Search This Blog

Wednesday, October 6, 2010

ရှေ့ဆက်ရန် ခရီး

မြန်မာအိုင်တီ ပရော်ဖက်ရှင်နယ်မှာ တင်ထားတဲ့ Lionslayer ရဲ့ပို့စ် ပါ။ သဘောကျလို့ ခွင့်ပြုချက်တောင်းပြီး ပြန်လည်ဝေမျှ လိုက်ပါတယ်။


ဇာတ်လမ်းအစ

ကျွန်တော်တို့ ပလန်းနက်ဆိုက်မှာ ဇော်ဂျီဖောင့်ကို စ မိတ်ဆက်တုန်းက ဟာ... ဒီဆိုက် မိုက်တယ်.. မြန်မာလိုရော အင်္ဂလိပ်လိုရော ရေးလို့ရတယ်.. ဇော်ဂျီဆိုတာကလည်း ကမ္ဘာ့အဆင့်မီ ယူနီကုတ်ဖောင့်ဆိုပါလား ဆိုပြီးတော့ စွဲစွဲမြဲမြဲ စသုံးဖြစ်ခဲ့တယ်။ အဲဒီတုန်းက ဖိုရမ်စွဲပြီး နေ့နေ့ညည အဲမှာပဲ တော်တော် အချိန်ုကုန်ခဲ့သေးတယ်။ အဲဒီတုန်းက ခုခေတ်ဖိုရမ်တွေလို အခုရေး အခုတက် မဟုတ်ဘူးဗျ။ အက်မင်တွေ မော်ဒရေတာတွေက တစ်ရက်သုံးကြိမ် စစ်စစ်ပြီးမှ တင်ပေးတယ်။ အဲတော့ သူတို့ ဆင်ဆာလွတ်အောင် ရေးရပြုရတာ တစ်လုပ်၊ သူတို့တင်ပေးတာကို တမျှော်မျှော်မော့ရတာက တစ်လုပ်။ ပလန်းနက်မှာ တစ်နှစ်ကျော်လောက် တောက်လျှောက်ရေးလိုက်သေးတယ်။ အဲဒီတုန်းက ပလန်းနက်ဖိုရမ်မာများဆိုပြီး ဘားလမ်းက မစ္စတာဘရောင်းမှာ ခဏခဏ တွေ့ကြတာ မှတ်မိသေးတယ်။

နံပတ်တစ် ဇော်ဂျီ

နောက်တော့ ပလန်းနက်ကြီး ခဏခဏဒေါင်းပြီး ရေးထားသမျှတွေ ပြောင်ကုန်တာနဲ့ပဲ စိတ်ကုန်ပြီး မရေးဖြစ်တော့တော့ဘူး။ ပလန်းနက်မှာ စွဲစွဲမြဲမြဲရေးဖြစ်တဲ့ ဖိုရမ်မာတွေဟာ နောက်တော့ ဘလော့ဂါတွေ ဖြစ်ကုန်ကြပါတယ်။ ဘလော့ဂါဖြစ်တော့လည်း သုံးနေကျ ဇော်ဂျီနဲ့ပဲ ရေးကြတယ်။ အဲဒီတုန်းက တခြား ရွေးချယ်စရာ ဖောင့် များများစားစား မရှိဘူးဗျ။ ဇော်ဂျီသာလျှင် တစ်ခုတည်းသော ရွေးချယ်စရာပဲ။ အဲဒီတုန်းက ကျွန်တော်တို့ရဲ့စိတ်ထဲမှာ ဇော်ဂျီသာလျှင် ကမ္ဘာသုံး မြန်မာစာအတွက် တစ်ခုတည်းသော အဖြေ ဖြစ်တယ်လို့ တွေးမိပါတယ်။ ဇော်ဂျီဖောင့် ပေါ်ပြူလာဖြစ်လာတဲ့ အကြောင်းရင်းတွေကို စစ်တမ်းချကြည့်ရင် ဒီလိုတွေ့မယ်။

၁) ဆိုရှယ်ဆိုက်ဖြစ်တဲ့ ပလန်းနက်က စခြင်း။ အဲဒီတုန်းက ပုဂံနက် ရပ်သွားပြီးတဲ့နောက် ပလန်းနက်ဟာ ပြိုင်ဘက်မရှိ နံပတ်တစ် လူအဝင်ဆုံး ဖိုရမ်ပါ။

၂) ကီးဘုတ်မလိုခြင်း။ ကီးဘုတ်မပါဘဲ Text box မှာတင် ရေးလို့ရအောင် Java Script နဲ့ လုပ်ထားပေးတယ်။

၃) ပြိုင်ဘက်မရှိခြင်း။ ဇော်ဂျီ စပေါက်တော့ သူနဲ့ပြိုင်စရာ ဘာအခမဲ့ဖောင့်မှ မရှိပါ။

၄) ကြော်ငြာအားကောင်းခြင်း။ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ဂျာနယ်တွေမှာ ဇော်ဂျီယူနီကုတ် ဇော်ဂျီယူနီကုတ် ဆိုပြီး ခဏခဏ ပါတယ်။ အချင်းချင်းကြားမှာလည်း ပါးစပ်ကြော်ငြာဟာ အတော်ထိရောက်ပါတယ်။

