Search This Blog

Saturday, August 28, 2010

ပလေဂျာရစ်စင်

ရုရှားက တက္ကသိုလ် တစ်ခုမှာ စာမေးပွဲ စစ်တဲ့အချိန် လူတွေ့ စစ်ဆေးမေးနေတုန်း ဆရာက ကျောင်းသား တစ်ယောက်ကို ကော်ဖီ သွားယူခိုင်းပါတယ်။ ကျောင်းသားက ကော်ဖီခွက်ထဲ အရက်ထည့်လာပြီး ဆရာ့ကို တိုက်ပါတယ်။ ဆရာက သဘောကျတာနဲ့ အဲဒီနေ့က လူတွေ့ အစစ်ခံရတဲ့ ကျောင်းသားတွေ အကုန်လုံး ဂရိတ် ၅ ရကြပါတယ်။ အဲဒီအကြောင်းကို ကော်ဖီခွက်ယူပေးတဲ့ ကျောင်းသားက နောက်နေ့ လူတွေ့ဖြေမယ့် ကျောင်းသားတွေကို သတင်းပေးပါတယ်။ နောက်နေ့မှာလည်း ဆရာက ကော်ဖီယူခိုင်းတော့ ကျောင်းသားတစ်ယောက်က ကော်ဖီခွက်ထဲ အရက်ထည့်ပြီး ဆရာ့ကို ပေးလိုက်ပါတယ်။ ဒါပေမယ့် အဲဒီနေ့က လူတွေ့ဖြေတဲ့ ကျောင်းသားတွေ အားလုံး ဂရိတ် ၃ ပဲ ရကြပါတယ်။ ကျောင်းသားတွေက ဆရာကို ဘာဖြစ်တာလဲ မေးတော့ ဆရာက ငါ ပလေဂျာရစ်စင် (Plagiarism) ကို လက်မခံဘူးကွလို့ ပြန်ပြောပါတယ်။ မောင်ကောင်းထိုက်ရဲ့ ဟာသတစ်အုပ်ထဲမှာ ဖတ်ဖူးတာပါ။

ပလေဂျာရစ်စင်ကို အရိုးရှင်းဆုံး အဓိပ္ပာယ်ဖွင့်ရင် ကူးချတာပဲ ပြောရပါမယ်။ ဒါပေမယ့် ပညာရေး လောကမှာ ပလေဂျာရစ်စင်ရဲ့ အဓိပ္ပာယ်က ကူးချတာထက် အများကြီး ပိုပြီး ကျယ်ဝန်းပါတယ်။ ပညာရေး ဆိုင်ရာ ရိုးသားမှု မရှိခြင်း (lack of academic integrity) လို့ ပြောရင် ရပါတယ်။ ကိုယ်လုပ်ရမယ့် အဆိုင်းမင့်ကို တခြားသူကို လုပ်ခိုင်းတာ၊ ကိုယ်လုပ်ရမယ့် ပရော့ဂျက်ကို သူများကို လုပ်ခိုင်းတာ၊ တခြားသူတစ်ယောက် ဆီကနေ အိုင်ဒီယာ ယူတာ၊ စာအုပ်ထဲမှာ ရေးထားတဲ့ စာသားကို ကိုးကားချက် မထည့်ပဲ ကိုယ်ပိုင် အိုင်ဒီယာလို ဝါကျ ပြောင်းရေးတာတွေကလည်း ပလေဂျာရစ်စင် ထဲမှာ ပါပါတယ်။

