သူလက်ပတ်နာရီ ကို စိတ်မရှည်သလို ငုံ့ကြည့်လိုက်မိသည်။ အမှန်တကယ်ဆို ဒီအချိန် သူမလာဖို့ ကောင်းပြီ။ ဘာလို့များ မလာသေးတာလဲလို့ စိတ်ထဲမှာ တွေးနေမိသည်။ သို့သော် သူခေါင်းပြန်မော့လိုက်သည့် အချိန်မှာပဲ မဝေ ဘတ်စ်ကားဂိတ်ဖက်ကို လျှောက်လာတာ တွေ့လိုက်ရသည်။ မဝေက သူ့ကို လှမ်းတွေ့သွားပြီး ပြုံးပြသည်။ သူ မဝေကို ပြန်၍ ပြုံးပြလိုက်မိသည်။
"ကိုကျော်။ ဘယ်က ပြန်လာတာလဲ။" မဝေက သူ့ကို လှမ်းမေးသည်။
"ကျွန်တော် သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ လာတွေ့ပြီး ပြန်လာတာပါ။"
စိတ်ထဲမှာတော့ ကျွန်တော် မဝေကို လာစောင့်နေတာပါဟု ပြောလိုက်ချင်သည်။ ဒါပေမယ့် အဲဒီလောက် ပြောဖို့ သူ့စိတ်ထဲမှာ မရဲ။ မဝေကို သူကြိုက်နေသည်မှာ မှန်သော်လည်း အခုထက်ထိ သူ အရိပ်အယောင်တောင် မပြဖူးသေး။ အဲဒါကြောင့် ကြိုပြီး စဉ်းစားထားသည့် အတိုင်းပင် လိမ်လိုက်မိသည်။
"မဝေ အခုမှ အလုပ်ပြီးတာလား။" သူက သိပြီးသား မေးခွန်းကို စကားလုပ်ပြီး မေးလိုက်သည်။
"ဟုတ်တယ်။ ပုံမှန်ပါပဲ။ အလုပ်က ဒီအချိန်ပြီးတာ။" မဝေက သူ့ကို ပြန်ဖြေသည်။ နောက်တော့ ဆက်ပြောသည်။
"အိမ်ပြန်မှာ မဟုတ်လား။ အတူတူ ပြန်ရအောင်လေ။"
မဝေကတော့ သူ့အကြောင်းကို ဘာမှမသိဘဲ ရိုးရိုးသားသား မိတ်ဆွေ တစ်ယောက်လိုပင် ပြန်ပြောသည်။ မဝေအိမ်က သူ့ အိမ်နှင့် သိပ်မဝေးလှပေ။ ၅ မိနစ်လောက်ပဲ လမ်းလျှောက်ရသည်။ မိတ်ဆွေ အချင်းချင်း ပြန်ပြီး ပိုးရပမ်းရတာ အတော် ကသိကအောက် နိုင်ပါလားလို့ သူ့စိတ်ထဲမှာ တွေးလိုက်မိသည်။
မကြာခင် ဘတ်စ်ကားလာတော့ သူတို့နှစ်ယောက် ဘတ်စ်ကားပေါ် တက်ခဲ့ကြသည်။ နှစ်ထပ်ဘတ်စ်ကား အပေါ်ထပ်မှာ လူက ရှင်းနေသည်။ မဝေက ပြတင်းပေါက်နှင့် ကပ်လျှက်တွင် ဝင်ထိုင်ပြီး သူက မဝေဘေးမှာ ဝင်ထိုင်လိုက်သည်။ တကယ်တော့ သူတို့နှစ်ယောက် သာမန်ထက် မက ရင်းနှီးသော မိတ်ဆွေတွေ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့ နှစ်ယောက်ကြားမှာ ပြောစရာ စကားလုံးက မရှားပါး လှပါ။
သူကသာ မရိုးသားသော စိတ်ရှိနေ၍ မလုံမလဲ ဖြစ်နေသည်။ မဝေကတော့ ဘာမှ မထူးဆန်း သလိုပင်။ မဝေကို သူကြိုက်နေတဲ့ အကြောင်း ဘယ်ကနေစပြီး ဘယ်လို အရိပ်အယောင် ပြရမှန်း မသိအောင်ပင် ဖြစ်နေသည်။ မဝေ မျက်နှာကို မသိမသာ ခိုးကြည့်နေမိသည်။ မဝေကတော့ ဘာကိုမှ မသိသလိုပင် တရစပ် စကားတွေ ပြောနေသည်။ ခဏနေတော့ မဝေက မျက်လုံးပင့်ကြည့်တော့ သူမကို ငေးစိုက်ကြည့်နေသော သူနှင့် အကြည့်ချင်း ဆုံသွားသည်။ သူ့ကို စူးစူးရဲရဲ တစ်ချက်ကြည့်ပြီး မျက်နှာလွှဲ သွားသည်။ သူမ သိသွားပြီလားဟု သူတွေးလိုက်မိသော်လည်း သူမကတော့ ဘာမှ မဖြစ်သလိုပင် ပုံမှန် အတိုင်း ရှိနေသည်။