၅) ဝိုင်းဝန်းကူညီကြခြင်း။ မြန်မာရှေးဦးဘလော့ဂါတွေဖြစ်တဲ့ ကိုမောင်လှ၊ ညီလင်းဆက်ဘလော့စတာတွေမှာ ဇော်ဂျီကို ဘယ်လို စီအက်စ်အက်စ် ရေးနည်း၊ Embed လုပ်နည်း၊ နောက် ဇော်ဂျီဖောင့် သွင်းနည်း၊ ကီးဘုတ်ရိုက်နည်း စတာတွေကို အသေးစိတ်လမ်းညွှန် ရေးပေးထားတာ နောက်လူတွေအတွက် အင်မတန် အထောက်အကူ ဖြစ်ပါတယ်။ အခုတောင် ဘလော့စရေးတဲ့လူတွေဟာ အဲဒီပို့စ်တွေကို Google ပြီး လိုက်ကြည့်လုပ်နေရတုန်းပါပဲ။ ဇော်ဂျီမှာပါတဲ့ အမှားတွေ၊ Bugs တွေကိုလည်း ဝိုင်းပြင်ပေးကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဇော်ဂျီဖောင့်
ပရင့်ထုတ်၊ PDF ထုတ်လို့ရှိရင် တချို့စာလုံးနေရာတွေမှာ အင်္ဂလိပ် အက္ခရာတွေလာပေါ်နေတဲ့ ပြဿနာကို Fix လုပ်ပေးဖူးတယ်။

၆) ဘယ် OS မှာမဆို အလုပ်ဖြစ်ခြင်း။ ဇော်ဂျီဟာ Font Shape ကလွဲပြီး ဘာနည်းပညာမှ ထည့်မထားတဲ့ ဖောင့် ဖြစ်တဲ့အတွက် နေရာတော်တော်များများမှာ သုံးရ အဆင်ပြေတယ်။ အထူးသဖြင့် မြန်မာတွေရဲ့ လက်စွဲ ဂျီတော့။

ဇော်ဂျီဟာ ယူနီကုတ် မဟုတ်ဆိုပါလား


ကဲ ဒီအချိန်မှာ တခြားတစ်ဘက်ကို ကြည့်ရအောင်။ ကျွန်တော်ဟာ ယူဇာနေရာက ပြောနေတာဖြစ်တဲ့အတွက် ဘယ်ခုနှစ်က ဘယ်ဗားရှင်းက ဘာဖြစ်တယ် ဆိုတာတွေ အမှတ်အသား မရှိပါ။ ဘာက ဘယ်လို အကြောင်းအကျိုးတွေ ဖြစ်သွားတယ်ဆိုတာ ကြည့်ပါမယ်။ ဒီလိုဇော်ဂျီကို အရှိန်အဟုန်နဲ့ သုံးလာရင်းနဲ့ တစ်နေ့တော့ စာစောင်တစ်ခုဆီက အသံထွက်လာပါတယ်။ "ဇော်ဂျီဟာ ယူနီကုတ် မဟုတ်၊ ယူနီကုတ်အစစ် ရှိတယ်"။ ဟိုရှာဒီရှာနဲ့ နောက်ဆုံး မိုင်မြန်မာကို သွားတွေ့ပါတယ်။ ဒါပေမယ့် မိုင်မြန်မာရဲ့စျေးကွက်ဗျူဟာက သိပ်မနိပ်လှပါ။ ကွန်ပျူတာက အခြေခံဖောင့်တွေကို မိုင်မြန်မာပြောင်းပစ်ပါတယ်။ မိုင်မြန်မာသွင်းပြီးတဲ့နောက် ကွန်ပျူတာက မြန်မာစာတွေ ဖြစ်ကုန်ပါရော။ ပိုဆိုးတာက ရှိလက်စ ဇော်ဂျီပါ မမြင်ရတော့။ အဲဒီတော့ သွင်းပြီးပြန်ထုတ် မုန့်ဖက်ထုပ် လို့ပဲ ပြောပါရစေတော့။

တေတေကနိတ် အန်လယ်ပီ

ဒီအချိန် မြန်မာ အန်လယ်ပီက လုပ်နေတဲ့ မြန်မာဝမ်း၊ မြန်မာတူးတွေကို တော်ရုံတန်ရုံလူ မကြားဖူးပါဘူး။ မကြားဖူးဆို မီဒီယာတွေမှာလည်းမပါ၊ သတင်းထုတ်ပြန်တာလည်းမလုပ် နဲ့ "တိုးတိုးတိတ်တိတ် ကြိတ်မှိတ်လို့သာ ဖွင့်ဟမပြောပေမယ့်" ဆိုတဲ့ သီချင်းစာသားလိုပဲ မပြောတော့ မသိပါ။ မသိတော့ မသုံးပါ။ သိသွားတော့လည်း မြန်မာဝမ်း စမ်းတော့ မြန်မာတူးထွက်၊ မြန်မာတူး စမ်းတော့ မြန်မာသရီးထွက်ဆိုတော့ ယူဇာတွေရဲ့ စိတ်ထဲမှာ ယူနီကုတ်ဆိုတာ အမြဲပြောင်းနေတယ်ဆိုတဲ့ စိတ်မျိုးလေး ဝင်သွားပါတယ်။ အပြစ်တင်လိုတာ မဟုတ်ပါ။ ဖြစ်ခဲ့တာကို ပြောလိုရင်း ဖြစ်ပါတယ်။