ငါးပိနဲ့လောက်၊ ရွှေနဲ့ကျောက် မကင်းကြသလို တက္ကသိုလ် ကျောင်းသား အများစုလည်း ပလေဂျာရစ်စင်နဲ့ မကင်းကြပါဘူး။ စင်ကာပူမှာတော့ ပလေဂျာရစ်စင်နဲ့ ပတ်သက်ရင် တခြားနိုင်ငံတွေလောက် သိပ်ပြီးတော့ တင်းတင်းကျပ်ကျပ် မရှိဘူး လို့ ထင်ပါတယ်။ ကျွန်တော်တို့ ပေါ်လီမှာ ကျောင်းတက်တဲ့ အချိန်က အဆိုင်းမင့် တစ်ခု ပေးလိုက်ရင် တွက်တဲ့ချက်တဲ့ အဆိုင်းမင့်ဆိုရင် တစ်ယောက်က လုပ်ပြီး တစ်ခန်းလုံး ဝိုင်းကူးကြတာပါပဲ။ ဆရာတွေကလည်း ဘာမှ သိပ်မပြောကြပါဘူး။ တစ်ခါက ကျွန်တော့် သူငယ်ချင်းများ ဆိုးဆိုးရွားရွား လုပ်ဖူးပါတယ်။ နောက်ဆုံးနှစ် ပရော့ဂျက် ရီပို့ကို ရှေ့နှစ်က လုပ်သွားတဲ့ သူတွေရဲ့ ရီပို့ကို ပြန်ကူးကြတာပါ။ ရီပို့ကို စစ်တဲ့ ဆရာကလည်း ဒီဆရာ တစ်ယောက်တည်းပါပဲ။ ဆရာက ရီပို့ကို ဖတ်ပြီးတော့ "မင်းတို့ တော်ရုံတန်ရုံ ကူးတာလောက် ဆိုရင် ငါဘာမှ မပြောဘူး။ အခုဟာက လွန်လွန်းတယ်။ ခေါင်းစဥ်မှာ စာလုံးပေါင်း မှားတာက အစ တူနေတယ်။ အဲဒီလောက်တော့ မဖြစ်သင့်ဘူး။" လို့ ပြောပါတယ်။ ဒါပေမယ့်လည်း ပြင်းပြင်းထန်ထန် အရေးယူတာတော့ မရှိပါဘူး။

တက္ကသိုလ် တက်တဲ့ အချိန်ကျတော့ တခြားနိုင်ငံ တက္ကသိုလ်တစ်ခုက လာဖွင့်တဲ့ အချိန်ပိုင်း ဒီဂရီ တက်ဖြစ်တာမို့ ပလေဂျာရစ်စင်နဲ့ ပတ်သက်ပြီး အရမ်း တင်းကျပ်တာကို ကိုယ်တွေ့ ကြုံရပါတယ်။ ကြုံဖူးသမျှ ဆရာထဲမှာ အီလက်ထရွန်းနစ် ဒီဇိုင်း ဘာသာ သင်တဲ့ အာဂျင်တီးနား ဆရာက အဆိုးဆုံးပါ။ သူပေးတဲ့ အဆိုင်းမင့်ကို အချင်းချင်း တိုင်ပင်တာတောင် ခွင့်မပြုပါဘူး။ ကျောင်းမှာ အဆိုင်းမင့် အကြောင်း ဆွေးနွေးနေတာ တွေ့ရင် တွေ့တဲ့နေရာမှာ ကျောင်းသားကတ်ဒ် တောင်းပြီး နာမည်မှတ် ပါတယ်။ စာကြည့်တိုက်ထဲမှာ တခြားသူ တစ်ယောက်ယောက် လုပ်ထားတဲ့ အဆိုင်းမင့်ကို ဖတ်ကြည့်နေတာ တွေ့ရင်လည်း စာကြည့်တိုက်ထဲ ဝင်လာပြီး နာမည်မှတ်ပါတယ်။ ကျောင်းသား တစ်ယောက်ကတော့ ကံဆိုးစွာနဲ့ အတန်းထဲမှာ တခြားသူ တစ်ယောက်ရဲ့ အဆိုင်းမင့်ကို ကူးနေတဲ့ အချိန် မိသွားလို့ အဲဒီ အဆိုင်းမင့်ကို သုည အပေးခံရပါတယ်။ 

