနေ ထုတ်ပါတယ်။ နောက်တော့ ကြက်ကို ဘယ်လို ချက်မလဲ တိုင်ပင်ကြပါတယ်။ တစ်ယောက်က "ဒီအတိုင်း ချက်ရင်တော့ ကောင်းမယ် မထင်ဘူး။ တစ်ခုခုတော့ ရောမှ ကောင်းမယ်။" လို့ အကြံပေးပါတယ်။ သူပြောချင်တာက အာလူးလို ဘူးသီးလိုမျိုး ရောဖို့ ပြောတာပါ။ ချက်မယ့်သူကလည်း "အေး။ ကောင်းတယ်။ ဟင်းများများ ရတာပေါ့။" ဆိုပြီးတော့ ထောက်ခံပါတယ်။ ခဏနေလို့ မီးဖိုချောင်ထဲ ရောက်သွားတော့ သူ ဂေါ်ဖီထုပ်တွေ လှီးနေတာ တွေ့ပါတယ်။ "ဒီနေ့ ဂေါ်ဖီကြော်မလို့လား။" လို့ မေးတော့ "မဟုတ်ဘူး။ ကြက်သားထဲ ထည့်မလို့။" လို့ ပြန်ဖြေပါတယ်။ ကျွန်တော်တို့ အားလုံးက "ဟ။ ကြက်သားထဲ ဂေါ်ဖီထည့် ချက်ရတယ်လို့ မကြားဘူးပါဘူး။"လို့ ဝိုင်းပြောတော့ "မင်းတို့ မစားဖူးလို့။ ငါက စားနေကြ။"လို့ ပြန်ပြောပါတယ်။ ဒါပေမယ့်လည်း အားလုံးက တခဲနက် ဝိုင်းကန့်ကွက်တာနဲ့ သူ့ရဲ့ ကြက်သားထဲ ဂေါ်ဖီထုပ် ထည့်ချက်မယ့် အစီအစဉ် ပျက်သွားပါတယ်။

ကြက်သားကို ဟင်းချက်ဖို့ အတွက် ပျင်းကြလို့ နောက်တစ်ခါတော့ ကြက်သားကို ကြော်စားဖို့ ကြံကြပါတယ်။ ပြသနာက ကျွန်တော့်သူငယ်ချင်းများက အမြင်ကတ်စရာ ကောင်းလောက်အောင် ချွေတာ ကြပါတယ်။ ကြက်သားကို ကြော်ရင် ဆီများများနဲ့ ဆီမြှုပ်အောင် ကြော်ရပါတယ်။ ဒါမှ ကြက်သားက တစ်တုံးလုံး ကျက်ပြီး စားလို့ ကောင်းတာပါ။ ဒါပေမယ့်လည်း ကြက်သား ကြော်တဲ့သူက ဆီကို ကြက်ဥကြော်သလို နည်းနည်းလေး ထည့်ကြော်တာမို့ ကြက်သားက အပြင်ဘက်ကပဲ ကျက်ပြီး အတွင်းထဲက မကျက်ပါဘူး။ ကြက်သားကြော် ကိုက်နေရင်းနဲ့ အထဲက အသားက အစိမ်းလို ဖြစ်နေတာမို့ ကြက်သားကြော်ကို တစ်ဝက်တပျက်နဲ့ လွှင့်ပစ်ရပါတယ်။

အခု အချိန်ထိ တစ်ခုခု ကြော်လို့ ဆီပေါက်ရင် ကျွန်တော့် သူငယ်ချင်း ဒန်အိုးဖုံးနဲ့ ကာတတ်တာကို အမြဲသတိရပြီး ရယ်ချင်ပါတယ်။ အဲဒီလိုပဲ ကြက်သားကြော်ရင်လည်း အတွင်းထဲက မကျက်တဲ့ ကြက်သားကြော် အကြောင်း သတိရလို့ အမြဲပဲ ပြုံးမိပါတယ်။

12 comments:

Anonymous said...

