Search This Blog

Sunday, September 19, 2010

နေသားမကျတဲ့မြို့

နေ့ခင်းဖက် အပြင်သွားမလို့ အိမ်က ထွက်လာတော့ လမ်းမပေါ်မှာ မိန်းမကြီးတစ်ယောက် အိတ်တစ်လုံး လွယ်ထားပြီး ဆံပင်တွေ ဝယ်တယ် ဆံပင်တွေဝယ်တယ်လို့ အော်ရင်း လမ်းလျှောက်လာတာကို မြင်ရပါတယ်။ ဆံပင် အရောင်းအဝယ် အကြောင်း ဂျာနယ်တွေထဲမှာ မကြာခဏ ဖတ်ဖူးခဲ့ပေမယ့် ကိုယ်တိုင် တစ်ခါမှ မကြုံဖူးလို့ အထူးအဆန်းလို ဖြစ်နေတာတော့ အမှန်ပါပဲ။ ဈေးရှေ့က ဆိုင်တွေမှာ စာလုံးအကြီးကြီးတွေနဲ့ ရေးထားတဲ့ ဆံပင် တပိသာ ၉၇၀၀၀ ဆိုတဲ့ ဆိုင်းဘုတ်တွေကို မျက်လုံးထဲမှာ ပြေးပြီး မြင်ယောင်မိပါတယ်။ တို့နိုင်ငံက ထွက်တဲ့ ပစ္စည်းထဲမှာ ဆံပင်ပါတယ်လို့များ ပြောရမလားလို့ စိတ်ထဲကလည်း စဥ်းစားလိုက် မိပါတယ်။

ဘတ်စ်ကား မစီးဖြစ်တာ ကြာပြီမို့ အိမ်နားက ကားဂိတ်မှာ ဘတ်စ်ကား တစ်စင်းပေါ်တက်ခဲ့ပါတယ်။ ဘယ်စီးစီး နှစ်ရာ ဆိုတဲ့ ကားပေါ်မှာ မတ်တပ်ရပ်လိုက်ရင်း ဟိုကြည့်ဒီကြည့် လျှောက်ကြည့် နေမိပါတယ်။ အိတ်ထဲမှာ ပါတဲ့ ငါးရာတန် ထုတ်ပေးတော့ ကားသမားက နှစ်ရာတန် အစုတ် တစ်ရွက်နဲ့ တစ်ဆယ်တန် ၁၀ ရွက် အမ်းပါတယ်။ နှစ်ရာတန်က ဟောင်းနွမ်းစုတ်ပြတ်ပြီး မကိုင်ချင်စရာ ကောင်းလောက်အောင် ဖြစ်နေပါပြီ။ ဆယ်တန် ကို ကြည့်ရင်း ဒီမှာ တစ်ဆယ်တန် သုံးကြသေးတယ်ပေါ့လို့ တွေးနေတုန်းမှာပဲ အသေအချာ ကြည့်မိတော့ တစ်ဆယ်တန် ၁၀ ရွက်ကို ပင်နဲ့တွဲချုပ်ထားတာကို သတိထားလိုက် မိပါတယ်။ ဟိုတစ်နေ့က တူမတွေနဲ့ ကစားကွင်းသွားရင်း တစ်ရှူးထုတ် အမ်းတာကို သတိရမိ ပါသေးတယ်။ တစ်ရာတန် အစား တစ်ရှူးထုပ် တစ်ထုပ် အမ်းရင်း ဒီကစားကွင်းထဲမှာ တစ်ရှူးထုပ်ကို တစ်ရာတန် အနေနဲ့ ဘယ်နေရာမှာ သုံးသုံး သုံးလို့ ရတယ်လို့ လက်မှတ်ရောင်းတဲ့ မိန်းမကြီးက ပြောလိုက်ပါတယ်။ သူပြောတဲ့ အတိုင်းလည်း ရပါတယ်။ နောက်ထပ် လက်မှတ်ဝယ်တော့ တစ်ရှူးထုပ်ကိုပဲ တစ်ရာတန် အနေနဲ့ လက်ခံပါတယ်။