ရှေ့ခုံလက်တန်းကို ဆုပ်ထားသော မဝေ လက်ဖဝါးကို ဘေးတိုက် ကြည့်မိတော့ အမှတ်မထင် သူ တစ်ခုခုကို လှမ်းတွေ့ လိုက်သည်။ သူ ရုတ်တရက် ပြုံးလိုက်မိသည်။ မဝေက အဲဒါကို လှမ်းတွေ့သွားသည်။
"ကိုကျော်။ ဘာပြုံးတာလဲ။"
"ဘာမှ မဟုတ်ပါဘူး။ မဝေ လက္ခဏာကို အမှတ်တမဲ့ လှမ်းတွေ့လိုက်လို့ပါ။"
"ဘာတွေ့လို့လဲ။ ကိုကျော်က လက္ခဏာ ကြည့်တတ်လို့လား။"
"နည်းနည်းပါးပါးပေါ့။ အိမ်ထောင်ရေး နှလုံးသားရေး လောက်တော့ ကြည့်တတ်ပါတယ်။"
မဝေက သူမလက်ဖဝါးကို သူမ ပြန်ဖြန့်ကြည့်သည်။
"ဘာ ထူးခြားနေလို့လဲဟင်။"
သူက အမှတ်မထင် မဝေ လက်ကို လှမ်းဆွဲလိုက်သည်။ မဝေက မသိမသာ မျက်စောင်းတစ်ချက် ထိုးသည်။ လက္ခဏာ ကြည့်မယ် ဆိုတော့ သူမလည်း မပြောသာ။ အဋ္ဌာရသ (၁၈) ရပ်ထဲမှာ လက္ခဏာ ပညာ ပါတာ ဒါကြောင့်လား မသိဘူးဟု သူတွေးလိုက် မိသည်။
"မဝေ။ မကြာခင် အိမ်ထောင် ကျကိန်း ရှိတယ်။"
"ဟုတ်ပါ့မလား။ ကျွန်မမှာ ရည်းစားတောင်မှ မရှိတဲ့ဟာ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
ကျွန်တော် ရှိတယ်လေဟု ပြောလိုက်ချင်သော်လည်း သူ့ပါးစပ်ကို ဘရိတ်အုပ်လိုက်သည်။
"ဒီမှာကြည့်။ ဒါက နှလုံးလမ်းကြောင်း ဟဒယလေခ လို့ ခေါ်တယ်။ အဲဒီ ဟဒယ လေခနဲ့ လက်သန်း အောက်အဆစ် ကြားမှာ အိမ်ထောင်ရေး လမ်းကြောင်း ရှိတယ်။ အဲဒီ အိမ်ထောင်ရေး လမ်းကြောင်းက ဟဒယ လေခနဲ့ နီးရင် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင် ကျတတ်တယ်။ လက်သန်းနဲ့ နှလုံးလမ်းကြောင်းကြား တဝက်တိတိ လောက်ဆိုရင် ၂၅နှစ် ဝန်းကျင်မှာ အိမ်ထောင်ကျ တတ်တယ်။ အခု မဝေရဲ့ အိမ်ထောင်ရေး လမ်းကြောင်းက တဝက်အောက် နည်းနည်းလျော့ တယ်လေ။ အဲဒီတော့ မကြာခင် အိမ်ထောင်ကျတော့မယ်လို့ ပြောလို့ ရတာပေါ့။"
"ဟုတ်မယ် မထင်ပါဘူးလေ။"
သူက ပြောပြီး မဝေ လက်ကို မလွှတ်သေးဘဲ ဆက်ကိုင်ထားသည်။ ခဏနေမှ မဝေက အသာပြန်ရုန်းပြီး ထွက်သွားသည်။ နောက်တော့ သူတို့နှစ်ယောက် ခုန ဘာမှမဖြစ်ခဲ့သလိုပင် ဆက်လက်ပြီး စကားပြောနေကြသည်။ မဝေများ ရင်ခုန်သွားသလားဟု သူတွေးမိသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူရင်ခုန်သွားတာတော့ အမှန်ပင် ဖြစ်သည်။