အဲဒါဆို ဘယ်ဟာမှ ကူးလို့ မရဘူးလား ဆိုတော့ မဟုတ်ပါဘူး။ ပလေဂျာရစ်စင်မှာ မကူးရဘူးလို့ မကန့်သတ် ထားပါဘူး။ တခြားသူရဲ့ အိုင်ဒီယာကို ကိုယ့်အိုင်ဒီယာလို အယောင်မဆောင်ရဘူး လို့ပဲ ကန့်သတ်ထားတာပါ။ ပရော့ဂျက်လုပ်တဲ့ အချိန် စာတမ်းရေးတဲ့ အချိန်တော့ ပုံနှိပ်စာအုပ်တွေ၊ တခြားသူ ရေးထားတဲ့ စာတမ်းတွေကို ကိုးကား ရပါတယ်။ ဘယ်စာအုပ်က ကူးထားတယ် ဆိုတာ ကိုးကားချက် ထည့်ပြီး ကိုယ့်စာသားနဲ့ ပြန်ပြင် ရေးပေးရပါတယ်။ ရီပို့တွေကို မတင်ခင် ကျောင်းက ကွန်ပြူတာ ဆာဗာမှာ ရှိတဲ့ ဆော့ဖ်ဝဲလ်ထဲ ထည့်ပြီး ကိုယ့်ဘာသာကိုယ် စစ်ကြည့်ရင် ဘယ်စာကြောင်းက ဘယ်စာတမ်းက ကူးထားတယ် ဆိုတာမျိုးကို ဆော့ဖ်ဝဲလ်က နေ ပြန်ပြပါတယ်။ သူတို့ ဒေတာဘေ့စ်ထဲမှာ ကျောင်းက တခြား ကျောင်းသားတွေ တင်သွားခဲ့တဲ့ ရီပို့တွေ၊ အင်တာနက် ပေါ်မှာ တရားဝင် ဖြန့်ဝေထားတဲ့ ရီပို့တွေ၊ နိုင်ငံတကာ အီလက်ထရွန်းနစ်နှင့် အီလက်ထရစ်ကယ် အင်ဂျင်နီယာ အသင်း (IEEE) က ထုတ်ဝေထားတဲ့ စာတမ်းတွေ သိမ်းထားပြီး အဲဒီ စာတမ်းတွေနဲ့ တိုက်စစ် ကြည့်တာပါ။ တစိတ်တပိုင်းတော့ တူလို့ ရပါတယ်။ အများကြီး တူနေရင်တော့ ပြသနာ ရှိပါတယ်။ တဆင့်စကားနဲ့ ပြန်ကြားဖူးတာကတော့ မြန်မာ ကျောင်းသား တစ်ယောက် နောက်ဆုံးနှစ် ပရော့ဂျက် ရီပို့မှာ စာပိုဒ် ၂ ပိုဒ်ကို တခြားနေရာကနေ ကူးထားပြီး ရည်ညွှန်းချက် ထည့်ဖို့ မေ့သွားလို့ ၆ လ အစအဆုံး ပြန်လုပ်ရဖူးတဲ့ သာဓက ရှိဖူးတယ်လို့ ဆိုပါတယ်။

တချို့ ကျတော့လည်း ရိုးသားလွန်းလို့ ဟာသ ဖြစ်ပါတယ်။ မြန်မာ ကျောင်းသားတစ်ယောက်နဲ့ ပတ်သက်ပြီး တက္ကသိုလ် တစ်ခုလုံး ဟိုးလေး တကျော်ကျော် ဖြစ်သွားခဲ့တဲ့ အဖြစ် တစ်ခု ရှိပါတယ်။ သူက ရီပို့ မတင်ခင် ကျောင်းက ဆာဗာမှာ ထည့်ပြီး စစ်ကြည့်တော့ သူ့ရီပို့က တခြား ရီပို့တစ်ခုနဲ့ တချို့ နေရာတွေ သွားတူနေတာကို တွေ့ရပါတယ်။ အမှန်တကယ်ကတော့ အရင်ရီပို့ကလည်း သူပဲ ရေးပြီး တင်ခဲ့တာပါ။ ဒါပေမယ့် ကျောင်းက ဒေတာဘေ့စ်က တင်သမျှ ရီပို့ အကုန် သိမ်းထားတာမို့ အရင် ရီပို့နဲ့ တူနေတဲ့ အကြောင်း ပြန်ပြတာပါ။ အဲဒါကို သူက ပညာရေး ဆိုင်ရာ ရိုးသားမှု လွန်ကဲပြီး ရီပို့ ထဲမှာ ရည်ညွှန်းချက် ထည့်ပါတယ်။ အရင်ရီပို့ထဲက စာပိုဒ်တွေကို သူ့နာမည်နဲ့သူ ပြန်ပြီး ကိုးကားတာပါ။ အဲဒီ ရီပို့ကို စစ်တဲ့ ဆရာတွေက ကိုယ့်နာမည်ကိုယ် ပြန်ပြီး ကိုးကားထားတာ ဖတ်ပြီး ရယ်ကြပါတယ်။ ဒါမျိုး တခါမှ မကြုံဖူးဘူးလို့လည်း ပြောကြပါတယ်။ အဲဒီ မြန်မာ ကျောင်းသားလည်း ကျောင်းက ဘွဲ့ရသွားတဲ့ အချိန် တက္ကသိုလ်မှာ ပြောစမှတ် တွင်ကျန်ရစ်ခဲ့ပါတယ်။