၂ မှတ်တိုင်လောက် စီးပြီးတော့ ကားပေါ်ကနေ ဆင်းခဲ့ပါတယ်။ စားနေကျ ကွမ်းယာဆိုင်က အစ်မကြီးကို ကျွန်တော့်အတွက် ကွမ်းယာ ၅ ရာဖိုး ပေးပါလို့ မှာရင်း အစ်မကြီးနဲ့ စကားကောင်းနေ မိပါတယ်။ ခါတိုင်းတော့ ဒီကွမ်းယာဆိုင်ဘေးက ခုံမှာ ကျွန်တော်နဲ့ သိတဲ့သူ တစ်ယောက်မဟုတ် တစ်ယောက် အမြဲလို တွေ့ရတတ်ပါတယ်။ အခုတော့ အားလုံး နိုင်ငံခြားထွက်တဲ့သူနဲ့ နယ်ရောက်နေကြတဲ့သူတွေနဲ့ တစ်ယောက်မှ မကျန်တော့ သလောက် ပါပဲ။

ကွမ်းယာဆိုင်က ထွက်လာတော့ လမ်းမပေါ်က တက်ကစီ တစ်စင်း တားလိုက်မိပါတယ်။ လှည်းတန်း သွားချင်လို့ ပြောတော့ မလိုက်တော့ဘူးလို့ ပြောပြီး မောင်းထွက် သွားပါတယ်။ နောက်တစ်စင်း ထပ်တားတော့ နှစ်ထောင် ပေးပါ ဆိုတာနဲ့ ဈေးမဆစ်တော့ဘဲ ကားရှေ့ခန်းက တက်လိုက်ခဲ့ပါတယ်။ နိုင်ငံခြားမှာတော့ တက်ကစီ စီးရင် ရှေ့ခန်းက စီးလေ့ မရှိပါဘူး။ သက်တောင့်သက်သာ နောက်ခန်းကပဲ စီးတတ်ပါတယ်။ အခုတော့ နောက်ခန်းက စီးရင် မှန်ချစရာ လက်ကိုင်မတွေ့တာနဲ့ ရှေ့ခန်းက တက်စီးခဲ့တာပါ။ သွားနေရင်း လမ်းမှာ အဖွားကြီးတစ်ယောက်နဲ့ လူငယ်တစ်ယောက် ကားကို တားပါတယ်။ သူတို့က စမ်းချောင်းသွားမယ် ဆိုပြီး နောက်ခန်းက တက်လိုက်ကြပါတယ်။ တက်ကစီတစ်စင်းထဲကို လူပေါင်းပြီး စီးကြတာလည်း ရန်ကုန် ယဥ်ကျေးမှုပါပဲ။ ဓာတ်ဆီ ချွေတာပြီး ကမ္ဘာ့ပတ်ဝန်းကျင်ကို ထိန်းသိမ်းတယ်လို့ ကြီးကြီးကျယ်ကျယ် ပြောရမလား မဆိုတတ် ပါဘူး။ နောက်ခန်းက ပါလာတဲ့ ကောင်လေးက မှန်ချချင်လို့ လက်ကိုင်မရှိဘူးလားလို့ မေးတော့ ကားသမားက မှန်ချတဲ့ လက်ကိုင်ကလေး ထုတ်ပေးပါတယ်။ မှန်ချချင်ရင် လက်ကိုင်ကို ကားသမား ဆီက တောင်းရတယ်လို့ မှတ်သား ထားလိုက် မိပါတယ်။ ကိုယ့်မြို့ပေမယ့်လည်း မနေတာ ကြာတော့ ထုံးစံတွေ အားလုံးက အသစ်အဆန်း ဖြစ်နေပါတယ်။