အေးပါဟယ်..သဘောပေါက်ပါပြီ။ အိမ်မှာ လာမစားဘူးနော်..
ဟုတ်ပြီလား။ :D
mm

:P said...

ဟိုတစ်ခါ ဆိုင်ဖွင့်ပွဲတုံးက zt လက်ရာပါသေးလား...။

ZT said...

ဆိုင်မှာ စိတ်ချလက်ချ စားလို့ရပါတယ်။ ကျွန်တော် မချက်ပါဘူး။ :D

ဖိုးသင်္ကြန် said...

ကျွန်တော်လဲ မချက်တတ်ဘူး
ဒါပေသိ ဟင်းတွဲရတာတော့ ဝါသနာပါတယ်
ဘာလေးနဲ့ ဘာနဲ့ဆို....

:)

ကိုအောင် said...

ကျနော်ကတော့ အိမ်က အိမ်ရှင်မ ချက်ကြွေး
တာပဲ စား၏ ...း)

သက်ဝေ said...

တော်သေးရဲ့... သူရေးတာ ဖတ်ပြီး ဟိုဆိုင်မှာသွားစားဖို့ နဲနဲ စိတ်ပူသွားတယ်... တခါမှ မရောက်ဖူးသေးဘူး... သွားစားရအုံးမယ်...

ကြက်ဥထဲ ရေထည့်ကြော်တဲ့သူနဲ့ ကြက်ဥထဲ ငန်ပြာရည် လောင်းကြော်တဲ့ သူ နှစ်ယောက်ကိုတော့ တကယ် လေးစားမိပါတယ်... ထူးခြားရှားတွေပါပဲ...

Rita said...

စက်ဖွင့်ဖွင့်ချင်း ရီလိုက်ရတာ
LOL

ငါကွ
သူတို့လောက် မဆိုးသေးဘူး

:P said...

ဒါပေမယ့် အလယ်တန်းတုံးက အိမ်တွင်းလက်မှုဘာသာမှာတော့ "ဘဲဥရေကြော်" ဆိုပြီး သင်ခဲ့ရဖူးတယ်။

ကြည်ဖြူပိုင် said...

ဟားဟားဟား
ပထမရေထဲ့ကြော်တယ်ဆိုတုန်းကတော့
ကြက်ဥပွပွလေးဖြစ်အောင်များကြော်သလားထင်တာ
ဆရာဝန်ကရေများများပါတာစားဆိုလို့တဲ့....
ပြီးတော့ ဒန်အိုးဖိုးတကာကာနဲ့သူ့ပုံကိုလဲ
မျက်လုံးထဲမြင်ယောက်လာတာနဲ့ရီလိုက်ရတာ
ဝါးလုံးကွဲ....

Kyaw Moe said...

ကြက်ဥကို ကြက်သွန်နီ၊ ငံပြာရည်နဲ့ ငရုတ်သီးနဲ့ကြော်စားကြည့်ပါ တော်တော်လေးကောင်းပါတယ်

ဆွေလေးမွန် said...

ဟင်းချက်ပုံတွေက ပို့ခေါင်းစဉ်လေးနဲ့ အံကိုက်ပဲ
မှတ်သားသွားပါတယ်...
ဘဲဥကြော်ရင် နောက်လက်တစ်ဖက်က ဒယ်အိုးအဖုံးကိုင်တဲ့ အိုက်ဒီယာလဲ ကူးသွားပါတယ်..

:) :) :)

kaungkinpyar said...

အမ တော့ ကြက်ဥ ထဲ ငံပြာရည် ရော ဆားရော အမြဲ ထည့်ကြော်တယ်...မထည့်ရဘူးလား...အိမ်မှာ အရင်က အတူနေတဲ့ ဗီယက်နမ် မလေး ကြော်ကြွေး တာ ကြိုက်လို့ လိုက်ကြော်တာ..ကောင်းတယ်...း)