------------------------------------------------------------------------------------------------------
အဲဒီနေ့ ပြီးတော့ သူနဲ့ မဝေ တော်တော်နှင့် ပြန်မတွေ့ဖြစ်ကြပေ။ သူလည်း ကျောင်းတစ်ဖက် အလုပ်တစ်ဖက်နှင့်မို့ မဝေကို နေ့တိုင်း အလုပ်က အပြန် သွားကြိုရန် မတတ်သာ။ ကျောင်းမှာလည်း အတန်း မတူကြတော့ မတွေ့ဖြစ်ကြပေ။ တစ်ပတ်လောက် ကြာပြီးမှ မဝေနှင့် အမှတ်မထင် ပြန်ဆုံဖြစ်သည်။ အဲဒီနေ့က သူ Lab ထဲမှာ ကွန်ပျူတာ သုံးနေစဉ် မဝေကို လှမ်းတွေ့လိုက်သည်။ မဝေကလည်း ကွန်ပြူတာ တစ်လုံးနှင့် အလုပ်ရှုပ်နေသည်။ သူ့ကိုတွေ့တော့ ထုံးစံအတိုင်း ပြုံးပြပြီး လှမ်းနှုတ်ဆက်သည်။ မဝေ သူမစာနှင့်သူမ အလုပ်ရှုပ်နေသည်မို့ သူ မနှောင့်ယှက်ချင်ပါ။ သူ့နေရာမှ တချက်တချက် မသိမသာ လှမ်းခိုးကြည့်နေသည်မှ လွဲ၍ သွားစကား မပြောဖြစ်။
သူက ကွန်ပျူတာရှေ့ ပြန်လာပြီး ဟိုကြည့်ဒီကြည့် ကြည့်နေသည်။ ထိုစဉ် ဂျပန်က သူငယ်ချင်းတစ်ယောက် အွန်လိုင်းတက်လာတာ တွေ့သဖြင့် သူတို့နှစ်ယောက် စကားပြောဖြစ်ကြသည်။ သူငယ်ချင်းတွေ မတွေ့တာကြာတော့ ပြောစရာစကားကလည်း များလှသည်။ ဘယ်လောက်ကြာအောင် စကားထဲ မျောနေသလဲ ဆိုတော့ သူ့အနောက်မှာ မဝေ လာရပ်သည်ကိုပင် မသိလိုက်။ မဝေက သူ့ကို လှမ်းပြောသည်။
"Lab ပိတ်တော့မယ်။ မပြန်သေးဘူးလား။"
အဲဒီတော့မှ သူပြန်ပြီး သတိဝင်သွားသည်။
"အော်။ မဝေ ပြန်တော့ မလို့လား။ ကျွန်တော် သူငယ်ချင်းနဲ့ စကားကောင်း နေလို့။ အခု ခဏနေရင်ပြန်မှာ။"
"ကျွန်မ ပြန်တော့မယ်။"
မဝေက ပြောပြီး ထွက်သွားသည်။ ရသည့် အခွင့်အရေးကို လက်လွတ်ခံလို့ မဖြစ်ပါ။ အဲဒါကြောင့် သူငယ်ချင်းကို ကမန်းကတန်း စကားဖြတ်ပြီး ထထွက်ခဲ့သည်။ သူ Lab ထဲက ထွက်လာတော့ မဝေကို လှမ်းမမြင်ရတော့။ ဘတ်စ်ကားဂိတ် ရောက်သွားပြီ ထင်သည်။ ကားမလာခင် အမြန်ပြေးမှ ဖြစ်မည် ဆိုပြီး သူ ဘတ်စ်ကားဂိတ်ကို တက်သုတ်ရိုက် ထွက်လာခဲ့သည်။ လမ်းတဝက် အရောက်မှာပင် သူတို့ အိမ်ဘက် သွားသော ဘတ်စ်ကား ထွက်သွားသည်ကို မြင်လိုက်ရသည်။ မဝေတော့ ဒီကားနဲ့ ပါသွားလောက်ပြီဟု တွေးရင်း သူ လမ်းလျှောက်နေသော အချိန်ကို လျှော့လိုက်သည်။ ရင်ထဲမှာ မောသွားသည်။
ကားဂိတ်ကို ရောက်တော့ မဝေ ထိုင်နေတာ မြင်၍ အံ့ဩသွားမိသည်။ သူ မဝေကို လှမ်းပြောလိုက်သည်။
"မဝေ ခုနကားနဲ့ ပါသွားပြီ မှတ်နေတာ။"
"ကျွန်မ ပြန်တော့မလို့ပဲ။ ကိုကျော်လည်း ပြန်မယ်ဆိုတာ သိလို့ စောင့်နေတာ။"