ဆန့်ကျင်ဘက်ရလဒ်

နောက်တစ်ခုက ယူနီကုတ် လုပ်နေတဲ့လူတွေဟာ သူတို့ဟာ မြန်မာစာတိုးတက်ရေးအတွက် ကိုယ်ကျိုးစွန့်ပြီး လုပ်နေရတယ်၊ အဲဒါကို ယူဇာတွေက ဇော်ဂျီကြောင့် မကောင်းမြင်ရမလားဆိုပြီး ဘုတိုက်ချင်တဲ့ စိတ် အနည်းနဲ့ အများဝင်နေပုံ ရပါတယ်။ အဲဒီမှာတင် ယူနီကုတ်အကြောင်းပြောကြရင် ဇော်ဂျီဖောင့်ကို ချိုးချိုးနှိမ်နှိမ် ပြောပါတယ်။ လူဆိုတာ စပရိန်လိုပဲ ဖိရင် ကန်တတ်တဲ့သဘောရှိတဲ့အတွက် လူအများစုကြီးဟာ ဇော်ဂျီဘက်ပဲ ရောက်ကုန်ပါတော့တယ်။ ယူနီကုတ်သမားတွေလည်း နေရင်းထိုင်ရင်း လူကြမ်းမင်းသား ဖြစ်မှန်းမသိ ဖြစ်ကုန်ကြပါတော့တယ်။


ရပ်သွားတဲ့ ဇော်ဂျီ

ဇော်ဂျီဟာ စထွက်တာကနေ ခုထိ ဗားရှင်းပေါင်း မြောက်များစွာ ထွက်ခဲ့တာ နောက်ဆုံးအထိဆိုရင် ၁၂ မျိုး ရှိပါတယ်။ ဒီထဲမှာ ဂျီတော့ဟက်ခ် အေရီရယ်ဟက်ခ် စတဲ့ စစ္စတမ်ဖိုင်တွေကို အစားထိုးပစ်တာ၊ Internet Explorer မီးမြေခွေး အစရှိတဲ့ ဘရောက်ဇာတွေရဲ့ အခြေခံ CSS ကို ဇော်ဂျီဖြစ်အောင် ပြောင်းပစ်တာ အစရှိတာတွေလည်း ပါပါတယ်။ ရလဒ်ကတော့ အဲဒီလိုမျိုးဇော်ဂျီ Installer တွေကို သုံးထားရင် ဘယ်ယူနီကုတ် သွင်းသွင်း ဇော်ဂျီကလွဲလို့ မမြင်ရတော့တဲ့ ပြဿနာတွေ ဖြစ်လာပါတယ်။ ဇော်ဂျီကိုယ်တိုင်မှာလည်း ရှေးဦး ဗားရှင်းတွေကို နောက်ပိုင်းဗားရှင်းနဲ့ကြည့်ရင် မမြင်ရတော့တဲ့ ပြဿနာတွေ ဖြစ်လာတယ်။ အဲဒီမှာတင် ဇော်ဂျီအဖွဲ့ဟာ ဇော်ဂျီဗားရှင်း အချင်းချင်း မကိုက်တာကို ကာကွယ်ဖို့အတွက် ဗားရှင်းအသစ် ဆက်ထုတ်ခြင်းကို ရပ်ဆိုင်းလိုက်ပါတော့တယ်။

လူသုံးများနေတာ စံ (standard) လုပ်လိုက်ပါတော့လား


ဇော်ဂျီစလုပ်တော့ အဲဒီအချိန်အထိ အတည်ဖြစ်ခဲ့တဲ့ အစောပိုင်း ယူနီကုတ်စံကို အက္ခရာနေရာ တော်တော်များများ တူအောင် ကြည့်ပြီး လုပ်ခဲ့ပါတယ်။ ဒါပေမယ့် မြန်မာစာရဲ့ ရှုပ်ထွေးတဲ့ ရေးသားပုံ၊ စာလုံးပြောင်းလဲပုံတွေကို ကာမိဖို့အတွက် အက္ခရာနေရာ တော်တော်များများကို တိုင်းရင်းသားတွေအတွက် ဖယ်ထားတဲ့နေရာက ယူသုံးခဲ့ပါတယ်။ ဥပမာအားဖြင့် ဇော်ဂျီမှာ ရရစ် အကြီးအသေး ခေါင်းတို ခြေတို စတာတွေနဲ့ ရရစ်ပုံစံ ရှစ်မျိုး ရှိပါတယ်။ ဗျည်း ၃၃ လုံးမှာလည်း ဗျည်းတစ်လုံးစီအတွက် အကြီးတစ်လုံး၊ ပါဌ်ဆင့်အသေးတစ်လုံး နှစ်လုံးစီ အနည်းဆုံး ရှိပါတယ်။ စာရိုက်ရင်လည်း အမြင်အတိုင်းရိုက်ရတဲ့အတွက် "ကို" ဆိုတဲ့ စာလုံးကို ရိုက်မယ်ဆိုရင် တချို့က ကကြီး လုံးကြီးတင် ပြီးမှ ချောင်းငင်နဲ့ ရိုက်ပြီး တချို့က ကကြီးချောင်းငင် ပြီးမှ လုံးကြီးတင်နဲ့ ရိုက်ပါတယ်။ လူအပေါ်မူတည်ပြီး စာရိုက်ပုံတွေ ကွဲသွားတဲ့အတွက် မြန်မာဝေါဟာရ တစ်လုံးအတွက် စာလုံးအတွဲအစပ် ဖြစ်နိုင်ခြေ မြောက်မြားစွာ ရှိနေပါတော့တယ်။