မနေ့က တက်ကစီ စီးတုန်းက အဖြစ်ကို ပြန်သတိရပါတယ်။ ကားနောက်ခန်းမှာ ကျွန်တော့်တူမနဲ့ အတူ ထိုင်လာရင်း စကားပြောနေတုန်း ဘေးက တံခါးက ရုတ်တရက် ပွင့်ထွက် သွားလို့ လန့်သွားပါတယ်။ တံခါး မကျလို့ နေမှာပါလေလို့ စိတ်ထဲက တွေးရင်း တံခါးကို ပြန်ဆောင့်ပိတ်လိုက်ပါတယ်။ ခဏနေတော့ နောက်တစ်ခေါက် ပြန်ပွင့်ထွက်သွားပြန်ပါတယ်။ လမ်းမှာ တံခါးက ခဏ ခဏ ပွင့်နေလို့ တံခါးနားကို ကပ်ပြီး မထိုင်ရဲတော့ ပါဘူး။ တက်ကစီ အကုန်လုံး ဒီလိုတော့ မဟုတ်ပါဘူး။ မြို့ထဲက အပြန် ပါရမီ တက်ကစီ တက်စီးတော့ တခြားတက်ကစီ ထက် ဈေးသက်သာတဲ့ အပြင် မကြုံစဖူး အဲယားကွန်း ဖွင့်မောင်းတာနဲ့ပါ ကြုံလိုက်ရပါသေးတယ်။

တချိန်ကတော့ ကျွန်တော်လည်း ရန်ကုန်လမ်းမပေါ် ဒီလိုပဲ လျှောက်သွားနေခဲ့ဖူးတာပါပဲ။ ၁၀ တန်း အောင်စာရင်း ထွက်တဲ့ညက ဘရိတ်မမိတဲ့ကားကို သူငယ်ချင်း တစ်ယောက်က တစ်နာရီ မိုင်၁၀၀ ကျော် မောင်းတာကို အပြုံးမပျက် ဘေးကနေ ထိုင်စီးခဲ့ဖူးတာ သတိရပါတယ်။ ဒါပေမယ့်လည်း ရန်ကုန်မှာ မနေတာကြာတော့ ရန်ကုန်ကလူတွေ ကားမောင်းတာကို ကြည့်ရင်း နည်းနည်းလန့်နေပါတယ်။ မလွတ်မှန်း သိရက်နဲ့ ခေါင်းအတင်း ထိုးထည့်ပြီး ကားတစ်စင်း တည်းပါ ဆိုပြီး လက်တစ်ချောင်း ထောင်ပြတာ၊ လမ်းမပေါ်မှာ စက်ဘီးတွေ ဆိုက်ကားတွေနဲ့ ပွတ်ကာသီကာ ရှောင်နေတာကို ကြည့်ရင်း ဘေးမှာ သည်းထိတ်ရင်ဖို ဖြစ်နေပါတယ်။ မျက်စိရှေ့မှာ လူအပြည့်တင်ထားတဲ့ ဘတ်စ်ကားကြီးတွေ ဟိုဘက်လူး သည်ဘက်လှိမ့် မောင်းနေတာကို ကြည့်ရင်းလည်း မျက်လုံးပြူးနေ မိပါတယ်။ လူတိုင်း လမ်းစည်းကမ်း လိုက်နာနေတဲ့ နိုင်ငံမှာတော့ ဒီလိုတွေသာ မောင်းကြရင် ယာဥ်တိုက်မှုတွေ ဖြစ်လိုက်မှာ နည်းမှာ မဟုတ်ပါဘူး။ အခုလို လူတိုင်းက ကြုံသလို လုပ်နေကြတော့လည်း အားလုံး သတိထားမောင်းကြတော့ သူ့အရပ်နဲ့ သူ့ဇာတ်တော့ အလုပ် ဖြစ်နေကြတာပါပဲ။

ညနေဖက် သူငယ်ချင်းတွေနဲ့ အတူ စားသောက်ဆိုင် တစ်ဆိုင်ထဲ ဝင်သွားတော့ စားပွဲထိုးများက ခါးတစ်ဝက်လောက် ဦးညွှတ်ပြီး အရိုအသေ ပေးကြပါတယ်။ စိတ်ထဲတော့ သိပ်ပြီး သဘောမတွေ့မိပါဘူး။ ကိုယ်တိုင် နိုင်ငံခြားမှာ နှစ်အတော်ကြာ စားပွဲထိုးဖူးပေမယ့် ကပ်စတန်မာကို ဒီလောက်အထိ အရိုအသေ မပေးဖူးတာ အမှန်ပါပဲ။  တို့နိုင်ငံကလူတွေ အရိုအသေ လွန်နေကြပြီလားလို့ စိတ်ထဲ တွေးမိပါတယ်။ အပေါ့သွားချင်လို့ အိမ်သာထသွားတော့ တစ်ရှူးပေပါ ကိုင်ပြီး အသင့်စောင့်နေတဲ့ ဆိုင်ဝန်ထမ်းကောင်လေး တစ်ယောက်ကို တွေ့မိပါတယ်။ ဆားဗစ်က ကောင်းလွန်းလှချည်လားလို့လည်း စိတ်ထဲမှာ တွေးလိုက်မိ ပါသေးတယ်။