သူ့ စိတ်ထဲမှာ နည်းနည်းတော့ လှုပ်ရှားသွားသည်။ ဘယ်မိန်းကလေးမှ သူ့ကို အခုလို ဂရုတစိုက် ရှိတာမျိုး မတွေ့ဖူးပါ။ သူတွေ့ခဲ့ဖူးသော ကောင်မလေးများကတော့ လမ်းမှာ စကားပြောရင် ထီးနဲ့ရိုက်မယ် ကြိမ်းတဲ့ ကောင်မလေးနဲ့ သူ့ကိုတွေ့ရင် တချိုးတည်း သုတ်ခြေတင် ပြေးတတ်သော ကောင်မလေး အဲဒီလို ကောင်မလေးမျိုးတွေပဲ ဖြစ်သည်။ မဝေနှင့်ကတော့ အစကတည်းက ခင်မင်ရင်းစွဲ ရှိနေတာကြောင့်လည်း ပါမည်။
"ကိုကျော်။ ကျောင်းက တခြားသူတွေလို စာလည်း သိပ်ကျက်တာ မတွေ့ဘူးနော်။" မဝေက သူ့ကိုမေးသည်။
"အော်။ ကျက်ပါတယ်။ ကျွန်တော်က စိတ်ပါမှ ထလုပ်တတ်တာမျိုးမို့ပါ။" သူ့စိတ်ထဲ နည်းနည်း မလုံမလဲ ခံစားရသည်။
"စပ်စုတယ်လို့ မထင်နဲ့နော်။ ကိုကျော် ဆယ်တန်းတုန်းက ဂုဏ်ထူး ဘယ်နှစ်ဘာသာ ပါသလဲ။"
"အော်။ ဒါလား။ ကျွန်တော်လည်း သူလိုငါလိုပါပဲ။ ၄ ဘာသာတော့ ပါတာပေါ့။"
"ဟုတ်လား။ အမှတ်ပေါင်းက ဘယ်လောက်ရသလဲ။"
"၄၀၀ ကျော်ပေါ့။"
မဝေ မျက်နှာက နည်းနည်း အံ့အားသင့်သွားသည့်ပုံ ပေါ်သည်။ သူ့ကို အဲဒီလောက် ထင်ထားပုံမရ။ သူ့စိတ်ထဲမှာ နည်းနည်း ရယ်ချင်သွားသည်။
"ဘာလဲ။ ကျွန်တော့်ပုံက အဲဒီလောက် အဖြစ်ရှိတဲ့ပုံ မပေါက်လို့လား။"
သူက မဝေကို စတော့ မဝေက အားနာသွားဟန်ဖြင့် ပြန်ပြောသည်။
"အဲဒီလိုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရုတ်တရက်တော့ အံ့ဩသွားတာပေါ့။ ကိုကျော့်ပုံစံက တခြားစာတော်တဲ့ ကျောင်းသားတွေနဲ့ ပုံစံမှ မတူတာ။ ဘယ်အချိန်ကြည့်ကြည့် ဟေးလားဝါးလားနဲ့။ "
"ဒါကတော့ ကျွန်တော့် နဂို အကျင့်ပါ မဝေရယ်။ ကျွန်တော့် သူငယ်ချင်းထဲမှာလည်း ဒီလိုကောင်တွေ အများကြီးပါ။"
သူက ပြန်ပြောလိုက်သည်။ မဝေက သူ့ကို ထပ်မေးသည်။
"အဲဒါဆို ဆေးတက္ကသိုလ် မှီတာပေါ့။ ဆေးကျောင်းက ဖွင့်နေပြီလေ။ ဘာလို့ မတက်တာလဲ။"
"ကျွန်တော်လား။ ဆရာဝန်လုပ်ဖို့ ဝါသနာ မပါဘူး။ ကျွန်တော့် အိမ်ကလည်း ရွေးချင်တာရွေးပါ ဆိုပြီး ခွင့်ပေးတယ်။ ကျွန်တော် ရန်ကုန်မှာ ဆေးကျောင်းတောင် မလျှောက်ဖြစ်ဘူး။"
မဝေက သက်ပြင်းတစ်ချက်ကို ချပြီး ဆက်ပြောသည်။
"ကျွန်မက ငယ်ငယ်ကတည်းက ဆရာဝန် အရမ်း ဖြစ်ချင်တာ။ ဒါပေမယ့် ဆေးတက္ကသိုလ် အမှတ်မမီဘူး။ အမှတ် နည်းနည်းနဲ့ ကပ်ပြုတ်သွားတယ်။"
မဝေကို ကြည့်ပြီး သူသနားသွားမိသည်။ အဲဒီအချိန်မှာပဲ ဘတ်စ်ကား လာတော့ သူတို့ ဘတ်စ်ကားပေါ်တက်ခဲ့သည်။ အဲဒီနေ့က သူမဝေကို အိမ်ပြန်လိုက်ပို့ရင်း စကားတွေ အများကြီး ပြောဖြစ်ကြသည်။