ဒီအချိန်မှာ ရှမ်းတိုင်းရင်းသားတစ်ယောက်ဟာ ဗမာစာရော ရှမ်းစာပါ တွဲရိုက်ချင်ပြီ ဆိုပါတော့။ ဇော်ဂျီကို သုံးလို့ မရနိုင်တော့ပါဘူး။ "ကဲ ဒီပြဿနာကို အလွယ်ဖြေရှင်းမယ်ကွာ။ ရှမ်းမှာ လိုနေတဲ့ အက္ခရာတွေကို မွန်စာထဲက ယူသုံးမယ်။ မွန်စာ အတွက်ရော။ လွယ်ပါတယ်။ ကရင်စာထဲက ယူသုံးမယ်။ ကဲ ကရင်စာအတွက်ရော။ တခြားဘာသာထဲက ယူသုံးမယ်ကွာ။ အဲ ဘာသာတတ်တဲ့လူလည်း မြန်မာနိုင်ငံမှာ မရှိလောက်ပါဘူး။" ... ကျွန်တော်တို့ ပြဿနာတစ်ခုကို မနုတ်လောက် တစ်ဆယ်ချေးဆိုသလိုမျိုး ကလေးတုန်းကလို အလွယ် ပြီးပြီးရော ဖြေရှင်းချင်လို့ မရတော့ပါဘူး။

တစ်ချိန်က မြန်မာစာ စာလုံးပြောင်းလဲပုံအတွက် နည်းပညာ မရှိသေးလို့ ဇော်ဂျီကို အဲဒီအတိုင်း ထုတ်လိုက်ရပါတယ်လို့ ဆိုခဲ့ရင် အခုခေတ်မှာ စာလုံး ပြောင်းလဲပုံတွေကို ဖြေရှင်းဖို့ နည်းမျိုးစုံ ရှိနေပါပြီ။ ဒါပေမယ့် ဇော်ဂျီဟာ ပြောင်းတော့မှာ မဟုတ်ပါ။ ဇော်ဂျီ ၂၀၀၉ ကို ဂျပန်နိုင်ငံက ကွန်ပျူတာပညာရှင်တစ်ဦးဖြစ်တဲ့ ကိုစိုးမင်းက ဖြစ်မြောက်အောင်မြင်အောင် ကြိုးစားခဲ့ပေမယ့် လူသုံးများတဲ့ ဇော်ဂျီဗားရှင်းနဲ့ အမှန်မမြင်ရတဲ့အတွက် ဇော်ဂျီအဖွဲ့က ယူမသုံးခဲ့ပါ။ ကျွန်တော်ထပ်ပြောပါမယ်။ ဇော်ဂျီဟာ ရပ်သွားပါပြီ။ ရပ်နေတာဟာ Standard ဖြစ်နေတာမဟုတ်ပါ။ ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ ပုံပြင်ထဲကလို ဇာတ်ထဲကအတိုင်း ပလို့ဂျိ ဆိုတာနဲ့ ခြေထောက်ကို ခေါင်းမှာ လှမ်းချိတ်လိုက်တာ ပြန်ဖြုတ်မရတော့ပဲ လှုပ်မရ ပြုမရ ဖြစ်နေတဲ့ ပုံပါ။


ယူနီကုတ် ဆိုတာ ဖောင့်သက်သက်မဟုတ်

ယူနီကုတ်စနစ်၊ အိုင်အက်စ်အိုစနစ်တွေနဲ့ အကြိမ်ကြိမ် တိုက်စစ်ပြီးတဲ့နောက် ကွန်ပျူတာသုံး မြန်မာစာဟာ စိတ်ချလက်ချ သုံးစွဲနိုင်တဲ့ အဆင့် ရောက်ခဲ့ပါပြီ။ Unicode Consortium က ထုတ်ပြန်တဲ့ Chart အရ Unicode 5.2 ဟာ မြန်မာစာအတွက် အတည် ဖြစ်သွားပါပြီ။ အများစုက ယူနီကုတ်ဆိုတာ ဖောင့်တစ်မျိုးလို့ စိတ်ထဲ စွဲနေကြတာ များပါတယ်။ ယူနီကုတ်ဆိုတာ အမှန်တော့ ကွန်ပျူတာသုံး မြန်မာစာအတွက် သတ်မှတ်ထားတဲ့ စံ တစ်ရပ်ပါ။ ယူနီကုတ်စနစ်နဲ့ ကိုက်ညီဖို့အတွက် သူ့စည်းမျဉ်းတွေ ရှိပါတယ်။

၁) မြန်မာစာအတွက် သတ်မှတ်ထားသည့် အက္ခရာများသည် Unicode 5.2 Chart ထဲကအတိုင်း နေရာ အတိအကျ ရှိရမည်။

၂) မည်သည့် ယူနီကုတ် Encoding မဆို ဗျည်းမှ စရမည်။ ယင်းနောက်မှ ဗျည်းတွဲ၊ သရ၊ Tone/ဗျည်း၊ အသတ် လိုက်ရမည်။ ဥပမာ " ပြောင်း" ဆိုတဲ့ စာလုံးကို ယူနီကုတ်မှာ "ပ + ြ- + ေ + ာ + င + -် + း" ရယ်လို့ စီပါတယ်။ မြန်မာစာ အသံစဉ် အရလည်း မှန်ပါတယ်။ ပ + ရ + အောင်း ။