တစ်နေကုန် လျှောက်သွားရင်း ည ၁၂ နာရီလောက် ရောက်တော့ သူငယ်ချင်းတွေနဲ့ အတူ ကမ္ဘာအေး ဘုရားလမ်းပေါ်က လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ ထိုင်ဖြစ်ပါတယ်။ စင်ကာပူမှာ လက်ဖက်ရည် ဘယ်လောက်ကောင်းတယ် ပြောပြော ရန်ကုန် လက်ဖက်ရည်ကိုတော့ မမီပါဘူး။ လက်ဖက်ရည် တစ်ခွက်သောက်ရင်း သူငယ်ချင်းတွေနဲ့ စကားပြောနေတုန်း ဘေးစားပွဲက ဝုန်းဒိုင်းကြဲတဲ့ အသံကြားလိုက်ရပါတယ်။ လှမ်းကြည့်တော့ တစားပွဲတည်း ထိုင်တဲ့သူ အချင်းချင်း ရန်ဖြစ်ရင်းက ပုလင်းနဲ့ ထရိုက်ကြတာပါ။ စားပွဲဝိုင်းမှာ ထိုင်နေတဲ့ ကောင်လေး ခေါင်းမှာ သွေးတွေဖြာကနဲ ကျပြီး စားပွဲက ထသွားတာကို မြင်လိုက်ရပါတယ်။ ဘေးနားက သူ့အပေါင်းအသင်းတွေက တွဲခေါ်သွားကြပါတယ်။ ရန်ကုန်မှာ နေတုန်းကတော့ ရန်ပွဲထဲမှာ ကိုယ်တိုင် ဆော်ဖူး နှက်ဖူး ပါတယ်။ ဒါပေမယ့် ကိုယ်ထိလက်ရောက် ရန်ဖြစ်တယ် ဆိုတာ ရှားပါးတဲ့ နိုင်ငံမှာ အနေကြာ လာတော့ ရန်ဖြစ်တယ်ဆိုတာ စိတ်ထဲမှာ အထူးအဆန်းလို ဖြစ်နေပါတယ်။

တကယ်တော့လည်း ဒီမြို့ဟာ ကျွန်တော်တစ်သက်လုံး နေထိုင်လာခဲ့တဲ့ မြို့ပါပဲ။ ဒါပေမယ့် ဒီမြို့ထဲမှာ မနေဘဲ အပြင်မှာ ထွက်နေလာတာကြာတော့ မျက်စိထဲမှာ အားလုံးဟာ အသစ်အဆန်းလို ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း ခဏပါပဲ။ ကိုယ့်မြို့မှာကိုယ် နေသားပြန်ကျဖို့က မြန်ပါတယ်။ ဒါပေမယ့် နေသား ပြန်ကျသွားတဲ့ အချိန်မှာတော့ နိုင်ငံခြားကို ပြန်ထွက်ခဲ့ ရတာပါပဲ။

12 comments:

khin oo may said...

လွမ်းမိသေးတယ်။

Ko Boyz said...

ဒုတိယမြို့တော် ဖြစ်သွားတဲ့ မြို့လား...။
မဖတ်ရတာ ကြာပြီ...။

ရွှေဘ၇ူနိုင်း said...

ဖတ်သွားပါတယ်။တထပ်တည်းခံစား၇ပါတယ်။

Phyo Maw said...

နောက်နှစ် ဖေဖော်ဝါရီ ရန်ကုန်ခဏပြန်မလား စဉ်းစားနေတယ်။

ချစ်ကြည်အေး said...