-------------------------------------------------------------------------------------------------
နောက်ပိုင်းတော့ သူမဝေ ဆီကို အမြဲ မကြာခဏ ဆိုသလို အကြောင်းမရှိ အကြောင်းရှာ ဖုန်းဆက်ဖြစ်သည်။ မဝေကလည်း သူ့ကို လက်ခံစကား ပြောသည်။ သူတို့နှစ်ယောက်ကြား ရင်းနှီးမှု အတိုင်းအတာက တဖြည်းဖြည်း ပို၍ တိုးလာခဲ့သည်။ ရှေ့ဆက်တိုးဖို့တော့ သူ့စိတ်ထဲမှာ မဝံ့မရဲ ဖြစ်နေမိသည်။ ဒီလိုနဲ့ သူလည်း မဝေ၏ ရင်ဖွင့်တာတွေကို နားထောင်ပေးသည့်သူ ဖြစ်မှန်းမသိ ဖြစ်လာခဲ့သည်။ တစ်နေ့တော့ သူတို့နှစ်ယောက် ညဘက် ဖုန်းပြောရင်း မိုးလင်းသွားခဲ့သည်။
နောက်တစ်နေ့တော့ မဝေက သူ့ကို ဖုန်းဆက်လာသည်။
"ကိုကျော်။ ကျွန်မ ကိုကျော့်ကို ပြောစရာ ရှိလို့။"
"ပြောလေ မဝေ။ ဘာဖြစ်လို့လဲ။"
"ပြောရမှာ အားတော့နားတယ်။ ကိုကျော်နဲ့ ကျွန်မ ပုံမှန် အတိုင်းပဲ နေကြရင် ကောင်းမယ်။ အခု ကျွန်မတို့ ပုံစံက အများအမြင်မှာ သိပ်ပြီး ကြည့်လို့ ကောင်းမှာ မဟုတ်ဘူး။"
"အော်။ ဘာဖြစ်သေးလဲ မဝေရယ်။ ဘယ်သူ့ ဂရုစိုက်ရမှာလဲ။"
ရိုးရိုးသားသား ခင်တာပါ ဆိုတဲ့ အသုံးအနှုန်းကို သူမသုံးရဲပါ။ သူ့ဘက်က မရိုးသားဘူး မဟုတ်လား။
"အဲဒီလိုလဲ မဟုတ်ဘူးလေ။ ပတ်ဝန်းကျင် ဆိုတာက ရှိသေးတယ်။ သူများတွေ အပြောခံရရင် မကောင်းဘူးပေါ့။"
"အဲဒီတော့။"
"ကိုကျော် ကျွန်မဆီကို ခဏခဏ ဖုန်းမဆက်ပါနဲ့။"
"မဝေ မကြိုက်ရင် ကျွန်တော် မဆက်တော့ပါဘူး။"
"အင်း။ ဆောရီးပဲ။"
ဖုန်းပြန်ချပြီး သူ့ရင်ထဲမှာ နည်းနည်းမော သွားသည်။ နောက်တော့ သူပြန်စဉ်းစားသည်။ မဝေက သူမ မကြိုက်လို့ ဖုန်းမဆက်ပါနဲ့လို့ ပြောတာမဟုတ်။ ပတ်ဝန်းကျင်ကြောင့်ဆိုတော့ သူ့ဘက်မှာ မဝေက ရှိနေသေးသည့်ပုံ ရှိသည်။
နှစ်ရက် သုံးရက်လောက်တော့ မဝေဆီကို ဖုန်းမဆက်ဖြစ်။ ဒါပေမယ့် နောက်တော့ သူ မသိချင်ယောင်ဆောင်ပြီး ဖုန်းပြန်ဆက်သည်။ မဝေကလည်း အရင်ပြောခဲ့တာ သူမ မဟုတ်သလိုပင် သူ့ကို ပြန်၍ လက်ခံ စကားပြောသည်။သူတို့ အခြေအနေက ပုံမှန် အတိုင်း ပြန်ဖြစ်သွားသည်။
ဒီလိုနဲ့ တစ်နေ့တော့ သူ အပြင်က ပြန်အလာ မဝေဆီ ဖုန်းဆက်ဖြစ်သည်။
"မဝေ။ ဘယ်ရောက်နေလဲ။"
"ကျွန်မလား။ တိုက်အောက်မှာ။ စာကျက်နေတယ် ။ ကိုကျော်ရော အခု ဘယ်မှာလဲ။"
"ကျွန်တော် အိမ်ပြန်လာတာ။ မဝေ တိုက်အောက်မှာ ရှိတယ်ဆိုရင် ကျွန်တော် ဝင်လာခဲ့မယ်လေ။"