ဒီနေရာမှာ မြန်မာတွေ ပြဿနာတက်တာပါပဲ။ သဝေထိုးက စရေးနေကျဆိုတော့ ဗျည်းနောက် သဝေထိုးရောက်သွားတာကို မနေတတ် မထိုင်တတ် ဖြစ်ကုန်ကြပါတယ်။ အမှန်က စာလုံးစီပုံမှာ အနောက်ရောက်သွားခြင်းဟာ ပြဿနာကြီးတစ်ရပ် မဟုတ်ပါ။ အမြင်မှာ သဝေထိုးအရှေ့က ရောက်နေဖို့သာ အဓိက ဖြစ်ပါတယ်။

ယူနီကုတ်၏ အားသာချက်

ယူနီကုတ်သုံးရင် မြန်မာစာဟာ ပိုလွယ်ပြီးတော့ ရှင်းသွားပါတယ်။ ယူနီကုတ်ရဲ့ အားသာချက်တွေကို ဒီလို စာရင်းလုပ်ပြလို့ ရပါတယ်။

၁) ယူနီကုတ်မှာ အက္ခရာတိုင်းစီအတွက် နေရာ တစ်ခုစီသာ ရှိပါတယ်။ ဥပမာ ကကြီးဟာ အပေါ်မှာနေနေ၊ ပါဌ်ဆင့်လိုက်လို့ အောက်မှာနေနေ ပုံစံပြောင်းသွားတာသာ ဖြစ်ပါတယ်။ ကကြီးအတွက် ကုတ်ပွိုင့်နေရာကတော့ တစ်ခုသာ ရှိပါတယ်။ ရရစ်ဟာလည်း တစ်မျိုးသာရှိပြီး စာလုံးကိုလိုက်လို့ သူ့အလိုလို ပုံစံပြောင်းလဲသွားခြင်းမျှသာ ဖြစ်ပါတယ်။ အဋ္ဌမ ဆိုတဲ့စာလုံးဟာ အဋ်ဌမ ဆိုတဲ့စာလုံးကို ချုံ့ထားခြင်းဖြစ်ပါတယ်။ ယူနီကုတ်မှာဆိုရင် စာတစ်လုံးစီဖြစ်ပြီး ပုံစံပြောင်းနေခြင်းမျှသာ ဖြစ်ပါတယ်။

၂) ဘယ်စာလုံးအတွက်မဆို စာလုံးစီပုံ တစ်မျိုးသာ ရှိတဲ့အတွက် Search Engine တွေ ရှာရတာလည်းလွယ်သွားပါတယ်။

၃) ဝေါဟာရတွေ စီစဉ်ရင် အက္ခရာစဉ်အလိုက် အလွယ်တကူ စီနိုင်ပါတယ်။ ဇော်ဂျီမှာဆိုရင် "က ၊ ကေ နဲ့ ကြ" ဟာ ကကြီးအစဉ်ထဲမှာ ရှိသင့်ပေမယ့် မရှိပါဘူး။ "ကေ"ဟာ သဝေထိုးခေါင်းစဉ်အောက်ရောက်ပြီး "ကြ"ဟာ ရရစ် ခေါင်းစဉ်အောက် ဝင်သွားပါတယ်။

၄) ဘယ် OS မဆို ဘယ်ဆော့ဝဲမဆို မြန်မာစာအထောက်အကူထည့်မယ်ဆိုရင် ယူနီကုတ်သာ ထည့်မှာ ဖြစ်ပါတယ်။

၅) Data တွေဟာ တစ်ခုနဲ့တစ်ခု တိုက်ရိုက်ပြောင်းလဲနိုင်ပါတယ်။ ဆိုလိုတာက ဒီစက်မှာ Cat လို့ ရိုက်ထည့်ရင် ကမ္ဘာတစ်ဘက်ခြမ်းက ဟိုဘက်စက်မှာ ဘာဖောင့်မှ အသစ်သွင်းစရာ မလိုပဲ Cat လို့ မြင်နိုင်ပါတယ်။ ဘယ်နိုင်ငံကလူမဆို မြန်မာစာကိုကြည့်ချင်ရင် တစ်မျိုးတည်း အလွယ်တကူ မြင်နိုင်မှာ ဖြစ်ပါတယ်။

ကီးဘုတ် ကိစ္စ

ဇော်ဂျီသုံးနေရာက ယူနီကုတ်စသုံးတော့ ယူဇာအတော်များများ ကွန်ပလိန်းတက်ကြတာက ကီးဘုတ် ပြဿနာပါ။ အမှန်က ယူနီကုတ်အတွက် ကီးဘုတ်တစ်မျိုးမက ရှိပါတယ်။ အရင်လာအရင်ရိုက်ရတဲ့စနစ်၊ သဝေထိုးကလွဲရင် ကျန်တာ အရင်လာ အရင်ရိုက်ရတဲ့ စနစ်၊ ဇော်ဂျီရိုက်သလို ရိုက်လို့ရတဲ့ စနစ် ၊ ဘားဂလိပ်နဲ့ ရိုက်တဲ့စနစ် စသည်ဖြင့် အစုံရှိပါတယ်။ အဲဒီ Information အစုံအလင်အတွက် myanmarlanguage.org မှာ တင်ပေးဖို့ ကြိုးစားနေပါတယ်။