တစ်ရှူးကို ငွေကြေးအနေနဲ့ သုံးတယ် ဆိုတာနဲ့ ဘာတာစံနစ်ကိုတောင် သတိရမိသေး။

sosegado said...

တော်ရာမှာ နေကြရတာပါပဲ မမေ့နိုင်တဲ့ ရန်ကုန်
အားလုံးအဆင်ပြေနိုင်ကြပါစေ။
စကားမစပ် အချစ်အကြောင်းလေးရေးပါဦး၊

ဆွေလေးမွန် said...

ဘာပဲပြောပြော အဲဒီမြို့လေးကိုတော့ တစ်ကယ်မခွဲနိုင်တာ အမှန်..

ရွှေရတုမှတ်တမ်း said...

တားတားကတော့ ပြန်နေဖို့ ကြောက် ကြောက်..

ကြည်ဖြူပိုင် said...

ဟုတ်ပါ့ဟုတ်ပ့ါ
နေသားလဲကျသွားရော
၁လလည်းပြည့်သွားရေား(

Law Shay said...

ဆားဗစ်က ကောင်းလွန်းတာ မဟုတ်ဘူး။ အဲဒါ ပုံမှန်။ ဒီစလုံးကလူတွေ ဆားဗစ်ပိုင်း မညံ့ပေမဲ့ ကာစတန်မာကို လေးစား၊ အရိုအသေပေးရမှန်း မသိဘူး။

Sir လို့ခေါ်ရမယ်၊ အိမ်သာထဲက သန့်ရှင်းရေး လုပ်နေတဲ့ ဘွိုင်က လက်ဆေးဖို့ ဆပ်ပြာ ဖွင့်ပေးရမယ်၊ လက်သုတ်ဖို့ ပုဝါ သို့မဟုတ် စက္ကူပေးရမယ်၊ တံခါး ဖွင့်ပေးရမယ်။ မုန့်ဘိုးပေးရင် ကျေးဇူးတင်ပါတယ် ဆရာ ဖြစ်ရမယ်။

နီယောက်ရှမား ဆိုပြီး ၀ိဘတ်မပါတဲ့ တရုတ်စကားပုံစံကတော့ (စာတတ်တဲ့) တရုတ်စစ်စစ်တွေတောင် မပြောကြပါဘူး။ ရိုင်းတယ်လို့ ပြောပါတယ်။ စလုံးတရုတ်က တရုတ်လိုဆိုရင် နီယောက်ရှမား၊ အင်္ဂလိပ်လိုဆိုရင် What you want? ဆိုပြီး တိုက်ရိုက် ဘာသာပြန်မေးပါတယ်။ အင်မတန် ရိုင်းပါတယ်။

ဂျပန် Anime နဲ့ ကြီးပြင်းခဲ့တဲ့သူ တစ်ယောက်အနေနဲ့ တခါတလေ စလုံးက ၀န်ဆောင်မှုပေးတဲ့ သခင်မျိုးဟေ့ တို့စလုံး တရုတ်တွေကို ဆွဲဆွဲ ထိုးချင်စိတ်ပေါက်မိပါတယ်။

Law Shay said...

ပြောလက်စနဲ့ ဆက်ပြောရဦးမယ်။ ဂျန်တင်းကို သွားတော့ (စလုံးတွေ အလာများလို့ ထင်ပါတယ်။) အဲဒီက မလေး ၀န်ထမ်းတွေပါ အကျင့်ပျက်ကုန်တယ်။

အိပ်ခန်း check-in လုပ်တာကို စံတော်ချိန်နဲ့ အတိအကျလုပ်လွန်းတော့ အသက်ကြီးတဲ့ လူကြီးပါလို့ walk-in rate ပေးပါမယ်ဆိုတာတောင် မသိ၊ မရှိ၊ ကုန်ပြီပဲ (အမှန် ဟိုတယ်တိုင်းမှာ ဗွီအိုင်ပီ လမ်းလျှောက်ဝင်လာရင်ပေးဖို့ အခန်းအနည်းငယ် သီးသန့်ချန်ထားရပါတယ်။) မျက်နှာ ၈ ခေါက်ချိုးနဲ့လဲ ဖြစ်နေသေးတယ်။