8 comments:

ကိုအောင် said...

ပညာသင်ကြားမှုဆိုင်ရာ ဗဟုသုတပါပဲ၊
ဖတ်လို့ ကောင်းတယ်ဗျာ။

ရွှေရတုမှတ်တမ်း said...

ကိုZT ကတော့ဇတ်ဆရာပြန်ရင်မှတ်စရာကျန်မယ်ဆိုသလိုပါပဲ...

Anonymous said...

သတိပိုသည်မရှိပေါ့.. ကိုယ့်နာမည်ကိုယ်ကိုးကားတာလဲ မမှားဘူးပေါ့။ cloneပေါ်လာရင်..အငြင်းမပွားရတော့ဘူး :D
mm

CalmHill said...

ကိုယ်ရေးတာလည်း လက်ရှိရေးနေတဲ့ paper မဟုတ်တဲ့အတွက် ပြန်ကိုးကားရပါတယ် မထည့်လို့မရပါ Reference လုပ်ထားခြင်းသည် Plagiarism မဖြစ်အောင် ထည့်ခြင်းမဟုတ်ပါ အဆိုပါအကြောင်းအရာကို စိတ်ဝင်စားပါက ဖတ်လို့ရအောင် ရည်ညွန်းရခြင်း ဖြစ်ပါသည်။ Published လုပ်ပြီးသား Articles များကို တစ်ချက်ကြည့်ပါ အများအားဖြင့် Self Reference များပါရှိပါသည်။

ZT said...

LPG,

His problem is he cited his preliminary report for same project during the submission of his final report. :D

Rita said...

တို့တော့ ဒီလိုပဲ ကူးချလိုက်တာပဲ

khin oo may said...

ကျောင်းသားတစ်ယောက်က ဖိုင်နယ်သီးစစ်ကိုရေးတာမှာ သူ့ဆရာလုပ်ခဲ့တဲသီးစစ်ကို အစအဆုံးပြန်ကူးထည့်ပြီးတင်ပြလိုက်သတဲ့. ပုံပြင်ပါဆိုမှာတော့ပုံပြင်လို့မှတ်ပါ.

အဲဒါဆရာက ဂရိတ်ဖိုက်ပေးလိုက်သတဲ့. ဘာဖြစ်လို့လဲဆိုတော့ ဆရာကပြောတယ်တဲ့ အဲဒီဟာ ကိုဆရာတင်ခဲ့တုံးက ဂရိတ်ဖိုက်ရသင့်တယ်လို့ထင်ခဲ့တာကို သူ့ဆရာက ဂရိတ်သရီးဘဲပေးခဲ့တယ်တဲ့ အဲဒါကြာင့် ဂရိတ်ဖိုက်ရသင့်တဲ့သူ့ သီးစစ်ကို အခုလိုတင်ပြလာတဲ့အခါ ဂရီတ်ဖိုက်ပေးသင့်တယ်လို့ယူဆပြီးပေးလိုက်ပါတယ်တဲ့။

Law Shay said...

အဲဒီကျောင်းသား မှန်ပါတယ်။ self plagiarism ကို ဆရာတော်တော်များများက လျစ်လျူရှုပေးပေမဲ့ တကယ်တန်းကျတော့ အဲဒါလဲ တရားမ၀င်ပါဘူး။ နောက်တမျိုးရှိပါသေးတယ်။ အဲဒါကတော့ စာတမ်း ၁ စောင်ပဲ ရေးရမဲ့ကိစ္စကို ၃ စောင်လောက်ခွဲရေးပြီး လူတတ်ကြီးလုပ်တာပါ။ အဲဒါလဲ မရပါဘူး။