မူပိုင်ခွင့်

အင်တာနက်မှာ အလကားရတာဆို ကောက်သုံးလိုက်တာပါပဲ၊ ဘာလိုင်စင်မှလည်း ဂရုစိုက်မနေပါဘူး၊ ဆော့ဝဲတွေ အင်စတောလုပ်ရင် အစမှာပါတဲ့ လိုင်စင်သဘောတူညီချက်တွေကို ကျော်ဖတ်ပစ်တာပဲ ဆိုတဲ့လူက များပါတယ်။ ဒါပေမယ့် ဖောင့်ကိစ္စတွေမှာတော့ လိုင်စင်က အရေးကြီးလာပါတယ်။ ဇော်ဂျီက အခမဲ့ဖြစ်ပေမယ့် လိုင်စင်ကိစ္စ ရှင်းရှင်းလင်းလင်း မရှိပါ။ ဖောင့်ပုံစံရဲ့ မူရင်းပိုင်ရှင် နဲ့ အခြားဝယ်ထားသူတစ်ယောက်တို့က မူပိုင်ခွင့် ကိစ္စတွေပြောထားတာကို ဖတ်လိုက်ရပါတယ်။ ဖောင့်တစ်ခုမှာ မူပိုင်ခွင့်ရယူထားတာရှိရင် အခြားသူတွေအနေနဲ့ -

၁) အဲဒီဖောင့်ကို ပြုပြင် ပြောင်းလဲပိုင်ခွင့် မရှိပါ။ (ကျွန်တော် ဇော်ဂျီကို အခြေခံပြီး ပိတောက်ဇော်ဂျီဆိုတဲ့ ယူနီကုတ်ဖောင့် လုပ်ထားတာ ရှိပါတယ်။ အဲဒါကို ဖျက်ချပစ်ဖို့ စဉ်းစားနေပါတယ်။)

၂) အဲဒီဖောင့်ကို ဝက်ဘ်ဆိုက်တွေမှာ Embed လုပ်ပိုင်ခွင့်မရှိပါ။ EOT, woff, svg, java font စတာတွေနဲ့ ကိုယ့်ဆိုက်မှာ ဖောင့်မပါဘဲ ပေါ်အောင်လုပ်ထားရင် မူပိုင်ခွင့်နဲ့ ငြိပါတယ်။

၃) Software တွေမှာ Embed ထည့်ခွင့် မရှိပါ။

တစ်ဘက်မှာ နောက်ဆုံးထွက်တဲ့ ယူနီကုတ်ဖောင့်တွေဖြစ်တဲ့ ပိတောက်၊ ပုရပိုဒ်၊ မြန်မာ၃၊ မာစတာပိယူနီစံ၊ သံလွင် စတဲ့ ဖောင့်တွေဟာ လိုင်စင်ကို အတိအကျ ဖော်ပြထားကြပြီး အားလုံးလိုလိုဟာ Opensource ပေးထားတဲ့ လွတ်လပ်ဖောင့်တွေ ဖြစ်နေတာ တွေ့ရပါတယ်။ လွတ်လပ်ဖောင့်ဖြစ်တဲ့အတွက် ဝေမျှခြင်း၊ မိမိကိုယ်တိုင် ပြုပြင်ပြောင်းလဲခြင်း၊ တချို့ဆိုရင် ပြန်လည်ရောင်းချခြင်းတို့ကို ခွင့်ပြုထားတာမျိုး ရှိပါတယ်။ လိုင်စင်အဓိပ္ပါယ်ရှင်းလင်းချက်တွေကိုတော့ myanmarlanguage.org မှာ တင်ပေးဖို့ ကြိုးစားနေကြပါတယ်။

မြန်မာစာတိုးတက်ရေး

ယူနီကုတ်ဟာ အစိုးရပိုင်းမှာ တွင်တွင်ကျယ်ကျယ် သုံးနေပေမယ့် အွန်လိုင်းလောကမှာ လူသုံးနည်းနေသေးတာတော့ အမှန်ပါ။ ယူဇာလမ်းညွှန် နည်းနေခြင်း၊ ကြော်ငြာအားနည်းခြင်း (မရှိသလောက်ဖြစ်ခြင်း)၊ ယူနီကုတ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရရှိနိုင်ဖို့ ခက်ခဲခြင်း၊ အကူအညီတောင်းရန်နေရာ ရှာမရခြင်း တို့ကလည်း ယူနီကုတ်အသုံးပြုခြင်းကို ဟန့်တားတဲ့ အရာတွေ ဖြစ်ပါတယ်။

ယူနီကုတ်သွင်းလိုက်ရင် ဇော်ဂျီဖတ်မရတော့ခြင်း၊ ကီးဘုတ်မရိုက်တတ်ခြင်း၊ ဇော်ဂျီကီးဘုတ်နဲ့ ယူနီကုတ်ကီးဘုတ် ငြိကြခြင်း စတာတွေဟာလည်း ဖြေရှင်းဖို့လွယ်ပေမယ့် အများဆုံးကြုံနေရတဲ့ အခက်အခဲတွေ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီအချက်တွေကို ကျော်လွှားပြီး
၁) ယူဇာတွေရဲ့စက်ထဲကို ယူနီကုတ်ရောက်သွားဖို့၊ ယူနီကုတ်နဲ့ ရေးထားတာတွေ ဖတ်နိုင်ဖို့
၂) ယူနီကုတ်ကို စရိုက်ဖို့၊ စသုံးဖို့
၃) ယူနီကုတ်ကို တွင်တွင်ကျယ်ကျယ် သုံးဖို့
တွေဟာ ကျွန်တော်တို့ သွားရမယ့် လမ်းတစ်ဆင့်ချင်း ဖြစ်ပါတယ်။