ထားပါတော့ မရရင်လဲ စောင့်သကွာဆိုပြီး စောင့်လိုက်တာ အခန်းလဲ ရရော ကဲ သွားမယ်ဆိုတော့ ဘွိုင်က အိတ်သယ်ပေးဖို့ ဝေးစွ၊ ကုလားထိုင်ကတောင် မထ။ ဒီတခါတော့ ဟေ့ကောင် အိတ်သယ်လေ ဘာလုပ်နေတာလဲလို့ ပြောဖြစ်တယ်။ အဲဒီတော့မှ စူပုတ်စူပုတ်နဲ့ သယ်တော်မူတယ် (သူ့အလုပ်က အိတ်သယ်တဲ့ ရာထူးဗျာ) ဘာကိစ္စ မသယ်ပေးရသနည်း မေးတော့ ဧည့်သည်များလို့ပါတဲ့။ ဘာမှ မဆိုင်။

ရှိသေးတယ်။ စကားပြောရင် ပြုံးပြီးမပြောတာ၊ ဟောက်ငန်းတဲ့လေသံပါတာ အမျိုးကို စုံနေတာပဲ။ တခါတလေ စိတ်တိုလို့ ငါ့ကို ပြုံးပြီး သေချာ ပြန်ပြောစမ်းဆိုပြီး စကားအစအဆုံး ပြုံးပြီး မပြောမချင်း အခါခါ ပြန်ပြောခိုင်းလိုက်တယ်။ ဘာဖြစ်ဖြစ်လေ လူလူချင်း စကားပြောရင်တောင် မျက်နှာထား ချိုချိုထားသင့်သေးတာ သူက ကာစတန်မာကို မျက်နှာ ၈ ခေါက်ချိုး။

BTW, Penang က မလေးဝန်ထမ်းများ အများအားဖြင့် ဖောက်သည်ကို ရိုသေလေးစားမှု ရှိတာကို သတိထားမိပါသည်။

ZT said...

ဘယ်အရာ မဆိုကြေးကွာပါတယ်။ ဂျပန်မှာ ဆားဗစ်စ် ဝန်ထမ်းတွေ ရတဲ့ လခမျိုး စင်ကာပူမှာ မရကြပါဘူး။ အဲဒီတော့ စင်ကာပူက ပေးတဲ့ လခနဲ့ တန်တဲ့ ဆားဗစ်စ်မျိုးပဲ မျှော်လင့်လို့ ရပါလိမ့်မယ်။

Marina Bays Sands က ဗွီအိုင်ပီ အခန်းထဲ ဝင်လို့ ဒီလို ဆားဗစ်စ်မျိုး မရရင် ဝန်ထမ်း အလွန်ပါ။ သာမန် ဟိုတယ်မှာ ဒီလို ဆားဗစ်စ်မျိုး မျှော်လင့်ရင်တော့ ကပ်စတန်မာ အလွန် ဖြစ်ပါလိမ့်မယ်။ မိတ်ဆွေ စင်ကာပူက ဆားဗစ်စ် လိုင်းထဲမှာ မလုပ်ဖူးလို့ ကိုယ်ချင်းမစာတတ်တာပါ။ အဲဒါ စင်ကာပူ လူမျိုးမှ မဟုတ်ပါဘူး။ ဆားဗစ်စ်လိုင်းထဲမှာ လုပ်နေတဲ့ မြန်မာတွေလည်း ဒီလိုပါပဲ။ ဒီလောက်များတဲ့ ပရက်ရှာ အောက်မှာ လုပ်နေတဲ့ ဝန်ထမ်းတစ်ယောက် စိတ်ပါလက်ပါ ပြုံးဖို့ဆိုတာ အတော်ကို ခဲယဉ်းတဲ့ ကိစ္စပါ။ ကျွန်တော် ကိုယ်တိုင် 5 Stars Hotel တွေမှာ အလုပ်လုပ်ဖူးလို့ သူတို့ကို ကိုယ်ချင်းစာနိုင်ပါတယ်။