မဝေက ဘာမှ ပြန်မပြော။ အဲဒီတော့ သဘောတူတယ်ပေါ့။ သူမဝေတို့ တိုက်အောက် ရောက်သွားတော့ မဝေက စားပွဲမှာ စာအုပ်တစ်အုပ် ဖတ်ရင်း ထိုင်နေသည်။ သူက မဝေ ဘေးခပ်စောင်းစောင်းက ခုံမှာ ဝင်ထိုင်လိုက်သည်။ နောက်တော့ သူနှင့် မဝေ ထုံးစံအတိုင်း ရောက်တတ်ရာရာတွေ ပြောဖြစ်ကြပြန်သည်။ ပြောနေရင်းနှင့် မဝေက သူ့ကို မေးသည်။
"ကျွန်မတို့ ကျောင်းပြီးတော့မယ်နော်။ ကျောင်းပြီးရင် ကိုကျော် ဘာလုပ်မှာလဲ။ တက္ကသိုလ် ဆက်တက် ဖြစ်ဦးမှာလား။"
"ကျွန်တော်လား။ ကျွန်တော်ကတော့ အလုပ် လုပ်မယ်။ ပြီးရင် ပိုက်ဆံနည်းနည်းစုပြီး အမေရိကား ဖြစ်ဖြစ် ဩစတေးလျ ဖြစ်ဖြစ် ဆက်ထွက်ပြီးမှ ကျောင်းဆက် တက်မယ် စဉ်းစားထားတယ်။"
"ဟိုမှာ အမျိုးတွေ ရှိလား။"
"အမျိုးတွေ ရှိလို့ မဟုတ်ပါဘူး။ ကျွန်တော် ကိုယ်တိုင်က ဒီနိုင်ငံမှာ ဘွဲ့ယူဖို့ အစကတည်းက အစီအစဉ် မရှိဘူး။ ဒီကိုလာတယ် ဆိုတာ အခိုက်အတန့် သဘောမျိုးပဲ။"
"ဟိုနိုင်ငံတွေက မဝေးလွန်းဘူးလား။"
"ဪ မဝေရယ်။ နိုင်ငံခြား ရောက်ပြီးမှတော့ ဝေးတယ် နီးတယ် ထည့်စဉ်းစား မနေတော့ပါဘူး။ မဝေကရော။"
"ကျွန်မကတော့ ဒီမှာပဲ ဆက်နေဖြစ်မှာပါ။" မဝေက ပြောရင်း ငိုင်သွားသည်။ သူမ၏ အမူအရာက တစုံတခုကို စိတ်မကောင်း ဖြစ်နေသည့် သဏ္ဌန် ပေါ်လွင်လာသည်။ သူဘာဆက် ပြောရမလဲ မသိတော့။ သူ တခြားကို ထွက်သွားတော့မယ် ဆိုလို့ ဝမ်းနည်းတာလား။ ဒါမှမဟုတ် တခြား အကြောင်းတစ်ခုကြောင့်ပဲ ဝမ်းနည်းတာလား။ သူမဝေခွဲတတ်။
မဝေက သူမ လက်နှစ်ဖက်ကို စားပွဲပေါ်မှာ ဆန့်ထားသည်။ သူက မဝေရဲ့ လက်ကို ဆုပ်ကိုင်လိုက်သည်။ မဝေက မရုန်း။ သူလည်း ဘာဆက်ပြောရမလဲ မသိတော့။ မဝေ မျက်နှာကို စိုက်ကြည့်နေမိသည်။ မဝေကတော့ သူ့ကို ပြန်မကြည့်ဘဲ စားပွဲကိုသာ ငုံ့ကြည့်နေသည်။ ခဏနေတော့ မဝေက သူမလက်ကို ပြန်၍ ရုတ်လိုက်သည်။ သူဘာလုပ်ရမလဲ။ မစဉ်းစားတတ်တော့။
"ကျွန်တော် ပြန်တော့မယ် မဝေ။" သူ မဝေကို နှုတ်ဆက်ပြီး လှည့်ထွက်လာခဲ့သည်။ အိမ်ဘက်ကို ပြန်လျှောက်လာရင်း သူ့စိတ်ထဲမှာ လေးလေးပင်ပင် ဖြစ်နေသည်။ သူဘာကို စိုးရိမ်နေသလဲမသိ။ အိမ်ပေါ် ပြန်ရောက်တော့ အဝတ် မလဲဖြစ်သေးဘဲ ထိုင်ခုံမှာ ထိုင်ရင်း စီးကရက် တစ်လိပ်ပြီး တစ်လိပ် မီးညှိပြီး အဓိပ္ပာယ်မဲ့စွာ ဖွာရှိုက်နေမိသည်။ ဘယ်လောက်တောင် ကြာသွားသည် မသိတော့။
အဲဒီအချိန်မှာ သူ့ဟင်းန်ဖုန်းက မြည်လာသည်။ သူဖုန်းကို လှမ်းယူလိုက်တော့ ဖုန်းက ပြန်ကျသွားသည်။ နံပါတ်ကို ကြည့်လိုက်တော့ မဝေရဲ့ နံပါတ်။ သူ ချက်ချင်းပဲ ပြန်ခေါ်လိုက်သည်။
"မဝေ။"
ဟိုဘက်က ပြန်ထူးသံ မကြားရ။ ရှိုက်သံလို ငိုသံလို ကြားရသည်။
"မဝေ။ ဘာဖြစ်နေတာလဲ။ ကျွန်တော် အခုလာခဲ့မယ်။"