ရောင်နီဦး

အချုပ်ပြောရမယ်ဆိုရင် ဇော်ဂျီဟာ ကျွန်တော်တို့ အွန်လိုင်းမြန်မာစာဖွံ့ဖြိုးရေးအတွက် အများကြီး အထောက်အကူပေးခဲ့တာ ငြင်းမရပါ။ ကျွန်တော်ကတော့ ဇော်ဂျီကို မြန်မာစာအတွက် အရေးပါတဲ့ လှေကားတစ်ထစ်လို့ တင်စားချင်ပါတယ်။ သို့ပေမယ့် ဒီလှေကားထစ်မှာတင် ပေတေပြီး ရပ်နေလို့ မရပါ။ မြန်မာစာ နိုင်ငံတကာမှာ တွင်တွင်ကျယ်ကျယ် ဖွံ့ဖြိုးလာဖို့ ယူနီကုတ်ကို မသုံးမဖြစ် သုံးရမှာ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီး လှေကားထစ်များကို ဆက်လှမ်းတက်ရဦးမှာ ဖြစ်ပါတယ်။ တကယ်လို့ မိတ်ဆွေဟာ မြန်မာစာ နိုင်ငံတကာမှာ တွင်ကျယ်ရေး တိုးတက်ရေးကို လျင်လျင်မြန်မြန် မြင်ချင်တယ် ဆိုရင်တော့ နောက်မှ ဆိုတဲ့ ဆင်ခြေတွေ ပေးမနေတော့ဘဲ ယူနီကုတ်ကို ဒီနေ့ပဲ စသုံးကြည့်လိုက် ကြပါစို့။

Read more:

http://my.wikipedia.org/wiki/Myanmar_Unicode

http://www.thanlwinsoft.org/ThanLwinSoft/MyanmarUnicode/

http://mmitpros.ning.com/forum/topics/myanmar3-keyman-and-msklc

http://www.bamarlay.com/2010/04/bamarlays-experience-with-myanmar-u...

http://www.myanmarlanguage.org/

http://www.myanmars.net/winmyanmar/win-myanmar-5-2009/usage-.html

http://www.dhammabank.com/?PID=B&SID=1&CID=B&BID=12&amp...

Original Post here


အချိန်ပေးပြီး ဒီပို့စ်ကို ရေးတဲ့ အတွက် Lionslayer ကို ကျေးဇူးတင်ပါတယ်။ ယူနီကုတ် စံနှုန်း လိုက်နာတဲ့ ဖောင့်များနဲ့ မလိုက်နာတဲ့ ဖောင့်များ စာရင်းကို အောက်က လင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။

ယူနီကုတ် စံနှုန်း လိုက်နာသော ဖောင့်များ

ယူနီကုတ် စံနှုန်း မလိုက်နာသော ဖောင့်များ

14 comments:

sosegado said...

အင်း လေ့လာစရာတွေ လေ့လာစရာတွေ အားလုံးပြောင်းရင်တော့ လိုက်ရမှာပဲ၊ အိုအက်စ်မှာ ပါရင်ပိုကောင်းတာပေါ့၊

Unknown said...

ခက်တာက ကို zt ဆိုဒ်မှာကို ကျွန်တော် ဖတ်နရတဲ့၊ ဖတ်လို့ အဆင်မပြေတဲ့ စာလုံးတွေ ရှိနေတော့ မပြောင်းရဲဘူးဗျ။ ဥပမာ.... "အချိန်ပေးပြီး ဒီပို့စ်ကို ရေးတဲ့အတွက်.... ကို ကျေးဇူးတင်ပါတယ်။" ဆိုတဲ့ စာကြောင်းမှာ ရေးတဲ့သူ နာမည်ကို ကျွန်တော် ဖတ်လို့ လုံးဝ မရပါ။

Smart Cookie said...

great post
I try to start today

စေတနာမှန်ပါ said...

မြန်မာဖောင့်အကြောင်း စကားစပြောလိုက်ရင် ပွဲစည်တတ်ပါတယ်။ နောက်ဆုံးတော့လည်း အသုံးပြုသူတွေအတွက် လွယ်ပြီး အဆင်ပြေတဲ့ ဇော်ဂျီကိုပဲ ဆက်သုံးနေကြပါတယ်။
ဖောင့်နဲ့ပတ်သက်ပြီး ရေးထားတဲ့စာတွေဖတ်ရတာ ဇော်ဂျီဖောင့် လုပ်တဲ့လူတွေက စေတနာမှန်လို့ဖြစ်ပါလိမ့်မယ်။

တခြားယူနီကုတ်လုပ်တဲ့လူတွေက ကိုယ့်ဖောင့်လူသုံးများအောင် ဇော်ဂျီကို တိုက်ခိုက်ပြောဆိုရင်း မအောင်မြင်ဖြစ်နေကြတာပါ။ နောက်ဆုံးတော့ အသုံးပြုသူတွေကို စော်ကားတဲ့စကားတွေ ဥပမာ လူမိုက်လို့ ခေါ်တာမျိုးတွေက တခြားဖောင့်တွေရဲ့ မအောင်မြင်ရတဲ့ အကြောင်းတွေပါပဲ။

စေတနာမှန်မှန်ထားရင် အောင်မြင်လာမှာပါ။

ရွှေရတုမှတ်တမ်း said...

အဘ တို့ကအသက်ကြီးပြီ..ရှုပ်ရှုပ်ထွေးထွေးလဲ လျောက်လုပ်ဖို့ ဉာဏ်မမီတော့ဘူး..လှေကြီးထိုးရိုးရိုး..လုပ်နေကြဇော်ဂျီလေးနဲ့ပဲ စာရေးနေတော့မယ်..သူ့ဟာသူစံနှုန်းကိုက်ကိုက်မကိုက်..ကိုယ့်ဖာသာစာရေး စာဖတ်နေရရင်ကျေနပ်ပါပြီ၊ ပြီးတော့ အများကဇော်ဂျီသုံးနေလို့ လွယ်လွယ်ဖတ်ရနေတာကို ကိုယ်က သူများထက်ထူးပြီးနဖူးမှာလဲ တက်ပေါက်မနေချင်တော့ပါဘူး ။

Anonymous said...

အပေါ်က အဘဆိုတော့ ကိတ်စမရှိပါ.. ကိုယ့်ကိုကိုယ် လူငယ်လို့ ယူဆသောသူများ.. အင်တာနက်ဆိုတာကြီးကို နောက်ထပ် အနှစ် ၄၀ သို့ ၅၀ လောက် သုံးမည့်သူများကတော့ ယူနီကုတ်ကို ကြိုးစားပြောင်းသုံးသင့်ပြီဟု ထင်ပါသည်... ယူနီကုတ်ပြောင်းသုံးဖို့ အကြောင်းကိုပဲ ဇော်ဂျီဖောင့်သုံးပြီး ရေးရသည်ကိုတော့ ကံတရားရဲ့ သရော်ချက်ဟု သာယူပါရန်...

Anonymous2 said...

အဲဒါတွေပြောတာပေါ့ ကံဆိုတာလူကလုပ်တာ Unicode လုပ်တဲ့လူတွေ အဟုတ်မလုပ်တာ။ Unicode ကတော့စံပါ၊ Unicode လုပ်တဲ့လူတွေက ပိုပြီးတော့တောင် စံသေးတယ်။ ဇော်ဂျီဆက်သုံးရင် Googleက ကိုယ့်ဘလော့ကို ရှာပေးမှာ မဟုတ်တော့ဘူး လိုလိုနဲ့ပြောတာမျိုးတွေလေ။

ShwunMi- said...

will there be any converter from Zawgyi to Uni-code?

ZT said...

Online converter is available at http://paragu.parabaik.info

For more details about conversion, please refer to
http://www.phoonuthit.com/2009/08/blog-post_1149.html

Law Shay said...

That's not scientific problem. It's a social problem. I have a game theory model that has a stable state (equilibrium) with majority Zawgyi. Without enough force (tremendous force), the equilibrium itself can't be changed -- according to game theory.

I am also proposing a two-phase-commit-based plan to step-up to Unicode. I'll finish up another blog post for that.

yan said...

စံတခုတည်း ရှိစေချင်တာတော့ အမှန်ပဲ. ဒါပေမယ့် ယူနီကုတ်ကို လွယ်လွယ်နဲ့ သုံးနိုင်အောင်လုပ်ပေးနိုင်မှ အောင်မြင်မယ်ထင်တာပဲ.အပေါ်မှာဖတ်ကြည့်ရသလိုမျိုးဆို
(ပြောင်း)ဆိုတဲ့စကားကို ကျောင်းမှသင်ခဲ့ရသလိုမျိုး သဝေထိုး ပစောက် ရပင့် ရေးချ င သတ်ပြောင် ၀စ်စနှလုံးပေါက် ပြောင်း ဆိုပြီး ရေးလို့မရဘူးဆိုတော့ စာရေးနိုင်ဖို့ သတ်သတ်ထပ်သင်ထားမှ ရေးနိုင်တော့မလို ဖြစ်နေမှာပေါ့..ဘယ်လိုလုပ်ကြပါ့မလဲ.ကီးဘုတ်အမျိုးမျိုးရှိနေပြန်တော့လည်း တယောက်တပေါက်တွေ ရိုက်နေကုန်ကြအုန်းမယ်..

ZT said...

ယူနီကုတ် ကီးဘုတ် အတော်များများမှာ အသံထွက် အတိုင်းပဲ ရိုက်ရပါတယ်။ စာလုံးစီတာကို နောက်ကွယ်မှာ ကီးဘုတ်က အလိုအလျောက် လုပ်ပေးပါတယ်။ မှားရိုက်ရင်လည်း ကီးဘုတ်က အလိုအလျောက် မှန်အောင် ပြန်စီပေးပါတယ်။ storage မှာ မြင်တဲ့အတိုင်း (visual order) နဲ့ မသိမ်းဘဲ အစီအစဉ်အတိုင်း (Logical Order) နဲ့ သိမ်းတာကို စာရေးတဲ့သူက ဆိုလိုချင်တာပါ။

Anonymous said...

တစ်ချို့စာလုံးတွေ မမြင်ရပါကလား

Anonymous said...

ကောင်းပါတယ်...ကျနော်တို့ ရဲ့ အွန်လိုင်းမြန်မာ စာ ကမ္ဘာနဲ့ ရင်ဘောင် တန်းနိုင်အောင်...အင်တာနက်သုံးသူ လူတိုင်း ယူနီကုတ်ကိုသုံးသင့်ပါတယ်..ကျနော်လည်း စသုံးနေပါပြီး..ကျေးဇူးတင်ပါတယ်..ဒီပိုစ့်ကိုဝေမျှပေးတဲ့အတွက်...