"မလာနဲ့။ မလာနဲ့။ ရတယ်။ ဘာမှ မဖြစ်ဘူး။"
"မဟုတ်ဘူး။ ကျွန်တော် လာခဲ့မယ်။ မဝေ ခုန နေရာမှာပဲလား။"
"မဟုတ်တော့ဘူး။ အခု လမ်းမဘေးက ခုံတန်းမှာ။ ရတယ်။ မလာနဲ့ ။ကျွန်မ ဘာမှမဖြစ်ဘူး။ ခုန ရုတ်တရက်မို့ ကိုကျော့် ဖုန်းနံပါတ်ကို နှိပ်လိုက်မိတာ။"
"မရဘူး။ ကျွန်တော် အခု လာခဲ့မယ်။ အဲဒီမှာပဲ စောင့်နေနော်။"
သူ ဖုန်းကို ပိတ်ပြီး အိမ်ထဲက ပြန်ထွက်လာခဲ့သည်။ မဝေ ထိုင်နေသည်ဟု ပြောသော နေရာကို သူလျှောက်လာခဲ့သည်။
မဝေကို အဝေးကပင် လှမ်းမြင်နေရသည်။ ခုံတန်းမှာ ကျုံ့ကျုံ့ကလေး ထိုင်နေသည်။ ခုံတန်းနောက်မှီပေါ် လက်တင်ရင်း လမ်းမဘက်ကို ငေးနေသည်။ သူက မဝေဘေးမှာ ဝင်ထိုင်လိုက်သည်။ မဝေက သူ့ကို တစ်ချက် ပြန်ကြည့်သည်။ သူမ မျက်လုံးမှာ မျက်ရည်စို့နေသည်။ ငိုထားသည့်ပုံ ပေါ်သည်။
သူက မဝေကို ဘာစကားမှ မပြောမိ။ မဝေ လက်ဖဝါးကို အသာ ဖွဖွလေး ကိုင်လိုက်သည်။ မဝေက သူ့လက်ဖဝါးကို ပြန်ပြီး ညှစ်သည်။ သူက မဝေ မျက်နှာကို အနီးကပ် ကြည့်ပြီး ပြုံးပြလိုက်သည်။ မဝေက သူ့ကို ပြန်ကြည့်သည်။ သူမ၏ မျက်လုံးများကလည်း ပြုံးနေသည်။ သူတို့ နှစ်ဦး မျက်လုံးချင်း စကားပြောဖြစ်သည်။ သူတို့ နှစ်ယောက်အတွက် ဘာစကားလုံးမှ မလိုတော့။ အချစ်ဆိုတာ စကားနဲ့ ဖွင့်ပြောမှ ရတဲ့အရာမျိုးမှ မဟုတ်တာပဲ။ မဝံ့မရဲနှင့် မဝေကို သူလှမ်းဖက်လိုက်တော့ မဝေက သူ့ပုခုံးပေါ် ခေါင်းမှီလာသည်။ မဝေ နားနားကို ကပ်ပြီး သူပြောလိုက်မိသည်။
" ကျွန်တော် မဝေကို အရမ်းချစ်တယ်။"
မဝေက သူ့ကို မျက်စောင်းတစ်ချက်ထိုးသည်။
"သွားပါ။ လာပြောမနေနဲ့။ ရှင်က တစ်ချိန်ကျ တခြားနိုင်ငံ ထွက်သွားမယ့်သူ။"
"အော်။ မဝေ ဒါကြောင့် ဝမ်းနည်း သွားတာကိုး။"
"အံမယ်။ မဟုတ်ပါဘူး။ ဘယ်သူပြောသလဲ။"
"မဝေ။ ခုန ငိုနေတယ်လေ။"
"ရှင့်ကြောင့်များ ငိုရမတဲ့လား။ သူ့ကိုယ်သူ အတော် အထင်ကြီးတယ်။"
"ဝမ်းနည်းမနေပါနဲ့တော့ မဝေရယ်။ ကျွန်တော် သွားဖြစ်ရင် မဝေကိုပါ တစ်ခါတည်း ခေါ်သွားမှာပေါ့။"
"ဘယ်သူက ရှင့်နောက်လိုက်မယ် ပြောသေးလို့လဲ။ သူ့ရည်းစား ကျနေတာပဲ။ တကတည်းမှပဲ။"
"မဝေနဲ့ ကျွန်တော်နဲ့ အခု ချစ်သူတွေ ဖြစ်သွားကြပြီလေ။"
"ရှင့်ကို အဖြေဖြင့် မပေးရသေးပဲနဲ့။"
"ပြောဖို့ လိုသေးလို့လား မဝေရယ်။"
"လိုတာပေါ့။ ပါးစပ်နဲ့ ပြောမှ တရားဝင်တာ။"
"အဲဒါဆိုလည်း ပါးစပ်နဲ့ မပြောတော့ဘူး။ လက်တွေ့ပဲ ပြောလိုက်တော့မယ်နော်။"
သူ မဝေရဲ့ လက်ကလေးကို ကိုင်မြှောက်ပြီး လက်ဖမိုးကလေးကို ဖွဖွကလေး တစ်ချက်နမ်းလိုက်သည်။ မဝေကို လှမ်းကြည့်တော့ သူမ မျက်နှာက မျက်ရည်စတွေကြားမှာ ပြုံးနေသည်။
( ကိုဆိုဆီ ရဲ့ အချစ်ဝတ္ထုတွေကို ဖတ်ပြီး သဘောကျလို့ ဒီတစ်ခါတော့ အချစ်ဝတ္ထု တင်လိုက်ပါတယ်။ ဘလော့ခ်က Tag မှန်သမျှ မှာလည်း အချစ် ဆိုတဲ့ တဂ်က နှိပ်တဲ့သူ အများဆုံး မဟုတ်လား။ )
15 comments:
အင်း.... ဖတ်ရတာ အသက်ထက်ဝက်လောက် နုပျိုသွားတယ်ဗျာ။း-)
နီးစပ်ရာထဲက ဟိုလူကြီးကိုတောင် သတိရတယ်
သူ့လာကိုဖတ်ခိုင်းဦးမှ XD
ဒီပို့စ်ခေါင်းစဉ်ကို သီချင်းခေါင်းစဉ်တစ်ခုခုလိုပဲ စိတ်ထဲ ထင်မိနေတယ်.. ဟုတ်ရင် အဲ့သီချင်း ဆိုပါ။
ဇာတ်လမ်းထဲကလူ ၂ ယောက်ကို 20 မပြည့်သေးတဲ့သူနှစ်ယောက်လို့ ယူဆမိတယ်.. အသုံးအနှုံးကျတော့ 30 ပတ်ဝန်းကျင်လောက်လို့ဖြစ်နေတယ်..
ကိုယ်ထင်ရာတွေ ကိုယ်ပြောသွားပါတယ်လေ...
ချစ်စရာဇာတ်လမ်းလေးပါ လို့ ပြောဖို့ မေ့ကျန်ခဲ့လို့
ထူးအိမ်သင် သီချင်းလေ မဆင်။ :)
မဝေတော်ပါတယ် အချစ်ကိုရယူတတ်လို့
ကိုကျော်လည်း တခြားနိုင်ငံထွက်ဖြစ်မယ် မထင်ဘူး၊
feel like missing something after reading....
အစောကြီးကထည်းက ရည်းစားစကားပြောရမှာ သိတ်နေးတယ်။
ဟိုလူကြီးဆိုတာ လူပျိုကြီးလား.။
ဗီလိန် မပါတော့ ဖတ်ရတာ တခုခု လိုနေသလိုပဲ။
=D
တခုခုကိုသိနေသလိုပဲ။ ဆက်ရန်ရှိသေးတယ်လို.ထင်တယ်။ :) I think Ko Kyaw is going oversea frequently but still lives in that Country. How about Ma Wai? Are they together or........ !!
Last time I wish they were together forever!!
အဟဲ။ ဒါ ကျွန်တော့် ဇာတ်လမ်း မဟုတ်ပါဘူး။ ကိုကျော်ရဲ့ Character က ကျွန်တော်နဲ့ သွားဆင် နေတာပါ။ ဒါပေမယ့် ကျွန်တော် အဲဒီလောက် လက်မသွက် ပါဘူး။ :D
hahaha.... တော်သေးတာပေါ့ ဆင်ရုံပဲဆင်လို.။ That's why I totally do not agree with the ending part. လက်သွက် သင့်တယ် မောင်ဇက်တီရယ်။
"ဒါပေမယ့် ကျွန်တော် အဲဒီလောက် လက်မသွက် ပါဘူး။"
R u sure?
ha ha... I know you very well dear :D
good story, I like it
ဟားဟား.. ကိုဇက်တီပို့စ်တွေဖတ်ရင် ဖောင့်ပြောင်းဖတ်ရတယ်၊ ဒါကြောင့် ဇော်ဂျီနဲ့ရေးတာများတဲ့ ကော်မန့်တွေကို မဖတ်ဖြစ်ဘူး၊ ဒီပို့စ်တော့ ကော်မန့်တွေဖတ်ချင်တာနဲ့ ဖောင့်ပြန်ပြောင်းပြီး အကုန် ဖတ်လိုက်တယ်ဗျား၊ ဇာတ်လိုက်ရော မင်းသမီးရော မျက်စိထဲပေါ်လာသလို ရေးနိုင်တယ်ကိုယ့်ဆရာ။
Post a Comment